ကမ္ဘာ့ကွန်မြူနစ်ဝါဒနှင့် မြန်မာကွန်မြူနစ်များ
by Padauk Myay on Tuesday, November 22, 2011 at 5:22pm
( အခု ဗကပခေါင်းဆောင်၊ အရင်တုန်းက တပ်မတော် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော အရေးယူ ခံရတာနဲ့ ပတ်သက်ပြီး တစ်ချို့ ကတော့ ဗိုလ်ချုပ်ကြီး နေ၀င်းနဲ့ ဆိုရှယ်လစ်တွေက အပြစ်ရှာပြီး ထုတ်ပစ်တာလို့ ဆိုကြပါတယ်။ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကတော့ သူ့အတ္ထုပ္ပတိမှာ သူကိုယ်တိုင် ဗကပဆီကို တပ်မတော် သတင်းတွေ ပေးခဲ့တယ် ဆိုတာ ၀န်ခံပေမယ့် သူ့ကို တရားစွဲဖို့ အချက်အလက် မလုံလောက်လို့ ဒီအတိုင်း ဖြုတ်ပစ် လိုက်တယ်လို့ ဆိုပါတယ်။ နိုဝင်ဘာလ ၁၇ ရက်နေ့ထုတ် Northern Star ဂျာနယ် က ဆောင်းပါးမှာတော့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောနဲ့ ပတ်သက်ပြီး အထောက်အထား ခိုင်ခိုင်မာမာ ရှိခဲ့ကြောင်းနဲ့ ဗိုလ်ချုပ်ကြီး နေ၀င်းက ထောက်ထားပြီး ဆောင်ရွက်ခဲ့ကြောင်း ရေးထားပါတယ်။ သမိုင်း ဖြစ်စဉ်တစ်ခုကို နောက်ထပ်ရှုထောင့် တစ်ခုက လေ့လာနိုင်အောင် တင်ပေး လိုက်ပါတယ်။ )
ဗကပဗဟိုနှင့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောတို့၏ ဆက်သွယ်မှု စာရွက်စာတမ်း အထောက်အထား များကို အောင်မာဃ စစ်ဆင်ရေးတွင် ရရှိ လာပြီးနောက် အောင်မာဃ စစ်ဆင်ရေး တာဝန်ခံ တပ်မဟာ (၁၀) တပ်မဟာမှူး ဗိုလ်မှူးကြီး ကြည်ဝင်းက ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းထံ တင်ပြခဲ့သည်။ အထောက်အထား များမှာ ခိုင်လုံသည်။ ၁၉၅၆ ခုနှစ် ဇန်နဝါရီလတွင် စတင်သည့် အောင်မာဃ စစ်ဆင်ရေး စစ်ကြောင်းက ရမိခဲ့သည့် ဗိုလ်ကျော်ဇော ကိစ္စ ဖိုင်တွဲကို လိုအပ် သလို စစ်ဆေး အရေးယူခဲ့သည်။
ယင်းသို့ အရေးယူပြီးနောက် တစ်နှစ်ခွဲခန့် အကြာ ၁၉၅၇ ခုနှစ် မေလ ၁ ရက်နေ့တွင် ကာကွယ်ရေး ဝန်ကြီးဌာနက ဗိုလ်မှူးချုပ် ကျော်ဇော ကိစ္စဟူသော ခေါင်းစီးဖြင့် မိတ္တူများပွားကာ တပ်ရင်း တပ်ဖွဲများသို့ ဖြန့်ဖြူးဝေငှ အသိပေးခဲ့သည်။ ဤစာအုပ် ရှေ့ဆုံး စာမျက်နှာ၌ “ဗိုလ်မှူးချုပ် သရေစည်သူ ကျော်ဇော အပေါ်တွင် အရေးယူခဲ့ရသည့် ကိစ္စနှင့် စပ်လျဉ်း၍ တပ်မတော် စစ်သည် အပေါင်းတို့အား အသိပေးရန် အချိန်တန်ပြီဟု ယူဆရသည့် အားလျော်စွာ သက်ဆိုင်ရာ လိုအပ်သော စာရွက်စာတမ်း များကို စုပေါင်းရိုက်နှိပ် ထုတ်ဝေလိုက်သည်။ ကာကွယ်ရေး ဝန်ကြီးဌာန ၁၉၅၇ ခုနှစ် မေလ(၁)ရက်” ဟု ဖော်ပြထားသည်။
