Monday, November 21, 2011

ပုဂံမတိုင်မီ မြန်မာအစနှင့် သမိုင်းထင်ရှား မင်းမြတ်ကိုးပါး (အပိုင်း - ၁)

by Par Par Gyi on Monday, November 21, 2011 at 6:47am


  • ရေးသားပြုစုသူ၏အမှာ
ဝတ္ထုတစ်ပုဒ် ရေးပါတယ်၊ ဒါမှမဟုတ် သုတဆိုင်ရာ ဆောင်းပါးတစ်ပုဒ်ကို ရေးပါတယ်။ လွယ်လား ဆိုတော့ မလွယ်ပါဘူး။ စာတတ်ရုံ၊ စာတွေဖတ်ရုံလောက်နဲ့လည်း ဝတ္ထုကောင်းတစ်ပုဒ်၊ ဆောင်းပါးကောင်းတစ်ပုဒ် ဖြစ်လာဖို့တော့ မလွယ်ပါဘူး။ စာရေးတယ်ဆိုတာ အတတ်ပညာ တစ်ခုပါ။ ဘဝဖြတ်သန်းမှု ဆိုတဲ့ အတွေ့အကြုံဝမ်းစာတွေလည်း ရှိဖို့လိုပါတယ်။ Talent ဆိုတဲ့ ပါရမီ မပါရင်လည်း မဖြစ်နိုင်ပါဘူး။

ဒါပေမယ့်... အဲ့ဒီ သုတရသစာမျိုးရေးတဲ့ အလုပ်က မလွယ်ကူပေမယ့် လွတ်လပ်မှုကတော့ အများကြီး ရှိပါတယ်။ ကိုယ်ယုံကြည်တဲ့ အတိုင်း လွတ်လပ်စွာ တွေးပြီး လွတ်လပ်စွာ ရေးနိုင်ပါတယ်။ စိတ်ကူးဥာဏ်လည်း ကွန့်မြုးနိုင်ပါတယ်။


ရသဝတ္ထုဆိုရင် ပိုလို့တောင် လွတ်လပ်ပါသေးတယ်။ MRTV တွေနဲ့ မြဝတီမှာ ပြနေတဲ့ ကိုရီးယားဇာတ်ကားတွဲတွေလိုပေါ့။ ဘာမှ မဟုတ်တာကလေးကိုလည်း ဗာရာဏသီချဲ့လို့ ရပါတယ်။ ပေရှည်ချင်တိုင်း ရှည်လို့လည်း ရပါတယ်။ မှားချင်လည်း မှားမယ်။ မှန်ချင်လည်း မှန်မယ်။ အတွေးရော အရေးပါ လွတ်လပ်ပါတယ်။ တချို့ အပျော်ဖတ်တွေဆိုရင် တစ်ပတ်လောက်နဲ့တောင် လုံးချင်းဝတ္တု တစ်အုပ် ရေးနိုင်တဲ့သူတွေ ရှိပါတယ်။ ငွေရပြီးစတမ်း ဘာရေးရမလဲ ဆိုတာမျိုးတွေပါ။ တစ်နေ့တည်းနဲ့လည်း A4 စာရွက် (၂၀) လောက်ကို  ပြီးအောင် ရေးနိုင်တဲ့ သူတွေလည်း ရှိပါတယ်။ ဒီလိုရေးကြတော့ အပျော်ဖတ်အဆင့်မှာတောင် စာဖတ်ပရိတ်သတ် အကြိုက်နည်းတဲ့ ခပ်ညံ့ညံ့တွေလို့ ဆိုရမှာဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ သမိုင်းကို ရေးသားဖို့၊ ပြုစုဖို့ကျတော့ မလွယ်တော့ပါဘူး။ မှန်ကန်တဲ့ အကြောင်းအရာ အဖြစ်အပျက်ကို ပြုစုရမှာ ဖြစ်တဲ့အတွက် ပြုစုတဲ့သူမှာ တာဝန်အလွန်ကြီးပါတယ်။ စာအုပ်စာတမ်းတွေ၊ တတ်နိုင်ရင် ကျောက်စာတွေ၊ မြေပုံစာတွေကို အများကြီးလေ့လာဖို့ လိုပါတယ်။ အချိန်လည်း ယူရပါမယ်။ အုပ်စိုးသူ မင်းတစ်ပါးရဲ့ အကြောင်းကို ပြုစုမယ် ဆိုရင်တောင် မလွယ်ပါဘူး။ ဒါကြောင့်လဲ တချို့ သမိုင်းဆိုင်ရာ စာအုပ်တွေမှာ အနော်ရထာတို့လို၊ ကျန်စစ်သားတို့လို သမိုင်းမှာ အလွန်ထင်ရှားတဲ့ မင်းတွေအကြောင်းကို ရေးတာတောင် မှန်အောင် မရေးနိုင်တာ တွေ့ရပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း မဂ္ဂဇင်း၊ ဂျာနယ်တချို့မှာ စာရေးသူ အမုန်းခံပြီး ထောက်ပြခဲ့ပြီးပါပြီ။ အမှားတွေကို ပြင်သူ မရှိပဲထားလို့ ကြာသွားခဲ့ရင် အမှန်တွေလို ဖြစ်တတ်သွားတာမျိုးမို့ စေတနာနဲ့ ထောက်ပြခဲ့တာပဲ ဖြစ်ပါတယ်။


