Tuesday, November 22, 2011

မြန်မာ့နိုင်ငံရေး တနေ့တခြား သိမ်မွေ့နက်ရှိုင်းလာနေ

by Lwin Aung Soe on Monday, November 21, 2011 at 7:38pm



ဆောင်းပါး ရေးဖြစ်သွားတဲ့ အကြောင်းရင်း

လက်ရှိနိုင်ငံရေးမှာ ရှေ့တိုးလုပ်ဆောင်ဖို့ အခက်အခဲဖြစ်အောင် ဆန့်ကျင် လှုံ့ဆော်ပေးတယ်လို့ ထင်ရတဲ့ ကာတွန်းတပုံကို Facebook မှာ တွေ့မိပါတယ်။ ဘယ်သူမဆို လွတ်လပ်ခြင်းနဲ့ သဘောထား ကွဲလွဲခြင်း ဆိုတဲ့ ဒီမိုကရေစီ ရပိုင်ခွင့်တွေ ကျင့်သုံးနိုင်ပါတယ်။ ထိခိုက်စေနိုင်တာ ရှိ-မရှိ အရင်ဦးစွာ စဉ်းစားဆင်ခြင်ပြီးမှ လွတ်လပ်မှုကို အသုံးချရင် တန်းတူညီမျှမှုရဲ့ အကျိုးတရားကို ဖြစ်ပေါ်စေတာကြောင့် အားပေးရပါတယ်။ ဒါပေမယ့် လွတ်လပ်မှုကို အထူးသဖြင့် နိုင်ငံရေးမှာ တလွဲဆံပင်ကောင်း အသုံးချရင် တိုင်းပြည်မှာ နစ်နာဆုံးရှုံးမှု ဖြစ်ရပြီး ခံလိုက်ရသူကတော့ ပြည်သူတွေပဲ ဖြစ်သွားပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးစားပေး နိုင်ငံရေးကိစ္စ ၃ မျိုး

(၁) တရားဥပဒေ စိုးမိုးရေး၊ (၂) ပြည်တွင်းငြိမ်းချမ်းရေး၊(၃) အခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို လုပ်ဆောင်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က လူသိရှင်ကြား ထုတ်ဖော် ပြောဆိုထားပါတယ်။ ဒီ ၃ မျိုးကို နည်းနည်းလေး အကျယ်ချဲ့ပြီး စဉ်းစားကြည့်ပါမယ်။

နိုင်ငံရေးအကျဉ်းသားတွေ  လွတ်မြောက်ရေး အပါအဝင် ပြည်သူတွေရဲ့ လုံခြုံရေးကိစ္စတွေ အားလုံးဟာ တရားဥပဒေ စိုးမိုးရေး ခေါင်းစဉ်အောက်မှာ ပါသွားပါပြီ။ တိုင်းရင်းသားဒေသတွေမှာ စစ်ဖြစ်တာတွေကို ရပ်ဆိုင်းဖို့၊ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးနဲ့ တန်းတူညီမျှမှု ဆိုတာတွေဟာ ပြည်တွင်းငြိမ်းချမ်းရေး ခေါင်းစဉ်အောက်မှာ ပါသွားပါပြီ။ ပြည်သူတွေ မနှစ်သက်တဲ့ တရားဥပဒေ ပုဒ်မတွေကို ပြင်ဆင်နိုင်ဖို့၊ ပြည်သူတွေကို ကာကွယ်ပေးတဲ့ ဥပဒေတွေ ဖြစ်လာဖို့ ဆိုတာ အခြေခံဥပဒေ ပြင်ဆင်ရေး ခေါင်းစဉ်အောက်မှာ ရှိနေပါတယ်။ ဒါတွေက လတ်တလော လိုအပ်နေတာတွေထဲက အရင်ဦးစားပေး လုပ်ဆောင်ရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ နောင်အစဉ်သဖြင့် ကောင်းစေဖို့ အုတ်မြစ်ချတာလည်း ဖြစ်ပါတယ်။ ဒီလိုကိစ္စတွေ လုပ်နိုင်ဖို့ ဒီနေ့လို အခြေအနေမျိုးမှာ နိုင်ငံရေး လမ်းကြောင်းသစ်တခုကို ဖန်တီးယူရတာ ဖြစ်ပါတယ်။

