မိဘတို့နှင့် ကွဲကွာခြင်း ကင်းကြပါစေ
by စကိုင်းနက် လိုင်း on Friday, November 11, 2011 at 12:05am
ရွာဦးဘုန်းကြီးကျောင်းမှာ ကိုရင် ဝတ်စေခဲ့ပါတယ်။ မိဘနဲ့ မခွဲနိုင်လို့
ညအိပ်ရင် အိမ်ပြန်အိပ်ရတာပေါ့။ နောက်တော့ … 'ကိုရင်ဆိုတာ အိမ်မှာ
မအိပ်ကောင်းဘူး၊ ငရဲကြီးတတ်တယ်' လို့ ရွာဦးဘုန်းကြီး မိန့်ဆိုတာနဲ့
နောက်ရက်တွေမှာ ကျောင်းမှာပဲ အိပ်တော့တယ်။ မနက်ရောက်တော့
အမေတို့ဆီသွားပြီး 'လူထွက်မယ်' ပြောတော့၊ အမေက 'မထွက်ပါနဲ့ ကိုရင်ရယ်။
လူထွက်ရင် ဆင်းရဲလိမ့်မယ်။ အခုလို သင်္ကန်းဝတ်နေတော့ အမေတို့လည်း
ကုသိုလ်ရတယ်' တဲ့။ အမေတို့ စိတ်ချမ်းသာအောင် ကိုရင်လူထွက်ရေး အစီအစဉ်
ပျက်ခဲ့တယ်။
၁၃ နှစ်သားအရွယ်မှာ မိဘနဲ့ ခွဲပြီး မကွေးစာသင်တိုက်မှာ
ပရိယတ္တိစာပေသင်ဖို့ ရွာဦးဘုန်းကြီးကိုယ်တိုင် လိုက်ပို့တယ်။ ဘယ်လိုမှ
မပျော်ခဲ့ဘူး။ နေ့ရှိသရွေ့ မိဘကိုပဲ သတိရနေမိတယ်။ နွေရာသီ
ကျောင်းပိတ်ရက် အမြန်ရောက်ပါစေဆိုပြီး ရက်တွေလတွေ နေ့တိုင်း
ရေတွက်မိတယ်။ တပေါင်းလ ကျင်းပတဲ့ စာမေးပွဲပြီးတာနဲ့ ရွာကို
အမြန်ပြန်ခဲ့တယ်။ မိဘကလည်း သား ပြန်လာတာဆိုတော့ ဝမ်းသာအားရ
ပီတိဖြာလို့ပေါ့။
အမေက 'ကိုရင် စာသင်ရတာ အဆင်ပြေရဲ့လား။ စားရေးသောက်ရေး အဆင်ပြေလား။
အဆင်မပြေရင် အမေတို့ကို ပြောပါ။ စာမေးပွဲရော ဖြေနိုင်လား။ စာကို
ကြိုးစားပါ။ ဘုန်းကြီးဝတ်လည်း စာတတ်မှ။ စာမတတ်ရင် လူတောမတိုးဘူး
ကိုရင်။ လူ့ဘဝလည်း ဒီအတိုင်းပဲ။ စာမတတ်ရင် အောက်ကျနောက်ကျ နေရတယ်။
အမေတို့က ဆင်းရဲတယ်။ စာလည်း လည်လည်ဝယ်ဝယ် မတတ်ဘူး။ ကိုရင်ကို
အမေတို့လို မဖြစ်အောင်လို့ပါ' တဲ့။
နွေရာသီ ကျောင်းပိတ်ကာလမှာ အမေတို့ဆီသွားလိုက်၊ ကျောင်းပြန်လာလိုက်နဲ့
အလွန်ပျော်ပါတယ်။ ရွာနဲ့ တနှစ်ကျော် ဝေးနေတာဆိုတော့ တရက်နဲ့ တရက်
ကုန်ဆုံးမှာတောင် မရေတွက်မိဘူး။ စာသင်တိုက်ပြန်ဖို့ ရက်က တဖြည်းဖြည်း
နီးကပ်လာပြီဆိုတော့ စိတ်ထဲမှာ အသိတခု ဝင်လာတယ်။ 'သြော် … ငါ အမေတို့နဲ့
ခွဲရဦးမှာပါလား' ဆိုတဲ့အသိ။ ပြန်မယ့်ရက်ရောက်တော့ အမေကိုယ်တိုင်
