အမှန်တရားကို လမ်းခင်း၍ ဆက်လျှောက်ကြမယ်
ကိုဝ
သမ္မတဦးသိန်းစိန်
ဦးဆောင်တဲ့ အစိုးရအဖွဲ့အသစ်ရဲ့လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ပြည်တွင်း၊ ပြည်ပမှာရှိတဲ့
စောင့်ကြည့်လေ့လာသူ အများစုက မြန်မာနိုင်ငံ
ဒီမိုကရေစီ လူ့အဖွဲ့အစည်းအဖြစ် အသွင်ပြောင်း ပုံဖော်ရာမှာ အားတတ်စရာတွေ တွေ့ရပါတယ်လို့
ကြိုဆိုအားပေးစကားတွေ ဆိုကြပါတယ်။ ဒီလိုကြိုဆိုအားပေး စကားပြောဆိုနေကြတာရဲ့ အခြေခံသဘောက
ဘာလို့တွေ့ကြည့်မိပါတယ်။ အဓိကအခြေခံသဘောကတော့ နှစ်ပေါင်းများစွာ လက်မခံ ငြင်းပယ်ခဲ့တဲ့
အမှန်တရားကို အသိအမှတ်ပြု လက်ခံခဲ့ခြင်းပါ။
အရင်တုန်းက
အစိုးရအဖွဲ့နဲ့အတွေးအခေါ်အယူအဆခြင်းမတူတဲ့ နိုင်ငံရေးအင်အားစုတွေ ရှိနေတယ် ဆိုတာကို အသိအမှတ်ပြုလက်ခံခဲ့ခြင်းမရှိပါဘူး။
ဒီအမှန်တရားကိုငြင်းပယ်ခဲ့ခြင်းရဲ့ အကျိုးအဆက်က တော့ တွေ့ဆုံဆွေး နွေးရေးလုပ်ငန်းစဉ်အပေါ်
လေးလေးနက်နက်ခိုင်ခိုင်မာမာ မရှိခဲ့ခြင်းပါ။ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အဖွဲ့သစ်အနေနဲ့
၂၀၀၈ ခုနစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်မခံတဲ့ နိုင်ငံရေးအင်အားစုတွေ ရှိနေတယ်ဆိုတာ
ကို အသိအမှတ်ပြုလက်ခံခဲ့သလို ဒီနိုင်ငံရေးအင်အားစုတွေနဲ့ လေးလေးနက်နက်တွေ့ဆုံဆွေးနွေးနေတယ်လို့
ပြည်သူအများစုက လက်ခံယုံကြည်ထားပါတယ်။ အမှန်တရားကို ဆုပ်ကိုင်ရာမှာ ပြည်သူ့ဆန္ဒကို ဦးထိပ်ထား
ဆောင်ရွက်ခဲ့တဲ့အတွက် အခုလိုကြိုဆိုအားပေးစကားတွေ ကြားလာရတာပါ။
ဒါပေမယ့် တွေ့ဆုံဆွေးနွေးပွဲကနေ ဒီမိုကရေစီ
ပန်းတိုင်ကို ဆုပ်ကိုင်နိုင်ပါ့မလားဟု စိုးရိမ်ပူပန်နေကြသူ တွေလည်း ရှိပါတယ်။ ဒီလိုစိုးရိမ်မှုတွေ
သံသယတွေကို ဘေးဖယ်ပြီး အရှေ့အနာဂတ်ခရီး ဆက်ဖို့ဆိုတာ ပြည်သူ့ဆန္ဒကို ဦးထိပ်ထားပြီး အမှန်တရားကို ဆုပ်ကိုင်နိုင်ဖို့
လိုအပ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးကို ဇင်ဘာဘွေ နိုင်ငံရဲ့ဒီမိုကရေစီရေးနှင့်
နှိုင်းယှဉ်ကြည့်မိပါတယ်။ အစိုးရအဖွဲ့နဲ့အတိုက်အခံနိုင်ငံရေးအင်အားစု တွေအကြား ပဋိပက္ခတွေ
ခါးခါးသီးသီးဖြစ်နေတဲ့ နိုင်ငံတွေကြောင်းပြောရင်
ဇင်ဘာဘွေနိုင်ငံကို ချန်ထားလို့ မရပါဘူး။
ဒါပေမယ့် အာဏာရပါတီ (ZANU-PE) နဲ့ အတိုက်အခံနိုင်ငံရေးပါတီ
(Movement For Democratic Change-MDC) တို့အကြား နိုင်ငံရေးသဘောတူညီချက်တစ်ရပ်ကို ၂၀၀၈
ခုနစ် စက်တင်ဘာ ၁၅ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီသဘောတူညီချက်အရ ညီညွတ်ရေးအစိုးရအဖွဲ့ကို၂၀၀၉ခုနစ်
ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။ အာဏာရပါတီ (ZANU-PE) ရဲ့ခေါင်းဆောင် မူဂါဘီက
သမ္မတအဖြစ် ဆောင်ရွက် ပြီး အဓိက အတိုက်အခံ နိုင်ငံရေးပါတီ (MDC-M)ရဲ့ခေါင်းဆောင် ဗျူတမ်ဗာရာက
ဒု-ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။နိုင်ငံရေးသဘောတူညီချက်မှာ အခုလို ရာထူးခွဲဝေ
ချထားတာအပြင် ညီညွတ်ရေးအစိုးရ လိုက်နာဆောင်ရွက်ရ မည့်အခြေခံမူတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့်
ပြဌာန်းထားပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်ရေးဆွဲရေးမှာ လိုက်နာဆောင်ရွက်ရမယ့် အခြေခံမူတွေ