ယင်းစာအုပ် ထုတ်ဝေပုံ နှုန်းထား ကိုလည်း ရှေ့ဆုံးစာမျက်နှာ အောက်ပိုင်း၌ ဤသို့ ဖော်ပြထားသည်-
ထုတ်ဝေပုံနှုန်းထား
(၁) စစ်ဌာနတိုင်းနှင့် တပ်ဖွဲ့တိုင်းအတွက်
(က)
အရာရှိရိပ်သာတွင်(ရှိလျှင်) ထားရှိရန်တစ်အုပ်။
(ခ)
အရာခံဗိုလ်နှင့် တပ်ကြပ်ကြီးများ ရိပ်သာ (ရှိလျှင်) ထားရှိရန် တစ်အုပ်။
(ဂ)
ဗဟို စာကြည့်တိုက်တွင် (ရှိလျှင်) ထားရှိရန် တစ်အုပ်။
(ဃ)
လက်ဆင့်ကမ်း ဖတ်ရှုကြရန်အတွက် တပ်ဖွဲ့၏ လက်ရှိဦးရေအရ လူ ၃၀ လျှင် တစ်အုပ်ကျစီ။
(၂) တပ်မတော် မော်ကွန်းတိုက် အတွက် အုပ်ရေ ၃၀။
ယင်းစာအုပ်ကို ရန်ကုန်မြို့ အနောက် မြေနီကုန်းလမ်း၊ ရှင်စောပု ရပ်ကွက်ရှိ ရန်ကုန်လစ်သို ဂရပ်ဖာစ်နှင့် ပုံနှိပ်သူများ Rangoon Lithographers & Printers ပုံနှိပ်တိုက်တွင် ရိုက်နှိပ်သည်။ ထိုစဉ်က ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်း နှင့်ဆူးလေ ဘုရားလမ်းထောင့် ကွန်တီနင်တယ် မုန့်တိုက် ဆင်ဝင်အောက် လူသွားစင်္ကြ(ယခု ကုန်သည်ကြီးများ ဟော်တယ်)တွင် တစ်အုပ်ငါးကျပ်ဖြင့် ချရောင်းသဖြင့် အပြင်ကပါ ဝယ်ယူဖတ်ရှု နိုင်ခဲ့ကြသည်။
ယင်းစာအုပ်တွင် အောင်မာဃ စစ်ဆင်ရေးမှ ဖမ်းမိခဲ့သော ကွန်မြူနစ်ပါတီ အထူး လျှို့ဝှက်စာတွဲနှင့် ပတ်သတ်၍ ဗိုလ်မှူးချုပ် ကျော်ဇော ကိစ္စကို ကာကွယ်ရေး ဝန်ကြီးထံသို့ ကာကွယ်ရေး ဦးစီးချုပ်ထံမှ တင်ပြသော အစီရင်ခံစာ၏ ဓာတ်ပုံ (မိတ္တူ)၊ အောင်မာဃ စစ်ဆင်ရေးမှ ဖမ်းမိခဲ့သော ကွန်မြူနစ်ပါတီ အထူးလျှို့ဝှက် စာတွဲ၏ ဓာတ်ပုံ (မိတ္တူ)များ၊ ဗိုလ်မှူးချုပ် ကျော်ဇောနှင့် ပတ်သတ်သည့် နိုင်ငံတော် ဝန်ကြီးချုပ်၏ အမိန့်မှတ်တမ်း ဓာတ်ပုံ(မိတ္တူ)၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ အမိန့် မှတ်တမ်းပါ ညွှန်ကြားချက်များ အရ ကာကွယ်ရေး ဝန်ကြီးဌာန စစ်ရာထူးခန့် အတွင်းဝန်က အရေးယူ ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်းသည့် စာရွက်စာတမ်း များ၏ ဓာတ်ပုံ (မိတ္တူ)များ ပါဝင်သည်။