ကားဂိတ်လိုက်ပို့တယ်။ တလမ်းလုံး အမေက မေတ္တာစကားတွေနဲ့ မှာကြားပါတယ်။
'လိမ်လိမ်မာမာနဲ့ စာကြိုးစား။ ကျန်းမာရေးလည်း ဂရုစိုက်။
အရေးအကြောင်းရှိရင် အမေတို့ဆီ စာရေးလိုက်' နဲ့ပေါ့။ ကားဂိတ်ရောက်တော့
အမေ့ခမျာ တဘက်လေး ပခုံးတင်ပြီး၊ ကန်တော့တယ်။ မျက်ရည်ကျနေတဲ့
အမေ့မျက်နှာကို အခုထိ မေ့လို့မရဘူး။
ပြန်သာပြန်ခဲ့ရတာ အတော်ဝမ်းနည်းတယ်။ ကျောင်းရောက်တော့ ဆရာတော်က
စာမေးပွဲအောင်တဲ့အကြောင်း ပြောပါတယ်။
မကွေးစာသင်တိုက်မှာ ၂ နှစ် ဆက်တိုက်အောင်ပြီး ၂ဝဝ၅ ခုနှစ်မှာ
ရန်ကုန်ကိုပြောင်းပြီး စာသင်ခဲ့ပါတယ်။ ရန်ကုန်ရောက်တော့ တခြား
ဘာမှစိတ်မဝင်စားဘဲ အမေမှာတဲ့ စကားတွေ၊ ကြိုးစားရမယ့် အကြောင်းတွေကို
သတိရတယ်။ စာတတ်မှဖြစ်မယ်ဆိုတဲ့ အသိတရားကြောင့် စာကိုပဲ ကြိုးစားပါတယ်။
နောက်အသိတခုက ရွာဦးကျောင်း ဘုန်းကြီးစကားပါ။ 'ကိုရင် … မင်း
ရွာမှာနေချင်ရင် စာမေးပွဲအောင်ဖို့ မလိုဘူး။ စာတတ်ဖို့ပဲ လိုတယ်။
ကိုယ်သင်နေတဲ့စာကို တတ်အောင်ကြိုးစားပါ။ ကိုရင်နေတဲ့ အင်းစိန်
စာသင်တိုက်ကြီးက သံဃာလည်း အများကြီးပဲ။ ကျောင်းတိုက်ကလည်း
အလွန်ခမ်းနားထည်ဝါလှတယ်။ အနယ်နယ် အရပ်ရပ်က သံဃာတွေလာပြီး စာသင်နေကြတာ။
စည်းကမ်းလည်း အလွန်ကြီးတယ်။ စာချဆရာတော်တွေလည်း စာသင်တာ
အလွန်ကောင်းပါတယ်။ ဆရာတော် ဦးတိလောကဆိုရင် စာချတဲ့အခါမှာလည်း
စာသင်သားတွေ နားလည်အောင် ပို့ချတယ်။ သံဃာတွေအပေါ်မှာလည်း မေတ္တာထားတယ်။
ဆရာတော် အမြဲပြောတာက ညီညီညွတ်နေကြ၊ စာကြိုးစားကြ၊ အားလုံး
စာကြိုးကြပါတယ်' တဲ့။
ဒီလိုနဲ့ တနှစ်တကြိမ် ကျင်းပတဲ့ စာမေးပွဲ ရောက်လာပါတယ်။
စာမေးပွဲဖြေပြီး ကိုယ့်ရပ်ကိုယ့်ရွာကို ၂ လခွဲလောက် ပြန်ရပါတယ်။
ရွာရောက်တော့ အမေနဲ့ အဖေ့ကို ကျန်းကျန်းမာမာ တွေ့ရတော့ ဝမ်းသာတယ်။ အမေက
… 'ကိုရင် အသက် ၂ဝ ပြည့်ပြီ။ ရဟန်းဘောင် တက်ရအောင်။ အမေတို့ကပဲ ရဟန်း
ဒကာ၊ ဒါယိကာမအဖြစ် ခံယူမယ်' လို့ ဆိုခဲ့ပါတယ်။
ဒီလိုနဲ့ ရဟန်းဘဝကို ရောက်ခဲ့ပါတယ်။ ရဟန်းဘဝနဲ့ ရွာမှာ ကျောင်းပိတ်ကာလ
ကုန်ဆုံးအောင်နေပြီး၊ ရန်ကုန် ပြန်ခါနီး အမေက 'ဦးဇင်း …
