Tuesday, November 22, 2011

ဆောင်းဦးရွက်ဝေ ချစ်သက်မေအလှ (နိုင်ငံရှိ လူဦးရေထက်ဝက်မှာ ခွဲစိတ်ဓားနှင့် မျက်နှာ မိတ်ဆက်ထားကြသူများ ဖြစ်ကြသည်)

by Shoe Gallery on Wednesday, November 23, 2011 at 11:36am
 
ကမ္ဘာပေါ်မှာ ရုပ်ရည်ရူပါ အပြေပြစ် အချောမောဆုံး လူမျိုး ခုနစ်မျိုး၊ ကမ္ဘာ့ အလှဆုံး မိန်းမသား စတဲ့ ဟာတွေဟာ များသောအားဖြင့် ကိုယ့်ကုလားဖန်ကိုယ်ထိုးပြီးကစားနေကြတာများပါတယ်။ သို့ပေငြားလူမျိုးတိုင်းမှာကောင်းကွက်၊အားသာချက်လေးတွေကိုယ်စီရှိကြပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အလှအပတွေထဲမှာ အားကျ လောက်စရာကောင်းတယ်လို့ ပြောကြတဲ့ ကိုရီးယားတို့ရဲ့ အလှအပဟာလည်း ပျိုမေတိုင်း စိတ်ဝင်စားချင်စရာ ဖြစ်နေပါတယ်။


ကိုရီးယား ညှို့မင်းသမီးတစ်ယောက်ဖြစ်တဲ့ လီဟိုရီတောင် ဟောလိဝုဒ်က မင်းသမီး ဂျက်ဆီကာအယ်ဘာနဲ့ တွဲပြီး အလှကုန် ကြော်ငြာ (Knox product) ရိုက်တဲ့အထိ ကိုရီးယားရဲ့ အလှကုန် ဈေးကွက်ဟာလည်း နာမည်ကြီး ကျယ်ပြန့်နေပါတယ်။ ဒါကြောင့် ဆောင်းဦးရွက်ကြွေ ချစ်သက်သေကားနဲ့ မြန်မာပရိသတ်ရဲ့ ရင်ဘတ်ဧရိယာထဲကို တိုးချဲ့ပြီး စိုက်ပျိုးလာတဲ့ ကိုရီးယား ရုပ်ပုံလွှာများရဲ့ အလှအပနည်းနာ လျှို့ဝှက်ချက်တွေကို ဖော်ပြလိုက်ပါတယ်။
အသားအရေထိန်းသိမ်းမှု ခေါင်းစဉ်နဲ့ ပတ်သက်ပြီး ကိုရီးယားမှာ Work shop တစ်ခု လုပ်ပါတယ်။ အဲဒီမှာ ကိုရီယား သူတွေဟာ တခြားသောတိုင်း နိုင်ငံက ပျိုမေများထက် အလှအပကို ပိုပြီးဂရုစိုက်ကြကြောင်း၊ ရှော့ပင်းစင်တာ သွားရင်တောင်မှ ခြေဆုံးခေါင်းဆုံး အလှပြင်ထားကြကြောင်း ဆိုသွားတယ်။ သူတို့အများစုဟာ မျက်နှာသန့်စင်ဖို့အတွက် ဆပ်ပြာကို အများဆုံး အသုံးပြုကြပါတယ်။ သူတို့ သုံးတဲ့ တခြားနည်းနာတွေကတော့ . . .

