Tuesday, November 15, 2011

၁ - ၄။ ရောမတို့၏ တရားဥပဒေစိုးမိုးမှုသမိုင်း



 မြန်မာနိုင်ငံ ရှေ့နေများကောင်စီ မှ ....

ရောမအင်ပါယာကြီးသည် အနှစ် (၅၀၀) တိုင်အောင် တည်တံ့ခဲ့ခြင်းမှာ တရားဥပဒေစိုးမိုး၍ဟု သမိုင်းသုတေသီ တို့က ဖွင့်ဆိုကြသည်။  ရောမအစိုးရသည် တရားဥပဒေ၊ လူမှုကျင့်ဝတ်နှင့် စည်းကမ်းများကို ရေးဆွဲပြဌာန်းပြီး တိုင်းပြည်အား စနစ်တကျအုပ်ချုပ်နိုင်ခဲ့သည်။ ရောမအင်ပါယာသည် တိုင်းပြည်ပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာ ပေါင်းစုံ၊ လူမျိုးယဉ်ကျေးမှုများ ကွဲပြားခြင်းရှိခဲ့သော်လည်း အုပ်စိုးသူတို့သည် တရားဥပဒေစိုးမိုးရေးဖြင့် အင်ပါ ယာကြီးကို ငြိမ်ဝပ်အေးချမ်းခြင်း ရှိအောင်အုပ်ချုပ်နိုင်ခဲ့သည်။ တိုင်းပြည်အေးချမ်းသာယာခဲ့သောကြောင့် ရောမ အင်ပါယာအတွင်း မိုင်ပေါင်း (၂၅၀၀၀၀) အထိ လမ်းဖေါက်လုပ် ဆက်သွယ်နိုင်ခဲ့လေသည်၊၊
အနောက်ကမ္ဘာကိုစိုးမိုးခဲ့သော ဘေဘီလုံ၊ မီဒိုပါရှန်၊ ဂရိ၊ ရောမ အစရှိသည့်အင်ပါယာကြီး (၄) ခု အနက် ရောမ အင်ပါယာသည်သာလျှင် အနှစ် (၅၀၀) အထိ အေးချမ်းသာယာစွာ အုပ်စိုးနိုင်ခဲ့သည်မှာ တရားဥပဒေစိုးမိုးမှု ကြောင့်ဟုဆိုလျှင် ရောမတို့၏ဥပဒေပြုမှုသမိုင်းနှင့် ရောမလူမျိုးတို့၏ ဥပဒေအပေါ်ခံယူချက်သဘောတရား များကို လေ့လာဆန်းစစ်ရန်လိုအပ်ပါသည်။ 
BC (၄၅၁) မတိုင်မှီ၌ ရောမတို့၏ထုံးတမ်းစဉ်လာဥပဒေမှာ ငွေရှင်ကြေးရှင်တို့ကိုသာ အကာအကွယ်ပေးသော ဥပဒေသာဖြစ်သည်။ ဤတွင်ဆင်းရဲသားအများအပြားသည် မိမိတို့အခွင့်အရေး ဆုံးရှုံးမှုများကြောင့် မကျေမနပ် ဖြစ်ခဲ့ရာမှစ၍ ဆင်းရဲသားများ အာဏာစင်ပြိုင် ထူထောင်ခဲ့ကြသည်။ ရောမထုံးတမ်းစဉ်လာဥပဒေအရ ဆင်းရဲ သားများမှာ သူတို့၏အကျိုးစီးပွား တစုံတရာအတွက် ကာကွယ်မှုမပေးနိုင်ခဲ့ချေ။ အမျိုးမျိုးဖိနှိပ်ချုပ်ချယ်ခြင်း ခံရ သည့် ဥပဒေများဖြင့် ဆင်းရဲသားတို့သည် မိမိဘ၀ကိုထိမ်းကျောင်းခဲ့ရသည်၊၊ ၎င်းဥပဒေတွင် အထက်တန်းလွာ နှင့် ဆင်းရဲသားအောက်တန်းလွှာများ အိမ်ထောင်မြုပရဟုပင် ဥပဒေအရတားမြစ်ခြင်း ခံခဲ့ရသည်။
ဆင်းရဲသားအောက်တန်းလွှာများကို လူသားတဦးကဲ့သို့ပင် သဘောမထားဘဲ ဥပဒေအရဖိနှိပ်ခဲ့ကြသည်။ ဆင်းရဲသားတို့ စင်ပြိုင်အာဏာထူထောင်သည့်နောက်ပိုင်း ဆင်းရဲသားတို့၏ တောင်းဆိုချက်များကို လိုက်လျှော လာကာ ဘီစီ (၄၅၄) တွင် ဥပဒေအသစ်များပြဌာန်းရန် ဆီးနှိတ်လွှတ်တော်မှ ကော်မရှင်တခုကိုဖွဲ့စည်း၍ ဂရိ ပြည်သို့ သွားရောက်လေ့လာစေခဲ့သည်။ ဘီစီ (၄၅၁) တွင် ၎င်းကော်မရှင် ပြန်ရောက်လာပြီး ဆီးနှိတ်လွှတ် တော်မှ ဥပဒေရေးဆွဲရေး ကော်မတီတခုဖွဲ့စည်းကာ နှစ် နှစ်တိုင်တိုင် ရောမဥပဒေအသစ်ကို ရေးဆွဲစေခဲ့သည်။ ထိုရေးဆွဲသော ရောမဥပဒေ (၁၂) ကျမ်းကို လွှတ်တော်သို့တင်ပြရာ လူအများက လက်ခံအတည်ြုပကြသည်၊၊
