ဂျပန်ကို အောင်ဆန်းခေါ်လာသည်
ဂျာနယ်ကျော်
ချစ်မောင်
ဤစွပ်စွဲချက် မှန်သလား၊
မှားသလား
စက္ကူဖြူစီမံကိန်းအတိုင်း
မြန်မာပြည်တည်တံ့စေလိုသောနိုင်ငံရေးသမားများ နိုင်ငံရေးဂိုဏ်းများသည် လွန်ခဲ့သည့်သုံးနှစ်အတွင်း
မြန်မာပြည်အလူးအလဲခံလိုက်ရခြင်းမှာ ဂျမန်ကို အောင်ဆန်းခေါ်လာသော ကြောင့် ဖြစ်သည်ဟူ၍ ဆိုပြောနေကြ၏။
မည်သည်အတွက်ပင်ဖြစ်စေ ဤစကားသည် မှန်၏ မမှန်၏ကို
စစ်ဆေးကြည့်ရှုရန် လိုအပ်လာ၏။ ဂျပန် ကို အောင်ဆန်းခေါ်လာခြင်းသည် ဟုတ်သည်မဟုတ်သည်ကို
စိစစ်ရန် ရှိလာ၏။
ယခုသော်စက္ကူဖြူသမား နိုင်ငံရေးဂိုဏ်းများသည်
ဗိုလ်ချုပ်အောင်ဆန်းတစ်ဦးတည်းကိုသာ ကွက်၍ သူ့ကြောင့် ဂျပန်လက်ဝယ်မြန်မာပြည် ကျေပျက်ရသည်ဟု
စွပ်စွဲချက်တင်နေခြင်းမှာ သူတို့၏စေတနာ ဘယ်ပုံ ရှိသည်ဟု ထင်ရှားလှ၏။
တရားခံအစစ်များ
မည်သို့ပဲဖြစ်စေ
ဂျပန်အား မြန်မာပြည်သို့ရောက်အောင် ခေါ်ဆောင်လာသော တရားခံအစစ်ကို ကျွန်ုပ်တို့သည် ကမ္ဘာနိုင်ငံရေးကို
နားလည်သောအားဖြင့် ဆွဲထုတ်၍ပြသရပေအံ့။
ကျွန်ုပ်တို့သည် ဂျပန်များမြန်မာပြည်သို့ရောက်အောင်
ခေါ်ဆောင်လာသောတရားခံအစစ်ကို အင်္ဂလိပ် များ၏ ဓနရှင်စနစ်တွင် သွား၍ရှာဖွေတွေ့ရှိရ၏။
အင်္ဂလိပ်တို့သာလျှင်တရားခံများဖြစ်ကြ၏။ အင်္ဂလိပ်ဟု
ခေါ်ဆိုရာ၌ အင်္ဂလိပ်ပြည်သူ၊ ပြည်သားလူ အများပေါ်တွင် အုပ်ချုပ်လျှက်ရှိခဲ့သော ဘိလပ်အစိုးရတို့နှင့်
၎င်းတို့ဝါဒစနစ် ကျင့်ထုံး၊ ကျင့်နည်းကို အထူးအားဖြင့် ဆိုလိုပါ၏။
ဂျပန်တို့ မြန်မာပြည်ကို ဝင်ရောက်မွှေနှောက်ခြင်း
အခြေသို့ရောက်ရှိခြင်းအတွက် တရားခံများကို ရှာဖွေရင်လည်း ပထမ ဘီလပ်အစိုးရကိုပင် တွေ့မြင်ရလျက် ဒုတိယတွင် မြန်မာပြည်ရှိ အင်္ဂလိပ်ဘုရင်ခံအစိုးရ တို့ကိုတွေ့မြင်ရ၏။
ဤသူတို့သာလျှင် တရားခံအစစ် ဖြစ်ကြ၏။ ဤစကားများကို ပေါတန်စွာပြောဆိုခြင်းမဟုတ်၊ ရာဇဝင်သဘောဖြင့်
အထပ်ထပ်စောကြောပြောဆိုခြင်းသာဖြစ်၏။ ၁၉၄၂ ခုနစ်တွင် ဂျပန်တို့ မြန်မာပြည်သို့ ဝင်ရောက်၍
မွှေနှောက်ချောက်ချားနိုင်ခြင်းမှာ လွန်ခဲ့သည့် အနှစ် ၅၀အတွင်းက အင်္ဂလိပ်တို့၏ စနစ်ကြောင့်ပင်
