“ညောင်ပင်တစ္ဆေ ဝေလေလေ”
by Soe Min on Saturday, November 12, 2011 at 1:03pm
တရုတ်လူမျိုးတွေက ခွဲစိတ်ဆရာဝန်ကို `၀ှိုက်ကော်ရီစင်း´ လို့ခေါ်ကြပေမယ့်
လောက်ကိုင်မှာတုန်းကတော့ ဘယ်သူကမှ ကိုယ့်ကို အဲသလိုမခေါ်ကြပါဘူး။
လူကြီးနဲ့မိတ်ဆက်ပေးတဲ့အခါကလွဲလို့ သူတို့ခေါ်တဲ့နာမ်စားကတော့
`ခိုက်တောင်းရီစင်း´ ပါတဲ့။ မြန်မာလို လှအောင်ပြန်ရင်တော့ `ရွှေဓါးဗိုလ်´
ဆိုပါတော့။ တော်ပါသေးရဲ့ ခွဲခန်းပြင်ခိုင်းတဲ့အခါမှာတော့ ပေါင်ချိန်ကြီး
ဓါးစက်ပြင်သလို `ခိုက်… တာ…´ လို့ မအော်ရဘူး။ အဲဒီ
ခိုက်တောင်းရိစင်းတွေရဲ့ဘ၀ဟာ အခြားအခြားသော တာ့ရိစင်းကြီးတွေနဲ့ မတူပါဘူး။
တမျိုးတဘာသာတော့ ခြားနားပါတယ်။ ဘွဲ့လွန်တက်ဖို့ အင်တာဗျူးဖြေတုန်းက
`ဘာဖြစ်လို့ ဒီဘာသာကို ရွေးရတာလဲလို့မေးတဲ့အခါ `ယူပစ်လို့ရတဲ့ရောဂါတွေကို
ယူပစ်လိုက်လိုက်ရတဲ့ အရသာကို ကြိုက်လို့´ လို့ ဖြေခဲ့တယ်။ (မဟုတ်ဘူးလား။
ယူပစ်လိုက်သလို ပျောက်သွားမှာပေါ့။ ယူကိုယူပစ်လိုက်တာကိုး။ ပိုက်ဆံတွေလေ။
ခွိ ခွိ ) အမှန်တော့ အဲသလိုလဲ မဟုတ်သေးပါဘူး။
ခွဲစိတ်ဆရာဝန်ဆိုတာ ၉၆ပါးရောဂါအပေါင်းကို ဖြန့်ကျက်ဝေဆာ ဆေးပဒေသာကြီးနဲ့ မည်သို့လုပ်လိုက်သည်မသိ။ ကောင်းသွားလေသည်သိုင်းကွက်နဲ့ ကုလို့မရဘူ မဟုတ်လား။ အတွေးတွေကို ပိရမစ်ဆောက်သလို တစတစ စူးရှလာစေပြီး ရေရေရာရာသိမှ၊ သေသေချာချာလုပ်မှ၊ လက်စလက်န စိတ်ချရမှ လူတန်းစေ့ရုံရှိတာ။ ဘာမှန်းညာမှန်းမသိပဲ ထင်တစ်လုံးနဲ့ သူများဗိုက်ကြီးသွားခွဲပြီး အထဲကျမှ မနိုင်ရင်ကာ ရောဂါကြီးတွေက `ကဲ .. ဘာလုပ်မှာလဲ .. ပြော´ ဆို တူတူရေ ၀ါး လို့ လုပ်လာရင် ရွှေဥရှိနိုးနိုးနဲ့ ငန်းကိုဝမ်းခွဲရှာသူထက် ဆိုးတော့မပေါ့။ ဒါကြောင့်မို့လို့ ခွဲစိတ်အထူးကုဆရာဝန်ဆိုတာ`စာအုပ်ထဲမှာ သင်တယ်။ မယ်သီတာခိုးတာ ဘယ်သူလဲ´ တွေကို နှုတ်တက်အာဂုံဆောင်နိုင်ဖို့ဆိုတာက တ၀က်ပဲ ကိစ္စပြီးပါတယ်။ ကျွမ်းကျင်ရာ လိမ္မာတဲ့အဆင့်လည်း ပါဦးမှ။ နောက်ကြောင်းနောက်ရာ ပြဿနာတွေကိုလည်း ဖြေရှင်းတတ်ဦးမှ။ ဆရာကောင်းသမားကောင်းတွေဆီမှာ နည်းနာနိဿယတွေခံယူလိုက်၊ ဆပ်ပြာကောင်းမှ ခေါင်းပေါင်းဖြူသဟဲ့ လို့ ငဖယ်တေတေခံလိုက်၊ ဒီလိုနဲ့ ပညာတွေ စုံလာဥိးတော့ ပုဇွန်ဆိတ်ကလေး ဘယ်လိုငယ် ပင်လယ်ကူးတတ်တယ် သွားမလုပ်နဲ့။ ပင်လယ်က မကျယ်ဘူးလား လို့ ပြောပြိး ဓါးပြအတိုက်ခံချင် ခံရသေးတာ။
ခေတ်အခါကြီးကလည်း အရင်ကနဲ့ မတူတော့ပါဘူး။ ဆရာဝန်ဆိုတာနဲ့ပဲ `ဆရာ့ကို ယုံလို့ ပုံအပ်ပါတယ် ဆရာ´ ဆိုတာ ပုံပြင်ထဲမှာ ကျန်ခဲ့ပြီ မဟုတ်လား။ `ရီးတီးရားတားတော့ မလုပ်နဲ့ဆရာ။ ပိုက်ဆံကုန်တာ အကြောင်းမဟုတ်ဘူး။ အသက်နဲ့တော့ မရင်းနိုင်ဘူး ဆရာရဲ့´ လို့ ပြောလာရင် ပြောတဲ့သူ အလွန်မှ မဟုတ်တာ။ ဒါကြောင့်မို့လို့ ဂျာအေးသူ့အမေရိုက်တဲ့ ဆရာဝန်ဖာတ်လမ်းတွေဟာ ပွင့်လင်းတဲ့ မီဒိယာခေတ်ကြီးထဲမှာ အရင်ကထက်စာရင်တော့ တော်တော်ကို လူသိရှင်ကြားဖြစ်လာပြိလို့ ဆိုနိုင်ပါတယ်။ ဟိုတခါပြောတဲ့ `ခပ်ဖုန်းဖုန်းကြွပါတော့ ဘုရား´ ဆိုတဲ့ ပုံပြင်လိုပဲ အသစ်အသစ်သော ပြဿနာတွေကလည်း လာဆဲ လာလတ္တံ့။ ဒီအခါမှာ ဘာကိုဆက်တွေးမိသလဲဆိုတော့ ဘယ်လို အဖြေရှာကြမလဲ။ အလားတူပြဿနာမျိုးတွေ သူများနိုင်ငံတွေမှာရော မဖြစ်လို့လား။ ဖြစ်ရင် ဘယ်လို ဖြေရှင်းကြသလဲ။ မဖြစ်ရင် ဘယ်လိုကာကွယ်ထားကြသလဲ။ လေ့လာကြည့်ဖို့ မကောင်းပါလား။
မြန်မာနိုင်ငံဆေးပညာရဲ့ မြစ်ဖျားခံရာ အင်္ဂလန်ပြည်ကြီးမှာတော့ ဒီလိုပြဿနာမျိုး မပေါ်ရလေအောင် ကုသရေးကွပ်ကဲမှု (Clinical Governance) ဆိုတာကို ကျင့်သုံးသတဲ့။ မထသ လိုမျိုး ဆထသဆိုပါတော့ဗျာ။ သူတို့ရဲ့ အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုစံနစ်ကြီး (National Health Services) အတွင်းမှာ အဲဒီလေ့အထကို ပြောင်းလဲလက်ခံတည်ဆောက်ယူပါသတဲ့။ ဘာဖြစ်လို့ဆိုတော့ အဲဒါကြီးတစ်ခုလုံးရဲ့ အမူအကျင့်နဲ့ အလေ့အထတွေကို အဓိကပြောင်းလဲပစ်နိုင်မှ အောင်မြင်မှာမို့လို့ပါတဲ့။ အင်္ဂလန်က သူငယ်ချင်းတွေကတော့ အသေးစိတ် ၀င်ဆွေးနွေးနိုင်ကြမယ် ထင်တယ်နော်။ ကုသရေးပိုင်းမှာ လူနာနဲ့လူနာရှင်တွေဆီက ယုံကြည်မှုရချင်တယ်ဆိုရင် သူတို့နဲ့ ထိတွေ့ဆက်ဆံရတဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်တွေမှာ ကိုယ်ကသူတို့ကို အရည်အသွေးမီ အဆင့်အတန်းမီတဲ့ ကုသမှု၊ ပြုစုစောင့်ရှောက်မှုပေးနေပါတယ်။ ကောင်းသထက်ကောင်းအောင်လည်း ကြိုးစားနေပါတယ်ဆိုတာ သူတို့ကိုယ်တိုင် ခံစားသိရှိလာအောင် လုပ်ပေးဖို့လည်း တာဝန်ရှိပါသတဲ့။ ကိုယ့်ဟာကိုယ်ကောင်းချင်သလောက်ကောင်းနေ သူတို့စိတ်ထဲမှာ ကောင်းတယ်လို့မခံစားရရင် ပိုက်ဆံပေးရတာ တန်တယ်ထင်မှာမဟုတ်ဘူး လို့ ဆိုချင်တာလားမသိ။ မျက်လုံးလေးတွေ ကလယ်ကလယ်ဖြစ်ကုန်ပြီ။ အဲသလို မသိတဲ့စကား တစ်လုံးမှ မပါပဲ တစ်လုံးမှ နားမလည်အောင် ပြောတတ်တာကိုက ပြည်သူ့ကျန်းမာရေးဆေးပညာလို့ ခေါ်ပါသတဲ့။ အဟတ် အဟတ်။ မတတ်သေးရင် ဆက်ရွှီးရသေးတာပ။
