“ဒီည စောစောအိပ်တယ်..အားလုံးပေါင်း ၁၁နာရီ”
(စိမ်းခက်စိုး)
by Sein Khat Soe on Friday, November 18, 2011 at 10:24am
သူတို့ဟာ ဝန်နဲ့အားနဲ့ ရပ်တည်နေကြတယ်။
မျော်လင့်ချက်ဟာ ပါးပါးလေးဆိုတာထက်လည်း ပါးပါးလျလျလေး။
သို့ဖြစ်ပါ၍ ဝေးဝေးနေပြီး ဝဝစားခဲ့ပါတယ်။
ပြောဆိုတယ်။ ငြင်းခုန်တယ်။
ပြောတာရဲ့နောက်မှာ“ဆို”…ငြင်းတာရဲ့နောက်မှာ“ခုန်”
အနိုင်မပိုင်းကြေး၊ ထိုင်ခုံကမဆင်းကြေး၊ သွေးမထွက်ကြေး၊ ဘေးမထွက်ကြေး။
တမင်တကာ သီချင်းမဟစ်တော့ဘူး
မဝတ်ရသေးတဲ့ ဘီလူးပန်းဆွဲလို
မဟာသမယသုတ်ထဲ မျှော်လင့်ချက်တွေစို့နေတဲ့ကောင် ငုတ်တုတ်။
အလုပ်မဟုတ်တာကို မျောက်လို ဟိုကုတ်ဒီကုတ်
အခင်းဖြစ်ပွားရာမှာ အချင်းများပြီး ငါမရတဲ့ စာ။ ငါမရတဲ့ ဝေစု ဆိုပြီး သတင်းအတိုချုပ်ဖြစ်ခဲ့တယ်။
အသုံးချ အင်္ဂလိပ်စာမှာ “မင်္ဂလာနံနက်ခင်းပါ။” “တွေ့ရတာဝမ်းသာပါတယ်။”
ကိုခင်အောင်အေးလည်းပါတယ်/ ညီဇံလှလည်းပါတယ်။
တိုက်ပေါ်က ခုန်ချခဲ့တဲ့ကောင်မလေးလည်းပါတယ်/ ဥက္ကဌဖြစ်ချင်နေတဲ့ ကောင်တွေလည်းပါတယ်။
အားလုံးပေါင်း ဆယ့်တစ်နာရီမို့ … စောစောအိပ်ဖြစ်မယ်။
ကျွန်တော်တို့ စိတ်ဓာတ် အတိုအရှည်ကို လိုငွေတွေနဲ့တိုင်းတာပြမယ်။
ကျော်သာချလိုက် တံတားအရှည်မိုင်ပေါင်းမှာ လမ်းပန်းဆက်သွယ်ရေးကောင်းမကောင်း
မေမေ သမီးကိုခွင့်လွှတ်ပါလို့ ဘာလို့မပြောခဲ့တာလဲ
တိုင်းပြည်အတွက်အလုပ်လုပ်တာ မြက်ရိတ်တာမှမဟုတ်ဘဲ
တွေ့သမျှတွေ လျှောက်ဖြတ်မနေနဲ့ပေါ့……….ဦးစိုးကလည်း တွေ့လိုက်ရင် ဒါချည်းဘဲ
…..အသံတိတ်……………………………………………………
………. အသံအကြာကြီးတိတ်…………………………………
……………အသံအသံအသံအသံအသံအသံအသံ အသံတွေကိုမေ့နေလို့ပါဗျာ။
ငါတူတူမလေးတွေလိုဘဲ အဲဒီကောင်မလေးလည်း တခစ်ခစ်ရယ်ဦးမယ်။
ကလဲ့စားခြေတာပါဆိုမှ မချိပြုံးပြုံးပြရဦးမှာလား
အသက်ကြီးနေကြပြီ ကစားတော့ မကစားကြနဲ့တော့ဗျာ
မုတ်သုံဟာ ခေါင်းတက်ခွလာဦးမယ်။ ပြီးရင် ဆောင်းကိုကောက်ဝတ်လိုက်တယ်။
သူတို့ဟာ ဝန်နဲ့အားနဲ့ ရပ်တည်နေကြရရှာတယ်လို့ဆိုရမှာဘဲဗျ။ ။
စိမ်းခက်စိုး
(ကြာသပတေး) နိုဝင်ဘာ ၁၇၊ ၂၀၁၁
ည - ၁၁း ၄၇ နာရီ
0 comments:
Post a Comment