ဖြစ်၏။ ထိုစနစ်ပြစ်ဟူသမျှကို မြန်မာပြည်သည်ကုန်း၍ ခံလိုက်ရခြင်းမျှသာဖြစ်၏။
ရှင်းဦးအံ့၊
၁၉၀၀ပြည့်နှစ်မတိုင်မီအထိ အင်္ဂလိပ်တို့သာလျှင် ပစိဖိတ်သမုဒ္ဒရာနှင့် ကမ္ဘာအရှေ့ဖျားတွင်
စိုးမိုးမင်း မူနိုင်ခဲ့ကြ၏။ တရုတ်ပြည်ကြီးမှာ ဘိန်းစစ်များဖြစ်ပွားပြီးသည်အချိန်ကစ၍
အင်္ဂလိပ်တို့၏ အောက်၌ စင်းစင်းခံ လျက်နေခဲ့ရ၏။ တရုတ်ပြည်၏ စီးပွားရေးတစ်ခုလုံးပင် အင်္ဂလိပ်တို့
ချယ်လှယ်သလိုဖြစ်နေခဲ့ရ၏။
တရုတ်ပြည်မှာ အင်္ဂလိပ်ခေါင်းဆောင်သည့် ဥရောပနိုင်ငံများ၏
စီးပိုးခြင်းကို ခံယူလျှက်ရှိနေခဲ့၏။ ၁၉၀၀သို့ ရောက်တော့မည်ဆိုလျှင်ပင် အင်္ဂလိပ်တို့၏
အရှေ့ဖျားရာဇပလ္လင်မှာ တုန်လှုပ်လာ၏။ ၁၈၉၈ခုနစ်တွင် အမေရိကန်က ဖိလစ်ပိုင်ကိုသိမ်းခြင်းဖြင့်
ထိုအချင်းအရာသည် သိသာ၏။ ၁၈၉၉ခုနစ်တွင် အမေရိကန်ပြည်ထဲ ရေးဝန် ဂျွန်ဟေးက တရုတ်ပြည်သည်
မည်သည်နိုင်ငံတစ်ခုကိုမျှ ကာသာခွင့် ထူးထူးခြားခြားမပေးခဲ့ရ။ ကုန်ကူး လိုသော နိုင်ငံများတိုင်းသို့
တံခါးဖွင့်ပေးထားမည်ဟု တောင်းဆိုလိုက်၏။ ၁၈၉၈ခုနစ်တွင် ဂျာမနီက ကွေ့ချောင်းပင်လယ်အော်ကို
တရုတ်တို့ထံမှ မရအရယူ၍ ငှားကြ၏။ ဤသို့ငှားပြီးလျှင် ရေတပ်စခန်းချဖို့လုပ် လာ၏။
ဤတွင် ထိုသူတို့၏ အစီအမံကိုကာကွယ်ရန် သဘောဖြင့်
အင်္ဂလိပ်တို့ကလည်း ဝေဟိုင်းဝေးကို ငှား၏။ ၁၉၀၀ပြည့်နှစ်တွင်
ဂျမနီက ရေတပ်ချဲထွင်ဖို့ ဥပဒေပြုလိုက်ရာ အင်္ဂလိပ်တို့မှာ ဥရောပတိုက် မြောက်ပိုင်း ပင်လယ်၌
ရေကြောင်းရန်ခုခံဖို့ တိုးချဲ့ပြင်ဆင်ရပြန်၏။ အရှေ့တိုင်းမှာရော အနောက်တိုင်း မှာပါ
အင်္ဂလိပ်တို့၏ စားကျက်အနေကျုံ့လာခြင်းကို သတိပြုကြဖို့ဖြစ်၏။
အရှေ့တိုင်းတွင် အခြားဥရောပနိုင်ငံများက
အသီးသီးပြင်ဆင်လာကြသောအခါ အင်္ဂလိပ်တို့သည် ၁၉၄၂ခုနစ်တွင်
ကျွန်ုပ်တို့ မြန်မာပြည် ထွားထွားညက်ညက်ကျေအောင် နှောက်မွေချောက်ချားစေနိုင်မည့် အာနိသင်ရှိသော
အလုပ်ကိုစတင်လိုက်၏။
၁၈၉၄ခုနစ်တွင် ထိုစဉ်က ထိုနေရာ၌ ဒုတိယတန်းမျှလောက်သာရှိသေးသည့်