သမိုင်းကို ရေးသားပြုစုတဲ့သူဟာ တခြားစာတွေလို စိတ်ကူးဥာဏ်ကွန့်မြုးလို့လည်း မရပါ။ စာမျက်နှာတွေ များအောင်ဆိုပြီး ရှိတာထက် ပိုပြီး ချဲ့ရေးလို့လည်း မရပါ။ ဒီနေရာမှာ သမိုင်းကို ရသဖွဲ့ ဝတ္ထုရေးသူတွေနဲ့လည်း ကွာပါတယ်။ ရသဖွဲ့ သမိုင်းဝတ္ထုတွေမှာကတော့ မှန်တာတွေလည်း ပါနိုင်သလို စာရေးသူက စိတ်ကူးဥာဏ်ကွန့်ထားတဲ့ တကယ်မဖြစ်ခဲ့တာတွေလည်း ပါနေမှာ ဖြစ်ပါတယ်။ တချို့ဆို ဆင်ဆင်ခြင်ခြင်၊ နှိုင်းနှိုင်းချိန်ချိန် မရေးပဲ လူပြိန်းကြိုက်ဆိုတာမျိုးတွေ ထည့်ရေးတဲ့အတွက် သူတို့ရေးတဲ့ ဝတ္ထုတွေထဲကျမှ လေးစားရတဲ့ မင်းတွေ၊ မိဖုရားတွေကို အထင်အမြင်သေးစရာ ဖြစ်ရတာမျိုးတွေ ထိခိုက်နစ်နာ သွားရတာမျိုးတွေကိုလည်း တွေ့ရပါတယ်။ ချစ်ရေးကိစ္စတွေ ရေးတာမှာ ပိုဆိုးပါတယ်။

ရေးချင်တာ ရှိပါသေးတယ်။ တချို့ သမိုင်းဝတ္ထုတွေမှာ သမိုင်းအမှားတွေကို တွေ့ရှိရတာ ထားပါဦး။ အခုထိ သမိုင်းဆောင်းပါး အချို့မှာတောင် အမှားတွေ၊ လွဲနေတာတွေကို စိတ်မကောင်းစရာ တွေ့နေရပါသေးတယ်။ တတိယအကြိမ် ပြန်ရိုက်ပြီး ရောင်းနေရတဲ့ ပုံဂံနဲ့ ပတ်သက်တဲ့ စာအုပ်တစ်အုပ်မှာ ဆိုရင် အနော်ရထားမင်း တည်ထောင်ခဲ့တဲ့ ပထမမြန်မာနိုင်ငံတော်ကို ဆက်လက်ပြီး တည်တံ့အောင်၊ တိုးတက်အောင် ဆောင်ရွက်ခဲ့တဲ့ မင်းကောင်း မင်းမြတ်တပါးဖြစ်တဲ့ မြန်မာတွေရဲ့ ကျေးဇူးရှင် ကျန်စစ်သားမင်းကိုတောင် မှားပြီး ရေးသားထားတာ ဖတ်လိုက်ရပါတယ်။ ဒီလို ရေးလိုက်တဲ့အတွက် စာဖတ်သူတွေ အမှတ်မှားသွားနိုင်သလို ကျန်စစ်သားမင်းအတွက်လည်း အင်မတန် ထိခိုက်နစ်နာလှပါတယ်။

