“အပြာရောင်။ အနီရောင်။ အရောင်မဲ့များနှင့်”
by ရင်နင့်အောင် on Wednesday, November 16, 2011 at 3:49pm
အခါလွန်ခြင်းများတွင်
တစ်ပတ်ရစ်နောင်တများက ရှေ့ထွက်မင်းသမီးများဖြစ်ကြသည်။ ၀ါကျကို
ဝါကျအတိုင်းထားလိုက်သောအခါ မိုးပေါ်သို့တက်ရန် လမ်းများက
မီးပွိုင့်နီကုန်ကြသည်။ နောက်တစ်ပတ်တွင် ပြုလုပ်ရန် အစီအစဉ်များက
ရေခဲတုံးများနှင့်အတူ အရည်ပျော်လို့။ ခုချိန်ဆို လေပြေများနှင့် နွေဦးသည်
ဆောင်းကို မထီမဲ့မြင် လုပ်ရော့နေဦးမည်။ အပြာရောင်။ အနီရောင်။
အရောင်မဲ့များနှင့်။
ထဖို့ ပျင်းရင်း ထလိုက်ချိန်မှာ ပြန်ထိုင်ဖို့ ဒွိဟများလည်း အတောင်ပံများနှင့် ရေကူးလိုက်ကြသည်။ ကမ္ဘာသည် အရင်လို နှစ်ဆယ့်သုံး နှစ်ပိုင်းတစ်ပိုင်း တိမ်းစောင်း မလည်တော့။ ပဲလှော်ဝါးရင်း ထန်းလျက်စားရင်း အသက်ကြီးလာသောအခါ နောက်ဆက်တွဲ ဇာတ်သိမ်းပိုင်းမဲ့ အတွေးအခေါ်များက ရေပေါ်တွင် ပေါလောပေါ်နေတော့သည်။ အပြာရောင်။ အနီရောင်။ အရောင်မဲ့များနှင့်။
မချိ မဆန့်လူနှင့် အတောမသတ်ရောဂါတို့က မတိမ်းမယိမ်းတူနေကြပါလျှင် … ဟူသော စာသားကို ဖြောင့်ဖြောင့်တန်းတန်း မဖတ်တတ်ခင် ကာဗွန်ဒိုင်အောက်ဆိုက်ကို တစ်ဝကြီး ရှူလိုက်ရသည်။ မြကန်သာ ကဗျာကို ဘယ်သူရေးပါသလဲ။ ရှိတ်စပီးယားတော့ မဖြစ်နိုင်ပါ။အသက်ရှူဖို့ နှစ်ရက်လောက်မေ့ခဲ့တုန်းက ရေထဲမှာ ရောက်နေခဲ့သည်။ ပျော်ရွှင်မှုတွေ ရောင်းသော ဈေးက ဈေးကြီးနေသဖြင့် ညဈေးတန်းဘက်သို့ ငိုစရာအဟောင်းတွေ လိုက်လံရှာဖွေမိသည်။ မီးခြစ်တစ်လုံးကို ခြစ်လိုက်တော့ စိတ်တွေ ၀ုန်းဝုန်းတောက်လာကြောင်း လမ်းကြုံလျှင် ပြောရပါဦးမည်။ အပြာရောင်။ အနီရောင်။ အရောင်မဲ့များနှင့်။
အီသီယိုပီးယားတွင် ၂၀၀၀ခုနှစ်က မိုးရေထဲမှာ ငါးများ ပါလာခဲ့ဖူးသည်။ အချို့သော တိမ်တိုက်များက စက်ဝိုင်းပုံများဖြစ်ကြသည်။ လူသည် မတ်တပ်ကြီး လမ်းလျှောက်ရပြီး ငုတ်တုတ်ကြီး ထိုင်ရသည်။ မတရားပါ။ ဆန္ဒဟူသော ၀ရမ်းပြေးနောက် လိုက်ဖမ်းနေကြသော်လည်း ဘယ်တော့မှ မမိလေခဲ့။ သူ့ကို ဖမ်းမိလျှင်တော့ ဆုကြေးမနည်းလှဟု ကြေငြာချက်ထုတ်ထားသည်။ ပိုက်ဆံအိတ်ထဲတွင် ငါးပါးသီလကို ထည့်ရင်း ကိုယ်ကျင့်တရားများကို ရောင်းစားမလို့ လုပ်တုန်း။ အပြာရောင်။ အနီရောင်။ အရောင်မဲ့များနှင့်။