ကျုပ်တို့ ခိုက်တောင်းရီစင်းတွေအတွက်ဆိုရင်တော့ ကိုယ့်ရဲ့ ကုသမှုအရည်အသွေးကို မျက်ခြေမပြတ် စောင့်ကြည့်ဝေဖန်ပေးနိုင်တဲ့ မော်နီတာစံနစ်ကြီးတစ်ခုလိုပြီး အဲဒါကြီးကလည်း ယောင်ဝါးဝါးမဟုတ်၊ အမှန်တကယ် အလုပ်လုပ်နေရပါမတဲ့။ ကုထုံးတွေကို မှန်မှန်ကန်ကန်သုံးသပ်ပြိး ရလာဒ်တွေတိုးတက်လာအောင် အစဉ်ကြိုးစားနေရပါမတဲ့။ သူများနိုင်ငံတွေကို သွားမယှဉ်နိုင်တောင် ကိုယ့်ဆီက ကိုယ်ချင်းကိုယ်ချင်းတွေထက်တော့ မညံ့သင့်ပါဘူးတဲ့။ (ခုတော့ အကုန် ပိန်မသာ လိန်မသာတွေချည့်ပဲ မဟုတ်လား။ ဒီ့ထက်သာ မကျအောင်ထိမ်းထား) အဲလိုဖြစ်လာစေဖို့အတွက် ဒေါက်တိုင်ကြီး ခုနစ်ခုရှိပါသတဲ့။စာအုပ်ထဲမှာ ပါတဲ့အတိုင်း ပြောပြတာနော်။
နံပါတ်တစ်ကတော့ ကုထုံးကလည်း ထက်မြက်ရပါမတဲ့။ နိုင်ငံတကာက လက်ခံပြီး `ဒီရောဂါအတွက် ဒီကုထုံးဟာဖြင့် အကောင်းဆုံးပါပဲ´လို့ သက်သေသက္ကာယနဲ့ စာတမ်းပြုစုလေ့လာလက်ခံထားပြိး ဖြစ်ရမှာပေါ့။ စူလာနဖာတို့ ဘိစပ်ရွက်တို့ ဘယ်လောက်ကောင်းကောင်း မောင်ရင် အဲဒါနဲ့ ကုလိုက်လို့ အီအီးပန်းသွားရင်တောင် တရားစွဲခံရမှာ။ ဒီလိုအဖြစ်အပျက်မျိုးတွေ ရှိပါတယ်။ ကိုယ်တွေ့ဆိုရင်လည်း ဒီအတိုင်းတော့ ကုလို့မရ။ သေသေချာချာ စာနဲ့ပေနဲ့ ကျမ်းးပြုပြီးတင်။ ခိုင်လုံလို့ကတော့ လက်ခံရုံတင်မကဘူး။ ပါရဂူဘွဲ့ပါ ပေးလိုက်ဦးမှာ။ ရွှေပေလွှာဝေသလိုမျိုး ဘယ်သူသောက်၍ပျောက်သွားသည်။ ဘယ်သူမသောက်၍ ဂေါက်သွားသည်တွေ လာမပြောနဲ့။ ဒါမျိုးလောက်နဲ့ ရွာရိုးလျှောက်လို့ မရဘူး။ အရေးကြီးတာက ကိုယ့်ဘက်က နိုင်ငံတကာက လက်ခံထားတဲ့ အကောင်းဆုံးကုထုံးတွေပေးနေဖို့နဲ့ အဲဒီလိုပေးထားကြောင်း လူနာသိစေဖို့။ `အရီးရေ.. အရီးဝမ်းချုပ်နေရင် ကျွန်တော် မြန်မာပြည်ဖြစ် သင်္ဘောရိုးကို ယိုးဒယားဆပ်ပြာကလေးနဲ့ အင်္ဂလန်က နည်းပညာအတိုင်း ချူပေးမယ်။ အရီးလည်း ၀မ်းနာလာရင် ဘွတ်.. ရွှတ် .. ဒိုင်း ဆို ငပိသံကြီးနဲ့ မထုတ်လိုက်နဲ့။ ဗြစ်တစ်သျှ .. ဗြစ်တစ်သျှ.. ဆို ဘိုဆန်ဆန်လေး ပန်းထည့်လိုက်…ဟုတ်ပလား..´ ။ အဲသလိုဖြစ်နေရမယ်။
ဒုတိယကတော့ ဘေးကင်းရန်ကွာလည်း ဖြစ်ရမတဲ့။ အခန့်မသင့်လို့တို့၊ မတော်တဆမို့တို့၊ တော်ပါသေးရဲ့ ကံကောင်းလို့တို့ဆိုတာ တခါတရံသာ ကောင်းတာ။ ခနခနဆိုရင် ဘယ်ဟုတ်တော့မလဲ။ ဒါကြောင့်မို့ အဲဒါတွေကို နည်းနိုင်သမျှနည်းစေရမယ်။ မရှိရင်တော့ အကောင်းဆုံးပေါ့။ မတော်လို့ ကိုယ်က အမှတ်တမဲ့နဲ့ ခလုတ်တိုက်သွားတယ်ဆိုရင်လည်း နောက်မဖြစ်အောင် အဲဒိခလုတ်ကို ဖယ်ရင်ဖယ်။ မဖယ်နိုင်ရင် ဟောဒိနား ခလုပ်တိုက်တတ်သည် ဆိုတာလောက်တော့ နောက်လူတွေကို သတိပေးထားခဲ့သင့်ပါတယ်။ နို့မို့ ဆယ်ယောက်ရှိ ဆယ်ယောက်လုံး ခလုတ်တိုက်နေတော့ မခက်ပါလား။ အတိုင်အတောတို့ ဟိုးလေးတကျော်တို့ဆိုတာလည်း နောက်လူအတွက် စေတနာလို့သာ သဘောထားလိုက်ကြရအောင်လေ။ အာစင်နယ်တွေ လာပြီး မတိုက်ခိုက်မချင်းပေါ့။ (တို့က မန်ယူကွ)။
တတိယကတော့ ကုထုံးစစ်တမ်းပါတဲ့။ `ကြည့်စမ်းပါဦး။ ငါကုလိုက်တာ အကုန်ကောင်းသွားပြီ။ တယ်တော်တဲ့ငါပါလား။ နောက်ဆို ဈေးတက်ယူလိုက်ဦးမှ။´ ဆိုပြိး ကုထုံးစစ်တမ်းကို သုံးသပ်ပြုပြင် အဆင့်မြှင့်တင်သွားမယ်ဆိုရင်တော့ ပဲခူးရောက်ရောက် စစ်ကိုင်းရောက်ရောက်တွေပဲ ရောက်လိမ့်မယ်။ ဤခရီးနီးသလားဆိုရင် ရေဝေးနဲ့တော့ နီးဦးမှာပေါ့။ များသောအားဖြင့်တော့ ကိုယ့်ဘာကိုယ် မှတ်မှတ်သားသား ဘာမှမရှိပဲနဲ့ ဖိတ်တ၀က်စင်တ၀က်ရှိနေတာတွေကို ကောင်းတာလေးတွေချည့်မှတ်ထားပြီး ပီတိတွေဖြာ ဘ၀င်တွေမြင့်၊ မကောင်းတာတွေကျ အတင်းမေ့ပစ်ပြိး သတ္တ၀ါတစ်ခု ကံတစ်ခုလို့ ပစ်ပစ်ချလာလိုက်တာ သတ္တ၀ါ အနန္တ ကံတွေ အနန္တရှိလာတော့မှ ဆရာဝန်အဖြစ်ကနေ ဘုရားသခင်ထံမှောက် ပို့ဆောင်သူ တမန်တော်ကြီးအဖြစ် လူနာတွေက အသိအမှတ်ပြုလာရော။ Clinical Audit ဆိုတာကလည်း ဆေးရုံမှာ စာရင်းစစ်ဝင်သလို `ဘာမှ မလုပ်ထားရသေးဘူး။ ရော့ .. ဒီမှာ မနှစ်ကဟာနဲ့ ဒီနှစ် အ၀င်အထွက်တွေ။ အပြီးလုပ်ပေးသွားပါဦ။။ ဈေးကတော့ မနှစ်က အတိုင်းပဲ ယူ´ ဆိုတာမျိုး မဟုတ်တာ ခက်လှသကွယ်။ (ဟုတ်အောင်လုပ်နိုင်သူတွေအတွက်တော့ လွယ်မှလွယ်)။
