Thursday, November 17, 2011

နိုင်ငံရေးနှင့် ကိုယ့်ကျင့်တရား


ဝင်းထွဋ်ဇော်

တလောက သဘာဝပတ်ဝန်းကျင်လုပ်ငန်းတွေကို တတ်တတ်ကြွကြွ လုပ်ဆောင်နေတဲ့ အမျိုးသမီးကြီးတစ်ဦးနဲ့ ပွဲတစ်ပွဲမှာတွေ့ဆုံခဲ့တယ်။ ယင်းသို့တွေ့ဆုံရာတွင် အမျိုးသမီးကြီးက ‘ကျွန်မက နိုင်ငံရေးကိုစိတ်မဝင်စားဘူး၊ သဘာဝပတ်ဝန်းကျင်အလုပ်တွေပဲ လုပ်ချင်တယ်၊ နိုင်ငံရေးဆိုတာ ညစ်ပတ်မှုတွေ ရှိတယ်၊ ပါဝါပေါ်လစ်တစ် (Power Polities) ပဲ၊ ကိုယ်အာဏာရယူဖို့ အလုပ်လုပ်ကြတာ၊ သဘာဝပတ်ဝန်းကျင်အလုပ်ဆိုတာက လူသားတွေကို အကျိုးပြုတဲ့အလုပ်၊ အပြစ်ကင်းစင်တယ်၊ ကိုယ်ကျိုးအတွက်လုပ်ကြတာမဟုတ်ဘူး။  ဒါကြောင့် နိုင်ငံရေးမလုပ်ချင်ဘူး။  သဘာဝပတ်ဝန်းကျင် အလုပ်တွေပဲ လုပ်ချင်တယ်’ လို့ပြောဆိုခဲ့တယ်။
          သူ့ရဲ့စကားဆုံးမှာတော့ ကျွန်တော်ဟာ ရင်ထဲကနေ အသံမထွက်အောင်အားရပါးရ ရယ်လိုက် မိ ပါတယ်။
          ဒီနောက်မှာတော့ ‘ကျွန်တော်က ညစ်ပတ်မှုတွေ မသမာမှုတွေက နိုင်ငံရေးနယ်ပယ်မှာမှ ရှိတာ မဟုတ် ဘူး။ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ သာသနာရေး၊ လူမှုရေး၊  အနုပညာ ပြီးတော့ စာပေဘက်နယ် မှာမဆို ရှိတယ်ဗျာ၊ အဲဒါတွေကို ကင်းမဲ့သွားအောင် လုပ်ဖို့က နိုင်ငံရေးသမားကောင်းတွေနဲ့ ပြည်သူလူထုရဲ့ အလုပ်ဗျာ’
          ‘ ဘယ်နိုင်ငံမှာမဆို နိုင်ငံရေးလောကတွေမှာ စုန်းပြူးတွေ သိုးမည်းတွေ ရှိသလို မိမိရဲ့ဘဝတစ်ခုလုံးကို ရော မိသားစု ဘဝတစ်ခုလုံးကိုပါ နိုင်ငံအတွက် လူအများအကျိုးအတွက်ပေးဆပ်ထားတဲ့ လူတွေ မြောက် အများ   ရှိခဲ့တယ်ဗျာ’ လို့ပြောခဲ့ရပါတယ်။
          သို့ပေမယ့် ထိုအမျိုးသမီးကြီးက ကျွန်တော်ပြောတာကို ဘဝင်ကျပုံမပြပဲ ‘ကျွန်မတော့ သဘာဝပတ်ဝန်း ကောင်းအောင် လုပ်တဲ့ အလုပ်တွေနဲ့ လူတွေ သောက်သုံးရေ ရရှိရေး၊ ပညာသင်ခွင့်မရတဲ့ ကလေးတွေ ပညာသင်ကြားခွင့်ရရေး၊ ဆင်းရဲသားတွေကို အခမဲ့ဆေးကုသပေးရေး စတဲ့အလုပ်တွေလို လူမှုရေးအလုပ်တွေ ပဲ လုပ်ချင်တော့တယ်’ လို့ ဆက်ပြောပြန်ပါတယ်။