တကယ်မရှိသော အရှိတရားများကို ခပ်တည်တည်နှင့် လောင်းကြေးထပ်လိုက်သည်။ အသိတရားက အောက်ကြေးပေါက်နေသည်။ လူကြိုက်မများလှ။ ဟိုတစ်နေ့က နယူးဇီလန်နှင့် ပဲရစ်မြို့များသို့ အလည်သွားလိုက်သည်။ မိုနိုပိုလီဂိမ်းပေါ်တွင် ဖြစ်သည်။ အီဂျစ်သို့ သွားချင်သော်လည်း အံစာတုန်းက မကျခဲ့။ တစ်ရက်က ကောင်းကင်ကြီး နေမကောင်းဖြစ်၍ သတင်းမေးဖို့ ကြက်ဥသွားဝယ်ရသည်။ နောက်ရက်တွင် ကြက်ဥများကား သတင်းမမေးခင် လူကောင်လေးများပေါက်လာကြသည်။ မထူးဆန်းပါ။ ကဗျာနှင့် ကမ္ဘာကို မှားယွင်း သုံးစွဲမိခြင်းကြောင့် အရင်လက အပြစ်ပေးခံရသည်။ အပြာရောင်။ အနီရောင်။ အရောင်မဲ့များနှင့်။
အိပ်ကပ်ထဲတွင် အိပ်မက်တစ်ခုထည့်ထားသည်။ အရေးပေါ် ထုတ်ကြည့်ရန်ဖြစ်သည်။ ပိုးသတ်ဆေးနှင့် ပါရာစီတမော မှားသောက်မိသည့်ညက အရမ်းအိပ်လို့ ကောင်းခဲ့သည်။ အဖြေမရှိပါ။ အဘယ့်ကြောင့်ဆိုသော မေးခွန်းမရှိ၍ ဖြစ်သည်။ အဖြေမှားပါသည်။ အဘယ့်ကြောင့်ဆိုသော် မေးခွန်းမှားနေ၍ ဖြစ်ပါသည်။ မြွေတစ်ကောင်လို အမောက်ထောင်ပြလိုက်သည်။ တီတစ်ကောင်တစ်ကောင် မဟုတ်ကြောင်း သက်သေပြချင်၍ ဖြစ်သည်။ ပျော်ပျော်နေပါ။ မနိုင်လျှင် သည်းခံပြီး မရှိလျှင် ရောင့်ရဲလိုက်ပါ။ လောကသည် အရင်လို နှမ်းမဖြူးတော့။ အပြာရောင်။ အနီရောင်။ အရောင်မဲ့များနှင့်။
ကီးဘုတ်၏ အန်းတားခလုတ်များကို သံသယဖြစ်ရင်း အင်တာနက်ဆိုသော နည်းပညာများအလယ် ကမ္ဘာပတ်လိုက်သည်။ ဘီးလုံးများအားလုံးသည် အဘယ်ကြောင့် စက်ဝိုင်းဖြစ်နေကြသနည်း။ လေးထောင့်၊ သို့မဟုတ် တြိဂံဖြစ်သင့်သည်။ အတ္တကို စပရေးဘူးတစ်အတွင်းသို့ ဂတ်စ်နှင့်ရောထည့်ထားလိုက်သည်။ အကယ်၍ ကိုယ်ချင်းစာတရားမပါသည့် အင်းဆက်ပိုးများရောက်လာပါလျှင် သူတို့ကို ထိုစပရေးဘူးဖြင့် ဖြန်းလိုက်ရန်ဖြစ်သည်။ လူတွေကို ကျီစားဖို့ သဘာဝတရားက မိုးကြိုးများ၊ မုန်တိုင်းများ၊ ငလျင်များနှင့် စောင့်နေသည်။ လူတွေကလည်း သဘာဝတရားကို အံတုဖို့ ရေကာတာဆောက်သည်။ လျှပ်စစ်ထုတ်သည်။ ကားမောင်းသည်။ လေယာဉ်မောင်းသည်။ စက်ရုံမီးခိုးခေါင်းတိုင်များ လုပ်သည်။ နူးကလီးယားထုတ်သည်။ အပြာရောင်။ အနီရောင်။ အရောင်မဲ့များနှင့်။