ထိုစဉ်က ရန်ကုန်လက်ဝဲ (မြေပေါ်ကွန်မြူနစ်) အသိုင်းအဝိုင်းတွင် ဆိုရှယ်လစ်ပါတီ (ဖဆပလ)မှ ဦးကျော်ငြိမ်း တို့က ဗိုလ်ကျော်ဇော နေရာ၌ သူတို့လူ ထိုးတင်လို၍ စာရွက်စာတမ်း အတုများ ဖန်တီးအမှု ဆင်သည်ဟု စွပ်စွဲခဲ့ကြသည်။ ဗိုလ်ကျော်ဇော (၂၀၀၃ ခုနှစ်တွင်) ရေးသားသည့် ကိုယ်တိုင်ရေး အတ္ထုပတ္တိ၌ ကိုကြီးမြင့် (ပဲခူး)၊ ကိုလှမြိုင် (ကိုဆောင်း) တို့မှ တစ်ဆင့် ဗကပဗဟိုသို့ စစ်ရေး သတင်းများ၊ မြန်မာ(အစိုးရ) တပ်မတော်၏ စစ်ရေး၊ စီမံကိန်းများကို ပေးပို့ကြောင်း၊ ဗိုလ်မှူး ချုပ်ဘလိတ်နှင့် ရင်းနှီးသဖြင့် ဗိုလ်မှူးချုပ် ဘလိတ်၏ စစ်တိုင်းမှ စစ်ရေး သတင်းများ၊ စီမံကိန်းများ ရရှိသဖြင့် ဗကပဗဟိုသို့ ပို့ခဲ့ကြောင်း၊ သူသည် သခင်စိုးထံမှ (တော်လှန်ရေး ကာလ) နိုင်ငံရေး သင်တန်း တက်ပြီးကတည်းက ကွန်မြူနစ် တစ်ယောက် ဖြစ်ခဲ့ကြောင်း ဖွင့်ဟ ရေးသားခဲ့ပြီး ဖြစ်ပေသည်။ ‘ဗိုလ်မှူးချုပ် ကျော်ဇောကိစ္စ’ ခေါင်းစဉ်ပါ ဖိုင်တွဲကို သမိုင်းတန်ဖိုး ကြိုသိပြီး သခင်သန်းထွန်း၊ သခင်ချစ်တို့က ပြာကျအောင် မီးရှို့ဖျောက်ဖျက် ခိုင်းသည့်ကြားမှ သဲပုံးထဲထည့် မြေမြုပ် သိုဝှက်ခဲ့ပုံလည်း ပေါ်ပေါက် လာခဲ့သည်။ Northern Star ဂျာနယ်အမှတ် (၁၀)ပါ အောင်စွမ်း၏ ဆောင်းပါး၌ ယင်း အဖြစ်အပျက် အသေးစိတ် ဖော်ပြထားသည်။ ရွာသား တစ်ဦးက ထုတ်ဖော် သတင်းပေး၍ အောင်မာဃ စစ်ဆင်ရေးမှ တာဝန်ရှိသူများက မြေအောက် မြှုပ်နှံထားသော သံပုံးကို တူးဖော် သောကြောင့် ထိုဖိုင်တွဲကို ရရှိခဲ့ကြောင်း ထင်ရှား ပေသည်။ ကာယကံရှင် (ပဲခူးဦးကြီးမြင့် စသူ) တို့၏ လက်ရေးစာမူများ ပါရှိသည် ကိုလည်း တွေ့ရသဖြင့် ထိုဖိုင်တွဲသည် အတုမဟုတ် အစစ်ဖြစ်ကြောင်း ခိုင်လုံပေသည်။ ယင်းစာအုပ် အညွှန်းတွင် အောက်ပါအတိုင်း ရေးသားဖော်ပြ ထားပေသည်။
အညွှန်း
“၁။ ပခုက္ကူခရိုင်တွင် ၁၉၅၆ ခုနှစ် ဇန်နဝါရီလမှ စတင်ဆင်နွှဲသော အောင်မာဃ စစ်ဆင်ရေးအတွင်း တိုက်ပွဲ တစ်နေရာမှ ကွန်မြူနစ်ပါတီ ဌာနချုပ်၏ စာရွက်စာတမ်း အမြောက်အမြား ဖမ်းဆီးမိ ခဲ့လေသည်။ ထိုအထဲတွင် ပေါ်လစ် ဗြူရို အဖွဲ့ဝင် များသာ ဖတ်ခွင့်ရရှိသော အလွန်အရေးကြီးသည့် စာဖိုင်တွဲအချို့ ပါရှိရာ စာတွဲတစ်ခုမှာ ဗိုလ်မှူးချုပ်ကျော်ဇောနှင့် ပတ်သက်လျက် ရှိနေသည်ကို တွေ့ရှိရ သောကြောင့် ထိုစာတွဲကို ဖမ်းမိခဲ့သည့် တပ်မှ ကာကွယ်ရေး ဝန်ကြီးဌာနသို့ အထူး လျှို့ဝှက်စွာ ပေးပို့လိုက်လေသည်။
