ကူညီခွင့်မသာသေးသည့် ကယားမြေ
by Yangon PressInternational on Sunday, November 20, 2011 at 7:55pm
နိုဝင်ဘာ၂၀၊၂၀၁၁၊ ဒီမောဆို (YPI)
လူသူအသွားအလာနည်းပြီးတောရိုင်းတိရိစ္ဆာန်တွေရဲ့ အော်သံကိုတောင် ကြားနေရတဲ့ တောထဲတောင်ထဲမှာ ဆယ်နှစ်ဝန်းကျင် အရွယ်ကလေးငယ်တွေက ပလိုင်းကိုယ်စီ ခေါင်းပေါ်ရွက်ပြီး တောလမ်းအတိုင်း မမောနိုင်မပန်းနိုင် သွားနေကြတယ်။
မိန်းကလေးငယ်လေးငါးယောက်လောက်ဟာရေဖြည့်ထားတဲ့ ၀ါးလုံးဗူးတွေ ကော်ဗူးတွေကို ပလိုင်းတွေထဲထည့်ရွက်လာ ကြတယ်။သူတို့ဟာ တောတောင်ကြားထဲက စိမ့်စမ်းရေတွေထွက်တဲ့ရေထွက်ပေါက်ကနေ သောက်ရေသွားခပ်ကြပြီး အိမ်အထိထမ်းပြန်လာ ကြတာဖြစ်တယ်။
ရေထွက်ပေါက်ရှိတဲ့တောင်ကြားတွေထဲကနေ တစ်တောင်တက်တစ်တောင်ဆင်း သွားလာကြရတဲ့ခရီးက(၂)မိုင် လောက်ရှိပါတယ်။
သူတို့ဟာ ဒေါဖုကျေးရွာ လို့ခေါ်တဲ့ ကယားလူမျိုးတွေနေထိုင်ကြတဲ့ရွာက ကလေးငယ်တွေဖြစ်ပါတယ်။
ဒေါဖုရွာကကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲကဖြစ်ပြီးဒီးမော့ဆိုမြို့နဲ့ အရှေ့တောင်အရပ် ၁၇မိုင်အကွာ မှာရှိပါတယ်။
ကျောင်းဆင်းပြီဆိုတာနဲ့ရေသွားခပ်ကြတဲ့ကလေးငယ်တွေဟာနေ၀င်ပြီးမှောင်ရီပျိုးတဲ့အချိန်လောက်မှအိမ်ပြန်ရောက် ပါတယ်။တစ်ရွာလုံးဟာ အဲဒီရေထွက်ပေါက်ကနေပဲရေချိုး၊ရေခပ် အဲဒီကရေတွေကိုပဲသွားသုံးကြရတယ်။
ရေသယ်ရတာနဲ့ နေ့တ၀က်ကုန်
မိဘတွေမှာကလည်းအသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်တဲ့တောင်ယာအတွက် နေ့တစ်ဝက်သာ အချိန်ပေးနိုင်ပြီး ကျန်တဲ့နေ့တစ်ဝက်လောက် ရေခပ်တာနဲ့ပဲအချိန်ကုန်ကြတယ်။
သူတို့ထဲကမိခင်တစ်ဦးကတော့ “ရွာထဲမှာလည်းရေကမထွက်ဘူး၊ရေကလည်းမရတော့ ရွာနဲ့အနီးစပ်ဆုံးရေထွက်ပေါက်တွေကို လိုက်ရှာခပ်နေတာပါ။ နွေရာသီရေခမ်းတဲ့အချိန်တွေဆို ဒီထက်ဝေးတဲ့ မြောက်ဘက်က ရေထွက်ပေါက်ကို သွားခပ်ရတယ်”လို့ပြောပါတယ်။