ကြယ်မရှိသော ကောင်းကင်ရပ်ဝန်းတွင် ကလေးတစ်ဦးက လကို ဦးထုပ်လုပ်ဆောင်းကာ နဂါးငွေ့တန်းကို နဂါးနိုင်ဓါးလုပ် ဆော့ကစားနေသည်။ ပိုးမင်းသားနှင့် ဂျိန်းစဘွန်း ခေတ်ကုန်သွားလျှင် အပျင်းပြေဆော့ဖို့ ကားသူခိုးဂိမ်းရှိသည်။ ပီတူးဂိမ်းရှိသည်။ အိတ်စ်ဘောက်စ်ဂိမ်းရှိသည်။ ပီအီးအက်စ်ရှိသည်။ ဒါနှင့် အားမရလျှင် ညကလပ်ရှိသည်။ အနှိပ်ခန်းရှိသည်။ အရက်ဆိုင်ရှိသည်။ ကာစီနိုရှိသည်။ ပရီးမီးယားလိဂ်ရှိသည်။ မြင်းပြိုင်ပွဲရှိသည်။ အပြာရောင်။ အနီရောင်။ အရောင်မဲ့များနှင့်။
ကန်ထဲမှာ အရင်လို ရေမပြည့်တော့။ ကြာပန်းများခူးလျှင်လည်း ဒဏ်ငွေပေးဆောင်ရဦးမည်။ ပျော်ပျော်ပါးပါး လှေလှော်ရင်း ရေနစ်ကြသူများအကြောင်း မီဒီယာများက သတင်းပေးထားသည်။ လောကသည် အရင်လို သာသာယာယာ မဟုတ်တော့။ မီးပုံးပျံ ဦးကျော်ရင်က ဖုန်းဆက်အကြောင်းကြားသည်။ သူပြုတ်ကျသေဆုံးရသည်မှာ တကယ်တော့ လုပ်ကြံခံရကြောင်း တီးတိုးပြောသွားသည်။ နတ်သျှင်နောက်ကို ဘယ်သူသတ်တာလဲ။ ကျွန်တော်မဟုတ်ပါ။ ကဒါဖီမဟုတ်ပါ။ ဘင်လာဒင်မဟုတ်ပါ။ သေချာတာက သူ့ရတုတွေကိုတော့ ခေတ်၏ ပြောင်းလဲနှုန်းနှင့် သွေးသားတောင်းဆိုမှုများက သတ်ဖို့ပြင်နေကြပြီ။ အပြာရောင်။ အနီရောင်။ အရောင်မဲ့များနှင့်။
ဇာတ်သိမ်းခန်းသည် ထင်သလိုမဟုတ်ခဲ့ပါလျှင် ကဲ့ရဲ့ဖို့ပြင်ဆင်နေကြသည်။ မီးခလုတ်ကို ဖွင့်လိုက်သည်။ လူတွေ ပျောက်ကုန်သည်။ အားလုံးလိုလိုသည် အမှောင်မှာပဲ မြင်ကြရတော့သည်။ လူကြီးများ ဘောလုံးပွဲလောင်းနေကြသည်။ ကလေးများ မိုရင်ဟိုနှင့် ဖာဂူဆန်ကို ကနောင်မင်းသားထက် ပိုသိလာကြသည်။ သွားပြီ။ ကျွန်တော်က မိုနိုပိုလီကစားရင်း အံစားတုံးက ထောင်ကျမည့် အကွက်သို့ ရောက်သွားသည်။ အခုချိန်ထိ အသက်ရှင်လာသမျှသည် အားလုံးမှာ မြင်ခဲ့ရသည်မှာ အပြာရောင်။ အနီရောင်။ အရောင်မဲ့များနှင့်။
ရင်နင့်အောင်

0 comments:
Post a Comment