အဲ့ဒါကတော့...

နံပါတ် (၁) ကျန်စစ်သားဟာ အနော်ရထာမင်းမှ ဝေသာလီပြည်က ပဉ္စကလျာဏီမင်းသမီးကို သွားပြီးယူဆောင်ခိုင်းတဲ့ ရာဇတမန်အမတ်နဲ့ ပဉ္စကလျာဏီတို့မှ ရတဲ့ ရာဇတမန်အမတ်ရဲ့သား ဖြစ်တယ်။

နံပါတ် (၂) လူမျိုးအနေနဲ့ ကြည့်ရင် ရခိုင်ဝေသာလီပြည်က ရခိုင်မင်းသမီး ပဉ္စကလျာဏီက မွေးလို့ ရခိုင်မြန်မာလူမျိုးဖြစ်တယ်။

နံပါတ် (၃) အဲဒီလူမျိုးဖြစ်တဲ အတွက် ကျန်စစ်သားက ကုလားကို မုန်းတယ်။ ဒါကြောင့် လူစွမ်းကောင်း ဗျတ္တနဲ့ ဗျတ္တရဲ့ သားနှစ်ယောက် ဖြစ်တဲ့ ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေးတို့ကို သတ်ပစ်တယ်လို့ ဆိုထားပါတယ်။

အလွန်စိတ်မကောင်းစရာဖြစ်တဲ့ အမှားတွေပဲ ဖြစ်ပါတယ်။ စာရေးသူမှ စာရေးသူရဲ့ စာအုပ်တွေနဲ့ မဂ္ဂဇင်း၊ ဂျာနယ်တွေထဲမှာလည်း ရေးခဲ့ပြီးပါပြီ။ နောက်ဆုံး လေ့လာတွေ့ရှိရတဲ့ အကိုးအထောက်တွေနဲ့ပါ။

ရှင်းရရင်တော့...

နံပါတ် (၁) ကျန်စစ်သားက ရာဇတမာန်အမတ်ရဲ့ သား မဟုတ်သလို၊ အနော်ရထားမင်းရဲ့ သားတော်လည်း မဟုတ်ပါ။ ဦးကုလားရဲ့ မဟာရာဇဝင်မှာပါတဲ့ ပဉ္စကလျာဏီ မင်းသမီးနဲ့ လူသားမဟုတ်တဲ့ နဂါးနဲ့ရပြီး မွေးတယ်ဆိုတာမျိုးကလည်း နိုင်ငံတကာ လက်သင့်ခံတဲ့ သမိုင်းရှု့ထောင့်ကကြည့်ရင် ယုတ္တိမရှိတဲ့အတွက် လက်ခံနိုင်စရာ မရှိပါ။ အဲဒီ မဟာရာဇဝင်ထဲမှာပဲ ပါတဲ့ နေနတ်သားနဲ့ နဂါးမဇံသီးက မွေးတယ်လို့ ရေးထားတာကိုလည်း ပညာရှင်တွေက လက်မခံပါ။ ကျန်စစ်သားရဲ့ ဖခင်နဲ့ မိခင် အမှန်ကို ယနေ့ထိ ဘယ်သူမှ အတိအကျ မပြောနိုင်သေးဘူးလို့ ပြောပါရစေ။