ရောမတို့သည် ဂရိတို့၏ နိုင်ငံရေးဘ၀မှ အယူအဆများကိုခံယူပြီး မိမိတို့၏ အစိုးရပုံစံများကို ဥပဒေများနှင့် ကိုက်ညီအောင် ပြုပြင်သုံးဆွဲရာတွင် အချို့သောအခြေခံမုများသည် ဂရိတို့ထက် များစွာအဆင့်အတန်း မြင့် မားခဲ့လေသည်။ ရောမတို့ကျင့်သုံးသောမူများထဲတွင် အရေးကြီးဆုံးဟု ဆိုရမည်ဖြစ်သော အယူအဆတရပ်မှာ ခိုင်မာသော ဥပဒေပြဌာန်းခြင်းပင်ဖြစ်သည်။ ဤကဲ့သို့သော ဥပဒေပြဌာန်းခြင်းဖြင့် နိုင်ငံရေးနှင့် လူမှုရေး ကျင့်ဝတ်တို့ကို ခွဲခြားလိုက်ပြီးဖြစ်သည်။ ထိုသို့ခိုင်မာသော ဥပဒေပြဌာန်းလိုက်ခြင်းကြောင့် အချိန်ကာလနှင့် ပတ်ဝန်းကျင်အခြေအနေကိုလိုက်၍ ဥပဒေသည် ပြောင်းလဲမသွားကြောင်း စသည့်ဥပဒေရေးရာ မူများပေါ်ထွက် လာခဲ့သည်။
ရောမတို့သည် လူပုဂ္ဂိုလ်နှင့်နိုင်ငံတော်ကို ခွဲခြားတွေးတောကြရာ၌ လူသည်မိမိ၏ အတိုင်းအတာအရ အခွင့် အရေးနှင့် တာဝန်ဝတ္တရားကို ထမ်းဆောင်ရန်ဖြစ်၍ နိုင်ငံတော်ကမူ အချုပ်အချာ အာဏာပိုင်ဖြစ်ပြီး တရားဥပဒေ များကို ပြုလုပ်သည်ဟုခံယူကြသည်၊၊ နိုင်ငံတော်သည် လူမှုရေးတည်တံ့ခိုင်မြဲရန်အတွက် မရှိလျှင်မဖြစ်သော သဘာဝ၏အဆောက်အအုံတရပ်ဖြစ်သကဲ့သို့ လူ့အဖွဲ့အစည်းအတွက်လိုအပ်သော တရားဥပဒေများကို ပြဌာန်း ပေးရမည်။ ထိုတရားဥပဒေကို လူတဦးချင်းစီက တိကျစွာလိုက်နာကျင့်သုံးရမည်။ တရားဥပဒေကို လူတဦးတ ယောက်က ချိုးဖေါက်သည် ဖြစ်စေ၊ အစိုးရတရပ်ကချိုးဖေါက်သည်ဖြစ်စေ နိုင်ငံသားတိုင်းက ကာကွယ်ရမည် ဟူသော အခြေခံဖြင့် ရောမဥပဒေသည် အကောင်အထည်ဖေါ်လာခဲ့သည်။
 ရှေးဟောင်းရောမတို့၏ ဥပဒေများမှာ ဘာသာရေးဓလေ့ထုံးစံများ၊ လူအများလက်ခံနိုင်သော ခံယူချက်များဖြင့် ရောပြွန်းပါဝင်နေခဲ့၏။ ရှေးဟောင်းရောမတို့၏ အ၀န်းအ၀ိုင်းတွင်လည်း နိုင်ငံတော်၏အာဏာရပ်တွင် ဘာသာ ရေးသည် အရေးကြီးသောအကြောင်းခြင်းရာတခုဖြစ်ကြောင်း သတ်မှတ်ခဲ့ကြသည်။ ရောမတို့သည်ဂရိတို့ နည်း တူ၊ ဘုရားသခင်ထံမှတိုက်ရိုက်ဆင်းသက်လာသော ပညတ်တော်များကို လူတွေလိုက်နာရမည့်ဥပဒေများအဖြစ် ထုံးတမ်းစဉ်လာအရ လက်ခံခဲ့ကြသဖြင့် ရောမနိုင်ငံတော်အနေဖြင့် ဥပဒေအသစ်များပြုစုပြဌာန်းရန် အကြံမပေါ် ရခြင်းဖြစ်သည်။ ရောမ ဥပဒေ (၁၂) ကျမ်းကို တီထွင်ပြဌာန်းလိုက်ခြင်းအားဖြင့်သာ တရားဥပဒေရေးရာ အတွေး ခေါ်၏ သစ်လွင်သောကဏ္ဍတရပ်သည် ဖြစ်ပေါ်တိုးတက်လာခဲ့သည်။ ထိုဥပဒေပေါ်ပေါက်လာခြင်းကြောင့် ဥပဒေရေးရာနှင့် ဘာသာရေးတို့သည်ကင်းရှင်းလာပြီး နိုင်ငံတော်အားဆန့်ကျင်မှုကို ယခင်ကကဲ့သို့ နတ်ဘုရား များအားဆန့်ကျင်မှုဟု မယူဆတော့ချေ၊ ပြစ်မှုကျူးလွန်သူကို ဥပဒေအရသာ အရေးယူလာကြသည်။ ထိုအချိန်မှ စပြီး တရားဥပဒေသည် နိုင်ငံတော်၏ အာဏာရပ်အဖြစ်သို့ သက်ရောက်လာခဲ့သည်။
နိုင်ငံရေးအတွေးအခေါ်အယူအဆတို့ ရင့်သန်လာသည်နှင့်အမျှ နိုင်ငံရေးနှင့် ဘာသာရေးမှာ သီးခြားကွဲပြား လာသည်။ ယခင်ကဘုန်းတော်ကြီးများ လက်ဝယ်သက်သက်၌သာရှိသော ဥပဒေကိစ္စရပ်တို့မှာ နိုင်ငံတော်၏ တရားဥပဒေအဖြစ်ပြောင်းလဲလာခဲ့ရတော့သည်။ ထိုရောမဥပဒေ (၁၂) ကျမ်းပါ အကြောင်းအချက်များကြောင့် ထိုခေတ်ထိုအခါက ရောမတို့၏လူမှုရေးနယ်ပယ်ကို ခြံငုံမိစေသည်။ လိုအပ်သြောုပပြင်ချက်များကိုလည်း ရောမ လူမျိုးအများစု၏ သဘောဆန္ဒကို ယူ၍ သာ ပြင်ဆင်ဖြည့်စွက်ကြသည်။ ထိုသို့ပြင်ဆင်ဖြည့်စွက်ရာတွင် ပြည်သူ့ လွှတ်တော်မှတဆင့် ဆီးနိတ်လွှတ်တော်သိုလည်းကောင်း၊ ဆီးနိတ်မှတဆင့် အင်ပါယာအရှင်ထံသို့လည်း ကောင်း တင်ပြအတည်ြုပပြဌာန်းသဖြင့် ရောမဥပဒေသည် အခိုင်အမာဖြစ်ပေါ်လာခဲ့သည်၊၊
ရောမတို့သည် အင်ပါယာကိုတိုးချဲ့ခဲ့ရာမှ အကြံသစ်ဥာဏ်သစ်များ ပိုမိုရရှိလာခဲ့ပြီး မူလရှိခဲ့သောဥပဒေများကို ကမ္ဘာ့အင်ပါယာ၏ အစိုးရတခုနှင့် ကိုက်ညီလျှော်ကန်မှုရှိပြီး ပိုမိုကျယ်ဝန်းလာစေရန် မူလရောမဥပဒေ (၁၂) ကျမ်း၌ပါသော ကျဉ်းမြောင်းနေသေးသည့် တရားမမှုဥပဒေကို ချဲ့ထွင် ပြဌာန်းလာကြသည်။ အကြောင်းမှာ လက်အောက်ခံပြည်နယ်ရှိလူများနှင့် ကိုက်ညီစေရန်ဖြစ်သည်။ ရောမဥပဒေ (၁၂) ကျမ်းပါတရားဥပဒေကို ဂျူးစ်ဂျင်တီယမ် (JusGentium) ဟူသော လူမျိုးဆိုင်ရာတရားဥပဒေနှင့် ဂျူးစ်နက်တရာလေ (Jus naturale) ခေါ် သဘာဝတ္တတရားဥပဒေ နှစ်ရပ်ကိုခွဲခြားကာ ညွန်ကြားပြဌာန်းခဲ့ကြသည်၊၊
တရားစီရင်မှုအာဏာကို ပရေတာ  (Preator) ခေါ် တရားသူကြီးများထံ၌ အပ်နှင်းထားသည်။ တရားခွင်မှ စီရင်ထုံးမှတ်တမ်းများကိုလည်း နောင်ဆက်ခံမည့်တရားသူကြီးများက သာဓကထား၍ အကိုးအကားပြုကာ တရားစီရင်ကြရသည်။ လက်အောက်ခံကိုလိုနီနယ်များရှိ ရောမတို့နှင့် အမျိုးခြင်းမတူသော အမျိုးသားများနှင့် ကိုက်ညီအောင် လူမျိုးရေးဆိုင်ရာဥပဒေများကိုပါလိုက်လျှော ညီစြွာုပပြင်ပြဌာန်းပေးသည်။ ရောမအင်ပါယာကြီးကျယ်ပြန့်လာသည်နှင့်အမျှ သဘာဝခြင်းမတူသော နိုင်ငံအများအပြားမှ ပြဿနာရပ်များ ပိုမိုရူပ်ထွေးခဲ့ရာတွင် တရားသူကြီးများက ထိုပြဿနာရပ်များ ဖြေရှင်းနိုင်ရန် ထပ်မံစီစစ်ပြီး ဥပဒေကိုတိုးချဲ့လာ ရသည်။ ထိုသို့တိုးချဲ့ရာတွင် ဇေနိ၏ (ဘီစီ ၃၃၆ -၂၆၄ ) ဂရိတို့၏ စင်္ကြာဝဠာတရားနှင့် လူ့အခြေခံ အခွင့်အရေး သဘောတရားများမှ ဥပဒေချဲ့ထွင်ရန်အတွက် အဓိကလွှမ်းမိုးခဲ့လေသည်၊၊