မျက်နှာသစ်ရာဝယ်
မျက်နှာသန့်စင်တော့မယ်ဆိုရင် ဒေါင်လိုက်မျက်နှာကို ပွတ်သပ်တာဟာ မျက်နှာရဲ့ ကြွက်သားတွေကို လျော့ရိလျော့ရဲဖြစ်စေပြီး အရေပြားတွဲရွဲကျလာမှုကို မြန်ဆန်စေ ပါတယ်။ ဒါကြောင့် သန့်စင်တဲ့အခါမှာ အတွင်းအပြင်ပွတ်သပ်ပေးသင့်ပါတယ်။ တချို့က စက်ဝိုင်းပုံစံပွတ်ကြပေမယ့် အတွင်းအပြင်ဘက် ပွတ်သပ်ပေးခြင်းဟာ အကောင်းဆုံးလို့ ဆိုပါတယ်။ ဒါဟာအပန်းမကြီးတဲ့ ကိစ္စလေးဖြစ်ပေမယ့် အများသူငှာ မှားယွင်းစွာ သန့်စင်နေကြတဲ့ အလှအပအမှားတစ်ခုလည်း ဖြစ်ပါတယ်။
မျက်နှာသစ်တဲ့နေရာမှာလည်း မနက်ပိုင်းကို အထူးတလည်သစ်ဖို့ မလိုအပ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မနက်ပိုင်း မျက်နှာသစ်ပြီး နေပူထဲထွက်တဲ့အခါမှာ အသားအရေကို ကာကွယ်ပေးတဲ့ အလွှာတွေမရှိတော့တဲ့အတွက် ငါးဆယ်ရာခိုင်နှုန်းသာ ကာကွယ်ပေး နိုင်လို့ ဖြစ်ပါတယ်။ ဒါကြောင့် ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်များအတွက် ရေနွေးနွေးလေးနဲ့ သစ်သင့်ပြီး အဆီပြန်တတ်တဲ့အသား အရေပိုင်ရှင်များအတွက် Mild Cleanser လေးနဲ့ သစ်သင့်ပါတယ်။ အချိန်ယူပြီး အသေအချာ သစ်ဖို့မလိုအပ်ပါဘူး။
နောက်ပြီး တစ်နေ့ကို နှစ်ကြိမ်ထက်ပိုပြီးတော့ မျက်နှာမသစ်သင့်ပါဘူး။ မျက်နှာပြင်ပေါ်မှာ ရှိတဲ့၊ လိုအပ်တဲ့ အဆီဓာတ်ခြောက်ခမ်းခြင်း မဖြစ်အောင် ကာကွယ်ဖို့ ဖြစ်ပါတယ်။ ဒါဟာ အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေလည်း အတူတူပဲဖြစ်ပါတယ်။ နေ့ခင်းပိုင်းတွေနဲ့ တခြားအချိန်တွေမှာ မျက်နှာသစ်ဖို့ လိုအပ်တယ်ဆိုရင်တောင်မှ Cleanser မပါဘဲ ရေနဲ့သာ သုံးသင့်ပါတယ်။
မျက်နှာသစ်တဲ့အခါမှာ ရေနွေးသုံးဖို့မသင့်ပါဘူး။ ရေနွေးနွေးလေးသာ သုံးသင့်ပါတယ်။ မျက်နှာသစ်ပြီးတဲ့အခါမှာ ခေါင်းလျှော်တာလည်း မပြုလုပ်သင့်ပါဘူး။ ရှမ်ပူထဲမှာ ပါတဲ့ ဓာတ်ပစ္စည်းတစ်ချို့ဟာ မျက်နှာအရေပြားအတွက် ဘေးသင့်စေပါတယ်။ ဒါကြောင့် ခေါင်းလျှော်ပြီးမှ မျက်နှာသစ်တာ အကောင်းဆုံးဖြစ်ပါတယ်။ မျက်နှာကို ညစ်ပတ်တဲ့ လက်နဲ့လည်း မပွတ်သပ်သင့်ပါဘူး။ မျက်နှာသစ်တော့မယ်ဆိုရင် အရင်ဆုံးလက်ကို သန့်စင်ပြီးမှ ကိုင်တွယ်ပါ။ မျက်နှာကို နှိပ်နှယ်တဲ့အခါမှာလည်း လက်ကို သန့်ရှင်းမှုရှိပါစေ။ အခန့်မသင့်ရင် ဝက်ခြံတွေ ထွက်လာတတ်ပါတယ်။