          ကျွန်တော်ထိုင်နေတဲ့ စားပွဲအရှေ့ကနေ ထိုအမျိုးသမီးခွာသွားချိန်မှာတော့ကျွန်တော့်ရဲ့စိတ်အာရုံထဲ မှာ နိုင်ငံရေး၊ ညစ်ပတ်တဲ့ နိုင်ငံရေးပြီးတော့ နိုင်ငံရေးနှင့် လူမှုရေး ဆိုတဲ့စကားသံတွေဟာ ပဲ့တင်ထပ်ကာ ကျန်ရစ်ခဲ့ပါတော့တယ်။

နိုင်ငံရေးနှင့်လူမှုရေး
 နိုင်ငံရေးဆိုတာ လူမှုရေးပေပဲလား……
          တကယ်တော့ ဒီလောကမှာ အမျိုးသားနိုင်ငံတွေ (Nation State)မြို့ပြနိုင်ငံတွေ၊ ဖဒရယ်ပြည်ထောင်စု တွေ ပေါ်ထွန်းလာခဲ့ပြီးနောက် အုပ်ချုပ်ရေး၊ ယန္တရားတွေ၊ အစိုးရတွေ ပေါ်ပေါက်လာတဲ့ အချိန်က စပြီး နိုင်ငံရေးဟာ ပီပီပြင်ပြင်ပေါ်ပေါက်လာခဲ့တာပါ။
          ‘နိုင်ငံရေး (Politic) ဆိုတဲ့ဝေါဟာရဟာ ဂရိဝေါဟာရ ပေါ်လစ်တီကို (Politikos) မှဆင်းသက်လာတာ ဖြစ်ပြီး နိုင်ငံသားတစ်ဦးရဲ့ အရေးကိစ္စများ’ လို့ အဓိပ္ပါယ်ရပါတယ်။ ဒါ့အပြင် နောက်အဓိပ္ပါယ်တစ်ခုကတော့ လက်တွေ့ကိစ္စရပ်တွေမှာ ခိုင်မာပြတ်သားတဲ့ အဆုံးအဖြတ်တွေ ချမှတ်နိုင်စွမ်းရှိတဲ့ လက်တွေ့ အသိပညာရှိမှု၊ လိမ္မာပါးနပ်မှု၊ပရိယာယ်ကြွယ်ဝမှု စတဲ့ အဓိပ္ပါယ်တွေကိုလည်းဆောင်ပါတယ်။
          ယေဘူယျအားဖြင့် လူအများနားလည်ထားကြတာကတော့ နိုင်ငံရေးဆိုတာဟာ နိုင်ငံရဲ့ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ နိုင်ငံရဲ့ အရေးအရာ ကိစ္စရပ်တွေနဲ့ ပတ်သက်တဲ့လုပ်ငန်း တစ်ခုအဖြစ် နားလည်ထားကြတယ်။
          ထိုအမြင်ကနေပေါ်ထွက်လာတဲ့ ဆင့်ပွားအမြင်ကတော့ နိုင်ငံအတွင်းရှိ ပြည်သူတွေအားလုံးစားဝတ်နေ ရေး လုပ်ငန်းမှန်သမျှအတွက် လုပ်ဆောင်ကြတဲ့ဆောင်ရွက်ချက်အားလုံးဟာ နိုင်ငံရေးနဲ့သက်ဆိုင်တယ်။ တစ်နည်းပြောရရင် နိုင်ငံရေးရဲ့ အစိတ်အပိုင်းဖြစ်တယ် ဆိုတဲ့ အယူအဆပါပဲ။
          ထိုအယူအဆအရဆိုလျှင် စက်ရုံအလုပ်သမားတွေ မိမိတို့ရဲ့စက်ရုံ အလုပ်ရုံတွေဆီကိုသွားကာ အလုပ်လုပ်နေကြတာဟာ  နိုင်ငံရေးပါပဲ။ ရုံးဝန်ထမ်းတွေ နေ့စဉ် ရုံးတတ်ကာ နိုင်ငံအတွက် အလုပ်လုပ်နေကြ ခြင်းကလည်း နိုင်ငံရေးပါပဲ။