စာကြိုးစားနော်။ အမေနဲ့ အဖေက အသက်ကြီးပြီ။ ရွာဦးဘုန်းကြီး ပြောတယ်။
နင့်သားကို စာကြိုးစားခိုင်း၊ ရွာပြန်နေရတော့မယ်လို့ ပြောလိုက်' တဲ့။
အမေတို့ဆီက စကားကြားရတာ၊ အလွန်ပျော်ပါတယ်။ ရန်ကုန်ပြန်ရောက်တော့
စာမေးပွဲအောင်စာရင်းတွေ ထွက်နေပါပြီ။ သံဃာတွေ ဝိုင်းအုံကြည့်နေတဲ့ဆီကို
ပြေးပြီး၊ အောင်စာရင်း လိုက်ရှာနေတုန်း ဘေးနားက ဦးဇင်းတပါးက 'ရှာမနေနဲ့
မင်း စာမေးပွဲအောင်တယ်' တဲ့။ ဘေးက ပြောတာကို အားမရသေးဘူး။
ကိုယ်တိုင်ရှာတွေ့မှ အတော် ပျော်သွားတယ်။ 'ငါ .. ရွာပြန်နေရတော့မယ်ဟေ့'
လို့။ တချက်အော်လိုက်သေးတယ်။ ဖြစ်ပုံက …။
အောင်စာရင်းတွေ ထွက်ပြီးတာနဲ့ ၂ဝဝ၇ စာသင်နှစ်ကို ရောက်လာပြီး
ဆက်သင်ခဲ့ပါတယ်။ အရင်နှစ်တွေထက် ပိုပြီးကြိုးစားရပါတယ်။ သံဃာတွေလည်း
ဒီနှစ်မှာ အရင်နှစ်ကထက် ပိုများလာပါတယ်။ အားလုံး တည်ငြိမ်စွာ
ပရိယတ္တိစာပေကို သင်နေတဲ့အချိန် သတင်းဆိုးတခု ကြားလိုက်ရတယ်။
ပခုက္ကူသံဃာတွေကို စစ်တပ်က ရိုင်းစိုင်းစွာ စော်ကားတဲ့ သတင်းပါပဲ။
ကျောင်းထဲက သံဃာတွေ လှုပ်လှုပ်ရွရွ ဖြစ်ကုန်တယ်။ နောက်တခုက သံဃာတွေ
ဆွမ်းခံကြွတဲ့အခါ ဆွမ်း၊ ဆွမ်းဟင်း မပြည့်စုံတာရယ်၊ နေ့တိုင်း ဒကာ၊
ဒါယိကာမတွေရဲ့ ကုန်ဈေးနှုန်းကြီးလို့ ညည်းညူသံတွေ ကြားနေရတော့
သံဃာတွေခမျာ ဆွမ်းခံသွားဖို့ အခက်အခဲ ဖြစ်လာတော့တယ်။ ရန်ကုန်မြို့
သံဃာနဲ့ လူထုတွေလည်း ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် လမ်းမပေါ်ထွက်
ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုကြတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို
အာဏာရှင်က လူမဆန်စွာ ရိုက်နှက်စော်ကားကြတယ်။
ဒီသတင်းတွေကြားတော့ ပိုပြီး မခံမရပ်နိုင်ဖြစ်ကြတယ်။ သံဃာတွေဟာ
နိုင်ငံရေးအကြောင်းတွေကို နားလည်လို့ မဟုတ်။ ဒကာ၊ ဒါယိကာမတွေ
ဒုက္ခရောက်နေတာရယ်၊ ဘာသာ သာသနာကို စော်ကားတာတွေ၊ မျှတမှုမရှိတဲ့
အာဏာရှင်ဆီက ငြိမ်းချမ်းစွာ မျှတမှုကို တောင်းခံတာပါပဲ။ မျှတမှုကို
မပေးတဲ့အပြင် ရက်စက်ယုတ်မာ လိုက်ကြတာ။ မြင်ရသူတိုင်း ရင်နင့်စရာ
