Tuesday, November 15, 2011

အဆိုးဆုံးလည်း ရင်ဆိုင်သွားဖို့အသင့်ပါပဲ (ဆန္ဒပြသံဃာတော်တပါးနှင့် မေးမြန်းချက်)

by DVB TV News on Tuesday, November 15, 2011 at 5:27pm
Published on November 15, 2011 by နေသွင်

မန္တလေး မဟာမြတ်မုနိဘုရားကြီးဝင်းထဲမှာ သံဃာတော် ၅ ပါးဟာ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် စတဲ့အချက်သုံးချက်ကို ဒီနေ့မနက် ၅ နာရီကျော်ကစပြီး တောင်းဆိုဆန္ဒပြနေပါတယ်။
တောင်း ဆိုချက်တွေအားလုံး မရမချင်း လနဲ့ချီ ရေရှည်ဆန္ဒပြသွားဖို့အထိ စီစဉ်ထားတယ်လို့ ဆန္ဒပြသံဃာတော်တပါးက မိန့်ကြားပါတယ်။


မန္တလေး မဟာမြတ်မုနိဘုရားကြီးဝင်းထဲမှာ ဆန္ဒပြနေတဲ့ ကိုယ်တော်တပါးကို မွန်းလွဲ ၁ နာရီခွဲမှာ မေးမြန်းလျှောက်ထားချက်။

အခုအခြေအနေ ဘယ်လို ရှိပါသလဲ ဘုရား။

“အခြေအနေက ဆရာတော်ကြီးတွေရဲ့ စေ့စပ်ပေးမှုနဲ့ အဲဒီစကားကို စောင့်နေတာ။ ဆရာတော်ကြီးတွေက တိုင်းဝန်ကြီးချုပ်ကို သွားရောက်ပြီးတော့ ဦးဇင်းတို့ လိုချင်တဲ့အချက်တွေကို တိုင်ပင်ဆွေးနွေးမယ်။ နောက်ပြီးတော့ သူတို့ ၃ နာရီအချိန်မှာ ဦးဇင်းတို့ဆီကို ပြန်လာမယ်။ အဲဒါကို ဦးဇင်းတို့စောင့်နေတာပါ။”


အခုလောလောဆယ် ပရိသတ်က ဘယ်လောက်လောက်ရှိပါသလဲ။

“အခုလော လောဆယ်တော့ ရဟန်းသံဃာတွေကလည်း ၁၅၀ ကျော်တော့ ရှိမယ်ထင်တယ်။ နောက်ပြီးတော့ လူတွေကလည်း ၂၀၀ လောက်တော့ ရှိမလားမသိဘူး။ ပျံ့နေတာဖြစ်လို့၊ လိပ်ကန်ဘေးမှာဆိုရင် အဆောက်အဦလေးတွေ ရှိတယ်လေ။ အဲဒီမှာ အစုလိုက် အစုလိုက်နဲ့ အရိပ်ရတဲ့နေရာတောင်မဟုတ်ဘူး။ တခြမ်းရိပ်တဲ့ နေရာလေးတွေမှာ စောင့်နေကြပါတယ်။ လောလောဆယ်မှာတော့ နားထားပါတယ်။”

တောင်း ဆိုချက် သုံးချက်ကို ဦးဇင်းတို့ မရမချင်းတောင်းဆိုသွားမယ့် သဘောလား။ ဦးဇင်းတို့ ဘယ်လောက်ထိ ရမယ်လို့ မျှော်မှန်းထားပါသလဲ။

“ဦးဇင်းတို့ ရသမျှ တောင်းဆိုသွားမှာပါ။ ရအောင်လည်း ကြိုးစားပြီးလုပ်နေတာပါ။ ဆရာတော်ကလည်း လုပ်ပေးမယ်လို့တော့ ပြောနေပါတယ်။ ဦးဇင်းတို့ရဲ့ လိုအပ်ချက်ပေါ့။ အနည်းဆုံး သုံးချက်ရှိရာမှာ ဒီအချက်တွေအကုန်ရမှ ဖြစ်မှာပါ။ ရအောင်လည်း လုပ်သွားမှာပါ။”