ဂျပန်ပြည်နှင့် တိုက်ရိုက် မဟာမိတ် ဆက်သွယ်ပူးပေါင်းသည့်စာချုပ်ကို ချုပ်ဆိုလိုက်ရ၏။
ဂျပန်ရေတပ်ကိုတည်ပေး၏။ ပစ္စည်းရှာပေး၏။ သင်ကြားပြသပေး၏။
စာချုပ်ချုပ်၍ ၁၄ ရက်မျှသာရသေးစဉ် ဂျပန်သည်
အင်္ဂလိပ်အားကိုးရပြီးဖြစ်၍ တရုတ်ပြည်ကို ပထမဆုံးအကြိမ်တိုက်လေတော့၏။ ဤစစ်ကားပထမ တရုတ်-ဂျပန်စစ်
၁၈၉၄-၉၅ခုနစ် စစ်ဖြစ်၏။ ဤစစ်တွင် ဂျပန်သည် တရုတ်ပြည်မှ ကိုးရီးယားပြည်ကို ခွဲထုတ်နိုင်ခဲ့၏။(မှတ်ချက်-ဤကိုးရီးယားပြည်ကို
နောင်သောအခါ ဂျပန်သည် သိမ်းပိုက်ယူငင်လိုက်၏) လွိုင်တန်းအငူကို တရုတ်က ဂျပန်သို့ပေးလိုက်ရ၏။ ဤကဲ့သို့ဖြစ်သော အခါ ရုရှား၊ ဂျာမနီနှင့်ပြင်သစ်တို့က
ထို့သို့တရုတ်နိုင်ငံမှ အနိုင်ရသောနယ်တို့ကို ပြန်၍ပေးအပ်ရန် ပူးပေါင်းတောင်းဆိုကြ၏။
အင်္ဂလိပ်က မပူးပေါင်းပဲ သင်းခွဲနေ၏။ နောက်ဆုံး၌ ဂျပန်သည်တောင်းဆိုချက် အတိုင်း ပြန်ပေးလိုက်ရ၏။
၁၉၀၂ခုနစ်တွင် အင်္ဂလိပ်-ဂျပန်စာချုပ်ထပ်မံချုပ်ဆိုကြ၏။
၁၉၀၄-၅ ခုနစ်တွင် ဂျပန်သည် ရုရှားကိုချ၍
ရုရှားလက်ထဲမှ ပို့အာသာ သင်္ဘောတပ်စခန်းနှင့်တကွ၊ ပထမအကြိမ်က ရပြီးနောက်မှ ပြန်ပေးလိုက်ရသော
လွိုင်တန်းအငူကို သိမ်းပိုက်လိုက်၏။ ထို့အပြင် မန်ချူးရီးယားပြည် တောင်ပိုင်းအပေါ်တွင်လည်း
ချယ်လှယ်လွှမ်းမိုး သြဇာတိုးလာခဲ့၏။
၁၉၀၅ ခုနစ်တွင် အင်္ဂလိပ်-ဂျပန်သည် ပို၍တိုးတတ်၍
ချစ်ကြည်ရေးလုပ်ကြပြန်၏။ စာချုပ်ချုပ်ကြ ပြန်၏။ ထိုစာချုပ်တွင်
မြန်မာပြည်အဝင်ပါဖြစ်သော အိန္တိယပြည်၌ အင်္ဂလိပ်တို့ ဆက်လက်ချုပ်ချယ် လွှမ်းမိုးနေနိုင်ရန်
အတွက် ဂျပန်က ကူပံ့ဖို့ပင် အချက်တစ်ချက်ပါရှိသေး၏။ အခြားတိုင်းပြည်ကြီး တစ်ပြည် တည်းဖြင့်စစ်ဖြစ်လျှင်
တစ်ယောက်ကိုတစ်ယောက်ကူစတမ်းဟူ၍လည်း ပါရှိလေသေး၏။
ဤနည်းဖြင့် ဒုတိယတန်းစား ဂျပန်သည် အင်္ဂလိပ်၏
အကူကိုမီကာ တတ်ကြွ တောင်းတင်း နယ်ချဲ့ခြင်း ပြုလာနိုင်၏။ ၁၉၁၄ ခုနစ်တွင် ဥရောပတိုက်၌
စစ်ကြီးဖြစ်နေ၍မည်သည့် ဥရောပတိုက်ရှိ နိုင်ငံကမျှ လာရောက် မစွပ်ဖက်နိုင်ကြောင်းသိရသောအခါ
၁၉၁၅ ခုနစ်တွင် ဂျပန်သည် တရုတ်ပြည် ကလိုက်နာရမည်ဆိုသော ၂၁ ရပ် သော တောင်းဆိုချက်ကို