နံပါတ် (၂) ကျန်စစ်သားဟာ ရခိုင်မြန်မာလူမျိုး ဆိုတာလည်း မမှန်ပါ။ ပဉ္စကလျာဏီ ဆိုတာက ဝေသာလီပြည် ရခိုင်ဘုရင်ရဲ့ သမီးတော် မဟုတ်ဘဲ မြန်မာနိုင်ငံအနောက်ဘက်ရှိ အာသံလို့ ခေါ်တဲ့ နယ်နဲ့ ဘင်္ဂလားနယ် အရှေ့ပိုင်းဒေသမှာရှိတဲ့ ပဋိက္ကရားပြည်က အိန္ဒိယတိုင်းရင်းသား ဘုရင်ရဲ့ သမီးတော်ဖြစ်နေလို့ပါဘဲ။ ၁၉၁၁ ခုနှစ်က တူးဖော်ရရှိတဲ့ မြစေတီကျောက်စာကို ကြည့်ရင် ကျန်စစ်သားက ပဉ္စကလျာဏီရဲ့ သား ဆိုတာလည်း မဟုတ်နိုင်တော့ပါ။

နံပါတ် (၃) ကို ရေးရရင်တော့ အားထားလောက်တဲ့ ဘယ်ရာဇဝင်သမိုင်းကျမ်းတွေ၊ ပညာရှင်တွေ ပြုစုခဲ့ပြီး ဒီကနေ့ သမိုင်းကို သုတေသနပြုနေတဲ့ ပညာရှင်တွေ လက်ခံထားကြတဲ့ ဘယ်စာအုပ်စာတမ်းမှာမှ ဒါနဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့ အထောက်အထားတွေ မတွေ့ရတဲ့ အတွက် ကျန်စစ်သားက ရန်ခိုင်မြန်မာဖြစ်နေလို့ ကုလားမုန်းပြီး ဗျတ္တနဲ့ ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေးတို့ကို သတ်ပစ်တယ် ဆိုတာလည်း လုံးဝမမှန်ဘူးလို့ ဆိုရမှာဖြစ်တယ်။

တစ်ချိန်က ဇာတ်ပွဲတွေမှာတော့ ဇာတ်စာရေးဆရာတွေ ရေးတာတွေကို ဇာတ်ထုပ်ခင်းပြီး ကပြခဲ့ကြတာ စာရေးသူလည်း ကြည့်ခဲ့ရဖူးပါတယ်။ အနော်ရထာ တရုတ်ပြည်ကအပြန် လမ်းမှာ ဘုရားတည်တယ်။ ရွှေဖျဉ်းညီနောင်က အပျော်တွေလွန်ပြီး တာဝန်မကျေဘဲ အုတ် (၂) ချပ် လပ်နေတာကို အနော်ရထာတွေ့သွားတဲ့အခါ မြေးတော်လို ချစ်ရတဲ့ အဲဒီ ညီနောင် (၂) ဦးကို မလိမ္မာ တစ်ခါမိုက်တဲ့အတွက် ကြိမ်နဲ့ရိုက်ဆုံးမခိုင်းတာကို သူ့ထက်အစွမ်းကောင်းလို့ မနာလိုဖြစ်နေတဲ့ ဘိုးတော်ကျန်စစ်သားက ဝါးရင်းတုတ်နဲ့ အသေရိုက်သတ်လိုက်တယ်။ အဲဒီတော့ ဇာတ်ထုပ်မှာ ကျန်စစ်သားကို အားလုံးက မုန်းကြတဲ့ ကုန်းရုပ်ကီးဖြစ်သွားတာကို ကြည့်ခဲ့ရဖူးပါတယ်။ ဒါတွေက မဟုတ်မမှန်တဲ့ ဇာတ်ဝတ္ထုတွေပါ။ ဒဿဂီရိကို လူကြမ်းနေရာကနေ မင်းသားနေရာမှာ တင်ရေးတဲ့ ရသဖွဲ့ ဝတ္ထုလိုပါပဲ။ ရသပိုင်းကနေ ဝတမ္ထုအနေနဲ့ပဲ လက်ခံလို့ ရပါတယ်။