၂။ ကာကွယ်ရေး ဝန်ကြီးဌာနက ထိုစာတွဲပါ အချက်အလက်များကို အချိန် အတော်ကြာယူ၍ စိစစ် ကြည့်သောအခါ ဗိုလ်မှူးချုပ် ကျော်ဇောမှာ တပ်မတော် အရာရှိ တစ်ယောက် အနေဖြင့် စောင့်စည်း အပ်သော တာဝန် ဝတ္တရားများ လစ်ဟင်းရာ ရောက်သည်ဟု သံသယ မကင်းဖွယ်ရာ အကြောင်းများကို တွေ့ရှိရလေသည်။ သို့ဖြစ်၍ ထိုကိစ္စကို စနစ်တကျ ဆက်လက် စုံစမ်း သင့်သည်ဟု ယူဆသည့်အတိုင်း ၁၉၅၆ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကျင်းပဆဲ ဖြစ်သည့် တပ်မတော် တပ်မှူးများ ညီလာခံ၌ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မှူးချုပ် နေဝင်းသည် ဗိုလ်မှူးချုပ် ကျော်ဇော အပါအဝင် တိုင်းမှူးများနှင့် တပ်မဟာမှူး အားလုံးကို မိမိရှေ့မှောက်သို့ ခေါ်ယူ၍ ဗိုလ်မှူးချုပ် ကျော်ဇောနှင့် ပတ်သက်သော ထိုစာတွဲကို ဖတ်ပြပြီးနောက် ထိုကိစ္စမှာ ကာကွယ်ရေး ဦးစီးချုပ် အနေနှင့် မဆောင်ရွက်လျှင် မဖြစ်သည့် ကိစ္စဖြစ်ရာ ဗိုလ်မှူးချုပ် ကျော်ဇောအား မြောက်ပိုင်းတိုင်းသို့ ပြန်မပို့ဘဲ မင်္ဂလာဒုံတွင် နေထိုင်စေကာ မိမိကိုယ်တိုင် တာဝန်ယူ စုံစမ်းရမည် ဖြစ်ကြောင်း အတိအလင်း အသိပေးပြီးလျှင် ဗိုလ်မှူးချုပ် ကျော်ဇောအား စက်တင်ဘာ လကုန်မှစ၍ မင်္ဂလာဒုံသို့ ခေါ်ယူ ထားလျက် စတင်စုံစမ်း ခဲ့လေသည်။ ကာကွယ်ရေး ဦးစီးချုပ်သည် ထိုစာတွဲပါ ကိစ္စရပ်များနှင့် ပတ်သက်သော စာရွက် စာတမ်းများ၊ တိုက်ပွဲ မှတ်တမ်းများ၊ သက်ဆိုင်ရာ တပ်မှူးကြီးများနှင့် တပ်မှူးငယ် များကိုပါ ခေါ်ယူ စစ်ဆေးခဲ့ လေသည်။ ဗိုလ်မှူးချုပ် ကျော်ဇောအားလည်း ထိုစာတွဲကို ဖတ်စေကာ မေးမြန်း သင့်သည်တို့ကို မေးမြန်းခဲ့ လေသည်။
[စကားချပ်။ စုံစမ်းစစ်ဆေး ချိန်မှစ၍ အမှုကိစ္စ ပြီးဆုံးချိန်အထိ ဗိုလ်မှူးချုပ် ကျော်ဇောအား ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းနှင့် ၅ကြိမ်၊ ပြန်ကြားရေး ဝန်ကြီး ယခင် ကာကွယ်ရေး ဝန်ကြီး၏ ပါလီမန် အတွင်းဝန်) သခင်ချစ်မောင် (မြန်အောင်)နှင့် သုံးကြိမ်၊ ဒုတိယ ဝန်ကြီးချုပ် သခင်တင်နှင့် တစ်ကြိမ်၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီး ဦးဗဆွေနှင့် နှစ်ကြိမ် တွေ့ဆုံ ရှင်းလင်းခွင့် ပေးခဲ့လေသည်။]