တရုတ်အစိုးရထံမှ တောင်းဆိုလေတော့၏။ ထို့နောက် ရှံထံ၊ ဇူကီယင်၊ မန်ချူးရီးယား၊ နှင့်အတွင်းမွန်ဂိုရီးယားပြည်အပြင်
ဆိုက်ဘေးရီးယား အရှေ့ဖျား တစ်ခွင်ကိုပင် ယူငင်သိမ်းပိုက် လိုက် လေတော့၏။
၁၉၁၄-၁၈ ခုနစ် ပထမကမ္ဘာစစ်ကြီးပြီးသွားသောအခါ
ဂျပန်ချောင် အနိုင်ကျင့်ရယူထားသဖြင့် တောင့်တင်းနေသော အခြေအနေကို အမေရိကန်ကကန့်ကွက်၏။
ပါရီမြို့တွင် ငြိမ်းချမ်းရေးကွန်ဖရင့် ကျင်းပသည့်အခါ ထိုသို့ဂျပန်ရထားပြီးဖြစ်သော
နယ်များကို ပြန်ပေးဖို့အမေရိကန်က တောင်း၏။ ဂျပန်ကပေးရ ဖို့ကြိုးစား၏။ ထိုသို့ဂျပန်ကြိုးစားမှုကို အင်္ဂလိပ်က ထောက်ခံ၏။ အမေရိကန်နယ်များအားလုံးကို
လက်လွှတ်ပစ် ဖို့ အတင်းတောင်း၏။ နောက်ဆုံးတွင် ဂျပန်လက်ဝယ် ရှိထံကို ထားဦးလော့ဟု သဘောတူလျှက်
ကျန်နယ်မြေ များကို ပြန်လည်၍ ပိုနေမြဲ ကျားနေမြဲ ဖြစ်စေခဲ့၏။
ဝါရှင်တန်တွင် ရေကြောင်းစာချုပ်ချုပ်ဆိုသောအခါ
ပါရစ်ကွန်ဖရင့်က ရခဲ့သောရှီထံပင်လျှင် လက်လွှတ် ၍ရရှိထားသောနယ်အားလုံးကို ပြန်ပေးလိုက်ရ၏။
အင်္ဂလိပ်-ဂျပန်ချုပ်ဆိုသောစာချုပ်ကိုလည်း ဖျက်သိမ်းခိုင်း၏။
စစ်သင်္ဘောကြီးများကို
အင်္ဂလိပ် အမေရိကန် အရေအတွက်တူညီစွာထားကြရန် တရုတ်ပြည်၏ ပြည်တွင်းတည် မြဲမှုကို အာမခံ၍
တံခါးမရှိပွင်းလင်းစွာ ကုန်သွယ်ခွင့် နိုင်ငံတိုင်းက ရရှိကြရန်တို့ကိုလည်း သဘောတူရ၏။
ယခင်စစ်ကြီးအပြီးတွင် အမေရိကန်၏ အခြေအနေမှာခိုင်မာတောင့်တင်း၍
ဤကဲ့သို့ဖြိုခွင်းကာ မိမိ အလိုကျလုပ်ကိုင်နိုင်ခဲ့ခြင်းဖြစ်၏။ ၁၉၁၃ ခုနစ်တွင် အမေရိကန်က
တရုတ်ပြည်အတွင်းသို့ တရုတ် ပြည်ဝင်ကုန်အားလုံး၏
၆ရာခိုင်နှုန်းသာ တင်သွင်းနိုင်ခဲ့ရာမှ ၁၅ ရာခိုင်နှုန်းတင်သွင်းလာ၏။ အင်္ဂလိပ်က
၄၆ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းသို့လျော့ကျသွား၏။
အင်္ဂလိပ်-ဂျပန်စာချုပ်ကို ဖျက်သိမ်းလိုက်ရသောလည်း
ဝါရှင်တန်စာချုပ်အရ အင်္ဂလိပ်ရော ဂျပန်ပါ နစ်နာနေကြသဖြင့် အတူတူပင် ပူးပေါင်းလုပ်ကိုင်နေခဲ့ကြ၏။