စင်္ကြာဝဠာတရားအရ ကမ္ဘာသားများသည် သွေးချင်းသားခြင်းများဖြစ်ကြသည်ဟူသော အယူအဆနှင့် ဂရိတို့၏ လူ့အခြေခံသဘောတရားများဖြစ်သော လွတ်လပ်မှု၊ ညီမျှမှု၊ တရားမျှတမှုတို့သည် ရောမဥပဒေ (၁၂) ကျမ်း၏ ကျဉ်းမြောင်းသောနယ်နမိတ်ကို ချဲ့ထွင်နိုင်ခဲ့လေသည်။ သို့ကြောင့် လူမျိုးအားလုံးနှင့်ဆိုင်သော အခြေခံများနှင့် လူ့သဘာဝနှင့်ဆိုင်သော အခြေခံတို့သည် တရားဥပဒေ၏ ဘောင်အတွင်းသို့ ၀င်လာခဲ့လေသည်။ စင်္ကြာဝဠာ တရားအရ လူသားတို့သည် သဘာဝအားဖြင့် လွတ်လပ်စွာမွေးဖွားလာခြင်းကြောင့် ညီမျှသောအခွင့်အရေး တို့ကို ခံစားနိုင်ခွင့်ရှိရမည်ဟူသော သဘောတရားသည် လူ့အခြေခံအခွင့်အရေးများအဖြစ် လက်ခံလာကြသည်။
ရောမတို့၏လူမျိုးရေးဆိုင်ရာတရားဥပဒေနှင့် သဘာဝတ္တတရားဥပဒေတို့သည် နောင်အခါ၌ ဒပ်ခ်ျလူမျိုး ဥပဒေ ပါရဂူ ဟူဂိုး-ဂရိုးတီးယပ်  ရေးဆွဲသည့် အပြည်ပြည်ဆိုင်ရာ တရားဥပဒေ၏ အရေးပါသောအစိတ်အပိုင်းများ ဖြစ်လာခဲ့ပေသည်၊၊
ရောမတို့၏အုပ်ချုပ်ပုံစနစ်တွင် လက်တွေ့လေ့ကျင့်ရာမှ ထိုကဲ့သို့သော စနစ်အမျိုးမျိုးမှ ကောင်းသောအချင်း အရာများကို ပေါင်းစပ်ထားနိုင်၍ တိုင်းပြည်တည်တံ့ခဲ့ခြင်း ဖြစ်သည်ဟုဆိုခြင်းဖြစ်သည်၊၊  ရောမအုပ်ချုပ်ပုံ စနစ်ကို ဆန်းစစ်ရာတွင် အစိုးရအသွင်အမျိုးမျိုးထဲမှ ကောင်းသော အခြင်းအရာများကိုလည်းကောင်း၊ အုပ်ချုပ် ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဟူသည့် နိုင်ငံတော်အာဏာ (၃) ရပ်တို့အချင်းချင်း အပြန်အလှန်ထိန်း ကျောင်းခြင်းကိုလည်းကောင်း စနစ်တကျ ပေါင်းစပ်ထားသည်ကို တွေ့ရသဖြင့် ရောမသည် အခြားသော အလားတူနိုင်ငံများကဲ့သို့ ပျက်စီးမည့်ဘေးမှ တားဆီးကာကွယ်ပြီးသားဖြစ်သည်ဟူ၍လည်းကောင်း ရောမသမိုင်း စာအုပ်များတွင် ရေးသားဖေါ်ပြထားသည်ကို တွေ့ရှိရပေသည်၊၊
ဂရိနှင့်ရောမတို့၏ကွာခြားချက်မှာ ဂရိတို့သည် လွတ်လပ်ခြင်းနှင့်ဒီမိုကရေစီ သဘောတရားများကိုအခြေခံပြီး၊ ရောမတို့သည် တရားဥပဒေစိုးမိုးရေး၊ ငြိမ်ဝပ်ပိပြားရေးနှင့် စည်းလုံးညီညွတ်ရေးတို့ကို အလေးအနက်ထား၍ တိုင်းပြည်အားစီမံကွပ်ကဲခဲ့သည်။ ဂရိတို့၏ ပျော့ညံ့ချက်မှာ အမျိုးသားတရပ်လုံးကို ခိုင်မြဲအောင်စည်းရုံးရန် မစွမ်းဆောင်နိုင်ခဲ့ချေ၊ ဂရိတို့၏ ပျော့ညံ့ချက်သည် ရောမတို့အတွက်သင်ခန်းစာရခဲ့သည်။ ရောမတို့သည် နိုင်ငံ အတွင်း၌ ငြိမ်ဝပ်ပိပြားရေး၊ စည်းလုံးရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို အထူးကြိုးစားပြီး တဖက်မှလည်း အနောက်ကမ္ဘာ တ၀ှမ်းကိုချုပ်ကိုင်ခဲ့သည်။ ရောမနိုင်ငံအတွင်း၌ စည်းလုံးညီညွတ်ရေး၊ တရားဥပဒေရေးရာ၌ လူတိုင်းတရားမျှတမှုရှိရေးနှင့် လူသားတိုင်းချစ်ကြည်ရေးဟူသော ရောမတို့၏ထုံးစံဓလေ့များမှာ ယ္ခုခေတ်တိုင် တန်ဘိုးရှိသော သဘောတရားများဖြစ်ထင်ကျန်ရစ်ကြသည်၊၊ အချုပ်အားဖြင့်ဆိုလျှင် ရောမတို့၏ ကြံဆတွေး တောချက်မှ ဖြစ်ပေါ်လာသော တရားဥပဒေအခြေခံသဘာတရားတို့သည် ယနေ့ ခေတ်ကမ္ဘာသို့ တိုင် ကျေးဇူး ပြုခဲ့ပေသည်။
ရောမလူမျိုးတို့၏အယူဝါဒအရ ဥပဒေတို့သည်တိုင်းပြည်၏ ဦးဆောင်ဖြစ်သော အာဏါပိုင် အရာရှိတို့က တိုင်းပြည်အတွက်ထုတ်ပြန်သော အမိန့်များဖြစ်သည်ဟူသော အယူအဆနှင့် ကြူတန် Teutonic (ဂျာမန်) အယူဝါဒအရ  ဥပဒေတို့သည် တိုင်းသူပြည်သားတို့၏ မိရိုးဖလာအလေ့ အကျင့်များဖြစ်သည်ဟူသည့် ခြားနား သောယူဆချက်အရ ၄င်းအယူအဆနှစ်ခုကိုပေါင်းစပ်ပြီး ယခုခေတ်ကာလ ဥပဒေများဖြစ်ပေါ်လာရခြင်းဖြစ် သည်ဟုဆို နိုင်လေသည်၊၊

၁ - ၅။ ဥပဒေစိုးမိုရေးသဘောတရား အယူအဆများ
ဂရိတွေးခေါ်ရှင် ဆိုကရားတဲစ်  (BC - ၄၆၉-၃၉၉) သည် “လူများကို အသိပညာပေးမှသာ အမှန်တရား ထွန်းကားနိုင်မည်။ လူအများလက်ခံနိုင်မည့်ဥပဒေများကိုလည်း အာဏာဖြင့်ပြဌာန်းပေးရမည်။ လူအများ ကလည်းဥပဒေကို စောင့်သိရိုသေရမည် ဟု အသိဉာဏ်ရင့်သန်မှုနှင့် ဆင်ခြင်တုံတရားရှိမှုကို ဟောပြော မှတ်တမ်းပြုခဲ့သည်။
ပလေတို  (BC - ၄၂၇-၃၄၇) သည်လည်းကောင်း၊ ယင်း၏တပည့် အရစ္စတိုတယ်  (BC -  ၃၈၄-၃၂၂) သည် လည်းကောင်း လက်တွေ့နှင့်ကိုက်ညီသော ဒီမိုကရေစီနိုင်ငံမျိုးကို မျှော်မှန်းခဲ့ကြသည်။ နိုင်ငံကိုဥပဒေအရသာ လျှင် အုပ်ချုပ်ရမည်ဟူ၍ တရားဥပဒေစိုးမိုးရေးကိုဖေါ်ထုတ်ရေးသားခဲ့သည်။ ၄င်းပြင် နိုင်ငံကိုအုပ်ချုပ်ရာတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဟူ၍ ခွဲခြားလုပ်ဆောင်ရမည်ဟူ၍ အရစ္စတိုတယ်ကဆိုခဲ့သည်။ အဆိုပါပညာရှင်တို့သည် မိမိခေတ်ကာလ၌ အုပ်စိုးသူတို့၏ ပရမ်းပတာပြုလုပ်မှုများ၊ မတရားသောအမိန့် အာဏာများကို ဆန့်ကျင်ခဲ့ကြသူဖြစ်ပြီး မိမိတို့၏ အယူအဆအတွေးအခေါ်တို့ဖြင့် ဂရိပြည်သူတို့အား အသိ တရားတိုးတက်ဖွံ့ဖြိုးအောင် သွန်သင်ဆုံးမခဲ့လေသည်။