အပ်ကြောင်းထပ်နေတဲ့ ဓါတ်ပြားဟောင်း

အရင်တုန်းကတော့ စစ်အစိုးရ အာဏာရှင်စနစ် လက်အောက်ဖြစ်လို့ တောင်းဆိုချင်တာတောင် ပါးစပ်မဟရဲခဲ့တဲ့ အခြေအနေပါ။ ဒါကြောင့် ကဏ္ဍပေါင်းစုံ ထိုးဆင်း နိမ့်ကျခဲ့ရပါတယ်။ အခုဆိုရင်တော့ တရားဝင် ထုတ်ဖော် ပြောဆို တောင်းဆိုလို့ ရတဲ့အထိ အခြေအနေတွေ တိုးတက်လာနေပါတယ်။ ဒါကြောင့် လမ်းဟောင်းကြီးကို စွန့်ခွာနိုင်ပါပြီ။ လူ့သဘာဝအရ တချို့ကတော့ နှမြောတသ ဖြစ်နေနိုင်ပါတယ်။ မနှမြောပါနဲ့၊ ရှေ့မှာ ဒီ့ထက်မက ကောင်းတာတွေ ရှိနေပါတယ်။

၁၉၉ဝ ရွေးကောက်ပွဲရလဒ်ဟာ မပျက်ပြယ်တဲ့ သမိုင်းဝင်အောင်ပွဲ

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူတွေက တခဲနက် မဲပေးထောက်ခံလို့ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ရလဒ်ဟာ မြန်မာ့သမိုင်းမှာ အမြဲတမ်း တည်ရှိနေတဲ့ အမှန်တရားပါ။ တရားဝင် အမိန့်ပြန်တမ်းနဲ့ ထုတ်ပြန်ထားတဲ့ အမှန်တရားပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မီဒီယာကတဆင့် ဒါကို ရှင်းပြထားပြီး ဖြစ်ပါတယ်။ အရင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေ လက်မှတ်နဲ့ ထုတ်ပြန်တဲ့ ပျက်ပြယ်တယ်ဆိုတဲ့ စကားက တရားဝင် အမိန့်ပြန်တမ်းတခု ဖြစ်ပေမယ့်လည်း ဥပဒေကြောင်းအရ အကြောင်းပြချက် မခိုင်လုံပါဘူး။ အာဏာရှင်စနစ်ကို လက်မခံသူတွေအနေနဲ့ ဒီလို တရားမဝင် အမိန့်မျိုးကို လက်မခံသင့်ပါဘူး။ မမှန်တာကို လက်ခံစရာလည်း မလိုပါဘူး။ ကြောက်ရွံ့လေးစားလိုက်နာစရာလည်း မလိုတော့ပါဘူး။

ကောင်းသထက်ကောင်းဖို့သာလို

ဒေါ်အောင်ဆန်းစုကြည် ပြောဆိုတဲ့ ကိစ္စ ၃ ခုမှာ အဲဒါတွေထက် ပိုကောင်းအောင် လုပ်နိုင်တာတွေ ရှိလာရင် ဘယ်သူမဆို ကိုယ်တိုင်ကိုယ်ကျ လုပ်ယူနိုင်ပါတယ်။ လုပ်နိုင်ခွင့်လည်း ရှိရမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း သူ့ကို အကြံပေးချင်တာရှိရင် ပေးကြပါလို့ လမ်းဖွင့်ပေးထားပါတယ်။

တနေ့တလံ ပုဂံ ဘယ်ပြေးမလဲ

ကျနော့်ရဲ့ တဦးတည်းအမြင်မှာတော့ လက်ရှိ နိုင်ငံရေး လမ်းကြောင်းကို ပိုမိုချောမွေ့သွက်လက်လာအောင် ပြည်သူတဦးချင်းက တနိုင်တပိုင် ဝိုင်းဝန်း ပံ့ပိုးပေးသင့်ပါတယ်။ ဒါဟာ စစ်အာဏာရှင်အစိုးရကို ကူညီပံ့ပိုးတယ်လို့ အဓိပ္ပာယ်  မထွက်ပါဘူး။ စစ်အစိုးရ မရှိတော့ပေမယ့် သူတို့ ရေးဆွဲထားတဲ့ ၂ဝဝ၈ အခြေခံဥပဒေကြီးက ရှိနေတာပဲလို့ စောဒက တက်နိုင်ပါတယ်။ ဒါပေမယ့် ၂ဝဝ၈ အခြေခံဥပဒေကို အခုခါမှာ ပြင်ဆင်နိုင်ဖို့ အခွင့်အလမ်းရှိနေပြီး ပိုပြီး ပြင်နိုင်လောက်အောင်လည်း ကြိုးပမ်းနေကြပါပြီ်။ အဲသလိုသာ တစိုက်မတ်မတ် ဆက်လုပ်နိုင်မယ်ဆိုရင် နောင်တချိန်ချိန်မှာ ပြည်သူတွေ တကယ်လိုချင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက အခိုင်အမာ ရှိလာမှာ မလွဲပါဘူး။