အလှကုန်
အရွယ်မတိုင် ရင့်ရော်ခြင်းတို့ မဖြစ်ရလေအောင် အပ်ကြောင်းထပ်အောင် ပြောနေကျ ဖြစ်တဲ့ နေရောင်ကာခရင်မ်ကို အသုံးပြုဖို့လည်း လိုအပ်ပါတယ်။
ကိုရီးယားမဒီတွေဟာ မနက်ခင်းတိုင်းမှာ အလှကုန် ၁၇ မျိုး၊ ၁၈ မျိုးလောက် သုံးစွဲလေ့ ရှိကြပါတယ်။ အတော်အတန်များပြားတဲ့ အရေအတွက် ဖြစ်ပါတယ်။ အများစုက တစ်မျိုး၊ နှစ်မျိုးလောက်သာ မျက်နှာအတွက် သုံးစွဲကြပေမယ့် သူတို့ကတော့ ၁၇ မျိုး၊ ၁၈ မျိုးလောက် မျက်နှာအတွက် သုံးစွဲပြီးမှ အိမ်ပြင် ထွက်လေ့ရှိကြပါတယ်။
သူတို့ သုံးလေ့ရှိတဲ့ အလှကုန်အမျိုးအစားတွေကတော့ သာမန်အားဖြင့် Primer + makeup base ကို သုံးတယ်။ ပြီးတော့ Foundation၊ Conciliar သုံးတယ်။ Foundation လိမ်းထားတာကို ပေါင်ဒါလေးနဲ့ အစသတ်တယ်။ ပြီးတော့ Makeup Brightener လေးနဲ့ အရောင်တင်တယ်။ Eyeshadow၊ Eyeliner၊ Mascara တို့ ဆက်သုံးတယ်။ နှုတ်ခမ်း အတွက် ထပ်ပြီး ခြယ်သတယ်။ Blusher တို့ ထပ်သုံးတယ်။ ဒါတွေကို ပုံမှန်သုံးလေ့ ရှိပါတယ်။

မျက်လုံးအလှ
ကွန်ပျူတာကြည့်ပါများလို့ မျက်လုံးညောင်းညာကိုက်ခဲလာတဲ့အခါ လက်နှစ်ဖက်ကို ပွတ်ပြီး မျက်လုံးကို အုပ်ပေးပါ။ အရမ်းကောင်းတဲ့ နည်းလေးဖြစ်ပါတယ်။
ကမ္ဘာပေါ်ရှိ နေရာအနှံ့အပြားတို့ထက် ကိုရီယားတွင် ပလတ်စတစ်ဆာဂျင်တို့သည် တခြား တိုင်းနိုင်ငံများထက် များပြားပြီး နိုင်ငံရှိ လူဦးရေထက်ဝက်မှာ ခွဲစိတ်ဓားနှင့် မျက်နှာ မိတ်ဆက်ထားကြသူများ ဖြစ်ကြသည်။ ယင်းရေစီးကြောင်းသည် ဂျပန်နှင့် တရုတ်တွင် လည်း ခေတ်စားလျက်ရှိသည်။
ရှေ့ဆက်၍လည်း တိုးတက်ဦးမည့်လက္ခဏာတို့ ရှိသည်။ ဖက်ရှင်ကိုဖြစ်စေ၊ အလှအပကို ဖြစ်စေနှစ်သက်မြတ်နိုးစုံမက်ခြင်းသည် အပြစ်ဆိုစရာမဟုတ်ပါ။ သို့သော် ရှိခိုးမတတ် သည်းသည်းလှုပ်နေခြင်းသည် ဆိုစရာ၊ ပြောစရာ ဖြစ်တတ်သည်။
လက်တစ်ထောက်စာ အရေပြားအလှအတွက် လက်ညောင်းလောက်အောင် တံလှပ်ထင်ပြီး ရွှေသမင် အလိုက်မှားဖို့ သတိပြုရမည်ဖြစ်သည်။ ဇာတိအလှ၊ ဇာတိယဉ်ကျေးမှုခိုင်မာသော ရွှေမြန်မာတို့ရဲ့ ပင်ကိုအလှ၊ ပင်ကို စိတထားကိုလည်း ခေါက်ရိုးကျိုးအောင် နောက်ပစ်ပြီး မခေါက်ထားကြပါနဲ့လို့ ဆိုရင်း . . .


Ref : 8 Days

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...