စာရေးသူ အနေနဲ့ စာရေးသူတို့ရဲ့ နိုင်ငံသမိုင်းမှာ ထင်ရှားပြီး နိုင်ငံနဲ့ လူမျိုးကို အကျိုးပြုခဲ့ကြတဲ့ မြန်မာမင်းကောင်းမင်းမြတ်တွေရဲ့ အကြောင်းကို ဓာတ်ပုံတွေ စုံစုံလင်လင်ထည့်ပြီး စာတစ်အုပ်အနေနဲ့ ရေးချင်နေတာ ကြာပါပြီ။ အခမှပဲ ရေးဖြစ်ပါတော့တယ်။

သမုဒ္ဒရာဇ်မင်းကစလို့ ပုဂံမင်း (၅၅) ဆက် ကနေ ရေတွက်ရင် ကုန်းဘောင်ခေတ် သီပေါမင်းအထိ မင်းပေါင်း (၁၀၀) ကျော် ရှိပါတယ်။ ရေးချင်တာက အနည်းဆုံး (၁၁) ပါးပါ။ တကယ်ရေးပြီဆိုတော့ စာအုပ်နာမည်နဲ့ လိုက်အောင် တကယ်ရေးသင့်တဲ့ ရေးစရာတွေလည်းများတဲ့ မင်းအနေနဲ့ မင်း (၉) ပါး ကို တွေ့ရှိရပါတယ်။ ပုဂံခေတ်က မင်း (၃) ပါး ဖြစ်တဲ့ အနော်ရထာ၊ ကျန်စစ်သားနဲ့ အလောင်းစည်သူ။ တောင်ငူ ဟံသာဝတီခေတ်က မင်း (၂) ပါး ဖြစ်တဲ့ တပင်ရွှေထီးနဲ့ ဘုရင့်နောင်၊ တတိယ မြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တဲ့ ကုန်းဘောင်ခေတ်က အလောင်းဘုရား၊ ဆင်ဖြုရှင် ဘိုးတော်ဘုရားနဲ့ မင်းတုန်း စုစုပေါင်း မင်းကောင်းမင်းမြတ် (၉) ပါး အကြောင်းပဲ ဖြစ်ပါတယ်။

ဒီမင်းတွေအကြောင်းကို ရေးသားပြုစုရာမှာ စာအုပ်စာတမ်းအတော်များများကို ရှာဖွေလေ့လာခဲ့ရပါတယ်။ သမိုင်းမှန်ဖြစ်စေချင်တာကြောင့် နှိုင်းနှိုင်းချိန်ချိန်နဲ့ ဖယ်သင့်တာတွေကို ဖယ်ပြီး ယူသင့်တာတွေကို ယူရပါတယ်။ အမှားတွေ ပါလာမှာ စိုးတဲ့အတွက် အချိန်ယူပြီး သတိနဲ့ရေးသားပြုစုရပါတယ်။ ဒီစာအုပ်မှာ ပုဂံမတိုင်မီ မြန်မာလူမျိုးရဲ့ အစနဲ့ ပျုခေတ်မှာ ထင်ရှားခဲ့တဲ့ ပန်ထွာဘုရင်မနဲ့ ဒွတမ္တဘောင်မင်းတို့ရဲ့ ဗိဿနိုးတို့၊ သရေခေတ္တရာတို့ဆိုတဲ့ ပျုနိုင်ငံတွေ မတိုင်မီ လူတူပရိုင်းမိတ်တွေရဲ့ အကြောင်းကိုလည်း သုတေသနပြုကြတဲ သမိုင်းပညာရှင်တွေရဲ့ နောက်ဆုံးတွေ့ရှိချက်တွေနဲ့ အတူ အချိန်ယူလေ့လာပြီး ရေးသားပြုစု ထားပါတယ်ဆိုတာကို ရေးလိုပါတယ်။



ဟိန်းဇေ

(အပိုင်း - ၂ ပုဂံမတိုင်မီ မြန်မာအစနှင့် ပျုနိုင်ငံမတိုင်မီ ပရိုင်းမိတ်လူ) မကြာမီ ဆက်လက်တင်ပါမည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...