လူ့အဖွဲ့အစည်းသည် စည်းမဲ့ကမ်းမဲ့ပရမ်းပတာဖွဲ့ထားခြင်းဖြင့် ခိုင်မာမှုမရှိဘဲ ပျက်စီးရမည် ဖြစ်ကြောင်း လူတွေ ကိုအသိပညာပေးခြင်းဖြင့် အမှန်တရားကအုပ်စိုးနိုင်မည်ဖြစ်ကြောင်း လူအများလက်ခံနိုင်မည့် ဥပဒေများကို အာဏာဖြင့်ပြဌာန်းပြီး လူ့အဖွဲ့အစည်းကို တည်ထောင်ရမည်ဖြစ်ကြောင်း အသိဥာဏ်နှင့် ဆင်ခြင်တုံတရား ရှိသူ များသာ အုပ်ချုပ်သူနှင့်တရားသူကြီးများ ဖြစ်သင့်ကြောင်း၊ နိုင်ငံကိုဥပဒေအရသာအုပ်ချုပ်ရမည်၊ လူပုဂ္ဂိုလ်ထက် ဥပဒေအုပ်စိုးရေးကိုသာ အလေးထားရမည်ဖြစ်ကြောင်း ပြောဆိုသွန်သင်ခဲ့ပြီး ပရမ်းပတာဖြစ်မှုတားဆီးရေးနှင့် တရားဥပဒေစိုးမိုးရေး အတွေးအခေါ်များ ရှိရန်လှုံ့ဆော်ခဲ့လေသည်၊၊
တရုပ်ပညာရှိကြီး ကွန်ဖျူးရှပ် (ဘီစီ ၅၅၁-၄၇၈) ၏ ၀ါဒမှာ လူ၏ကိုယ်ကျင့်တရားကောင်း မွန်ရေးဝါဒဖြစ်ပြီး အုပ်စိုးသောမင်းများသည် ပြည်သူပြည်သားအား စံနမူနာကောင်းပြသ၍ တရားနည်းလည်းကျစွာဖြင့် အုပ်ချုပ် ရန် ဟောပြောခဲ့သည်။ ၄င်းက အုပ်ချုပ်သူတို့၏တာဝန်မှာ ကောင်းမွန်သောလူ့ကျင့်ဝတ်များကို စံပြအနေဖြင့် လုပ်ကိုင်ပြရန်ဖြစ်သည်။ လူတော်လူကောင်းဖြစ်မှသာလျှင် အမှန်တရားမြင်လာ၍ လူစိတ်ရှိလာမည်။ “လူတော် လူကောင်းသည် မြားပစ်သူနှင့်တူသည်၊ မြားပစ်သူသည် မိမိပစ်သော မြားချက်လွဲသွားပါက မိမိကိုယ်၌ပင်အပြစ် ရှာလေသည်။ ထိုနည်းတူစွာ လူတော်လူကောင်းသည် မိမိအမှားကို မိမိသိမြင်သည်။ ပြည်သူလူထုကိုပြုပြင် ရာ၌ အပြစ်ပေးခြင်းမပြဘဲ၊ ပညာပေး၍ပြုပြင်ရမည် စသဖြင့် ဟောပြောခဲ့လေသည်။
မိုတီ  (ဘီစီ ၅၀၀- ၃၉၆) ဆိုသူသည် အုပ်စိုးသူအထက်တန်းလွှာတို့၏ ပရမ်းပတာ ပြုလုပ်မှုကို များစွာ ပြစ်တင် ရှုံ့ချခဲ့သည်။ မိုတီသည် ဘာသာရေးဆရာတဦးဖြစ်သော်လည်း တရုတ်လူနေမှုစနစ်၏ တရားမျှတမှုကင်းမဲ့ခြင်း ရှိသည့်အပေါ်တွင် များစွာဆန့်ကျင်ခဲ့သူဖြစ်သည်၊၊
တရုပ်ပညာရှိ လောင်ဇီ သည် အုပ်စိုးသူတို့၏နည်းလမ်းမကျသော စီရင်မှုများကြောင့် လူ့အဖွဲ့အစည်းသည် အနိဠာရုံမှကင်းလွတ်နိုင်မည်မဟုတ်ကြောင်း သူ၏ တအိုတေးချင်း၊ (Tao te Ching) ၌ လူတွေကို ဟိုဟာ မလုပ်ရ၊ ဒီဟာမလုပ်ရဟု ပိုမိုတားမြစ်လေလေ လူတို့သည် ပို၍ဆင်းရဲလေလေဖြစ်မည်။ ထက်မြက်သော လက်နက်များကို လူတွေပို၍ပိုင်ဆိုင်လေလေ တိုင်းပြည်တလွှားတွင် အမိုက်မှောင်ဖုံး၍ ကြမ်းကြုတ်ရက်စက် မှုများ ပို၍ထူပြောလေလေဖြစ်မည်။ ကျင်လည်ပါးနပ်၍ ကောက်ကျစ်စဉ်းလဲသောလူတွေပေါလေလေ အဖျက် လုပ်ငန်းများကို ပိုမိုတီထွင်ကြလေလေဖြစ်မည်။ အမိန့်တွေ ဥပဒေတွေများလေလေ၊ လူဆိုးသူခိုးတွေ ပေါလေ လေဟူ၍ ရေးသားဖေါ်ထုတ်ခဲ့သည်။