၁၉၂၅ ခုနစ် ဇွန်လ ၃၀ ရက်နေ့တွင် လန်ဒန်မြို့ရှိ ဂျပန်သံအမတ် ဘရွန်ဟာယာရှီးအား နှုတ်ဆက်ညစာစားပွဲ၌
ယခုဆဠမမြောက် ဂျော့ဘုရင် ဖြစ်နေသော ထိုစဉ် က ယောက်မြို့စား မင်းသားက ‘ကမ္ဘာက တစ်ပြည်နှင့်တစ်ပြည်
စစ်ရေး စစ်ရာ ပူးပေါင်းမှုကို သဘောမတူလိုကြ ရာ ဂျပန်နှင် ကျွန်ုပ်တို့ မဟာမိတ်ဆက်သွယ်မှုမှာလည်း
ပစိဖိတ်သမုဒ္ဒရာ တွင် အခြေစိုက်ထားသည့် နိုင်ငံများ အဝင်အပါ ငြိမ်းချမ်းရာ ငြိမ်းချမ်းကြောင်း
ပူးပေါင်းသည့်မဟာမိတ် အဖြစ်သို့ ရောက်သွားပေပြီ၊ သို့သော် အင်္ဂလိပ်နှင့် ဂျပန်၏ ချစ်ကြည်မှုအား
အရှေ့ဖျား၏ ငြိမ်းချမ်းရေး တည်တံ့ရာ ပလ္လင်ခံကြီး တစ်ခုလည်းဖြစ်ခဲ့၍ ဖြစ်လည်ဖြစ်ဆဲပင်’
ဟူ၍ မိန့်ကြားခဲ့သေး၏။
ဤနည်းအားဖြင့် ၁၈၉၄ခုနစ်က စတင်ချုပ်ဆိုခဲ့သော
ဂျပန် အင်္ဂလိပ်ပူးပေါင်းမှုသည် ဝါရှင်တန် စာချုပ် အရ အတည်အလင်းပယ်ဖျက်သည့် အချိန်မတိုင်မီ
အထိသာ တည်ရှိသော်လည်း ထို့နောက်တွင် လည်း တည်တံ့မြဲမြံလျှက်ပင်ရှိ၏။ ဤအကြောင်းကြောင့်ပင်
အင်္ဂလိပ်နဲ့ အမေရိကန် အစေးမကပ်မှုသည် ဖြစ်ပေါ်လာ၏။
၁၉၃၁ ခုနစ်တွင် မန်ချူးရီးယားသည် ဂျပန်လက်ထက်တွင်
မန်ချူးကောဟူ၍ ရုပ်သေးအစိုးရနှင့် တကွ ဖြစ်လာ၏။ ၁၉၃၃ ခုနစ်တွင် ဂျီဟိုနယ်ကို ဂျပန်သိမ်းပိုက်လိုက်၏။
ထိုနှစ်တွင်ပင် နိုင်ငံပေါင်းချုပ် အသင်းကြီးမှ ဂျပန်နုတ်ထွက်၏။ ၁၉၃၄ခုနစ် ဧပြီလတွင် ဂျပန် ၉ပြည်ထောင်စုအစိုးရ ဝါရှင်တန်စာချုပ် မရှိတော့ပြီ၊
အရှေ့ဘက်တိုင်းဖျားတွင် ဘာဖြစ်နေသည်ကို မသိနိုင်သောအမေရိကန်နှင့် အနောက်နိုင်ငံ တိုင်းပြည်အားလုံး
ပင် တရုတ်ပြည်ကိစ္စတွင် ဝင်မရှုပ်သင့်ပဲ ဘေးသို့ဖယ်နေကြလော့’ ဟူ၍ ဂျပန်သံရုံးမှ တစ်ဆင့်
ကြေငြာလိုက်၏။
၁၉၃၅-၃၆ခုနစ်အတွင်းတွင် မွန်ဂိုးရီးယားနှင့်
မြောက်ပိုင်းတရုတ်ပြည် တစ်ပြည်လုံးကို သိမ်းယူ လိုက်၏။ ဤကဲ့သို့ ဂျပန်ဝံ့ကျယ်လာစဉ် အင်္ဂလိပ်နှင့်
(ကြိုးဆွဲတိုင်းကနေသော) ပြင်သစ်တို့က ထိရောက် စွာ ကူညီခဲ့ကြ၏။ အမေရိကန်ကို ဆန့်ကျင်ဆီးဆို့လို၍လည်းကူ၏။
ရုရှားကို ဆန့်ကျင်ဆီးဆို့လို့၍လည်း ကူ၏။
