Saturday, November 26, 2011

ဒီမိုကရေစီအပြည့်အ၀ရရေး ဒီမိုကရေစီဘက်တော်သားများကို မဲပေးကြ

by Wai Maw on Saturday, November 26, 2011 at 9:41am
 
 
(စုနိုင်မှ ချမ်းသာမည်)
ကိုချင်း။   ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုဦးစီးအစည်းအဝေးက ဘာလဲတဲ့ဗျ။ ဒီနေ့ ၁၈ နိုဝင်ဘာ ၂၀၁၁ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဌာနချုပ်ရုံးမှာ လုပ်တယ်မဟုတ်လား။ ကိုယ်စားလှယ်တွေ အများကြီး လာကြသလား။
ကိုမင်း။   ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ဗဟိုဦးစီး ကိုယ်စားလှယ်က ၁၁၆ ရှိတယ်တဲ့ဗျ။ အဲဒီမှာ ငါးဦးက အကျဉ်းကျနေတယ်။ သုံးဦးက ကျန်းမာရေးမကောင်းလို့ မလာနိုင်ဘူးလို့ သိရတယ်။ တစ်ဦးကတော့ ဘာကြောင့် မှန်းမသိဘူး။ မပါဘူး။ ဒီတော့ အစည်းအဝေးတက်တာ ဗဟိုဦးစီးအဖွဲ့ဝင်အားလုံး ၁၀၆ ယောက် ရှိပါတယ်။ အမျိုးသမီးနဲ့ လူငယ်စတဲ့ လူထုလူတန်းစားအဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေလည်း လာကြတက်ကြ တယ်ဗျ။