ယင်းသို့ မေးမြန်းပြီးနောက် ကာကွယ်ရေး ဦးစီးချုပ်သည် ကာကွယ်ရေး ဝန်ကြီးထံသို့ ၁၉၅၇ ခုနှစ် ဇန်နဝါရီလ ၂၃ ရက် နေ့၌ မိမိ၏ အစီရင်ခံစာနှင့် ထောက်ခံချက်ကို တင်သွင်း ခဲ့လေသည်။ ကာကွယ်ရေး ဦးစီးချုပ်၏ တွေ့ရှိချက်များ အရ ဗိုလ်မှူးချုပ် ကျော်ဇောသည် စစ်ဌာနချုပ်မှူး တစ်ဦး အနေဖြင့် လည်းကောင်း၊ တပ်မတော် အရာရှိတစ်ဦး အနေဖြင့် လည်းကောင်း အရာရှိ အကျင့်သိက္ခာ ကျင့်ဝတ်တို့နှင့် မလျော်ညီအောင် ပြူမှုခဲ့ကြောင်း ယုံကြည်လောက်စရာ အထောက် အထားများ ရရှိပြီး ဖြစ်သည့် အတိုင်း ၎င်းအား ထိုဇန်နဝါရီလ ၂၃ ရက်နေ့များမှာပင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှူး အဖြစ်မှ ရာထူးချ ထားလိုက်သည်။ စစ်ဖက်ဥပဒေ စည်းမျဉ်းများအရ ထိုနေ့မှ ၂၂ ရက်မြောက်သောနေ့တွင် ဗိုလ်မှူးချုပ် ကျော်ဇောသည် ဗိုလ်မှူးချုပ်ရာထူး အဆင့်မှာ ၎င်း၏ စစ်ဘက်မူလ ဒုတိယ ဗိုလ်မှူးကြီး အဆင့်သို့ အလိုအလျောက် ကျဆင်း ရလေသည်။
၃။ ကာကွယ်ရေး ဦးစီးချုပ်သည် ၎င်း၏ အစီရင်ခံစာ၌ မိမိ၏ တွေ့ရှိချက်အတိုင်း ချက်ချင်း အရေးယူ ဆုံးဖြတ်ပေးရန် မတိုက်တွန်း ရုံမျှမက လွတ်လွတ်လပ်လပ် ထပ်မံစုံစမ်း၍ ကာကွယ်ရေး ဝန်ကြီးအား အကြံပေးနိုင်မည့် အဖွဲ့တစ်ခုကို ကာကွယ်ရေး ဝန်ကြီး၏ ဆန္ဒအတိုင်း ဖွဲ့စည်းကာ ၎င်းအဖွဲ့၏ အစီရင်ခံချက်ကို ကြားနာပြီးမှ အဆုံးအဖြတ် ပေးရန် ပန်ကြားခဲ့ လေသည်။ ထိုသို့ ကာကွယ်ရေး ဝန်ကြီးအား အကြံပေးမည့်အဖွဲ့၏ စုံစမ်းရရှိချက် များသည် မိမိ အယူအဆနှင့် သဘော ကွဲလွဲချင်လည်း ကွဲလွဲပေမည်။ တူညီချင်မှလည်း တူညီပေမည်။ ပိုမို၍ အပြစ်ကြီးလေးသည်ဟု ယူဆချင် ယူဆပေလိမ့် မည်။ မည်သို့ပင် အဆုံးအဖြတ် ပေးစေကာမူ ဗိုလ်ကျော်ဇောအား အရေးယူ သည့်အခါ သူ၏ နောက်ကြောင်းက ဆောင်ရွက်ခဲ့သည့် အချက်အလက်တို့ကို ငဲညှာထောက်ထား ပါရန်လည်း ကာကွယ်ရေး ဦးစီးချုပ်က ပန်ကြားခဲ့လေသည်။
၎။ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာနသည် အထက်ပါ ပန်ကြားချက် အတိုင်း မြို့ဘက်နှင့် စစ်ဘက် ဆိုင်ရာ ပုဂ္ဂိုလ်ကြီးနှစ်ဦးစီ ပါဝင်သော သမာသမတ် ကျစွာ မိမိအား အကြံပေးနိုင်မည့် အောက်ပါအဖွဲ့ကို ဖွဲ့စည်းကာ စုံစမ်းစေခဲ့သည်။ ထိုအဖွဲ့ဝင်များမှာ-