၁၉၃၁-၃၂ ခုနစ်တွင် မန်ချူးရီးယားကု ဂျပန်တိုက်သည်တွင်
အမေရိကန်က အင်္ဂလိပ်အားမိမိနှင့် ပူးပေါင်း၍
ဂျပန်ကို အရေးယူရန် အတန်တန်ပြောဆို၏။ အင်္ဂလိပ်က
သဘောမတူခဲ့။ ၁၉၃၃ ခုနစ်တွင် တရုတ် ပြည်၏ တိုင်တန်းချက်အရ ဂျပန်ပေါ်တွင် ဝိုင်း၍ အရေးယူရန်
နိုင်ငံပေါင်းချုပ်၌ သည်းသည်း မည်းမည်း ဆွေးနွေးစဉ်က အင်္ဂလိပ်နိုင်ငံခြားရေးဝန်ကြီး ဆာဂျွန်ဆိုင်မွန်က
ဂျပန်အရှေ့နေကြီးအဖြစ် နိုင်နိုင်နှင်းနှင်းဆောင် ရွက်ခဲ့ရာ ဂျပန်ကိုယ်စလှယ် မက်ဆူးအိုကာပင်
အတိအလင်းချီးကျူးခဲ့၏။ မြောက်ပိုင်းတရုတ်ပြည်ကို ရပြီးသည့် အခါ ဂျပန်တို့သည် တရုတ်ကမ်းရိုးတန်းမြို့များကို
မည်းပြီး သိမ်းယူ လာခဲ့ကြ၏။ ရှီထံကိုပါ သိမ်းပြီး
အင်္ဂလိပ်တို့ ကို အဝတ်အစားချွတ်၍ ရှာဖွေသည့် အခြေအထိ ရောက်လာ ၏။ တရုတ်ပြည်၏ ဆိပ်ကမ်းအားလုံးပင် ဂျပန်လက်သို့ရောက်သောအခါ တရုတ်အစိုးရတို့၏ ပူဆာ တောင်းဆိုချက်အရ အမေရိကန်၏
အကူဖြင့် မြန်မာ ပြည်မှ တရုတ် ဗမာလမ်းမကြီးဖောက်ပေးပြီး တရုတ်ပြည်ကို အသက်ဆက်နေသည့်
အကြားမှာပင် ၁၉၄၁ ခုနစ် ၌ဂျပန်က ထိုလမ်းမကြီးကို မြန်မာပြည် ဘက်မှ ပိတ်ပေးရမည်ဟု တောင်းဆိုသောအခါ
အင်္ဂလိပ်အစိုးရက ပိတ် ပေးလိုက်သေး၏။ အမေရိကန်နှင့် တရုတ်တို့က အတင်းအကျပ်တိုက်တွန်းမှ
ပြန်ဖွင့်ပေး၏။ မိုးကြောင့်ပိတ်သည်ဟု ဆင်ခြေ
ပေးလိုက် သေး၏။
၁၉၄၁ ခုနစ်တွင် ဂျပန်၏ဝံ့ကျယ်သော ခြေလှမ်းကို
မြန်မာပြည်က လူတိုင်းလိုပင်သိနေကြ၏။ ဂျပန်သည်အင်ဒိုချိုင်းနားပြည်သို့ရောက်လာ၏။ ယိုးဒယားပြည်ပေါ်သို့
သြဇာပိုမိုကူးစက်လာ၏။ အင်္ဂလိပ် တို့၏ ထိရောက်စွာကာကွယ်ခြင်းကို မတွေ့ရ။ သို့ဖြင့် အမေရိကန်နှင့်
အင်္ဂလိပ်ကို ဂျပန်က စစ်ကြေငြာ သော ၁၉၄၁ခုနစ် ဒီဇင်ဘာ ၁ ရက်နေ့သို့ ရောက်ခဲ့၏။
ထိုသို့ရောက်၍ တစ်လကျော်ကျော်ကလေးတွင် မြန်မာပြည်တံခါးဝသို့
ဂျပန်ရောက်လာ၏။ တရုတ်တို့က ဂျပန်မြန်မာပြည်မဝင်နိုင်အောင် သူတို့စစ်တပ်များနှင့်ကာကွယ်ပေးပါမည်ဟူ၍
အတန်တန် ပြော၏။ အင်္ဂလိပ် စစ်သေနာပတိများက လက်မခံခဲ့။ မြန်မာပြည်ကို ခုခံရန် ကိုယ့်အင် ကိုယ့်အားသည်မရှိ