ကိုချင်း။   ။ အဲဒီတော့ အစည်းအဝေးက ဘာဆုံးဖြတ်သလဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးပါတီအနေ နဲ့ မှတ်ပုံတင်မှာ မဟုတ်လား။
ကိုမင်း။   ။ ဒီတော့ ကြားဖြတ်ရွေးကောက်ပွဲကရော ၀င်မှာလား။ ၀င်မှာလားဆိုတာက နေရာအားလုံး တကယ် ၀င်မှာလား။ စတိသုံးနေရာပဲ ၀င်မှာလားလို့မေးတာ။
ကိုမင်း။   ။ ကြားဖြတ်ရွေးကောက်ပွဲလည်းဝင်မယ်လို့ ဆုံးဖြတ်ပါတယ်ဗျ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပိတ်မိန့် ခွန်း အရဆိုရင် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေတဲ့ နေရာ ၄၈ နေရာမှာ ရှိတာအားလုံးကိုဝင်ဖို့ ကြိုးစား ကြဖို့ ပြောတယ်လို့ ဆိုတယ်ဗျ။ ဒီတော့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အင်တိုက် အားတိုက် ကြိုးစားယှဉ်ပြိုင်မယ်ပေါ့ဗျာ။
ကိုချင်း။   ။ အဲဒါဆိုရင် ကောင်းတာပေါ့နော်။ ဟုတ်တယ်မလား။
ကိုမင်း။   ။ မှတ်ပုံတင်ပြီးပြီဆိုရင်တော့ ရွေးကောက်ပွဲမှာ အင်တိုက်အားတိုက်ဝင်ရောက်ယှဉ်ပြိုင်တာဟာ ပြည်သူလူထုနဲ့ လက်တွဲလှုပ်ရှားတဲ့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီဆိုရင်တော့ ပြီးခဲ့တဲ့အပတ်က ကျုပ်တို့ပြောကြသလိုပေါ့၊ နိုင်ငံရေးလှုပ်ရှားမှုအားလုံးကို အင်တိုက်အားတိုက်လုပ်တာဟာ ပြည်သူလူထု စည်းရုံးရေးလည်းဖြစ် ပြည်သူ့နိုင်ငံရေး၊ ဒီမိုကရေစီနိုင်ငံရေး လှုပ်ရှားမှုလည်းဖြစ်တယ်လို့ ထင်တာပဲ။
ကိုချင်း။   ။ နေဦးဗျ။ ခင်ဗျားအရင်တုန်းက အမြဲပြောနေတဲ့ မှတ်ပုံမတင်ခင်မှာ ယုံကြည်ချက်အကျဉ်းသားတွေ အားလုံးလွတ်ဖို့လိုတယ် ဆိုတာက ဘယ်လိုလဲ။
ကိုမင်း။   ။ ယုံကြည်ချက်အကျဉ်းသားတွေ အားလုံးလွတ်မြောက်ရေးနဲ့ စစ်တိုက်နေကြတဲ့ တိုင်းရင်းသားများနဲ့ စစ်ပြေငြိမ်းရေး၊ ငြိမ်းချမ်းရေးကိစ္စတွေကို မှတ်ပုံတင်တဲ့ကိစ္စ လုပ်နေရင်းနဲ့ ဆက်လက်လုပ်ဆောင်သွားမယ်းလို့ နားလည်မိပါသဗျ။
ကိုချင်း။   ။ ဒီတော့ ပါတီမှတ်ပုံတင်ပြီးသွားတဲ့အထိ အကျဉ်းသားတွေ မလွတ်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။
ကိုမင်း။   ။ မူအရကတော့ မကောင်းဘူးလို့ ဆိုရမှာပေါ့။ ဒါပေမယ့် လက်တွေ့မှာတော့ ကျုပ်ထင်တာပြောရရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရတို့ ဆွေးနွေးပြီး နားလည်မှုရားထားပြီးသား လို့ထင်တယ်။ လူ့အခွင့်အရေး ကော်မရှင်ကလည်း သမ္မတထံကို တရားဝင်စာပို့ ထားပြီးပြီလေ။ လွှတ်ာတာတော့ လွှတ်မှာလို့ပဲ မျှော်လင့်နေ တာပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အကျဉ်းသားတွေလွတ်မြောက်ရေး၊ တရားစီရင်ရေး မှန်ကန်ရေးတို့ကို အရေးအကြီးဆုံးအဖြစ် ယုံကြည်ပြောဆိုနေခဲ့တာဖြစ်လို့ သူကတော့ မဖြစ်မနေ လုပ်ပါလိမ့်မယ်လို့ ယူဆရပါတယ်။
ကိုချင်း။   ။ ဟုတ်တော့ ဟုတ်မှာပါ။ အကျဉ်းသားတွေမလွှတ်ဘူးဆိုရင် ယုံကြည်မှုက သိပ်ကိုပြောင်းလဲသွားနိုင် တာဆိုတော့ အစိုးရကလည်း ဂရုတစိုက် လုပ်မယ်လို့ထင်ရတာပဲ။ မဟုတ်ရင် ပြည်သူလူထုနဲ့ အစိုးရကြားမှာ မလိုလားအပ်ဘဲ တင်းမာသွားနိုင်တယ် မဟုတ်လား။ ဒါနဲ့ ဒေါ်အောင်ဆန်စုကြည်ကိုယ်တိုင် ရွေးကောက်ပွဲ ၀င်မှာလားဗျ။
ကိုမင်း။  ။ အဲဒါကို ရှင်းရှင်းလင်းလင်း ကြေညာသွားတာတော့ မရှိဘူး။ ဒါပေမယ့် တနင်္သာရီ ကိုယ်စားလှယ်လို့ ထင်တယ်။ သူပြောတာကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရွေးကောက်ပွဲ မ၀င်ပါနဲ့၊ ဒါက ဂုဏ်သိက္ခာ ပြဿနာကြောင့်လို့ ဆွေးနွေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အခုအခြေအနေမှာ အလေးထားစဉ်း စားရမှာက အလုပ်ဖြစ်ရေး၊ နိုင်ငံရေးအခြေအနေ တိုးတက်ရွေ့လျားမှုရှိလာရေး စတဲ့လက်တွေ့ကျတာတွေကို ပိုပြီး စဉ်းစားရမယ်လို့ ဆိုပါတယ်။
ကိုချင်း။   ။ အင်း ဒါတော့ ကျွန်တော်တို့မပြောတတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲ ၀င်၊ မ၀င် ကိစ္စဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အဆုံးအဖြတ်ပဲလို့ ထင်တာပဲ။
ကိုမင်း။   ။ ဒီလိုတော့လည်း မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးပါတီကြီးရဲ့ ခေါင်းဆောင်ဖြစ်တဲ့ အတွက် ဗဟိုဦးစီး ဗဟိုအလုပ်အမှုဆောင်တို့အပြင် ပါတီဝင်ထု၊ ပါတီညီလာခံတို့းက ဆုံးဖြတ်တာကို နာခံရမှာ ပေါ့။ နောက်ပြီးတော့ ပြည်သူလူထုရဲ့ သဘောဆန္ဒကိုလည်း ကြည့်ရမှာပေါ့။ လောလောဆယ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင် စဉ်းစားပြီး တင်ပြတာတွေကို အများစုက လက်ခံကြတာဆိုတော့ သူ့ရဲ့ အဆုံးအဖြတ်က အတည်ပဲလို့ ဆိုရင်လည်း ဆိုနိုင်နေတာပေါ့။
ကိုချင်း။   ။ အဲဒီတော့ ကျွန်တော်တို့လို ပါတီဝင်လည်း မဟုတ်၊ တိုင်းပြည်ကိုလည်း ဖွံ့ဖြိုးတိုးတက်တာမြင်ချင်၊ ဒီမိုကရေစီအခွင့်အရေးတွေလည်း အပြည့်အ၀ရချင်တဲ့ သာမန်ပြည်သူတွေအနေနဲ့ ဘာလုပ်မလဲ။
ကိုမင်း။   ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မှတ်ပုံတင်မယ်လို့ ဆုံးဖြတ်လိုက်ပြီ၊ ကြားဖြတ်ရွေးကောက်ပွဲမှာ လည်း အင်တိုက်အားတိုက်ဝင်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုတော့ အဲဒါကို အားပေးရမှာပေါ့။ခင်းဗျားမှတ်မိသေးလား။ ၁၉၉၀ ရွေးကောက်ပွဲ ကာလတုန်းက ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျဉ်းထောင်မှာဆိုတော့ ရွေးကောက်ပွဲ မ၀င်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် အဖွဲ့ချုပ်က ဒီမိုကရေစီအလံတော်ကို အမြင့်ဆုံးမြှင့်တင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးကြ၊ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးကြလို့ ကြွေးကြော်ခဲ့တာ မဟုတ်လား။ ဘာဗျ၊ “စုနိုင်မှ ချမ်းသာမည်၊ စုနိုင်မှတိုးတက်မည်” ဆိုတဲ့ တေးသံတွေ မြန်မာတစ်နိုင်ငံလုံး ဖုံးလွှမ်းသွားခဲ့တယ် မဟုတ်လား။ ဒီတော့ အခုလည်း “စုနိုင်မှ ဒီမိုကရေစီ အပြည့်အ၀ရမည်” လို့ ဟစ်ကြွေးရင်း အဖွဲ့ချုပ်ကို အားပေးကြပေါ့ဗျာ။
သက်ညို
ပြည်သူ့ခေတ်ဂျာနယ် အတွဲ၂ အမှတ် ၇၀
၂၄-နိုဝင်ဘာ-၂၀၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...