ရွာထဲမှာရေမထွက်တဲ့အတွက်ကြောင့် ဘေးပတ်ပတ်လည်မှာ ၀န်းရံနေတဲ့တောင်တန်းတွေကြားထဲကရတဲ့ စိမ့်စိမ်းရေကို သွားရောက်ခပ်ယူကြ ရတာဖြစ်တယ်။ သူတို့တွေဟာ နေ့တဓူဝအဝေးကြီးကိုသွားပြီးရေခပ် ၊ရေချိုးရတာနဲ့တင်အချိန်တွေ ကုန်ဆုံးခဲ့ပါတယ်။
ဒီးမော့ဆိုမြို့ရဲ့အရှေ့တောင်ဘက်အရပ်မှာရေရှားပါးမှုပြဿနာကြုံတွေ့နေကြရတာဟာ ရွာတစ်ရွာတည်းမဟုတ်ပါဘူး။ဒေါဖုကျေးရွာအုပ်စုထဲက ရွာ(၆)ရွာဖြစ်တဲ့ဒေါဖု၊ဒေါပဲ့၊ဒေါပဲ့ဒူ၊ဒေါဆိုခူ၊ ဖိုနဲ့ဘိုလျားကျေးရွာတွေနဲ့ဒေါတမကြီးအုပ်စုရွာတွေထဲကဒေါကော့၊ဒေါဖျ၊ဒေါတမကြီး၊ဒေါငေးခူ၊ဒေါတချရွာနဲ့ဒေါဆိုဖျရွာတွေဖြစ်ကြပါတယ်။
ကျေးရွာအုပ်စုနှစ်စုထဲကရွာသူရွာသားများဟာဆယ့်နှစ်ရာသီပတ်လုံးရေရရှိဖို့ ရွာနဲ့အလှမ်းဝေးလှတဲ့စိမ့်စမ်းရေထွက်ဒါမှမဟုတ်ရေကန်ငယ်တွေရှိတဲ့နေရာကပဲသွားရောက်ခပ်ယူကြရပါတယ်။
ဒေါဖုကျေးရွာအုပ်စုကရပ်မိရပ်ဖတစ်ဦးက“ကျနော်တို့အတွက်အဓိကရေပဲလိုပါတယ်၊ရေကိုအဝေးမှာ သွားခပ်ရတာအချိန်ကုန် လူပင်ပန်းလို့ပြန်လာရင် အရမ်းမောပါတယ်” လို့ပြောပါတယ်။
ရေရှားပါးမှုရဲ့ အကျိုးဆက်
အဲဒီဘက်မှာရှိတဲ့ရွာတွေမှာအိမ်တိုင်းလိုလို အိမ်သာတွေလည်း မရှိကြသေးပါဘူး။ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ပတ်ဝန်းကျင် သန့်ရှင်းမှုအလွန်နည်းပါးလို့လည်း ကျန်းမာရေးဆိုင်ရာဘက်မှာ များစွာထိခိုက်မှုရှိနေပါတယ်လို့ နယ်လှည့်ပြီး ကျန်းမာရေးစောင့်ရှောင့်မှုပေးနေတဲ့လူမှုဝန်ထမ်းလုပ်သားတဦးကပြောပါတယ်။
“သန့်သန့်ရှင်းရှင်းမနေနိုင်ကြလို့ကလေးငယ်ရောလူကြီးတွေရောဝမ်းပျက်တာတွေ၊ယားနာထွက်တာတွေမကြာခဏဖြစ်တယ်။အဲဒီရောဂါတွေကိုလည်းအများဆုံးတွေ့ရပါတယ်”
ဒေါဖု၊ဒေါတမကြီးကျေးရွာအုပ်စုတွေဘက်မှာကဌာနဆိုင်ရာဆေးပေးခန်းလည်းမရှိပါဘူး။ဒီလိုရေရှားပါးမှုပြဿနာတွေနဲ့ကြုံနေကြရတဲ့ရွာတွေကိုရေရရှိဖို့ဆိုပြီးအကူအညီပေးနေတဲ့ လူမှုရေးအဖွဲ့အစည်းတွေကိုလည်း အာဏာပိုင်တွေက သွားလာခွင့်ပိတ်ပင်ထားပါတယ်။