(၁)
တရားလွှတ်တော် တရားဝန်ကြီးချုပ် သတိုးမဟာ သရေစည်သူ ဦးချန်ထွန်းအောင် (သဘာပတိ)
(၂)
တရားလွှတ်တော် တရားဝန်ကြီး ဦးအောင်ခိုင်၊
(၃)
ကာကွယ်ရေး၊ ဒုတိယဦးစီးချုပ် (ရေ) ဗိုလ်မှူးချုပ် သရေစည်သူသန်းဖေ၊
(၄)
ကာကွယ်ရေး၊ ဒုတိယဦးစီးချုပ်(လေ)ဗိုလ်မှူးချုပ် သရေစည်သူ တီကလစ်ဖ်တို့ ဖြစ်လေသည်။ ထိုအဖွဲ့သည် ၁၄ ရက်တိုင်တိုင် အမှုအခင်းနှင့် ပတ်သတ်သည့် စာရွက်စာတမ်းများ၊ စစ်ဆင်ရေး မှတ်တမ်းများ၊ ဒုတိယ ဗိုလ်မှူးကြီး ကျော်ဇော အပါအဝင် သက်ဆိုင်ရာ တပ်မှူးကြီး များနှင့် တပ်မှူးငယ်အားလုံးတို့ကို အဖွဲ့ ရှေ့မှောက်သို့ ခေါ်ယူ စစ်ဆေးပြီးလျှင် အဘက်ဘက်မှ လေ့လာ သုံးသပ် ပြီးနောက် နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးထံသို့ အဖွဲ့၏ တွေ့ရှိပုံကို အထူးလျှို့ဝှက် အစီရင်ခံစာ တင်သွင်းလေသည်။
၅။ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာနသည် ထိုအဖွဲ့၏ အထူးလျှို့ဝှက် အစီရင်ခံစာနှင့် ကာကွယ်ရေး ဦးစီးချုပ်၏ အစီရင်ခံစာတို့ကို လေ့လာ သုံးသပ်ပြီး ဒုဗိုလ်မှူးကြီး ကျော်ဇော ကိစ္စနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်အမိန့်ကို ၁၉၅၇ ခုနှစ် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့တွင် ချမှတ်ခဲ့လေသည်။
၆။ အထက်ပါ ဆုံးဖြတ်ချက်အရ ကာကွယ်ရေးဝန်ကြီးဌာန စစ်ရာထူးခန့် အတွင်းဝန်သည် ဒုဗိုလ်မှူးကြီး ကျော်ဇောအား အငြိမ်းစား ယူစေရန် အမိန့်ကို ထုတ်ပြန်ပြီးနောက် ဒုဗိုလ်မှူးကြီး ကျော်ဇောအား ခေါ်ယူ၍ သက်သေနှစ်ဦး ဖြစ်သော လက်ထောက် စစ်ဦးစီးမှူး ဒုဗိုလ်မှူးကြီး ကြည်ဟန်နှင့် လက်ထောက် စစ်ရေးချုပ် ဒုဗိုလ်မှူးကြီး မောင်မောင်တို့၏ ရှေ့မှောက် တွင် ကာကွယ်ရေး ဦးစီးချုပ်၏ အမိန့်စာနှင့် နိုင်ငံတော် ဝန်ကြီးချုပ်၏ အမိန့်မှတ်တမ်း တို့ကို ဖတ်ရှုစေလျက် ဖတ်ရှုပြီးကြောင်း လက်မှတ်ရေးထိုး စေပြီးလျှင် တပ်မတော် အမှုထမ်းခြင်းမှ မည်သည့် အကြောင်း များကြောင့် အငြိမ်းစား ယူစေရသည်ကို ဖော်ပြကာ အငြိမ်းစား ယူစေသည့် အမိန့်အတိုင်း အတည်ဖြစ်ကြောင်း အကြောင်း ကြားချက်ကို ၎င်းအား ပေးလိုက်လေသည်။”
ကျော်ဇင် ( စာနယ်ဇင်း)
0 comments:
Post a Comment