နောက်တစ်ခုကတော့ စဉ်ဆက်မပြတ် ပညာသင်ကြားရေး နဲ့ လေ့ကျင့်သင်တန်းပေးရေးပါတဲ့။ နိုင်ငံတကာအဆင့်မီချင်ရင် နိုင်ငံခြားကို ပညာတော်သင်များများ လွှတ်ရတယ်ဆိုလားလို့။ အိုး.. ဖေတို့မေတို့ .. အတည်းနာ နွန်းနွန်းနို့။ စာအုပ်ကြီးထဲကအတိုင်းဆိုရင်တော့ လုပ်ငန်းခွင်က ကျွမ်းကျင်သူတွေအားလုံး မိမိတို့ရဲ့ သက်ဆိုင်ရာ အရည်အသွေးတွေ တိုးတက်လာစေဖို့၊ ခေတ်နဲ့အမီ ရင်ပေါင်တန်းနိုင်ဖို့၊ နိုင်ငံတကာမှာ မျက်နှာမငယ်ရစေဖို့ လေ့ကျင့်သင်ကြားရေးနဲ့ အထောက်အပံ့တွေ ပေးသင့်တယ်ဆိုပဲ။ တရားနာပရိသတ်တို့ရေ..။ မိမိရဲ့ အသက်မွေးဝမ်းကျောင်းမှုနယ်ပယ်ကြိး တိုးတက် အဆင့်အတန်းမြင့်လာစေရေးအတွက် စဉ်ဆက်မပြတ် ကြိုးပန်းအားထုတ် နေသင့်ပါသတဲ့။ ဘုရား သိကြား မ လို့ ငါ့ဆရာကြီး ဆရာမကြီး၊ စွမ်းဆောင်နိုင်သူကြီးတွေ ဒီစာပိုဒ်ကို ဖတ်မိကြပါစေဗျာ။ ဒါမှမဟုတ်လည်း ဒီစာကိုဖတ်ထားတဲ့ ငါ့ဆရာကြီး၊ ဆရာမကြီးတွေ စွမ်းဆောင်နိုင်သူကြီးတွေ ဖြစ်ကြပါစေဗျာ။ (ဘယ်သူမှ မကြားဖူးမယ့် မေတ္တာပို့နည်း အသစ်ပေါ့ကွယ်။ ကူးတော့မချနဲ့။ ကော်ပီရိုက် ရှိသကွဲ့)
အဲဒီနောက်မှာ လာတာက ၀န်ထမ်းအင်အားနှင့် ၀န်ထမ်းစီမံခန့်ခွဲမှုတဲ့။ အနှစ်တွေချည့်ပါပဲလား။ လုံလောက်တဲ့ ၀န်ထမ်းအရေအတွက်နဲ့ ထိရောက်တဲ့ လုပ်ငန်းခွင်ဝန်းကျင်တစ်ခု ဖန်တီးပေးထားပြိး အံဝင်ခွင်ကျ အလုပ်လုပ်နေစေရမတဲ့။ `ရှာလေဦးတော့ ထမင်းထုပ်ကြီးနဲ့. လူပါ မသိုးရုံဖြင့် မှာလိုက်ချင်သည်..´ ဆိုတဲ့ မမြရင် အသံကလေး ကြားယောင်မိတယ်။ ခုနေများ ဘုရား ပစ္စေကဗုဒ္ဓာတို့ထံ ဆုပန်လို့ရရင် `ဘာမှ မရှိပဲနဲ့ ဘယ်သူမှ မရှိပဲနဲ့ ဘာမဆို ကိုယ့်ဘာသာ အကုန်လုပ်နေရသောအရာတွင် ဧတဒဂ် ရရပါလို၏` လို့ ဆုပန်လိုက်တော့မယ်။ ပါရမီတွေကတော့ တော်တော်တောင် ရင့်သန်နေပါပေါ့။ လောက်ကိုင်မှာတုန်းကဆို ပေါက်နေတဲ့ အူအတက်က ပြည်တွေထွက်လာလို့ပါ ဆိုပြီး တစ်ဦးတည်းသော အကူသူနာပြုက မေ့လဲသွားလို့ ကိုယ့်ဘာသာ ထိုးထားရတဲ့မေ့ဆေးအတွက် သွေးပေါင်ချိန်ပေးတဲ့တစ်ယောက်က နှာနှပ်ယူနေတုန်း ကပ်ကျေးဗန်း ဓါးဗန်းကြီး လှမ်းဆွဲပြီး ဖရန်ကင်စတိန်းလို တစ်ကိုယ်တော် ကျဲဖူးတယ်။ အောင်မယ် သူတော်ကြောင်း ၀င်အမှတ်ယူနေတယ်လို့ အထင်မမှားလိုက်နဲ့။ အဲဒါ ကိုယ်ဘယ်လောက်ညံ့ကြောင်း အထုပ်ဖြေပြနေတာ။ အဖွဲ့နဲ့လုပ်ရတဲ့အလုပ်ကို တပင်တိုင်ချည့်ထွက်နေရတယ်ဆိုကတည်းက စည်းရုံးရေး ဘယ်လောက်ညံ့သလဲ သဘောပေါက်လိုက်။ `ကိုယ့်ထမင်းကိုယ်စားပြီး ဘကြီးနွား မကျောင်းနိုင်ဘူး။´ လို့ အပြောခံရတယ်။ ကိုယ့်နွားလည်း တစ်ကောင်တစ်မြီးမှ မပါရိုး အမှန်။
ဟာဟ..။ နောက်တစ်ချက်ကတော့ ဟတ်ထိတယ်ဗျို့။ သတင်းအချက်အလက်တွေကိုလည်း စုဆောင်း အသုံးပြုရမတဲ့။ ဒီအတွက် ဆာဂျင်ကြီးတွေဆီမှာ ဖေ့စ်ဘုတ် အကောင့်လေး တစ်ခုစီတော့ ရှိသင့်တယ် မထင်ဘူးလား။ ဗုံးကွဲသလား။ ရေကြီးသလား။ တံတားကျိုးပြီလား။ နေ့မကူးခင် အကုန်သိရမယ်။ ပျင်းရင် ကိုယ့်ဘာသာ လျှောက်ဖွလည်းရတယ်။ ဟိုလူ့မြှောက်ပေး ဒီလူ့နှိပ်ကွပ် လုပ်လည်းရတာပဲ။ ပျော်ဖို့ကောင်းသလား မမေးပါနဲ့။ ဆေးပညာနဲ့ကော မဆိုင်ပဲ ရှိပါ့မလား။ ဟိုမရောက်ဒိမရောက်ကိစ္စနဲ့ ကတုံးမဘေဘီကြီး အသုံးမကျလို့သေပြီ အကြောင်း မသိလို့ ဘာမှ မဖြစ်ဘူး။ မြန်မာပြည်ဆေးလောကကြီးရဲ့ မိုးလေ၀သ အခြေအနေလေးမှ မမှန်းတတ်ရင်တော့ ဇယားမရှုပ်ပဲ ပျားတုပ်သွားမယ်။ ပါဝါအချိန်းမှာ ရေလောင်းမှားရင် ပလုံ စွပ် တောင် ကြားလိုက်ရမှာ မဟုတ်ဘူးနော်။ အတတ်ကောင်းတွေ သင်မပေးချင်ပါဘူး။ အပ်ပ်ဒိတ်ဖြစ်ကြစမ်းပါလို့ပဲ လိုရင်းအရောက် ရုန်းလိုက်တော့မယ်။ ဒီကနေ့ခေတ် ကုထုံးတွေဆိုတာက ဖေ့စ်ဘုတ်ပေါ်က စတေးတပ်စ်တွေလိုပဲ။ အမြဲတမ်း အသစ်အသစ်တွေ တက်လာတာမို့ အမီမလိုက်နိုင်ရင် ခေတ်နဲ့ မျက်ခြေပြတ်သွားလိမ်ခ့မယ်။ လူနာတွေ ကိုယ်တိုင်လည်း သောက်နေကျဆေးအဟောင်းထက်စာရင် အသစ်ပေါ်လာတဲ့ ဆေးတွေကိုသာ အဖျားတက် အမှည့်စားရနိုးနိုး ခုံမင်တယ်။ ဆေးအဟောင်းကြီးတွေချည့် ထပ်တလဲလဲပေးနေရင် ဒီဆရာလေး ဒိတ်အောက်သွားပြီ ထင်တတ်တာ။