INGOs အဖွဲ့ထဲက ရေရရှိဖို့ အကူအညီပေးနေတဲ့ ACTION CONTRE LA FAIM (ACF)အဖွဲ့ကိုလွန်ခဲ့တဲ့သြဂုတ်လ ကဒေသခံအာဏာပိုင်က ဆက်ပြီး မသွားဖို့ပိတ်ပင်ခဲ့တာကြောင့် ဒေါဖုကျေးရွာအုပ်စုနဲ့ ဒေါတမကြီးကျေးရွာအုပ်စု ဒေသဘက်တွေ ကရေရရှိဖို့စီမံကိန်းကို ရပ်နားထားရပါတယ်။
အဲဒီကျေးရွာဒေသဘက်မှာဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့လိုအပ်တဲ့အချက်အလက်တွေကို သွားရောက်ကောက်ယူခဲ့ပြီး ရေကိုစိမ့်စမ်းရေထွက်ပေါက်ကနေ သွယ်ယူဖို့ အကွာအဝေးတွေ တိုင်းတာထားပြီးဖြစ်တယ်လို့ INGOs အဖွဲ့အစည်းမှဝန်ထမ်းတဦးကပြောပါတယ်။
ကူညီခွင့်ရယ်ကမသာ
“ကျနော်တို့အရင်ကလည်းအဲဒီရွာတွေကိုလာလေ့လာပြီးသွားပြီ။ရေရဖို့အမှန်တကယ်လိုအပ်တဲ့ရွာတွေဖြစ်ပါတယ်။အခုတော့အဲဒီဘက်အုပ်စုကျေးရွာတွေဘက်ကိုမသွားရတော့ဘူးဆိုပြီး ပြောလို့မသွားရတော့ပါဘူး။လူထုတွေကို ဘာမှ မလုပ်ပေးရသေးပါဘူး။ရွာသားတွေအတွက်လည်းအများကြီးနှစ်နာပါတယ်”လို့ပြောပါတယ်။
ဒေါဖုနဲ့ဒေါတမကြီးကျေးရွာအုပ်စုကျေးရွာတွေက Internally Displaced People (IDP) ကျေးရွာတွေဖြစ်ကြလို့ အာဏာပိုင်တွေကပိတ်ပင် ထားတာပါ။
၁၉၉၆ခုနှစ်ကတည်း ကနယ်မြေဒေသ အေးချမ်းမှုမရှိလို့ မကြာခဏပြောင်းရွှေ့ခြင်းခံ ကြရတဲ့ကျေးရွာတွေဖြစ်ပါတယ်။၂၀၀၀ခုနှစ်ရောက်မှကျေးရွာတွေဆီ ပြန်လာနေခွင့်ရပြီး ဘ၀ကိုအသစ်ကနေပြန်လည်ထူထောင်ရတဲ့အတွက် အစစအရာရာနောက်ကျကျန်ရစ်ခဲ့ပါတယ်။ အခုချိန်ထိမအေးချမ်းသေးတဲ့နယ်မြေလို့သတ်မှတ်ခံထားရတဲ့ကျေးရွာတွေဖြစ်ပါတယ်။
ု
ဒီလိုအခက်အခဲရှိတယ်ဆိုပေမဲ့အမှန်တကယ်လိုအပ်တဲ့နေရာဖြစ်နေလို့အကူအညီပေးဖို့ INGOs အဖွဲ့တွေနဲ့ဒေသခံလူမှုအဖွဲ့တွေ ကြိုးစားသွားနေကြပေမဲ့ ယခုချိန်ထိသွားရောက်ကူညီပေးနိုင်ဖို့အခွင့်အခါမရကြသေးပါဘူး။
ပြီး။
0 comments:
Post a Comment