အလယ်ခေတ်နှောင်းပိုင်း (ပြုပြင်ရေးခေတ်) တွင် ပြုပြင်ရေးသမားများပေါ်ထွန်းလာခြင်းက ဘုရင့်အာဏါနှင့် ဘာသာရေးအာဏါတို့၏ သြဇာကိုလုံးဝပြတ်စဲစေရုံသာမက၊ နောင်အခါတွင်ဘုရင့် အာဏာနှင့် လူထုအာဏာ ပြိုင်ဆိုင်ရေးအထိ လမ်းစဖွင့်ပေးနိုင်ခဲ့သည်။
မာတင်လူသား (၁၄၀၃-၁၅၄၆) သည် ဂျာမန်ြုပပြင်ရေးသမားတဦးဖြစ်ပြီး မတရားအုပ်ချုပ် ချယ်လှယ်မှု အောက်၌ ပြည်သူတို့သည် မိမိကိုယ်ကိုမိမိကာကွယ်ခွင့်ရှိရမည်။ ဧကရာဇ်ဘုရင်က ဥပဒေကို မျက်နှာလွဲ ခဲပစ်လုပ်လျှင် ပြည်သူတို့ကဘုရင်၏ သြဇာကိုခံရန်မလိုဟု ပြည်သူများအား သင်ကြားခဲ့လေသည်။ အုပ်ချုပ်သူ သည်မိမိအုပ်ချုပ်မှုနယ်နမိတ်အတွင်းတွင် ဥပဒေကသာလျှင်အစစ စိုးမိုးရမည်ဟု ညွန်ပြခဲ့သည်၊၊
၁၆ ရာစုနောက်ပိုင်း၌ ပြည်သူလူထုထဲတွင် အချုပ်အချာအာဏာတရပ် ရှိရမည်ဟူသော အယူအဆများ၊ ဘုရင်စနစ်ကိုဆန့်ကျင်သော အယူအဆများ ပိုမိုကျယ်ပြန့်စွာဖြစ်ပေါ်လာခဲ့သည်။ ထိုခေတ်ကာလ ဘုရင်စနစ် ဆန့်ကျင်ရေးတွေးခေါ်ရှင်များနှင့် တရားဥပဒေစိုးမိုးရေး သဘောတရားများကို လက်ခံယုံကြည်ခဲ့သူများ ပေါ် ပေါက်ခဲ့ပြီး မိမိတို့တွေးခေါ်မျှော်မြင်မှုဖြင့် ပြည်သူတို့အား အသိဉာဏ်ဖွံ့ဖြိုးစေခဲ့သည်၊၊
ပြင်သစ်ပြည်သား ဥပဒေပညာရှင် ဘိုဒင် က အုပ်စိုးသူဘုရင်အနေဖြင့် ပြည်သူများ၏ တရားဝင်ပိုင်ဆိုင်သော ပုဂ္ဂလိကပိုင်ပစ္စည်းများကို  ၀င်ရောက်နှောက်ယှက်ခွင့်မရှိကြောင်း၊ ဘုရင်ကိုယ်တိုင်က တရားစီရင်ခြင်းကို လိုလားသူမဟုတ်ဘဲ တရားစီရင်မှုအာဏာကို တရားသူကြီးများလက်သို့ အပ်နှံရမည်ဖြစ်ကြောင်း ဖေါ်ထုတ် ခဲ့သည်၊၊
ဒပ်ခ်ျလူမျိုး တရားသူကြီးဖြစ်သော  ဟူဂိုး- ဂရိုးတီးယပ် က လူတိုင်းသည်သဘာဝအားဖြင့် စုပေါင်းနေထိုင် ကြသဖြင့်၊ အများအကျိုးကိုလိုလားသောအခြေခံသည် လူသားများ၌ရှိသည် ဆင်ခြင်တုံတရားနှင့်အညီ လူ့အဖွဲ့အစည်းတရပ်တည်တံ့ရန် ကိုယ်ကျင့်တရားကောင်းမွန်မှုနှင့် တရားမျှတမှုရှိရမည်ဟုသူကဆိုသည်။ နိုင်ငံဟူသည်လွတ်လပ်သူများစုဝေးရာဖြစ်၍ အများအကျိုးကို ကာကွယ်ရန်နှင့်မြှင့်တင်ရန်အတွက် လူတိုင်း သည် ဥပဒေကိုခံစားခွင့်ရှိရမည်ဟု ပြောဆိုခဲ့သည်။
ဂျွန်မီးလ်တန်  John Milton (၁၆၀၈ -၁၆၇၀) က လူထုသာလျှင် အချုပ်အခြာအာဏာပိုင်ဖြစ်၍ ဥပဒေအရ အုပ်စိုးခြင်းသည် လူအများ၏ဆန္ဒအရဖြစ်ရာ လူအများကတရားဥပဒေအတိုင်း လိုက်နာရမည်ဟုဆိုသည်။ အဆုံးစွန်သော နိုင်ငံရေးအာဏာပိုင်မှာ ပြည်သူများပင်ဖြစ်သည်။ ထို့ကြောင့် ပြည်သူတို့သည် ဘုရင်ကို နန်းတင်ခွင့်ရှိသလို၊ ဖြုတ်ချပိုင်ခွင့်လည်းရှိသည်ဟု ဆိုခဲ့ပေသည်။