သူများပေးသော အကူကို လက်မခံရှိခဲ့၏။ အင်္ဂလိပ်အစိုးရကို ဖိနှိပ်သောဝါဒစနစ်ကြောင့် မြန်မာပြည်သူ၊
ပြည်သားများကလည်း ထိုစဉ်က အင်္ဂလိပ်တို့အား ထောက်ခံအားပေးလိုခြင်းမရှိ။ စစ်အားထုတ်မှုတစ်ခုလုံး ကို
ကျောပေးနေ၏။
ကျောပေးနေရုံသာမဟုတ်၊ အများသောအားဖြင့် ဂျပန်အလာကိုပင်
စောင့်မျှော်နေကြသေး၏။ ဂျပန်လာလျှင် အခက်ဟု ဒီးဒုတ်က အမြဲရေး၏။ ဂျပန်လာလျှင် အခေက်ဟု
ဂျာနယ်ကျော်က အမြဲရေး၏။ အချည်းအနှီးပင်။
ဂျပန်လာမည်ကို ရာဇဝင်သဘောတရားဖြင့်သိသောအခါ
ကိုယ့်တိုင်းပြည်အတွက် ကိုယ့်ကိုယ်တိုင် က လုံးပန်းမှုပြမှ ဂျပန်လက်ထဲတွင် သူထားရာက မနေရမည်ဟု
ယူဆ၍ တော်လှန်ရေးလုပ်ငန်းကို လူငယ်ပိုင်း အချို့ကစီစဉ်ကြ၏။ အချို့က ဂျပန်နှင့် လုံးဝမပေါင်းလိုကြ။
ကမ္ဘာ၏လှိုင်းတံပိုးများ တတ်ကြွမည် တကဲကဲရှိစဉ်
မြန်မာပြည်သို့ တိုင်းငယ်ပြည်ငယ်ကလေး၏ လွတ်လပ်ရေးကြိုးပမ်းမှုသည် ကမ္ဘာပြင်ပနှင့် မဆက်သွယ်လျှင် မဖြစ်ဟူသောအသိဟု တရုတ်ပြည် ဘက်သို့
ထွက်၍သွားသော သခင်အောင်ဆန်းမှာ ထိုတော်လှန်ရေး သမားများ၏ အစီအစဉ်အရ အမွိုင်းမြို့တွင်
ဂျပန်ပြည်သို့ ခေါ်ဆောင်သွားခြင်း ခံယူခဲ့ရ၏။
၁၉၄၁-၄၂ ခုနစ်တွင်ကမ္ဘာ့အခြေအနေအရ မြန်မာပြည်၏
တော်လှန်ရေးလုပ်ငန်းကို ထိထိရောက် ရောက်လုပ်လိုသူသည် ထိုအခါက အင်္ဂလိပ်အားအလိုမရှိဖြစ်နေရမည့်
နိုင်ငံကြီးတစ်ခုဟု သို့မဟုတ် အများနှင့် ဆက်သွယ်မည်သာဖြစ်၏။ တော်လှန်ရေးသမားများသည်
အင်္ဂလိပ်လက်အောက်တွင် လွတ်လပ်ရေးမရသော အခါ အင်္ဂလိပ်ကို အလိုမရှိသော ဂျပန်နှင့် ပေါင်းကြရ၏။
ဂျပန်နှင့်ပေါင်း၍ ကိုယ်လိုချင်သော လွတ်လပ်ရေးမရဘဲ အကြမ်းဆုံးသော ဖက်ဆစ်ဝါဒနှင့် နှိပ်စက်ညှင်းပန်း ဖုံးလွှမ်းချုပ် ချယ်ခြင်းကို
ခံရသောအခါ၊ ဂျပန်ကို ကိုယ်ချည်းသက်သက် တော်လှန်ဖို့လည်း
ပြင်ဆင်ကြ၏။ ဂျပန်ကို အလိုမရှိရာ၌ လုပ်ငန်းချင်းတူသော မဟာမိတ်တို့နှင့်လည်း ပေါင်းကြပြန်၏။
ကမ္ဘာ့ အခြေအနေ၏ ပြောင်းလဲမှုကြောင့် အခိုက်အတန့် အားလျော်စွာ မဟာမိတ်အဖြစ် ဆက်ဆံသူတို့သာ