          အထက်ပါအယူအဆအရဆိုရင် ကျောင်းဆရာ၊ ဆရာမတွေ စာသင်ခန်းတွေထဲမှာ ကျောင်းသား ကျောင်းသူတွေကို စာသင်နေတာဟာလည်း နိုင်ငံရေးပဲလို့ပြောနိုင်မှာပါ။
          မိသားစုနေအိမ်တွေရဲ့ မီးဖိုချောင်တွေထဲမှာ ထမင်းဟင်းချက်ပြုတ်ကာ စီးတဲ့ရေ ဆယ်တဲ့ ကန်သင်း လုပ်နေကြသူ အိမ်ရှင်မတွေကလည်း ‘သူတို့လည်း နိုင်ငံရေးလုပ်နေကြတာပါ’ လို့ပြောကောင်းပြောကြမှာပါ။
          သို့ပေမယ့် လူပုဂ္ဂိုလ်တစ်ချင်းအနေနဲ့ မိမိတစ်ဦးချင်းစီရဲ့ အကျိုးစီးပွားအတွက် (နိုင်ငံအကျိုးအတွက် လည်းတိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ သက်ရောက်မှုရှိစေနိုင်တဲ့) အလုပ်တွေလုပ်တာကို နိုင်ငံရေးလုပ်ခြင်း အဖြစ်သတ်မှတ်မယ်ဆိုရင်တော့ ထိုအလုပ်တွေကို နိုင်ငံရေးအပျော့ (Soft Politics) သို့မဟုတ် ဘောဂဗေဒပညာရပ်မှာလို  မိုင်ခရို နိုင်ငံရေး ( Micro Politics) အဖြစ်သာ သတ်မှတ်သင့်ပါသည်။
          ဘောဂဗေဒပညာရပ်မှာ  နိုင်ငံတစ်နိုင်ငံနှင့်သက်ဆိုင်တဲ့  စီးပွားရေးတစ်ခုလုံးကို မိုက်ခရိုစီးပွားရေး (macro economy) လို့သတ်မှတ်ပြီး နိုင်ငံစီးပွားရေးတစ်ခုလုံးရဲ့သေးငယ်တဲ့ အစိတ်အပိုင်းကို မိုက်ခရိုစီးပွားရေး (micro economy) လို့ သတ်မှတ်ထားတာပါ။
          တကယ်တော့ လူတစ်ဦးချင်းရဲ့ ကုန်ထုတ်လုပ်မှု၊ စက်ရုံတစ်ရုံရဲ့ ကုန်ထုတ်လုပ်မှု၊  လယ်သမားတစ်ဦး သို့မဟုတ် လယ်သမားတစ်စုရဲ့ ဆန်စပါးထုတ်လုပ်မှု  ပို့ဆောင်ရေးလုပ်သားတစ်ဦးရဲ့ဝန်ဆောင်မှု ကျောင်းဆရာတစ်ဦးရဲ့ ကျောင်းသားကလေးငယ်တွေကို ပညာသင်ကြားမှု စတဲ့ အလုပ်တွေဟာ မိမိတို့နိုင်ငံ၊  နိုင်ငံရေးယန္တရားကြီးတစ်ခုလုံးရဲ့ ဝက်အူတွေ ပင်နီယံတွေ ချိန်းကြိုးတွေလို အစိတ်အပိုင်းတွေဖြစ်ပေမယ့်  ထိုအလုပ်တွေဟာ ပင်မ နိုင်ငံရေး လုပ်ငန်းတွေမဟုတ်ပါဘူး။  မက်ခရိုနိုင်ငံရေးမဟုတ်ပါဘူး။

အယူအဆအမှားနှစ်ခု
