ပြီးခဲ့တဲ့အပတ်က
ဂျာနယ်အတော်များများမှာ စာမရေးဖြစ်ဘူး။ စောင့်ဖတ်တဲ့ပရိသတ်ကို
တောင်းပန်ပါတယ်။ ရာသီက ပူပြင်းလွန်းလို့ မနည်းကြီးတောင့်ခံနေရတဲ့
အထဲခေါင်းပူစရာတွေလည်း ခါတိုင်းထက်ပိုများသွားလို့ပါ။ဆွေမျိုးထက်ခင်လို့ သီတင်းကျွတ်လပြည့်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်လိုက်တဲ့ထဲပါလာတဲ့ လူငယ်တွေတစ်ယောက်ပြီးတစ်ယောက် ရေ
ာက်လာပြီး နှုတ်ဆက်ကြတယ်။ ခန္တီးက၊ ကလေးက၊သရက်က၊ သာယာဝတီက၊ အင်းစိန်က နေရာစုံကပါပဲ။ တစ်ခါမှမြင်ဖူးတွေ့ဖူးကြတာမဟုတ်ပေမယ့် ဆွေမျိုးတွေထက်တောင် ခင်ကြလို့ 'တကူးတက' လာပြီး နှုတ်ဆက်ရှာကြတာဖြစ်လို့ ၀မ်းမြောက်ဝမ်းသာနဲ့ကြိုဆိုရတယ်။ ဆွေမျိုးထက်တောင်ခင်ကြလို့ဆိုတာ အပိုပြောတာ မဟုတ်ပါဘူး။ သူတို့ခမျာများ ထောင်ကလွတ်ပြီး ကိုယ့်အိမ်ကိုယ့်ယာတောင်မပြန်ကြသေးဘဲ ရောက်လာကြတာဖြစ်တယ်။
ကြုံဖူးမှသိ
ဒီသံယောဇဉ်မျိုးက 'ပြောမယုံကြုံဖူးမှသိ' ဆိုသလို တော်ရုံနဲ့
နားမလည်နိုင်ဘူး။ ကြုံဖူးသူများသာ သိနိုင်ကြတာမျိုးဖြစ်တယ်။ လူငယ်အားလုံးက
ခုမှတွေ့ဖူးကြတာဖြစ်ပေမယ့် စိမ်းမနေဘူး။ သူတို့ကိုယ်သူတို့ မိတ်ဆက်
ပြီးတာနဲ့ သူတို့ရင်ထဲပါလာတဲ့စကားတွေကို အားရပါးရ ရင်ဖွင့်ပြောကြတော့တာပဲ။
သူတို့စိတ်ထဲမှာ ရင်းနှီးပြီးသားဖြစ်တာကြောင့် ပြောချင်တာအားလုံး
မခြွင်းမချန်ပြောကြတယ်။ မရှင်းတာတွေကို မေးခွန်းထုတ်ကြတယ်။
သဘောမတူတာရှိရင်လည်း ပွင့်ပွင့်လင်းလင်းပြောတယ်။ မျိုးဆက်ကွာဟမှုကို
သူတို့သတိမထားမိဘူး။ သူတို့နဲ့ တစ်ခရီးတည်းသွားနေတဲ့
ဘ၀တူခရီးဖော်တစ်ဦးအဖြစ်ပဲ မြင်ကြတယ်။
ရဲဘော်ရဲဘက်တွေ
ဟုတ်တာပေါ့။ ပန်းတိုင်တစ်ခုတည်းကို ဦးတည်ပြီး နှစ်ပေါင်းများစွာ
အားခဲသွားနေကြတဲ့ ခရီးသည်ချင်းပဲလေ။ ကိုယ်ကစောပြီးမွေးလို့
အရင်သွားခဲ့တာပဲရှိတယ်။ အားလုံးအတူတူပါပဲ။ ဘာမှမကွဲပြားပါဘူး။ကိုယ်ကျော်ဖြတ်ခဲ့
ရတဲ့ ဆူးငြောင့်ခလုတ်ကသင်းတွေကို သူတို့လည်းကျော်ဖြတ်ခဲ့ရတယ်။
ကိုယ်ကျခဲ့တဲ့ ချောက်ကမ်းပါးကြီးတွေထဲ သူတို့လည်းကျခဲ့ရတယ်။
နှစ်ပေါင်းများစွာ ရှေ့ကစောထွက်ခဲ့ပေမယ့် ခုချိန်အထိပန်းတိုင်ရှိရာကို
ကိုယ်က ဒဏ်ရာဒဏ်ချက်ပေါင်းများစွာနဲ့ ချီတက်နေဆဲဖြစ်သလို သူတို့လည်း
ဒဏ်ရာဒဏ်ချက်ပေါင်းများစွာနဲ့ ချီတက်နေဆဲပဲဖြစ်တယ်။ ဘ၀တူတွေ၊
ခရီးသွားဖော်တွေပဲပေါ့။ ရဲဘော်ရဲဘက်တွေလည်း ဖြစ်ကြတယ်။ ရဲဘော် တွေကြားမှာ