နောက်ဆုံးပိတ် အိပ်နဲ့လွယ်ထားတဲ့ အမှာစကားကတော့ လူနာတွေကိုယ်တိုင် ပြည်သူလူထုကိုယ်တိုင် ကုထုံးရွေးချယ်တဲ့ထဲမှာ ပါဝင်နေပါစေတဲ့။ အကောင်းအဆိုးကိုလည်း သူတို့ဘာသာ လက်တွေ့ ဆုံးဖြတ်ပါစေတဲ့။ ဒါမှ မကောင်းရင်လည်း ငါအစက သဘောတူလို့ လိုက်လုပ်ခဲ့တာပဲလေ လို့ ချည်ပြီးတုပ်ပြီး ဖြစ်သလို၊ ကောင်းတဲ့အခါကျတော့လည်း ငါတော်လို့ကွ။ ဆရာလေးလည်းတော်လို့ဆိုပြိး တစ်အိမ်တက်ဆင်း ကြော်ငြာပေးတော့မှာ။ ဘယ်အရာမဆို ကောင်းကျိုးဆိုးပြစ်ဆိုတာဒွန့်တွဲပါပြီးသား။ အဲဒီအကျိုးဆက်တွေရဖို့ အကြောင်းတရားတွေ ဖန်တီးကတည်းက လူနာကိုယ်တိုင် ပါဝင်ဆုံးဖြတ်ခွင့်ပေးထားရင် တခုခုဖြစ်လာတော့ ကိုယ့်အပေါ်မှာ ငြိုငြင်ပြီး အပြစ်ပုံချတာ နည်းနည်းပါးပါး လျှော့မသွားပေဘူးလား။ အနည်းဆုံးတော့ “ငါ့ကိုက ဆတ်ဆော့ပြီး ဒီဆရာနဲ့ ပြမိတာပါလေ” လို့ ခွင့်လွှတ်ဖြေသိမ့်နိုင်တာပေါ့။ ဆွဲထည့်ထား။ ဆွဲထည့်ထား။ အမှုတွဲဆိုတာ ရှည်လေ။ များလေ။ မျှခံလိုက်တော့ သက်သာလေ။
ကဲ.. အခုရှင်းပြခဲ့သမျှအားလုံးဟာ အင်္ဂလန်ကဘုရင်မကြီးတောင် ကြွေသွားတဲ့ သီအိုရီသက်သက်တွေပါ ခင်ဗျာ။ အခုလက်တွေ့ ကိုယ့်ဆီမှာ ဘယ်လိုစခန်းသွားနေကြသလဲ ဆိုတာလေးရော မသိချင်ဘူးလား။ ဒါကျ သီအိုရီမဟုတ်တော့ဘူး။ အိတ်ဇမ်ပလေ ဖြစ်သွားပြီ။ `အလဲ့ .. ခုမှ နွှာတော့မှာပါကလား။ ပွဲကောင်းပြီဟေ့´ လို့ မတွက်နဲ့။ ကိုယ့်ဆီမှာ အဆင့်အတန်းမမီဘူး ထင်နေလို့လား။ မီတဲ့အပြင် ဟိုဘက်လွန်နေတာတွေတောင် ရှိသေး။ သူတို့ဟာသူတို့ ဘယ်လိုပဲ ခွဲခြမ်းစိတ်ဖြာထားစေကာမူ အဓိကရည်ရွယ်ချက်ကတော့ တစ်ခုပဲ ရှိတယ်။ ဆရာဝန်တွေကို ကျူစီဝင်ဖို့။ ကွာလတီကွန်တရိုးတဲ့။ ကွမ်တတီကတော့ မထိန်းတော့ဘူး။ လွှတ်ပေးထားတာ။ အားကြီးဘိုလိုမှုတ်တာပဲ။ ဗမာလို ပလိစ် လို့ ပြောကုန်ပြီ။ ဘာသာပြန်လိုက်ရင် အဲဒါကြီးတွေက သူစိမ်းသိပ်ဆန်တာ။ အားလုံးက ဘိုလိုပဲ ယုစ်တူဖြစ်နေတော့လေ။ အဟစ် အဟစ်။ အသေးစိတ်သိချင် `ပေါလွန်လွန်းလို့ သုံးမကုန်နိုင်ပါသည်´ ပြန်ဖတ်ကြည့်။ (ဤကား ကြော်ငြာ။)
တို့ဆီမှာလည်း ကိုယ့်ထက် အဆပေါင်းများစါာ ဥာဏ်ရည်သာတဲ့ ဆရာကြီး ဆရာမကြီးများကိုယ်တိုင် စီမံခန့်ခွဲနေကြတဲ့ဥစ္စာ။ ကိုယ်တို့ အရည်အသွေးတွေ စုတ်ပြတ်သတ်နေတယ်ဆိုရင်တောင် ကိုယ့်ဘာသာ ခြောက်တုံးမကျလို့ဗျို့။ သူတို့ကတော့ ညံ့ကို မညံ့တာ။ ဒါဖြင့် ဘာလို့ ခနခန သခွပ်ပင်က မီးတကျီကျီ အရေးခံနေရသလဲဆိုရင် ဖြင့် .. ဒီနေရာမှာ နည်းနည်းလောက်တော့ နားထောင်ကြည့်ပါ ဟစ်ဟော့ပ် သီချင်း။ စကားလုံးများနဲ့ ပစ်ဖောက်ခွင်း ဆိုပြီး ဦးချစ်ကောင်းကြိးကို ခေါ်လိုက်ရအောင်ဗျာ။ `ဘာတွေဖြစ်တာလဲ။ ဘယ်မှာဖြစ်တာလဲ။ ဘယ်သူက ဖြစ်တာလဲ။ ဘယ်လို ဖြစ်တာလဲ။´ ဆို စေ့ငုကြည့်လိုက်တဲ့အခါကျတော့ ထောင်သားများလိုပဲ နေရာနှစ်နေရာ ကွဲပြီး မြင်လာပါတယ်။အထဲလား။ အပြင်လားပေါ့။
ငယ်ငယ်တုန်းက ညောင်ပင်တစ္ဆေလုပ်တမ်း ကစားကြတဲ့အခါ နင်ဘယ်ကိုင်းမှာ နေသလဲ။ ဘာသီးစားလဲ။ ဘာရေသောက်လဲ။ သေချာစောကြောပြီးတဲ့အခါကျတော့ အဲဒီညောင်ပင်တစ္ဆေကြီးကို ကစားပွဲ စဖို့ အရေးကြီးတဲ့မေးခွန်းတစ်ခု ထပ်မေးရပြန်ပါတယ်။ `အထဲလား။ အပြင်လား´ တဲ့။ ကျုပ်တို့ ခိုက်တောင်းရိစင်းတွေမှာလည်းပဲ `ဘယ်သူတုန်းဟဲ့။ ဘာဖြစ်တာလဲဟဲ့။ ဘယ်လောက်ကြာပြီလဲဟဲ့´ စသည်ဖြင့် မေးရင်းမြန်းရင်း ခွဲစိတ်ကုသဖို့ လိုအပ်တဲ့ ဝေဒနာမှန်းလည်းသိ။ လူနာကလည်း ခွဲစိတ်ဖို့သဘောတူပြီဆိုရင် ညောင်ပင်တစ္ဆေကြီးလိုပဲ ဆက်မေးကြရပြန်သတဲ့။ `ဘယ်မှာ ခွဲမှာလဲ။ အထဲလား အပြင်လား။´ ပေါ့။ မုန်းစရာကောင်းလိုက်ပုံများ။ ကဲ .. ကောင်းခန်းတော့ ရောက်ပြီ။ ပထမပိုင်း လေးဆယ့်ငါးမိနစ် ကန်ပြီးလို့ ကြော်ငြာဝင်လိုက်ကြဦးစို့။
ဒုတိယပိုင်း မကြာမီ လာမည် မျှော် …….။

"'ညောင်ပင်တစ္ဆေ ဝေလေလေ (၂)"
by Soe Min on Sunday, November 13, 2011 at 10:31am
ဒပ်ဖရင်မှာ ဟောက်ဆာဂျင်ဆင်းခဲ့တုန်းက မွေးလူနာ အကွဲအပြဲတွေ
လှည့်ပတ်ချုပ်ရင်း၊ အပြင်ထွက် ဗိုက်စမ်းလိုက်၊ အထဲဝင်မွေးလိုက်နဲ့
မိုးစင်စင်လင်းခဲ့ဖူးပါတယ်။ နောက်ဆုံးပို့စ်တင်လည်းဖြစ်၊ `ဒါပြီးသွားရင်
အလုပ်တန်းခန့်မှာစိုးလို့ ပြီးအောင်မဆင်းသေးဘူး´ ဆို
တမင်ချန်ထားကြတဲ့အချိန်လည်းဖြစ်တော့ ဆေးရုံတစ်ရုံလုံး ထမင်းစားအတူစားဖို့
သူငယ်ချင်းအဖော်တောင် ရှာမရတော့ဘူး။ ဒါနဲ့ လက်ဘက်ရည်ဆိုင်တောင်