ဦးဇင်းတို့ ဒီကိစ္စတွေကို ဘယ်အချိန်လောက်ကစပြီး စီစဉ်ခဲ့တာပါလဲ။

“စီစဉ်တာတော့ တော်တော်တော့ကြာပြီ။ ဒါပေမယ့် ဦးဇင်းတို့ ဒီတပတ်လောက်ဝန်းကျင်မှာ မီဒီယာကနေ နိုင်ငံတော်သမ္မတကြီး ဒီအချက်တွေကို လိုက်နာဖို့ လိုက်လျောပေးဖို့ ဦးဇင်းတို့တောင်းဆိုခဲ့တာပါ။ ဦးဇင်းတို့ ၁၄ ရက်နေ့က လွှတ်မယ်လို့ စောင့်နေခဲ့တာပါ။ အမှန်တကယ်တော့ ၁၄ ရက်နေ့မှာ ဦးဇင်းတို့စပြီးတော့ ငြိမ်းချမ်းရေး လှုပ်ရှားမှုလုပ်မလို့ပါ။ ဒါပေမယ့် ဦးဇင်းတို့က မနေ့က မရတဲ့အတွက် ၁၅ ရက်နေ့မှာ ငြိမ်းချမ်းရေးလှုပ်ရှားမှု စတင်လှုပ်ရှားတာပါ။”

ဒီလိုမျိုးလုပ်တဲ့အပေါ်မှာ အန္တရာယ်များတဲ့ ကိစ္စ၊ ဒီဆန္ဒပြတဲ့ကိစ္စကို ဦးဇင်းတို့ဘယ်လောက်ထိများ တွက်ထားပါသလဲ။

“ ပြောရမယ်ဆိုရင်တော့ တိုင်းပြည်အတွက် ပြည်သူလူထုကြီး ငြိမ်းချမ်းဖို့အတွက် ဦးဇင်းတို့လုပ်တာပဲ။ အဲဒီအချိန်မှာ တဖက်က တကယ်လို့ ပျော့ပျော့ပျောင်းပျောင်းနဲ့ လုပ်မလာဘူးဆိုရင် အဆိုးဆုံးလည်း ရင်ဆိုင်သွားဖို့ အသင့်ပါပဲ။”

အခု ဦးဇင်းဘုရားတို့ တောင်းဆိုတဲ့သံဃာတွေက ဘယ်နှပါးရှိပါသလဲ။

“လောလောဆယ် တော့ ဦးဇင်းတို့ ခေါင်းဆောင်အနေနဲ့ကတော့ ၅ ပါးပေါ့။ ဒါပေမယ့် ပရိသတ်ထဲမှာ သံဃာတော်တွေအားလုံးက တက်တက်ကြွကြွနဲ့ ဦးဇင်းတို့ လိုအပ်တာတွေ အကုန်ပံ့ပိုးပြီးတော့ ဝိုင်းဝန်းပံ့ပိုးနေတဲ့ သံဃာတော်တွေ အများကြီးရှိပါတယ်။”

အခုချိန်ထိ ရဲတို့၊ စစ်သားတို့က လာပြီးတော့ စောင့်ကြည့်တာတို့ တွေ့ရပါသလား ဘုရား။

“အခုချိန်ထိ တော့ ယူနီဖောင်းနဲ့တော့ မတွေ့ရသေးဘူး။ လူထုပရိသတ်ကြီးကပဲ ပြန်ပြီးတော့ ဦးဇင်းတို့ဆီကို သတင်းပို့ထားတာက ယူနီဖောင်းတွေ လဲနေတယ်။ ပြင်ပမှာ အဲဒီလိုရှိတယ်ဆိုပြီး သတင်းပို့တာတော့ ရထားပါတယ်။”

ဗိမာန် တော်ကြီးကို စကြွလာတဲ့အချိန်တုန်းက ဦးဇင်းတို့ဆီမှာ ရိက္ခာအပြည့်အစုံနဲ့လို့ ကြားသိရပါတယ်။ ရေရှည်လုပ်မယ် ဆိုတဲ့ သဘောလားဘုရား။

“ဦးဇင်းတို့ မရမချင်း ရေရှည်လုပ်မယ်ဆိုတဲ့ သဘောပါပဲ။ ဦးဇင်းတို့ လိုချင်တဲ့အချက်ကို ဒီနေ့လိုက်လျောပေးမယ်ဆိုရင် ဦးဇင်းတို့လုပ်ငန်းကို ဒီနေ့ရုပ်သိမ်းသွားမှာပါ။”

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...