သို့သော် ယနေ့အချိန်မှာ နိုင်ငံရေးကို ပုံပျက်ပန်းပျက်ဖြစ်သွားအောင် လူအများတွေဝေသွားအောင် လွဲမှားစွာ အဓိပ္ပါယ်ဖွင့်ဆို ပုံဖော်နေတဲ့ ပုံဖော်နေဆဲလည်းဖြစ်တဲ့ အယူအဆနှစ်ခု ပေါ်ပေါက်နေပါတယ်။
          ပထမအယူအဆကတော့  နိုင်ငံရေးဆိုတာဟာ နိုင်ငံရေးသမားတွေ အလုပ်၊ သာမန်ပြည်သူတွေနဲ့ ဘာမှမသက်ဆိုင်၊ နိုင်ငံရေးရဲ့အကောင်းအဆိုးကို နိုင်ငံရေးသမားတွေကသာ အဆုံးအဖြတ်ပေးလိမ့်မယ်။  နိုင်ငံရေးနယ်ပယ်မှာ ပြဿနာ အကြပ်အတည်း တစ်ရပ်ကြုံလာလျှင် နိုင်ငံရေးသမားတွေကသာ ဖြေရှင်းကြလိမ့် မယ်။
          ပြည်သူတွေရဲ့တာဝန်က (လွှတ်တော်နိုင်ငံရေးမှာ)  မိမိတို့ရဲ့ဆန္ဒမဲကို ပေးပြီးလျှင် တာဝန်ကျေပြီး နောက်ဆက်တွဲ နိုင်ငံရေးပြဿနာတွေဟာ ပြည်သူတွေနဲ့ မသက်ဆိုင်ဆိုတဲ့ အယူအဆပဲဖြစ်ပါတယ်။
          ဒုတိယ အယူအဆက နိုင်ငံရေးဆိုတာဟာ နိုင်ငံရေးပါတီထောင်၊ အာဏာရအောင်လုပ်ပြီး မိမိပါတီတွေ ရဲ့ လမ်းစဉ်တွေကို ကောင်ထည်ဖော်လုပ်ကိုင် မှ နိုင်ငံရေးမဟုတ်ဘူး။ ဒုက္ခရောက်နေသူတွေကို ကူညီတာဟာ နိုင်ငံရေးဘဲ ပညာသင်ကြားခွင့်မရသူ ကလေးငယ်တွေကို အခမဲ့ပညာသင်ကြားခြင်းဟာ နိုင်ငံရေးပဲဖြစ်တယ်။ ဆေးကုသခွင့်မရသူတွေကို အခမဲ့  ကျန်းမာရေးစောင့်ရှောက်မှု လုပ်ဆောင်ပေးတာဟာ နိုင်ငံရေးဖြစ်တယ်။  ဆန်ဝေ၊ ဆီဝေ၊ အဝတ်အထည်ဝေတဲ့ အလုပ်တွေကို လုပ်ခြင်းဟာလည်း နိုင်ငံရေးပဲဖြစ်တယ်’ ဆိုတဲ့ အယူအဆပါပဲ။
          တကယ်တော့ အထက်ပါအယူအဆ နှစ်ခုစလုံးဟာ အပေါ်ယံကြည့်မယ်ဆိုရင် ဆန့်ကျင်ကွဲပြားသယောင်ရှိပေမယ့် တကယ်တမ်းထိုးစိုက်လေ့လာကြည်မယ်ဆိုရင်တော့ အခြေခံအားဖြင့် တူညီနေတာ တွေ့ရမှာပါ။ 
          ထိုအယူအဆနှစ်ခုရဲ့တူညီတဲ့ အခြေခံကတော့ နိုင်ငံရေးကို (ရည်ရွယ်ချက်ရှိရှိဖြစ်စေ၊ ရည်ရွယ်ချက်မဲ့ ဖြစ်စေ) မှားယွင်းစွာ အဓိပ္ပါယ်ဖွင့်ဆိုပြီး နိုင်ငံရေးကို ပြည်သူလူထုနဲ့ အဆက်ဖြတ်ခြင်းသာဖြစ်ပါတယ်။

မှန်ကန်တဲ့ နိုင်ငံရေးဗျူဟာ
တကယ်တော့ နိုင်ငံရေးဆိုတာ နိုင်ငံအတွင်းမှာ ပေါ်ပေါက်နေတဲ့ လူမှုရေးဒုက္ခတွေ၊ စီးပွားရေးအခက်အခဲတွေ၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ အခက်အခဲတွေ တစ်ခုချင်းကို ‘ဆန်စင်ရာကျည်ပွေ့လိုက်’ ဆိုတာလို ဖြေရှင်းလို့ ရနိုင်တဲ့ ကိစ္စမျိုးမဟုတ်ပါဘူး။