မထွက်ဖြစ်တော့ပဲ ဆေးရုံမှာတင် ဖင်ကျောက်ချထားလိုက်တဲ့အခါ အလုပ်ထဲက
ဆရာမတွေနဲ့ ပိုရင်းနှီးလာတာပေါ့။ သိကြတဲ့အတိုင်း ၀သီကပါနေတော့ ရုံထဲက
အပြာဝတ်ဆရာမကြီးကို ပလာဆိုင်းသွားတီးမိတယ်။ `အံတီပွင့်တို့ တိုင်းပြည်မှာ
ကလေးမွေးပြီးသွားရင် မေးခွန်းတစ်ခုမေးရတယ်။ ရိုးရိုးလား။ ရှယ်လား လို့။
ရိုးရိုးဆိုရင် ဟောက်ဆာဂျင်နှိုးပေးမယ်။ ထုံဆေးမပါဘူး။ နာမယ်။ ကြာမယ်။
အိပ်ချင်မူးတူးနဲ့ ပိတ်ချုပ်ချင် ချုပ်သွားမှာ။ ရှယ်ကတော့ ဆရာမကြီးတွေ
ကိုယ်တိုင် ထုံဆေးလေးနဲ့ သပ်သပ်ရပ်ရပ် ချုပ်သွားမှာ။
အော်ရီဂျင်နယ်အတိုင်း ဖြစ်စေရမယ်။ ချုပ်ကြိုးကလည်း ဒိတ်မလွန်သေးဘူး။ ကြိုက်တာရွေး´ လို့ဆိုတော့ သူက ´ အောင်မယ်လေး ဆရာရယ် ရှယ်ထက်ရှယ်ဆိုရင် အနားတောင် ကပ်ဖို့ စိတ်မကူးနဲ့။ မိုးကြိုးပစ်သွားမယ်။ ပိုင်ရှင်ရှိတယ်။´ လို့ မဟုတ်ကဟုတ်ကတွေ ပေါက်ပန်းဈေး နောက်ကြပြောင်ကြဖူးပါတယ်။ အဲသလိုမျိုး ၀န်ဆောင်မှု အဆင့်ဆင့်မှာ သူ့တန်ဖိုးနဲ့သူ ရှိပါလား လို့ သတိထားမိလာတော့ ပိုက်ဆံမက်လို့ မဟုတ်သော်ငြား တစ်ပဲခြောက်ပြားတန်အကောင် မဖြစ်ချင်လို့ ကိုယ့်အရည်အသွေးကိုယ် စိတ်ချရအောင် သင်ရကျင့်ရပါတယ်။ အခုကြုံနေတဲ့ အထဲလား အပြင်လား ပြဿနာလည်း တစ်သဘောတည်းပါပဲ။ (သူများကို သွားနှိပ်ကွပ်လို့ ၀ဋ်လည်တယ်ထင်ပ) အထဲလို့ခေါ်တဲ့ ဆေးရုံက၀န်ဆောင်မှုနဲ့ အပြင်လို့ခေါ်တဲ့ ဆေးခန်းက ၀န်ဆောင်မှု တန်ကြေးချင်း ခြားနားတာ လူတိုင်းသိပြိးသားပါ။ ဒါပေမယ့် အရည်အသွေးချင်းရောအတူတူပဲလား။ ဘာတွေ ခြားနားသလဲ ဆိုတာလေးသိရအောင် ထဲထဲဝင်ဝင် လေ့လာကြည့်ရအောင်လား။
`ဘာယှဉ်စရာရှိသလဲ။ အထဲဆိုတာ ပိုက်ဆံမယူပဲ အခမဲ့ဝန်ဆောင်မှုပေးရတဲ့နေရာ။´ လို့ ပြောလာရင်တော့ အဲဒိလူဟာ လူကြီးမှ လူကြီးစစ်စစ် ဖြစ်ပေလိမ့်မယ်။ ပြည်သူတွေ အနေနဲ့ကတော့ အထဲက ကုန်ကျစားရိတ်နဲ့ အပြင်က ကုန်ကျစားရိတ် ပေါင်းလိုက်ရင် သိပ်ကွာတာမဟုတ်ဘူး။ ပိုက်ဆံပေးရတဲ့အတူတူ အပြင်မှာနေတော့ အောက်မကျဘူး။ အပေါ်စီးကနေလို့ရတယ် လို့ တွက်ကုန်ကြပါပြီ။ `ဒါဖြင့် မင်းတို့ဆရာဝန်တွေ ဆေးရုံပေါ်မှာ တံစိုးလက်ဆောင် ယူနေတာပေါပလေ။´ လို့ဆိုရင်တော့ ကိုယ့်သွေးသားရင်းချာထဲက ဆေးရုံမှာ အလုပ်ဝင်နေတဲ့ တစ်ယောက်ယောက်ရှိရင် နားလည်နိုင်လာပါလိမ့်မယ်။ လူနာတစ်ယောက် ဗိုက်ခွဲမယ်ကြံရင် လှီးမယ့်ဓါး၊ ချုပ်မယ့်ကြိုး၊ သန့်ရျင်းမယ့်ဆေးရည် အစရှိတာတွေဟာ မိုးပေါ်က ကျမလာပါဘူး။ `ဆရာ့မျက်လုံးကို သေချာစိုက်ကြည့်ထား။ အိပ်ချင်လာပြီ။ အိပ်ချင်လာပြီ။ အိပ်လိုက်တော့။ အိပ်လိုက်တော့။´ ဆိုပြီး မေ့ဆေးပေးလို့ မရပါဘူး။ ဆေးရုံ၊ ကုတင်၊ ခွဲခန်း စတဲ့ အခြေခံအဆောက်အဦကြီးနဲ့ ဆရာဝန်၊ ဆရာမ၊ ကျန်းမာရေးလုပ်သားတွေရဲ့ ၀န်ဆောင်မှုကို အလကားပေးနိုင်သော်ငြား လူနာတစ်ဦးချင်းစီရဲ့ လိုအပ်တဲ့ တစ်ကိုယ်စာ ဆေးဝါးအသုံးအဆောင်ပစ္စည်း ကိရိယာတွေကိုတော့ လူနာကသာ ကျခံရတာဖြစ်ပါတယ်။ ဒီအခါ ဆရာဝန် ဆရာမတွေရဲ့ စေတနာနဲ့လုပ်အားကို လူနာဘက်က အသိအမှတ်ပြုလာကြတာပေါ့။ အဲဒီအသိအမှတ်ပြုတယ်ဆိုတဲ့ အတိုင်းအတာဟာ ပျားရည်တစ်ပုလင်း လက်ဘက်ခြောက်တစ်ထုပ်ကစလို့ ချဲ့ရင်ချဲ့သလို ကျယ်တဲ့ အစွန်းထွက် ကွက်လပ်ကြီး ဖြစ်နေပါတယ်။ အဲဒီအစွန်းထွက်အပေါ်မှာ လူတစ်ဥိးချင်း တစ်ယောက်ချင်းစီရဲ့ စရိုက်စိတ်ထားကို လိုက်ပြိး လမ်းကျွမ်းတဲ့သူတွေက လမ်းသလားကြ၊ တောကျွမ်းတဲ့သူတွေက တောကစားကြပါသတဲ့။ အပြင်မှာလို ၀န်ဆောင်ခအသီးသီးအတွက် သတ်မှတ်ထားတဲ့ နှုန်းထားတွေ မရှိတဲ့အခါ `ရိုက်တတ်မှ ကျန်လိမ့်မယ်။ လူတွေက သူ့ဘာသူ သိတတ်တာမဟုတ်ဘူး´ ဆိုတဲ့ အတွေးရှိသူတွေဟာ အတတ်ကျူးလို့ ဘီလူးဖြစ်ကုန်တာတွေလည်း ရှိပါတယ်။ ဒါတွေက မြန်မာပြည်သားစစ်စစ်တွေအတွက် မိချောင်းမင်း ရေကင်းပြနေစရာ မလိုတော့ပါဘူး။ ဘာပင်စိုက်စိုက် အပင်သန်ချင် ရေလောင်းမှဆိုတာ အားလုံးသိပြီးသား။
ဒီအခါမှာ လူနာတွေဘက်က တွေးလာတာက `ပိုက်ဆံကုန်တာချင်းကဖြင့် သိပ်လည်းမကွာပဲနဲ့။ ဆေးရုံမှာဆို အပေါက်စောင့်ကဟောက်၊ ဆရာမကဟောက်နဲ့ သိပ်အောက်ကျတာပဲ။ အပြင်မှာ ပိုက်ဆံပေးပြီး