ရန်ဘက်နဲ့ ပြိုင်ဘက် ခွဲခြားနိုင်ရမယ်

နိုင်ငံရေးမှာ တဦးနဲ့တဦး၊ တဖွဲ့နဲ့တဖွဲ့ အယူအဆ၊ လုပ်ပုံလုပ်နည်း ကွဲလွဲတတ်ပါတယ်။ ကွဲလွဲနေတိုင်းလည်း ရန်သူဖြစ်လာစရာအကြောင်း မရှိပါဘူး။ အာဏာရှင်စနစ် ခေတ်လွန်ကာလမှာ မြန်မာ့နိုင်ငံရေးဟာ ရန်ဘက် မရှိတဲ့ အနေအထားကို သိသိသာသာ ကူးပြောင်းနေပါပြီ။ ရန်ဘက် မရှိပေမယ့် ပြိုင်ဘက်ကတော့ ရှိနေမှာ ဖြစ်ပါတယ်။ အမြင်သဘောထား လုပ်နည်းကိုင်နည်း မတူကွဲပြား ခြားနားတာကို အသိအမှတ်ပြု လက်ခံတာဟာ ဒီမိုကရေစီ ကျင့်စဉ်ဖြစ်တဲ့အတိုင်း ပြိုင်ဘက်ဆိုတာ ရှိနေပါလိမ့်မယ်။ ပြိုင်ဘက် ရှိနေမှလည်း တဘက်နဲ့တဘက် ယှဉ်ပြိုင်ကြိုးစားကြလို့ တိုးတက်မှု ရှိလာမှာ ဖြစ်ပါတယ်။

ကိုယ်ပိုင် ဆင်ခြင်တုံတရား အရေးကြီး

ဒီကနေ့လို အချိန်နဲ့ အခြေအနေမှာ ပြည်သူတွေအဖို့ စားဝတ်နေရေးနဲ့ လု့ခြုံရေးမှာ လိုအပ်နေတာတွေ အများကြီး ရှိနေတုန်း ဖြစ်ပါတယ်။ တချိန်တည်းမှာ လိုအပ်တာတွေကို တောင်းဆိုနိုင်ဖို့လည်း လမ်းပွင့်လာနေပါတယ်။ တကယ်လိုအပ်နေတာကို မှန်မှန်ကန်ကန် တောင်းဆိုနိုင်မှလည်း အမှန်တကယ် တန်ဖိုးရှိရှိ ရလာမှာ ဖြစ်ပါတယ်။ အလကားရတာတော့ ဘာမှမရှိပါဘူး။
လူတဦးချင်းမှာ မိမိတို့ လိုအပ်တာတွေကို ရနိုင်ဖို့ တခုခုတော့ လုပ်ပေးရမှာ ဖြစ်ပါတယ်။ ခေါင်းဆောင်တွေဆိုရင် အနစ်နာခံရပါတယ်။ ပြည်သူတွေ ဆိုရင်တော့ ဆုံးဖြတ် ရွေးချယ်ပေးရပါတယ်။ တောင်းဆိုချင်တာကို ဆုံးဖြတ်ရွေးချယ်လာရတဲ့အခါ မိမိတို့ဆန္ဒ၊ မိမိတို့ ဆုံးဖြတ်ချက်အပေါ် ကိုယ်ပိုင် ဆင်ခြင်တုံတရားနဲ့သာ စဉ်းစားချင့်ချိန် လွတ်လပ်စွာ ဆုံးဖြတ်ရပါမယ်။ ဒီနေရာမှာ သတိပြုရမှာကတော့ ဆုံးဖြတ်ရွေးချယ်ပြီး လုပ်လိုက်တဲ့ကိစ္စကြောင့် အများပြည်သူ ရည်မှန်းတာ၊ အကျိုးဖြစ်ထွန်းတာကို မထိခိုက်စေဖို့ပါပဲ။

ပါတီစုံ ဒီမိုကရေစီစနစ် အောင်မြင်ဖို့လို

လွတ်လပ်မှု၊ တန်းတူညီတူဖြစ်မှု၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့ဟာ လူတိုင်းရဲ့ဘဝမှာ အရေးကြီးဆုံး လိုအပ်ချက်တွေပါ။ ဒီလိုအပ်ချက်တွေ ဖြည့်ပေးဖို့ အာမခံနိုင်တာက ပါတီစုံဒီမိုကရေစီစနစ် ဖြစ်ပြီး အောင်မြင်ရင် ပြည်သူတွေမှာ လုံခြုံမှု၊ ငြိမ်းချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်။ မအောင်မြင်ရင် အာဏာရှင်စနစ် ပြန်လည်ခေါင်းထောင်လာပြီး ကျနော်တို့ရော နောင်မျိုးဆက်သစ်တွေရော အာဏာရှင်ရဲ့သားကောင်ဘဝမှာ အချိန်တိုင်း လည်စင်းခံရဖို့ ဖြစ်သွားနိုင်ပါတယ်။

လွင်အောင်စိုး
၂၁-၁၁-၂ဝ၁၁


http://www.facebook.com/photo.php?fbid=162763877154953&set=a.104004363030905.5151.100002640245416&type=1&theater

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...