လူမျိုးပြောင်းသွား သော်လည်း လွတ်လပ်ရေးလုပ်ငန်းစဉ်ကား တစ်ဆက် တစ်စပ်တည်းဖြစ်၏။
၁၉၄၅ ခုနစ်တွင်မြန်မာတော်လှန်မှုကြောင့် ဂျပန်ရန်မြန်မြန်ပြို၍
မဟာမိတ်တို့ စောစောအောင်နိုင် သကဲ့သို့၁၉၄၂ ခုနစ်က မြန်မာ့တော်လှန်မှုကြောင့် အင်္ဂလိပ်တို့
မြန်မြန်ထွက်ပြေးရ၍ ဂျပန်စောစော ဝင်နိုင်ခဲ့၏။ ထိုတော်လှန်မှုမရှိရင် ထိုအခါက ဂျပန်အဝင်နှေးရုံသာရှိ၏။
ဝင်မည်ကားမုချပင်ဖြစ်၏။
သို့ဖြစ်ရာ အချုပ်မှာဂျပန်ကို မြန်မာပြည်သို့ရောက်အောင်
ခေါ်လာခဲ့ခြင်းအတွက် အပြစ်ရှိသူကို ရှာလျှင် အင်္ဂလိပ်တို့တွင်သာ တရားခံအဖြစ်တွေ့ရှိရမည်ဖြစ်ပေသတည်း။
ယခင်ဦးချစ်မောင်ရေးသားခဲ့သည့်စာမူကို
၂၇-၃-၆၉ ထုတ် အမှတ် ၁၊ ရှုထောင့်ဂျာနယ်မှ တစ်ဆင့် ပြန်လည်ကူးယူဖော်ပြပါသည်။
ဂျာနယ်ကျော်ဦးချစ်မောင်
(၁၉၁၃-၁၉၄၆ )
အုတ်ဖိုမြို့တွင်
၁၂၇၄ ခုနစ် ပြာသိုလဆန်း ၁၃ ရက် တနင်္လာနေ့တွင် မွေးဖွားသည်။
ဆယ်တန်းစာမေးပွဲအောင်မြင်သောအခါ ကျောင်းဆရာဝင်လုပ်ပြီး
ရန်ကုန်မြို့သို့ရောက်လာစဉ် ‘အနော်ရထာသတင်းစာ’တွင်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ထို့နောက်ဈေးနှုန်းသတင်းစာ၊ မြန်မာ့အလင်းသတင်း စာတို့တွင်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ မြန်မာ့အလင်းသတင်းစာတွင် အယ်ဒီတာချုပ်ဖြစ်လာခဲ့သည်။
နိုင်ငံအတွက် မထောက်မညှာ ရဲဝံ့စွာရေးခဲ့သဖြင့်တိုက်ရှင်နှင့်
စိတ်သဘောထားချင်း မတိုက်ဆိုင်ဖြစ်ခဲ့ ပြီး နုတ်ထွက်ခဲ့သည်။
‘ဂျာနယ်ကျော်’ ကိုဦးစီးထုတ်ဝေခဲ့ရာမှ ဂျာနယ်ကျော်
ဦးချစ်မောင်ဟုထင်ရှားခဲ့သည်။ ဒုတိယကမ္ဘာစစ် အပြီး ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဖဆပလ
ဗဟိုဦးစီးအဖွဲ့တွင် ပါဝင်ခဲ့ပြီး လွတ်လပ်ရေးအတွက် ဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံ စာရေးဆရာအသင်း၏ ဥက္ကဌ အဖြစ်ဆောင်ရွက်ခဲ့သည်။
၁၉၄၆ ခုနစ်၊ ဧပြီလ ၃ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။
ပြည်သူ့ခေတ်၊
အတွဲ (၂)၊ အမှတ် (၆၈) မှ
0 comments:
Post a Comment