လူ့အဖွဲ့အစည်းတခုသည် စည်းစနစ်ကျစွာဖြင့်ဖွဲ့စည်းတည်ဆောက်ရမည်ဖြစ်ပြီး  ၎င်းအဖွဲ့အစည်းအား ထိန်းချုပ် ကွက်ကဲနိုင်ရန် စည်းကမ်းနှင့်အုပ်ချုပ်စီမံရမည်ဆိုသည်မှာ ထိုခေတ်ကတည်းက ရှိခဲ့သည့်အယူအဆဖြစ်သည်၊၊ ထိုအယူအဆများကြောင့်ပင် အုပ်စိုးသူဘုရင်များ၏ ထင်သလို ပြုမူနိုင်သောအာဏာပိုင်မှုကို ကန့်သတ်သော နည်းလမ်းများ၊ ဆန့်ကျင်မှုများ ပေါ်ထွန်းခဲ့လေသည်၊၊
(၁၉) ရာစု၊ ထိပ်တန်းအမေရိကန်သတင်းစာဆရာ ဒေါက်တာဂျိုးဇီယာဟော်လန် Dr. Josiah Holland ကမူ တရားဥပဒေသည် လူအားလုံးအတွက် တစ်ဦးခြင်းလွတ်လပ်ခွင့်များကို အကာအကွယ်ပေးသည်ဟု မှတ်ချက် ချခဲ့သည်။ ထိုပညာရှင်၏အဆိုအားဖြင့် တရားဥပဒေစိုးမိုးမှုသည် လူအားလုံးအတွက် အခြေခံလွတ်လပ်ခွင့် များကို အာမခံချက်ပေးနိုင်ကြောင်းထင်ရှားပေသည်။
မျက်မှောက်ခေတ်၌ လူ့အဖွဲ့အစည်းအသီးသီးတို့ လက်ခံသည့်မူတစ်ရပ်မှာ တရားဥပဒေ စိုးမိုးရေးသည် အမျှော် အမြင်ရှိသောကမ္ဘာ့နိုင်ငံများမှအစိုးရများ၊ ခေတ်မီစီးပွားကုန်သွယ်ရေးနှင့် ယဉ်ကျေးသောလူ့အသိုင်းအ၀ိုင်းတွင် မရှိမဖြစ်လိုအပ်လျှက်ရှိသည်ဟူ၍ဖြစ်သည်။ တရားဥပဒေစိုးမိုးရေးသည် နိုင်ငံတကာဆက်ဆံရေးတွင် အထူး လိုအပ်ခြင်းမှာလည်း နိုင်ငံတကာဥပဒေမှ ချမှတ်သော အခြေခံစည်းမျဉ်းများအပေါ်၊ နိုင်ငံအချင်းချင်းသည် လိုက်နာဆက်ဆံရမည်ဖြစ်ပြီး၊ နှစ်နိုင်ငံအကြားချုပ်ဆိုသော စာချုပ်စာတမ်းများဖြင့်သာ နှစ်နိုင်ငံပဋိပက္ခများကို ရှောင်တိမ်းနိုင်မည် ဖြစ်သည့်အပြင်၊ ပဋိပက္ခသည် ကြမ်းကြမ်းရမ်းရမ်းဖြစ်လာလျှင်လည်း ဆုံးရှုံးမှု နည်းသထက် နည်းအောင် ကာကွယ်နိုင်ခြင်းကြောင့်ဖြစ်သည်။
တရားဥပဒေ၏အောင်မြင်မှုများသည် ယနေ့ခေတ်အချိန်၌ကြီးစွာသော စိန်ခေါ်မှုကြီးတရပ်အဖြစ် တည်ရှိနေပြီ ဖြစ်သည်။ သို့ရာတွင်နိုင်ငံအများအပြားက များမြောင်လှသော လူမှုလှုပ်ရှားမှုများကို ထိန်းချုပ်နိုင်ရန်အလို့ငှာ ဥပဒေကိုအမျိုးမျိုးကို ထုတ်ပြန်ခဲ့သော်လည်း ဆောင်ရန်၊ ရှောင်ရန် ကိစ္စများနှင့်စပ်လျဉ်း၍ အတိအကျ၊ ယန္တယား ဆန်ဆန်လိုက်နာမှုတွင် အားနည်းနေသေးသည်ကို တွေ့ရသည်။ လူတို့သည် ကိုယ်ကျင့်တရားသွန်သင်ချက်နှင့် အများကောင်းကျိုးအတွက် အလေးဂရု ပြုရမည်ဖြစ်ပြီး ကိုယ်ကျင့်တရားကောင်းမွန်ခြင်းဖြင့်သာ တရားဥပဒေ အားမြှင့်တင်ပေးရာကျပါသည်။ သို့ဖြစ်၍ ကိုယ်ကျင့်တရား သေးသိမ်မှေးမှိန်သွားခဲ့ပါလျှင် တရားဥပဒေသည် မိမိဆောင်ရွက်ရမည့်အလုပ်ကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် ဆောင်ရွက်နိုင်တော့မည် မဟုတ်ချေ။
           



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...