ခေါင်းခေါက်ခိုင်းလို့ရတယ်။´ဆိုတာမျိုး ဖြစ်လာပါတယ်။ (ဒါက ရွေးချယ်နိုင်စွမ်းရှိတဲ့သူတွေ အတွက်ပြောတာ။ ဆေးရုံကလွဲရင် ဘယ်မှ သွားစရာမရှိတဲ့ လူနာတွေနဲ့ ကိုယ့်လို ဆေးရုံကလွဲရင် ဘယ်မှ ခေါ်စရာ အပြင်မရှိတဲ့ ဆရာဝန်တွေလည်း ရှိသေးတာပေါ့)။ အထဲမှာ နောက်ထပ် အဆင်မပြေတာတစ်ခုကတော့ အလှည့်စောင့်ရတာပါ။ ဦးစားပေးအစီအစဉ်တွေနဲ့ ကန့်သတ်မှုတွေကြောင့် သွေးဖောက်တာ၊ ဓါတ်မှန်ရိုက်တာ၊ကစလို့ အဆင့်မြင့်စစ်ဆေးမှုတွေအားလုံး စီစစ်မှုတွေနဲ့ အရေးပေါ်မဟုတ်ရင် အချိန်အတိုင်းအတာတစ်ခု စောင့်ရပါတယ်။ ပိုက်ဆံနည်းနည်းပိုအကုန်ခံလိုက်လို့ အပြင်ဆေးခန်းမှာ သွားစစ်ရင် ချက်ချင်းရပြန်ရော။ ခွဲစိတ်မှုတွေလည်း အလားတူပေါ့။ ဒီလိုနဲ့ အထဲနဲ့အပြင်ကို ကိုယ်လိုချင်သလို ကစားယူတတ်တဲ့ ပညာတတ်တွေလည်း ပေါ်လာပြန်ရော။
ရွေးချယ်နိုင်စွမ်းရှိလို့ အပြင်ထွက်သွားတဲ့သူတွေဟာ အပြင်မှာဆို ဆရာဝန်တွေကိုလည်း နံရံကြိးနဲ့အပြည့် ဆိုင်းဘုတ်တွေဖတ်ပြီး စိမ်ပြေနပြေ ရွေးလို့ရပါတယ်။ ပေကြိုးတစ်ချောင်းယူ ဘွဲ့အရှည်တွေ လိုက်တိုင်းပြီး ရွေးမလား။ အသံကောင်းရုပ်ချော အပြောချိုကလေးကြိုက်သလား။ စိန်နားကပ်ကြီး ဆီးဖြူသီးလောက်ပန်တဲ့ ဆရာဝန်မကြီးနဲ့မှ ပြချင်သလား။ သဘောရှိမောင်ရေပဲ။ အထဲမှာဆိုရင်တော့ ခွဲစိတ်လူနာစာရင်းပေါ်က လူနာရဲ့ ရောဂါအခြေအနေကိုလိုက်လို့ အကြီးတွေက ဆင်တန်ဆင် ဆိတ်တန်ဆိတ် တာဝန်ခွဲပေးထားတဲ့အတိုင်းသာ ဆောင်ရွက်ကြရပါတယ်။ ရင်သားအကျိတ်သေးသေးလေးကို ပါမောက္ခဌာနမှူးကြီးနဲ့ပဲ ခွဲချင်တယ်ဆိုရင်တော့ အပြင်မှာထွက်ခွဲတာ၊ ဒါမှမဟုတ်လည်း အပြင်က တခါတည်း သူနဲ့ပြလာခဲ့တာ အကောင်းဆုံးပါပဲ။ ဒါကြောင့်မို့ ၀တ်မှုန်ရွှေရည်တို့ ဖွေးဖွေးတို့ အကျိတ်ပေါ်ရင် ငါ့ဆီများ ရောက်လာမလားလို့ မျှော်လင့်နေကြတဲ့ အထဲက ဆာဂျင်လူပျိုကြီးတွေ စိတ်လျှော့လိုက်ဖို့ အချိန်တန်ပြီ။ ပါမောက္ခ ဖြစ်အောင်သာ အရင်ကြိုးစားထား။ နန္ဒာလှိုင်ကြီး စီလီကုန်းထည့်ချင်လာတဲ့အခါ အတော်လောက်ကျလိမ့်မယ်။ အထဲမှာပဲ ခွဲရတဲ့လူနာတွေ ခမျာမျာတော့ လက်သင်ကလေးတွေနဲ့ လေ့ကျင့်ခန်းစာ မိချင်လည်း မိသွားတတ်သေးတာပဲ။ သည်းခံရတာပေါ့။
ဒါများ ဘာစဉ်းစားစရာ လိုလို့လဲ။ ပိုက်ဆံများ ရှိလို့ကတော့လေ။ ကာတီးယားစိန်တိုက်က စိန်တွေဝယ်ပြီး တစ်ကိုယ်လုံးကို ဓါးနဲ့မွှန်းပလိုက်လို့ရတယ်။ အပြင်ဆေးခန်းမျာပေါ့။ အဲဒါဆို ဘာအသံထွက်စရာ အကြောင်းရှိလို့လဲ။ မဟုတ်သေးဘူးဗျ။ အပြင်ဆေးခန်းဆိုတာ ပိုက်ဆံပေးရမှ ကောင်းတယ်ထင်နေတဲ့သူတွေအတွက်သာ ကောင်းတာပါ။ ကိုယ်ကိုယ်တိုင်ဖြစ်ဖြစ်၊ ကိုယ့်ဆွေမျိုးတွေထဲကဖြစ်ဖြစ် အရေးအကြောင်းရှိလာလို့ ထိထိရောက်ရောက် ကုသမှ ဖြစ်တော့မယ်ဆိုရင် ဆေးရုံကိုပဲ တင်ပါမယ်။ ဆရာဝန်ကြီး ဆရာမကြီးတွေကိုယ်တိုင်လည်း မနိုင်ရင်ကာ အသည်းအသန်ဝေဒနာတွေ ဖြစ်လာပြီဆိုရင် ဆေးရုံကိုပဲ မှီကြတာများပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အထဲမှာ၊ ဆေးရုံမှာ အပြင်ဆေးခန်းတွေ လိုက်မမီတဲ့ အားသာချက်တွေလည်း ရှိနေတာကိုး။ အဓိက ကတော့ ပထမပိုင်းတုန်းကပြောသွားတဲ့ ဆထသ (ကုသရေးကွပ်ကဲမှု) ဆိုတာ အပြင်မှာလက်လှမ်းမမီသလောက်ပါပဲ။ အထဲမှာတော့ အဆင့်ဆင့်သော ထိန်းချုပ်မှုတွေနဲ့ ရီးတီးရားတား မလုပ်နဲ့ ဇီးသီးနွားစားသွားမယ်ဆိုတော့ အမှားအယွင်း အလစ်အဟင်း နည်းနိုင်သမျှနည်းအောင် ကြိုးစားကြပါတယ်။ ဆင့်ကဲဆင့်ကဲစောင့်ရှောက်မှု၊ တာဝန်ရှိမှု၊ တာဝန်ယူမှုဆိုတာတွေလည်း ရှိတာပဲ။ ဆေးရုံပေါ်မှာ လူနာသေသွားတြ့အခါ အပြင်လူတွေ ထင်ထားသလို ပြီးပြီးပျောက်ပျောက် မေ့မေ့လျော့လျော့ ထားလို့မရပါဘူး။ ဘာဖြစ်လို့သေတာလဲ။ ဘာကြောင့်လဲ။ ဘာလုပ်ထားသေးလဲ။ ဘာမလုပ်ထားဘူးလဲ။ ဘာဖြစ်လို့ မလုပ်သလဲ။ စသည်ဖြင့် လူနာမှတ်တမ်းကြီးကိုလှန်ပြီး ပြဿနာရှာတဲ့ သဘောမပါ၊ သင်ခန်းစာယူဖို့ ရည်ရွယ်ချက်နဲ့ ဆရာဝန် ကြ၊ီးကြိးငယ်ငယ်တွေ `သင်သေသွားသော်´ ကဗျာရွတ်ပွဲလုပ်ကြပါတယ်။ အရေးပေါ်တာဝန်ကျတဲ့ ၂၄နာရီအတွင်း ဆေးရုံတက်လူနာတွေကို ဘာတွေလုပ်ထားသလဲ။ မလုပ်ဘူးလဲဆိုတာတွေမှာလည်း အငယ်တွေအပေါ် အကြီးတွေက မြက်ခြေမပြတ် ကြည့်ရှုကွပ်ကဲမှု အမြဲရှိပါတယ်။ အကြီးတွေ မရှိတဲ့အချိန်မှာလည်း အောက်မှာ အငယ်တွေ အဆင့်ဆင့် မလစ်ဟင်းရအောင် ဒေါင့်စေ့အောင် လိုက်စောင့်ရှောက်ရတာပါပဲ။ နို့မို့ အထောင်းခံရတာ သက်သာတယ်မှတ်လို့။ ဒါကြောင့်အထဲမှာ ဆရာဝန်တွေ ဂရုမစိုက်ဘူး။ ပစ်ထားတယ်ဆိုတာ တော်တော်တော့ ဖြစ်နိုင်ခြေ နည်းပါတယ်။ ဂရုစိုက်နေမှန်း မသိလိုက်တာ ဖြစ်ပါလိမ့်မယ်။ (မဖြစ်ဘူးလို့တော့ မပြောဘူးနော်)။