အသက်ကွာခြားချက်ဆိုတာမရှိဘူး။ အထက်နဲ့အောက်ဆိုတာမရှိဘူး။ အားလုံးအတူတူပဲ။
ခလုတ်မထိ၊ ဆူးမငြိပါစေနဲ့
ထာင်ထဲကထွက်လာတဲ့ လူငယ်တွေအားလုံးမှာ တူညီတဲ့အချက်တစ်ခုကတော့
နှစ်ပေါင်းများစွာ သူတို့ခံစားခဲ့ရတဲ့ ဒုက္ခတွေအကြောင်း
ရေးကြီးခွင်ကျယ်လုပ်ပြီး စာဖွဲ့ပြောဆိုမနေကြတာဖြစ်တယ်။ အရင်ဆုံး
သူတို့ပြော တာက ကျန်နေရစ်ခဲ့သူတွေအကြောင်း ဖြစ်တယ်။ နောက်တော့
တိုင်းရေးပြည်ရေးပေါက်နဲ့ ကျေးတွေအကြောင်းဖြစ်တယ်။ သူတို့တစ်တွေထဲမှာ
အဖေဆုံးသွားတာ မသိလိုက်သူပါသလို အမေကို ဒီတစ်သက်အမေလို့
ခေါ်ခွင့်မရတော့သူလည်း ပါတယ်။ မိဘနှစ်ပါးစလုံး ဆုံးရှုံးလိုက်ရသူလည်း ပါတယ်။
ဒါပေမဲ့ ဘယ်သူမှ ဒီကိစ္စတွေကို နာနာကြည်းကြည်း ပြောမနေကြဘူး။တိုင်းပြည်ရဲ့
အနာဂတ်အတွက်ပဲ စိတ်မအေးနိုင်အောင် ဖြစ်နေ ကြတယ်။
ပြည်တွင်းစစ်ကြီးဖြစ်လာမှာကို စိုးရိမ်ကြတယ်။
ဒီမိုကရေစီအရေးတော်ပုံကြီးခလုတ်မထိ ဆူးမငြိပါစေနဲ့လို့ ရင်တမမနဲ့စောင့်ကြည့်နေကြတယ်။
ကြောက်လာတယ်
အဲဒီလိုနဲ့ပဲ သူတို့အပူတွေက ကိုယ့်အပူတွေဖြစ်လာပြီး ခေါင်းပူအောင်
စဉ်းစားရတယ်။ သူတို့အားလုံး ကိုယ့်အပေါ်မှာထားတဲ့ မျှော်လင့်ချက်က
သိပ်ကြီးမားလွန်းတော့ ကြောက်လာတယ်။ စကားကို ပေါ့ပေါ့လွယ်လွယ်
ပြောလို့မဖြစ်ဘူး။လေးလေးနက်နက် စဉ်းစားရတယ်။ခါတိုင်းလိုလူငယ်လေးတွေ သူတို့ကိုယ်ရေးကိုယ်တာ ပညာရေး၊ လူမှုရေးကိစ္စတွေလာရောက် ရင်ဖွင့်တိုင်ပင်တာမျိုးဆို ကိစ္စမရှိဘူးလို့ဆိုနိုင်သေးတယ်။ မှားသွားလည်း ကာယကံရှင်တစ်ဦးတစ်ယောက်ပဲ နစ်နာမှာ။ ဒါတောင်တကယ်တော့ မမှားသင့်ဘူး။ကိုယ့်ကိုယုံကြည်အားကိုးလို့
လာတာမဟုတ်လား။ အခုကိစ္စကျတော့ လူငယ်တွေရဲ့ ကိုယ်ရေးကိုယ်တာမဟုတ်ဘူး။
တိုင်းရေး ပြည်ရာဖြစ်တယ်။ မှားသွားရင် သံဃာစင်ပါမှောက်တဲ့ကိန်း
ဆိုက်သွားနိုင်တယ်။ ပြည်သူ့ဆန္ဒကို လိုက်လျောပြီး
အမြန်ဆုံးဖြေရှင်းလိုက်မယ်ဆိုရင်
စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို စတင်လျှောက်လှမ်းနေပြီလို့
ဆိုနိုင်တော့မှာ ဖြစ်တယ်။ အမြန်ဆုံးဆိုချင်ပါတယ်။ ကြာကြာစောင့် မနေရဖို့ဘဲ
မျော်လင့်ပါတယ် . . . ပြည်သူ့ဆန္ဒကို လိုက်လျောပြီး
အမြန်ဆုံးဖြေရှင်းလိုက်မယ်ဆိုရင် စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို စတင်လျှောက်လှမ်းနေပြီလို့ ဆိုနိုင်တော့မှာ ဖြစ်တယ်။ အမြန်ဆုံးဆိုချင်ပါတယ်။ကြာကြာစောင့် မနေရဖို့ဘဲ မျော်လင့်ပါတယ် . . .