ဖြစ်မိတယ်။ အင်းစိန်ကျောင်းတိုက် သံဃာတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်ပြီး၊
မျှတမှုအတွက် ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြနေတာကို သံဃာတွေ
အုပ်စုကွဲအောင် ရိုက်နှက်ပစ်ခတ်ကြတယ်။ သံဃာတွေခမျာ မြင်မကောင်း၊
ရှုမကောင်း သွေးအလိမ်းလိမ်းနဲ့ လဲသူ လဲ၊ ကွဲသူ ကွဲ၊ သေသူတွေ
အများအပြားပဲ။ တချို့လည်း ပြေးရင်းလွှားရင်း ဘယ်ရောက်မှန်းမသိ
ခြေဦးတဲ့ရာ ပြေးကြတာ၊ ကျနော်လည်း အပါအဝင်ပါပဲ။
ပြေးရင်းလွှားရင်း ရောက်လိုက်တဲ့ ဒုက္ခတွေ၊ ရဟန်းဖြစ်ပြီး အစာမစားရတဲ့
ရက်တွေလည်း အများအပြားပါ။ ရေးလို့ပြောလို့ ကုန်မယ်မထင်ဘူး။
ထိုင်းနိုင်ငံ နယ်စပ်တနေရာရောက်မှ ငါ့ဘဝ ကံကောင်းတယ်လို့ မှတ်ယူမိတယ်။
ဒါပေမဲ့ ယူကြုံးမရ ဖြစ်မိတာက မြန်မာမှာ ကျန်ခဲ့တဲ့ မိဘတွေ၊
သားဦးဇင်းပျောက်လို့ ရှာပုံတော် ဖွင့်နေလောက်ပြီ။ ဗေဒင်မေး၊ ယတြာချေ၊
မြို့ကပြန်လာသူတိုင်း သားဦးဇင်းကို မတွေ့ခဲ့ဘူးလားဆိုပြီး
အရူးတယောက်လို မေးနေမှာ သေချာပါတယ်။ အသက်အရွယ်ရလာတဲ့ မိခင်ဖခင်တို့
ကျန်းမာစွာနဲ့ ရှိမှ ရှိသေးရဲ့လားလို့ အမြဲပဲ တွေးတောပူပင်ရတယ်။
ဘဝဆက်တိုင်း အမိအဖနဲ့ ဝေးကွာခြင်း ကင်းရပါလိုတယ်။ အနှစ်နှစ်အလလ မနားမနေ
ကြိုးစားခဲ့ရတာ။ 'ငါ .. တနေ့ ရွာမှာနေရရင် အသက်အရွယ်ကြီးလာတဲ့
မိဘတွေကို ကြည့်ရှုစောင့်ရှောက်မယ်' လို့ ရည်ရွယ်ခဲ့တာပါ။
အခုတော့ ရည်ရွယ်ချက်တွေ ပျက်တဲ့အပြင် အသက်အရွယ် အိုမင်းလာတဲ့ မိဘတွေ
လူ့လောကမှာ ရှိသေးရင် သားအတွက် ပူပင်သောက ရောက်နေမှာ။
မိခင်ဖခင်တို့ ကျန်းမာကြပါစေ။ ဘဝဆက်တိုင်း ဘယ်သောအခါမှ မိဘတွေနဲ့
ဝေးကွာခြင်း ကင်းရပါလိုတယ်။ အာဏာရှင်တွေ နှောင့်ယှက်မှုကြောင့် မိဘတွေ၊
သားသမီးတွေ ကွဲကွာနေကြတာ အများကြီးပါ။ အာဏာရှင်တွေ မကျဆုံးသရွေ့
ထပ်ပြီး ဝေးကွာမှုတွေ ရှိနေဦးမှာပါပဲ။ အဲဒီ အာဏာရှင်တွေ အမြန်ဆုံး
ကျဆုံးပါစေ။ ကွဲကွာနေတဲ့ သားသမီးတွေနဲ့ မိဘတွေ
ပြန်လည်ပေါင်းစည်းနိုင်ကြပါစေ ….။
0 comments:
Post a Comment