အပြင်မှာကတော့ ဆရာဝန်ကြီးတစ်ယောက်ကို အပ်ထားပြီးရင် လိုအပ်တဲ့ ခွဲစိတ်ကုသမှုကို သူကိုယ်တိုင်လုပ်ပေးမယ်။ ပြီးရင် တစ်နေ့တစ်ခေါက်၊ အလွန်ဆုံးနှစ်ခေါက် မှန်မှန်လာကြည့်မယ်။ ကြားထဲကအချိန်တွေမှာ ဆရာမတစ်ယောက် အမြဲရှိနေမယ်။ တစ်ခုခုဖြစ်တယ်ထင်ရင် ဆရာဝန်ခေါ်ပေးမယ်။ သို့သော် အဲဒီဆရာဝန် ဆရာမတွေဟာ ညွှန်ကြားချက်မရပဲ ကိုယ့်သဘောနဲ့ကိုယ် ရေတစ်ပေါက်တောင် တိုက်ထားလို့ မရဘူး။ သက်ဆိုင်ရာ ဆ၇ာဝန်ကြီးဆီကို မရရအောင် ဆက်သွယ်ပေးဖို့ပဲ အရေးကြီးတယ်။ တစ်ခုခုလုပ်ပေးထားလို့ မှားရင် သေရအောင်သာပြင်၊ မှန်ရင်လည်း မျက်နှာကေင်းရမယ် မထင်နဲ့။ မင်းကဇာတ်ပို့။ မင်းသားလုပ်ကွက်ကို ဖနောင့်မနင်းရဘူး။ဒါကြောင့် လူနာရှေ့မှာ အငေါက်အငမ်းလေးတော့ ခံရဦးမှာ။ အများစုက အဲဒီအတိုင်းချည့်ပဲ။ ကိုယ်တိုင်လုပ်ခဲ့ဖူးလို့ သိတာ။ ဆေးရုံမှာ အဆူခံရတာနဲ့ ဆေးခန်းမှာ အဆူခံရတဲ့ ပုံစံချင်း မတူတာတော့ အမှန်။ သိတဲ့အတိုင်းပဲ ကိုယ့်ဆီက ဆက်သွယ်ရေးတွေက စကားပြောရင်းထီးဆောင်းလိုက်ရင် အတုံးတွေ ပျောက်ကုန်ရော။ အထပ်မြင့် ပေါ်လီကလင်းနစ်ကြီးထဲမှာဆိုတော့ ဆက်သွယ်မှုဧရိယာပြင်ပပေါ့။ ဆရာဝန်ကြီးခမျာကလည်း ခြေရာတစ်ထောင် မောင်မဲခေါင်။ တစ်မြို့လုံးရှိသမျှလူနာ လှည့်ပတ်ကြည့်နေရတာဆိုတော့ အရေးအကြောင်းရှိရင် မောင်ကြီးနတ်ကိုလှမ်းတ လိုက်သလို ဘွားကနဲရောက်လာဖို့ဆိုတာတော့ ဘယ်လွယ်လိမ့်မတုန်း။ ဒီအခါမျိုးမှာ အခုချက်ချင်းကို တစ်ခုခုထလုပ်ပလိုက်မှ အသက်ချမ်းသာရာရမယ့် လူနာမျိုးဟာ ဆေးရုံနဲ့သာ သင့်တော်တော့တယ်။ အထူးသဖြင့် ကလေးလူနာတွေပေါ့။ ခံနိုင်ရည်စွမ်းအားနုနယ်တဲ့အရွယ်မို့ တစ်ချက်ကလေး တိမ်းစောင်းသွားရုံနဲ့ ခေါက်ကနဲ အသက်ထွက်သွားနိုင်တယ်။ မယုံရင် နံမယ်ကြိးလျပါတယ်ဆိုတဲ့ ကလေးအထူးကုသမားတော်ကြီးတွေကို လိုက်ကြည့်။ အသည်းအသန်ကလေးလူနာကို ဘယ်သောအခါမှ အပြင်ဆေးခန်းမှာ ကိုယ့်ဘာသာ တစ်ယောက်တည်း မကုဘူး။ ကလေးဆေးရုံကိုပဲ လွှတ်တယ်။ ဒါကြောင့် သွေးလွန်တုပ်ကွေးရာသီဆို ကလေးဆေးရုံကြီးမှာ စစ်ပြေး၊ ရေဘေးဒုက္ခသည်များလို ရုတ်ရုတ်သည်းသည်း စည်တယ်။ ကုတင်မရရင်တောင် ကလေးအမေတွေဟာ ကိုယ့်ကလေးကိုယ် ရင်ခွင်ပိုက်ပြီး ဆေးရုံပေါ်မှာ နေကြတယ်။ အထဲမှာပဲဖြစ်ဖြစ် အပြင်မှာပဲ ဖြစ်ဖြစ် လူနာဆိုတာ အဖိတ်အစင်တောပ မကင်းဘူး။ ဒါပေမယ့် အပြင်က အဖိတ်အစင်တွေက အသံထွက်လို့ မရဘူး။ ဒါကြောင့်မို့လို့ ဆေးရုံပေါ်မှာလို အလောင်းပိုက်ဆွေးပြိး ဘာကြောင့်လဲ ဘာအတွက်လဲ လုပ်မနေနဲ့။ မြန်မြန်သာ မေ့ပစ်လိုက်။ နေပစေ။ လူမသိလေ ပိုကောင်းလေပဲ။
ဆရာဝန်တွေဘက်က ကြည့်ပြန်တော့လည်း အဖိတ်အစင်တိုင်းဟာ ကိုယ့်ပယောဂပါတာမှမဟုတ်ပဲ။ ဓါးတောင် မတင်ရသေးပဲ မေ့ဆေးအန္တရာယ်နဲ့ ရေတိမ်နစ်သွားတဲ့လူနာမျိုးလည်း ရှိတတ်တယ်။ ဒီကိစ္စမျိုးတွေက ဆေးရုံမှာဆိုရင် ခေါင်းအေးအေးနဲ့ ဖြေရှင်းလို့ရပေမယ့် အပြင်မှာဆိုရင် ငယ်ထိပ်မြွေပေါက်တာပဲ။ `နင်ဖုန်းကိုင်ရင်ကိုင်နော်။ မကိုင်ရင် ငါနဲ့ ဘယ်လိုခြောက်ပြဿနာတက်သွားမလဲ စောင့်ကြည့်လိုက်´ ဆိုတဲ့ ဖုန်းမြည်သံကြီး ကြားယောင်လာမှာပေါ့။ ဘယ်လောက်ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးပဲဖြစ်ဖြစ် ခွဲစိတ်ကုသမှုရဲ့ နောက်ဆက်တွဲ ပြဿနာဆိုတာ ရှိတဲ့အခါမှာ ရှိတတ်စမြဲပဲ။ တစ်ခါတစ်ခါ နောက်က လိုက်လို့မဆုံးအောင်ကို သံသရာရှည်တတ်ပါတယ်။ ကိုယ်တွေ့ကြုံခဲ့ဖူးတဲ့ သူဌေးကတော်ကြီး တစ်ယောက်ဟာ `သားအိမ်က အလုံးကိုထုတ်ဖို့ ပိုက်ဆံဘယ်လောက်ကုန်မလဲ´ လို့ မေးတဲ့အခါ အဲဒီခေတ်ကနှုန်း `လွန်ရောကျွံရော သုံးသိန်းအပြင် မပိုဘူး` လို့ ခန့်မှန်းပေးကြတယ်။ `ကောင်းပြိ။ သိန်းသုံးဆယ် ဆောင်ခဲ့မယ်`ဆိုပြိး ခွဲလိုက်တာ၊ အထဲရောက်တော့ အူတွေကပ်နေလို့၊ အူမကြိးကိုဆက်ရလို့၊ အဆက်က မလုံလို့၊ မေ့ဆေးပေးပြိး အသက်ရှူစက်ကို ဖြုတ်လို့မရလို့ စသည်စသည်နဲ့ အခါခါခွဲလိုက်ရ၊ အထူးကြတ်မတ်ကုသဆောင်မှာ သုံးလလောက် သောင်တင်လိုက်ရနဲ့ သိန်း ၃၀၀ ဆုပေါက်သွားပြိး အပြိးသတ်တော့ အသက်လည်းဆုံးရှာပါတယ်။ ဒီအဖြစ်အပျက်မျိုးဟာ မြန်မာပြည်မှာ အတော်ဆုံးဆရာဝန်ကြိးတွေရဲ့ လက်မှာ ဖြစ်ခဲ့ရတာမို့ ဘာပြဿနာမှ မရှိခဲ့ပေမယ့် ဟိုမရောက် ဒီမရောက် ငမြောက်ငခြောက်လောက် လက်ထဲမှာဆိုရင် နင်သာလူမိုက် ဒုစရိုက်ဟု ရိုက်ပုတ်လိုက်ကြ ရွာမှထွက်လေ တောမှာသေသည် ဘ၀ ရောက်သွားမှာ။ ဖြစ်တတ်တဲ့သဘာဝမျိုးတွေဟာ အထဲမှာဆို အုံနဲ့ကျင်းနဲ့ အသိုင်းအ၀ိုင်းနဲ့ ဖြေရှင်းလို့ ရပေမယ့် အပြင်မှာတော့ အလိုလိုနေရင်း ဆရာဝန်ကိုပဲ အပြစ်မြင်တတ်တယ်။ ရောဂါကလည်း ဒီရောဂါပဲ။ ဆရာဝန်ကလည်း ဒီဆရာဝန်ပဲ ကုတာပါပဲ။ ဒါပေမယ့် အခြေအနေချင်းကတော့ ဘာမှမဆိုင်ဘူး။ (အဲဒါ အထဲတစ်မျိုး အပြင်တစ်မျိုး မဆက်ဆံတတ်တဲ့ ဆရာဝန်အတွက်ပြောတာနော်။)