လမ်းကြောင်းချော်ထွက်နိုင်
အထူးသဖြင့် မီဒီယာတွေ သိပ်အားကောင်းတဲ့ခေတ်မှာ နည်းနည်းလေးမှ
အမှားခံလို့မဖြစ်ဘူး။ ကိုယ်တိုင်က သတင်းမီဒီယာသမားဖြစ်တော့
ပိုပြီးသတိထားနေရတယ်။စတုတ္ထမဏ္ဍိုင်ကို လူရိုသေ ရှင်ရိုသေဖြစ်အောင် မနည်းကြီးကြိုးစားတည်ဆောက်ခဲ့ကြလို့
အခုမှ အသိအမှတ်ပြုခံရကာစပဲ ရှိသေးတာဖြစ်တယ်။ ဒီလိုအချိန်မှာ
သတင်းသမားတွေကိုယ်တိုင်ကလည်း သိက္ခာသမာဓိရှိရုံတင်မက တာဝန်သိစိတ်ပါ
ရှိကြရမှာပါ။နိုင်ငံရေးသမားတွေ စကားတစ်ခွန်းမှားရင်
သမိုင်းလမ်းကြောင်းချော်ထွက်သွားနိုင်သလို သတင်းသမားတွေစာတစ်ကြောင်းအရေးမှားရင်လည်း အားလုံးပွက်လောရိုက်ပြီး သမိုင်းလမ်းကြောင်း နောက်ပြန်လှည့် သွားနိုင်ပါတယ်။
ကစားဝိုင်းမဟုတ်
အဲဒါကြောင့် စကားမပြောခင် အထပ်ထပ်ချိန်ဆရတယ်။ မှားသွားရင်
ကိုယ့်စကားကိုယ်တာဝန်ယူတယ်လို့ ပြောရုံနဲ့မရဘူး။ မှားသွားရင် ခံရမှာက
ကိုယ်တစ်ယောက်တည်း၊ သူတစ်ယောက်တည်းမဟုတ်ဘူး။အားလုံး ခံကြရမှာ။ တစ်တိုင်းပြည်လုံးရဲ့ကံကြမ္မာကို
လောင်းကစားဝိုင်းမှာ တစ်ကွက်တည်းပုံအောပြီး ထိုးသလိုမျိုးလုပ်လို့
မဖြစ်ဘူး။ နိုင်ငံရေးဆိုတာက ကစားဝိုင်းမဟုတ်ဘူး။ ညကမက်တဲ့အိပ်မက်ကို
ယုံကြည်ပြီး စွန့်စားတာမျိုး မလုပ်ရဘူး။ အထပ်ထပ်အခါခါ စဉ်းစားတွက်ချက်ပြီး
လုပ်ရတဲ့ကိစ္စမျိုးဖြစ်တယ်။
အချိန်သင့်၊ မသင့်
ထာင်ထဲကထွက်လာတဲ့လူငယ်တွေ ကိုယ့်အပေါ်ထားတဲ့မျှော်လင့်ချက်က
သိပ်ကြီးမားလွန်းလို့ ကြောက်လာတယ်လို့ ပြောခဲ့တယ်။ တကယ်တော့
လူငယ်တွေသာမကဘူး လူကြီးပိုင်းကလည်း ဖုန်းဆက်ပြီး အားပေးကြ၊ ထောက်ခံကြတယ်။
တချို့က ရင်ဖွင့်ကြတယ်။ ဒီယုံကြည်ကိုးစားမှုမျိုးတွေကို တန်ဖိုးမထားဘဲ
ဘယ်လိုလုပ်နေနိုင်မှာလဲ။ ဒီလိုတန်ဖိုးထားတော့ စကားကို ပြီးလွယ်စီးလွယ်
မပြောဝံ့ဘူး။ အထပ်ထပ်စဉ်းစားရတယ်။ ပြောသင့်တဲ့စကားမှန်ပေမယ့်
