လူငယ် နှင့် သမိုင်း
by သစ္စာနီ on Wednesday, November 16, 2011 at 8:53pm
စာအုပ်ပေါင်းများစွာ၊ ကဗျာ များစွာရေး သားထုတ်ဝေပြီး ပို့စ်မော်ဒန်ကဗျာ သဘောတရား စာပေ သဘောတရားများကို အစဉ် တစိုက်ရေးသားနေသူ ဆရာသစ္စာနီကို ယခုတစ်ပတ် လူငယ်နှင့်သမိုင်း ကဏ္ဍအတွက် အောက်ဖော်ပြပါ မေးခွန်းနှစ်ခုကို ရေးသား မေးမြန်းခဲ့ပါသည်။ မေးခွန်းနှစ်ခုမှာ...
မေးခွန်း (၁)
ယနေ့ခေတ် လူငယ်တွေဟာ သမိုင်းအပေါ်မှာ စိတ် ဝင်စားမှုနည်းသွားလား၊ များလာလား၊ အဲဒီအပေါ်မှာ ဆရာရဲ့ အမြင်လေး ပြောပြပေးပါ။
မေးခွန်း (၂)
လူငယ်တွေက သမိုင်းကို ဖန်တီးတဲ့လူတွေဖြစ်တယ်တဲ့။ အဲဒီတော့ ဒီလူငယ်တွေကတော့ ကိုယ်ရေးချမယ့် သမိုင်းကို မရိုင်းရအောင် ဘာတွေလေ့လာထားဖို့ လိုမလဲ။
မေးတဲ့သူက မေးခွန်းနှစ်ခုမေးတယ်။ အရေးပါတဲ့ စကားလုံးက နှစ်လုံးပါတယ်။ လူငယ်နဲ့သမိုင်း အဲဒီဝေါဟာရ (၂) ခုကို အဓိပ္ပာယ်ဖွင့် ရရင် ‘လူငယ်’ ဆိုတာ ၁၅ နှစ် အထက် ၃ဝ အောက် ယောက်ျားမိန်းမလို့ ယေဘုယျဆိုလို့ ရတယ်။ လွယ်တယ်။ ‘သမိုင်း’ ဆိုတာကတော့ အနက်ကျယ်တယ်။ ထွေပြားတယ်။ ပညာရှင်အသီးသီး ဖွင့်ဆို ထားကြတာတွေကလည်း တစ်ကျောင်း တစ်ဂါထာ။ အနီးစပ်ဆုံး သမိုင်း ဆိုတာ လူ့အဖွဲ့အစည်း တစ်ခုလုံးရဲ့ဖွံ့ဖြိုးတိုး တက်မှုမှတ်တမ်းလို့ ဆိုနိုင်ပေမယ့် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု ဘယ်အပိုင်းကို ရည် ရွယ်မေးတာလဲ။ မေးသူက မဝံ့မရဲဖြစ်နေတာလား။ တကယ်တော့လည်း သမိုင်း ဆိုတာနိုင်ငံရေးကိုပဲ ရည်ရွယ်ပုံရတယ်။ နိုင်ငံရေးတောင်မှ မျက်မှောက်ခေတ် နိုင်ငံရေးကို ဆိုလိုချင်ဟန်ရှိတယ်။ အဲဒီထင်မြင်ချက်နဲ့ ဖြေတဲ့လူကလည်း ရောင်းသူ ဝယ်သူ အသံတူအောင်ဖြေလိုက် တယ်။ တကယ်တော့လည်း သမိုင်းဆိုတာ နိုင်ရေးပါပဲ။ နာမည်ကျော် ဗြိတိသျှလူမျိုး သမိုင်းဆရာကြီး ဆာဂျွန်ရောဘတ် ဆဲလ်လေး (၁၈၃၄-၁၈၉၅) John Robert Seeley က ဒီလို ပြောဖူးပါတယ်။
“သမိုင်းဆိုသည်မှာ အတိတ်က နိုင်ငံရေးဖြစ်၍ နိုင်ငံရေးဆိုသည် ပစ္စုပ္ပန်သမိုင်းပင် ဖြစ်သည်” တဲ့။
အဖြေ (၁)ဒီနေ့ပိုင်း မျိုးဆက်တွေရဲ့ကာလမှာ ရွေးချယ်စရာ ကိစ္စတွေက အရမ်းများတယ်။ မိမိ ဟာ ကွန်ပျူတာ အင်တာနက် အသုံးပြုသူ မဟုတ်ရင် လူရာမဝင်ဘူး။ ပုံမှန်အားဖြင့် အင်္ဂလိပ်အပြင်၊ တခြားဘာသာ တစ်ခုခုကိုလည်း တတ်မြောက်ရဦးမယ်။ စက္ကန့်နဲ့အမျှ မြန်နှုန်းမြင့်မားစွာ ပြောင်းလဲနေတဲ့ သတင်း အချက်အလက်တွေနဲ့လည်း မျက်ခြည်မပြတ် ထိတွေ့နေရတယ်။ လွန်ခဲ့တဲ့အနှစ် ၃ဝ ကျော်က လူငယ်ဘဝနဲ့ တောင် အခြေအနေ တော်တော်ကွာခြားသွားပြီ။ ဒီနေ့ လူငယ်တွေ သမိုင်းကို စိတ်မဝင်စားဘူးလို့ (တချို့က) ပြောကြတာ ဘာကြောင့်လဲ။ တက္ကသိုလ်မှာ သမိုင်းဘာသာ အဓိကယူတဲ့သူတွေ နည်းသွားလို့လား။ သမိုင်းဆိုင်ရာ စာအုပ်တွေ ရောင်းမကောင်းလို့လား။ စာအုပ်ဆိုင် တွေ သွားကြည့်ရင် သမိုင်းဆိုင်ရာ စာအုပ်တွေ အများကြီး ထွက်နေတာ တွေ့ရမယ်။ မရောင်းရရင် ထုတ်ကြမှာ မဟုတ်ဘူး။ E.book အပါ အဝင် အင်တာနက်ပေါ်မှာ လွယ်လွယ်ဖတ် လို့ရနေတာလည်း မေ့ထားလို့မရပါဘူး။ အဲဒီမှာ ‘သမိုင်း’ ဆိုတာကို နိုင်ငံရေးလို့ အနက်ကောက် ပြောမယ် ဆိုလည်း လူငယ် တွေနဲ့ နိုင်ငံရေး အခုလည်း မပြတ်ထိတွေ့ နေတာပဲ။ ပါတီထောင်တာတွေ၊ ရွေးကောက်ပွဲ၊ အစိုးရအပြောင်းအလဲ၊ နိုင်ငံရေး ရည်မှန်းချက်အသစ်၊ ပူနွေးတဲ့တွေ့ ကြုံဖြတ်သန်းမှု ရှိတယ်။ ရောဘတ်ဆဲလ်လေး ပြောသလို ‘နိုင်ငံ ရေးသည် ပစ္စုပ္ပန်သမိုင်းဖြစ်သည်’ ဆိုရင် သူတို့ တွေဟာလည်း ရှောင်လွှဲလို့မရတဲ့ နိုင်ငံရေး ဇာတ်ကောင်တွေ၊ ကိုယ်တိုင်ဖြစ်နေတာပဲ မဟုတ်လား။
အဖြေ (၂)လူငယ် (လူကြီးတွေလည်း အတူတူပါပဲ) တွေဟာ အရာရာ အဘက်ဘက်က ပြည့်စုံနေအောင် လေ့လာ ဆည်းပူးနေကြရမယ်လို့ ပြောလိုက်ရင် ဒီစကားက မမှားဘူးပေါ့။ နိုင်ငံရေးဆိုတာ ဟိုဝါဒ၊ ဒီဝါဒနဲ့ ရှုပ်ထွေးပါတယ် ဆိုရင် လူငယ်တွေကို တိုတိုပဲပြောမယ်။ တရား တဲ့ဘက်က ရပ်တည်ချင်တဲ့စိတ်ရှိရင် တော်ပြီလို့။ တကယ်တော့ ဒီစကားကပြောမယ့်သာ ပြောရတာ မလိုလှဘူး။ ဘာဖြစ်လို့လဲဆိုတော့ “တရားမျှတမှုကို မြတ်နိုးတယ်” ဆိုတဲ့ စိတ်ဟာ လူငယ်တိုင်းရဲ့ မွေးရာပါ ဗီဇစိတ်ဖြစ် နေလို့ပါပဲ။ (နောက်မှသာ ပတ်ဝန်းကျင်က အရောင်ဆိုးတာခံရပြီး၊ ပြောင်းတဲ့သူက ပြောင်းကုန်တယ်။) အဲဒီယုံကြည်မှုကို ခိုင်မာမြဲမြံအောင် ထိန်းသိမ်းဖို့ပဲလိုတယ်။ ဒါဆိုလူငယ့် တာဝန်ကျေပြီ။ သမိုင်းကို ဖန်တီးနိုင်ပြီ။
နောက်ဆုံးအနေနဲ့ အမေရိကန် သမ္မတ ဂျော့ဘုရှ် George W. Bush ရဲ့ စကားကို လက်ဆောင်ပေးချင်ပါတယ်။ သူ ပြောတာက…
“ကျုပ်ကတော့ သမိုင်းဆိုတာ စာမျက်နှာတွေ အများကြီးနဲ့ စာအုပ်တစ်အုပ်ပဲလို့ မြင်တယ်။ ကျုပ်တို့ဟာ နက်နဲတဲ့ ရည်မှန်းချက်တွေ၊ မျှော်လင့်ချက်ကြီးတဲ့ လုပ်ရပ်တွေနဲ့ နေ့စဉ် နေ့တိုင်း စာမျက်နှာတစ်ရွက်ချင်း ဖြည့်လောင်းသွားကြရမယ်” တဲ့။
credit: ညိုသစ်ငယ်
မှတ်ချက်။ ပေါ်ပြူလာ စာပေအနုပညာဂျာနယ် (June 6, 2011) မှ ကူးယူဖော်ပြသည်။
Read more...
0 comments:
Post a Comment