ရောဂါရယ်လို့ ဖြစ်လာတဲ့အခါ ဆရာဝန်နဲ့လူနာဆိုတာ ထိတွေ့ဆက်ဆံလာရတယ်။ ဆရာဝန်ပဲဖြစ်ဖြစ် လူနာပဲဖြစ်ဖြစ်၊လူသားစစ်စစ်ကြိးတွေဆိုတော့ အကောင်းချည့်ပဲလည်း မရှိဘူး။ အဆိုးချည့်ပဲလည်း မရှိနိုင်ဘူး။ ဆရာဝန်ဘက်ကတော့ လူနာကို ရွေးချယ်ခွင့်မရှိဘူး။ ကိုယ်နဲ့ဆိုင်လို့ ကိုယ့်ဆီရောက်လာတဲ့လူနာကို အယုတ်အလတ်အမြတ်မရွေး ကုပေးရမှာ သူ့တာဝန်။ ပြဿနာရှာတတ်တဲ့၊ ဂျီကျတဲ့မျိုးမို့ `မကုတော့ဘူး။ တော်ပြီ။ ခင်ဗျားပိုက်ဆံပြန်ယူသွား´ လုပ်လို့မရဘူး။ (သူ့ဘာသူ ဒီဆရာနဲ့ မကုချင်တော့ဘူးဖြစ်အောင်တော့ လုပ်လို့ရသလားမသိ) လူနာအနေနဲ့ကတော့ အပြင်ဆေးခန်းမှာ ပြမယ်ဆိုကတည်းက ဘယ်ဆရာဝန်နဲ့ပြမယ်ဆိုတာ စိတ်ကြိုက်ရွေးပြီးသား ဖြစ်ပါလိမ့်မယ်။ အဲဒီလိုရွေးတဲ့အခါမှာ သေသေချာချာ မသိပဲနဲ့ နံမည်နောက်က မဖတ်တတ်တဲ့ အင်္ဂလိပ်စာလုံးရေ များတာ မများတာ၊ နားမလည်မှာစိုးလို့ ဆေးခန်းကနေ မြန်မာလိုပြန်ပြိး ပြဒါးဝိဇ္ဇာ၊ သံဝိဇ္ဇာ၊ ဆေးဝိဇ္ဇာ အထူးကု စပါယ်ရှယ် ဧတဒဂ်ဘွဲ့ကြီးတွေ တပ်ပေးထားတာထက် သူနဲ့ကုဖူးတဲ့၊ သူ့ကို ရေရေရာရာသိတဲ့ ကိုယ်နဲ့အလားတူလူနာတွေ ပြောတဲ့စကားကိုလည်း နားထောင်သင့်ပါတယ်။ အထဲမှာ အထဲရဲ့ ၀က်ပါတွေ ရှိသလို အပြင်မှာလည်း အပြင်ရဲ့ မာယာတောတွေ ရှိသကိုး။ အထဲရော အပြင်ပါ စိတ်မချနိုင်ဘူးဆိုရင်တော့ အီဂျစ်နဲ့ အင်္ဂလန်နိုငငံခြားမှာ မောင်သွားလို့ပဲကုကု။ သဘောရှိပါဗျာ။ ရောဂါပျောက်ချင်ပျောက်သွားမယ်။ ပိုက်ဆံလည်း တော်တော်များများ ပျောက်သွားမယ်။ သေချာတာကတော့ ကိုယ့်စိတ်ထဲမှာဖြစ်နေတဲ့ ယားကျိကျိဝေဒနာလေးလည်း ပျောက်သွားမှာပေါ့။
လုပ်ခဲ့ဖူးသမျှ ဆရာဝန်သက်တမ်း တစ်ဆယ့်ခြောက်နှစ်အတွင်းမှာတော့ အထဲမရှိ၊ အပြင်မရှိ၊ တစ်တန်းတစ်စားတည်းသာရှိတဲ့ ဘူတန်က နှစ်နှစ်တာကို အကြိုက်ဆုံးပါပဲ။ လူနာမှာ ပိုက်ဆံမရှိမှာလည်း မပူရဘူး။ ရှိလည်း ကိုယ်နဲ့မဆိုင်ဘူး။ အပြင်ဆေးခန်းမပြောနဲ့ ဆေးဝယ်သောက်စရာဆိုင်တောင် ခပ်ရှားရှား။ နှာစေးချောင်းဆိုးကစလို့ သားသား ဂျိုးဂျိုး ပုရွက်ဆိပ်ကိုက်သွားလဲ ဆေးရုံမှာပဲ တန်းစီပြတာ။ လူနာအချင်းချင်း အခွင့်ထူးခံလုပ်ချင်ရင် သူတို့ဝန်ထမ်းတွေကိုယ်တိုင်က မျက်နှာသာမပေးဘူး။ ဗွီအိုင်ပီဆိုတာ တော်ဝင်မိသားစုပဲ ရှိရမယ် လို့ တရားဝင်ရုံးစာထုတ်ထားတာ။ အသည်းအသန်လူနာကို အသည်းအသန်လို ကြည့်တယ်။ အဲဒါ တိုးတက်လို့ ချမ်းသာလို့ ဖြစ်တဲ့စံနစ်မဟုတ်ဘူး။ မတိုးတက်လို့ မချမ်းသာလို့ ခေတ်မမီတဲ့စံနစ်။ ကိုယ့်လောက် အဆင့်အတန်းမမီလို့ ကိုယ့်လိုတောသုံးတွေကို တလေးတစား ခေါ်ခန့်ထားရတာ။ ကိုယ့်ဆီမှာ သူတို့ထက် အများကြီးတိုးတက်နေလို့ ဒီလိုအဆင့်မျိုး ပြန်မရောက်နိုင်တော့ဘူး။ (ဒီကောင့်ကို အဲဒိပို့လိုက်မိတာ မဟာအမှားပဲလို့ တွေးကြမလားမသိပါဘူး) အခုလည်း အမ်းမှာ တစ်တန်းတစားပဲ ရှိပါတယ်။ ဒါပေမယ့် မရှိခြင်းရဲ့ဒုက္ခတွေက အာကာကို လွှာပုံပြုနေရမယ်။ ဒီနေရာမှာ အတွေ့အကြုံရအောင် ခနလောက်အောင်းပြိး နောင်ကျမှ အပြင်မှာ လျှမ်းလျှမ်းတောက် ရေလျှံတဲ့နေရာတွေပြန်ပို့ပေးဖို့လည်း မမျှော်လင့်ပါဘူး။ ဖြစ်နိုင်ရင် ဒီ့ထက်ဆိုးတဲ့ အိသီယိုပိးယားတို့၊ တောင်အာဖရိကတို့ပဲ ပို့ပေးစမ်းပါ။ `တို့ထက်နိမ့်ကျတာတွေ တထောကြီးပါလားဟ´ လို့ ဖြေသိမ့်ချင်လွန်းလို့။ ဒါကြောင့်လည်း ချင်းဆရာဝန်တွေက ချင်းပြည်မနေချင်၊ ရခိုင်ဆရာဝန်တွေက အမ်းမှာ မနေချင်ကြတာ ဖြစ်မှာပဲ။ ကိုယ့်အမျိုးသားတွေ မရှိဆင်းရဲနေတာ ဘယ်သူကမှ နိစ္စဒူဝ ကြည့်မနေချင်ဘူး မဟုတ်လား။ ကဲပါလေ။ ဟက်ပိး အန်ဒင်လေးဖြစ်သွားအောင် လူနာတွေက အာဖာနည်နေရာကဆို၊ ဆရာဝန်တွေက ဂျေးမီပေါ့။
လူနာ ။ ။ နောက်ထပ် လာချင်လာပါ။ မထူးဆန်းတော့ပါ။ နှလုံးသားထဲက ဒီဒဏ်ရာတွေဟာ ၀ဋ်ရှိလို့သာ ခံစားခဲ့ရတာ ဘယ်သူ့ကိုမှလဲ အပြစ်မတင်တတ်တော့ပါ…..။
ဆရာဝန်။ ။ အိပ်မရတဲ့ညတွေများရင် ငါ့မှာ ဥိးနှောက်ပျက်၊ မနက်မထနိုင်၊ ပျင်းရိတဲ့ ဘ၀စတိုင်.. မင်းသိတဲ့ ဘကြိုင်…။
(ဟောဗျာ… ပြောပြောဆိုဆိုနဲ့ ထ က နေမိပြန်ပါပေါ့)

0 comments:
Post a Comment