အချိန်အားဖြင့် သင့် မသင့်ချင့်ချိန်ရတယ်၊ ကိုယ်တစ်ဦးတည်းအရေးမဟုတ်တဲ့အတွက် ဆံခြည်တစ်မျှင်စာလေးတောင် အမှားခံလို့မဖြစ်ဘူး။
တက်သမျှဆန့်ကျင်ခဲ့
နောက်ဆုံးကျတော့ ဧရာဝတီမျက်နှာကိုထောက်ပြီး အခုချက်ချင်းမဆုံးဖြတ်ဘဲ
အချိန်ပေးစောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ နှစ်ငါးဆယ်အတွင်း ဘယ်တုန်းကမှ
မကြားဖူးတဲ့ပြည်သူ့ဆန္ဒကို လေးစားသော အားဖြင့် မြစ်ဆုံရေကာတာစီမံကိန်းကို
ဆက်မလုပ်ဘဲ ရပ်ဆိုင်းလိုက်တယ်ဆိုတဲ့ သမ္မတဦးသိန်းစိန်ရဲ့ကြေညာချက်ကို
ကြိုဆိုအသိအမှတ်ပြုပြီး တူညီတဲ့တုံ့ပြန်မှုမျိုး ပေးသင့်တယ်။
နှစ်ပေါင်းငါးဆယ်လုံးလုံး ကိုယ့်ဘက်ကလည်းတက်သမျှ အစိုးရကိုဆန့်ကျင်ခဲ့တယ်။
မျှော်လင့်ပါတယ်
အခုနောက်ဆုံး အခြေခံဥပဒေနဲ့ရွေးကောက်ပွဲကိုလည်း
အသိအမှတ်မပြုခဲ့ဘူး။ ဦးသိန်းစိန်အစိုးရကိုလည်း ခုအချိန်ထိ
မထောက်ခံသေးဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို အမှန်တကယ်
အကောင်အထည်ဖော်၊မဖော်ဆိုတာ မသိနိုင်သေးဘူး။ ဒါပေမဲ့
ဧရာဝတီဆုံးဖြတ်ချက်ကတော့ ဒီမိုကရေစီအစိုးရမျိုးရဲ့
လုပ်နည်းလုပ်ဟန်ဖြစ်တယ်။ နောက်ဝန်ကြီးများရုံးကို
ဟိုတယ်ဖွင့်ဖို့မငှားတော့ဘူးဆိုတဲ့
ဆုံးဖြတ်ချက်ဟာလည်း ပြည်သူ့ဆန္ဒကို လေးစား လိုက်နာတဲ့သဘောဖြစ်တယ်။
ဒီမိုကရေစီ အရိပ်လက္ခဏာတွေဖြစ်တယ်။ ဒီမိုကရေစီနဲ့မအပ်စပ်တဲ့
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူတွေကိစ္စနဲ့ ပြည်တွင်းစစ်ကိစ္စကိုသာ
ပြည်သူ့ဆန္ဒကိုလိုက်လျောပြီး အမြန်ဆုံး ဖြေရှင်းလိုက်မယ်ဆိုရင် စစ်မှန်တဲ့
ဒီမိုကရေစီလမ်းကြောင်းပေါ်ကို စတင်လျှောက်လှမ်းနေပြီလို့
ဆိုနိုင်တော့မှာဖြစ်တယ်။အမြန်ဆုံး ဆိုချင်ပါတယ်။ ကြာကြာစောင့်မနေရဖို့ဘဲ မျှော်လင့်ပါတယ်။
Eleven Media Group
0 comments:
Post a Comment