          နာဂစ်မုန်တိုင်းအပြီးမှာ မုန်တိုင်းဒဏ်ခံရသူတွေကို စားဝတ်နေရေးအတွက် အကူအညီအထောက်အပံ့ တွေ ပေးတာဟာ လတ်တလောမှာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ဖြစ်ပေမယ့် တကယ်တမ်းလုပ်ရမှာကတော့ နောက်ထပ်မုန်တိုင်းတွေ တိုက်ခိုက်လာလျှင် ပြည်သူတွေ မုန်တိုင်းဒဏ်က အကာအကွယ်ရအောင် ဒီရေတောတွေကို ဘယ်လိုပြုစုပျိုးထောင်ရမလဲ၊ ဒီရေတောတွေကို ခုတ်ပြီး အသက်မွေးနေရတဲ့ ပြည်သူတွေရဲ့ စီးပွားရေးကို တခြားနည်းလမ်းဖြင့် တိုးတတ်ကောင်းမွန်လာအောင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ ကိစ္စရပ်တွေကို စဉ်းစားဖြေရှင်းရမှာပါ။
          စားစရာမရှိတဲ့ပြည်သူတွေကို ဆန်ဝေတာဟာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ဖြစ်ပေမယ့် ထိုပြည်သူတွေ အနေနဲ့ရည်ရှည်တည်တံ့တဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို ရရှိ ပိုင်ဆိုင်ဖို့အတွက်ကတော့ တစ်နိုင်ငံလုံးရြဲ့ စီးပွားရေးစနစ်ကို ဖွံ့ဖြိုးအောင်လုပ်ဆောင်နိုင်ဖို့လိုပါတယ်။
          တကယ်တော့ နိုင်ငံတစ်နိုင်ငံမှာ ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာအရပ်ရပ်ကို အောင်မြင် စွာဖြေရှင်းဖို့ကတော့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမှသာ အောင်မြင်နိုင်မှာဖြစ်ပါတယ်။
          ယင်းသို့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ဆိုတော့ မှန်ကန်တဲ့ နိုင်ငံရေးဗျူဟာတွေကို ချမှတ်ကာ ပြည်သူတစ်ရပ်လုံးကို ဦးဆောင်မှုပေးနိုင်ပြီး နိုင်ငံရေးအာဏာကို လက်ဝယ်မှ ဆုပ်ကိုင်ထားနိုင်တဲ့ ဒေါင်ဒေါင် မြည် နိုင်ငံရေးပါတီ တစ်ရပ်ကသာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ပြည်သူ့ခေတ်၊ အတွဲ (၁)၊ အမှတ် (၄၀) မှ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...