အနက် အရေးကြီးဆုံးအခြေခံမူပါ။ အရေးကြီးဆုံးနိုင်ငံရေးရည်မှန်းချက်လည်းဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအတွက် ပါလီမန်က
ဖွဲ့စည်းပေးထားတဲ့ ပါလီမန်ဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးရာ ကော်မတီရှိပါတယ်။ ဒီပါလီမန်ကော်မတီအောက်မှာ ပူးတွဲ အကောင်ထည်ဖော်မှု
ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းထားပါတယ်။ ဒီပူးတွဲကော်မတီကို အထောက်အပံ့ ပြုရတာကတော့
လုပ်ငန်း အကောင်ထည်ဖော်မှုစိစစ်သုံးသပ်ရေးအဖွဲ့ပါ။ အောက်ဆုံးအဆင့်မှာတော့ ပြည်သူလူထုရဲ့သဘောထားကို
ကျယ်ကျယ်ပြန့်ပြန့်စုစည်းရယူဖို့အတွက်အဖွဲ့ဝင် ၁၀ ဦးစီးပါဝင်တဲ့ကွင်းဆင်းအဖွဲ့ ၇၀
ဖွဲ့ထားပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးအတွက် ဖွဲ့စည်းထားတဲ့ အဲဒီအဖွဲ့အစည်းအဆင့်ဆင့်မှာ
အာဏာရပါတီ (ZANU-PE) နဲ့ အတိုက်ခံပါတီ (MDC) ကအဖွဲ့ဝင်တွေနဲ့ ပူးတွဲဖွဲ့စည်းထားတာပါ။
နိုင်ငံရေးသဘောတူညီချက်အရ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေး ကော်မတီအဆင့်ဆင့် ဖွဲ့စည်းထားပုံက
မှန်ကန်မျှတမှုရှိပါတယ်။ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေဖြစ်တဲ့ တောင်ပိုင်း အာဖရိက ဖွံ့ဖြိုးတိုးတတ်ရေးအဖွဲ့
(Southern African Development Community –SADC) နဲ့ အာဖရိကသမ္မဂ (African
Union-All) တို့ကလည်း ဇင်ဘာဘွေ နိုင်ငံရဲ့ နိုင်ငံရေး သဘောတူညီချက်ကို အာမခံချက်ပေး
ပံ့ပိုးကူညီကြပါတယ်။
မြန်မာနိုင်ငံရဲ့အမျိုးသားပြန်လည်သင့်မြတ်ရေး
လုပ်ငန်းစဉ်ကတော့ ကနဦးအစပဲ ရှိပါသေးတယ်။ အခုချိန်အထိပြည်သူလူထုအများစုရဲ့ မျှော်လင့်ချက်ကို
ဆုပ်ကိုင်ထားနိုင်ပါတယ်။ ဒီမျှော်လင့်ချက် ခိုင်မာသထက် ခိုင်မာအောင် ဆောင်ရွက်ဖို့ဆိုရင်
တပ်မတော်က ဒီမိုကရေစီအကောင်ထည်ဖော်ရေးမှာ မှန်မှန် ကန်ကန်ရပ်တည်ရမှာဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက တပ်မတော်အနေနဲ့တပ်မတော်အနေနဲ့ပြည်သူလူထုကို
အနိုင်ထက်ပြုကျင့်မှုများ ရှိခဲ့လျှင်တိုင်ကြားနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ၂၀၁၁ခုနစ်
အောက်တိုဘာ ၂၀ ရက်နေ့က ပထမအကြိမ် ပြည်သူ့လွှတ်တော်ဒုတိယ ပုံမှန်အစည်းအဝေးတွင်ပြောကြားခဲ့တာပါ။
သူရဦးရွှေမန်း က ဒီကနေ့ကာလမှာ တပ်မတော်နဲ့ပြည်သူကြည်ဖြူဖို့လိုအပ်တဲ့အတွက် တပ်မတော်သားများဘက်က
အနေမှန် ရန် လိုအပ်သလို ပြည်သူလူထုဘက်ကလည်း မှန်မှန်ကန်ကန်ဆောင်ရွက်ဖို့ လိုအပ်တဲ့အကြောင်းကို
ဆက်ပြီးရှင်းပြခဲ့ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်အပေါ်ပြည်သူလူထုရဲ့ယုံကြည်ချက်
ပိုမို ခိုင်မာလာရေးအတွက်ကွဲလွဲချက်တွေကတော့
ရှိနေအုံးမှာပါ။ ဒီသဘောထားကွဲလွဲချက်တွေကို ဖုံးကွယ်ဖျောက် ဖျက်ဖို့မကြိုးစားပဲ ပကတိ
အမှန်တရားအဖြစ် အသိမှတ်ပြုလက်ခံဖို့ လိုအပ်ပါတယ်။ ဒီလိုအမှန်တရားဆိုတဲ့လမ်း ပေါ်လျှောက်လှမ်းနိုင်ဖို့
ဆိုရင်တော့ ဒီမိုကရေစီ ပန်းတိုင်ကို ဆုပ်ကိုင်နိုင်မှာပါ။
Ref:VOICE
ဂျာနယ် ( vol.7/No.45)
ပြည်သူ့ခေတ်၊
အတွဲ(၂)၊ အမှတ် (၆၇) မှ
0 comments:
Post a Comment