`ဆင်ကြီးဂဠုန်ချီ´
by Soe Min on Sunday, June 5, 2011 at 2:29pm
`ဗိုလ်စံဖဲ ပွဲကြည့်လာတာမြင်´ ဆိုတဲ့ သီချင်းကလည်း ဆရာတင်ပဲ ရေးခဲ့တာမို့ ဒီကောင်တော့ တောပုန်းကြီးတွေ သူပုန်ကြီးတွေနဲ့ အဆက်အသွယ်ရှိပုံ လို့ တွက်သလားမသိ။ ဆရာတင်ရဲ့ စိတ်နေသဘောထားကလည်း အင်္ဂလိပ်အစိုးရကို ရေလိုက်ငါးလိုက်တောင် ဆက်ဆံချင်ပုံမရပါဘူး။ ပုလိပ်နဲ့သပိတ်သီချင်းမှာလည်း လက်သံပြောင်ခဲ့တာပဲ။ မြန်မာ့ဂုဏ်ရည်သီချင်းကလည်း သူ့လက်ရာပါ။ သူ့ခေတ်သူ့အခါမှာ အမျိုးသားရေးတာဝန်ကို ကျေပွန်ခဲ့တဲ့ ဂီတစာဆိုကြီးမို့ လေးစားစရာ ကောင်းလိုက်ပုံများ။ သီချင်းအပုဒ်ရေ ထောင်နဲ့ချီပြီးရေးခဲ့ရာမှာ အဖမ်းအဆီးလွတ်အောင် ဂြိုလ်ပြေနံပြေဆိုပြီး ´ဂျော့ဘုရင် ရွှေဘုန်း နေတနှုန်းတူညီ´ လို့ ကျက်သရေယုတ်တဲ့၊ သားမြေးများမျက်နှာကို အိုးမဲသုတ်တဲ့ သီချင်းတစ်ပုဒ်တစ်လေတောင် မပါခဲ့ဘူးဆိုတာ ခေတ်ကာလ အနုပညာရှင်များ သတိပြုမိစေချင်ပါတယ်။ အင်္ဂလိပ်တွေက အတင်းမရေးခိုင်းတတ်လို့ နေမှာပေါ့နော်။
ဆရာတင်ရဲ့ ပထမဦးဆုံးသီချင်း `မအေးလေးကို ပို့တဲ့ မေတ္တာရည်´ ဆိုပြီး ယုဇနမအေးစိန်ကို ရေးပေးခဲ့တဲ့အခါ အသံဆန်းလွန်းလို့ လက်ဦးဂီတဆရာများက သဘောမတွေ့ကြပါဘူး။ တေးရေးဆရာရဲ့အသက်ကလည်း အရမ်းငယ်လွန်းသေးတော့ `ဒီသူငယ် တို့လို သီချင်းကြီး သီချင်းခန့်တတ်ပုံ မပေါ်ပါဘူး။ ကောက်ရိုးမီးပါ။´ လို့ အထင်အမြင်သေးကြပါသတဲ့။ အဲဒါကြောင့် ဆရာတင်က သူ့ကိုယ်သူ `မဟာဂီတကမှ မတတ်တဲ့သူပါခင်ဗျာ´ လို့ ၀န်ခံပြီး မဟာဂီတသီချင်းတွေထဲက မဲဇာတောင်ခြေတို့ ထောင်ရောင်နေတို့လို သီချင်းတွေကို မွှေနှောက်ရေးစပ်လို့ သရော်သွားတာပါ။ တချို့ကျတော့လည်း ဘာဂီတမှ မတတ်တဲ့သူပါလို့ ဆိုကြတယ်ဗျ။ တတ်များတတ်လို့ကတော့ ဘယ်လိုနေမှာပါလိမ့်။
ဆရာတင်ဟာ မင်းမှုထမ်းမိဘများက မွေးဖွားလာပြီး သူ့ခေတ်သူ့အခါမှာ ၀န်ထောက်မင်း အရေးပိုင်မင်းတွေထွက်ခဲ့တဲ့ ၀က်စလီယန်သာသနာပြုကျောင်းမှာ ပညာသင်ခဲ့သူပါ။ ဒါပေမယ့် ခုနှစ်တန်းကျောင်းသားဘ၀ မအေးလေးက ပို့တဲ့မေတ္တာရည် သီချင်းအပြီးမှာ သူ့ဘ၀သူ ရှာဖွေတွေ့ရှိသွားပြီး ကျောင်းထွက်လို့ ဇာတ်ထဲလိုက်သွားပါသတဲ့။ နံမယ်ကြီးပြီး ငွေရလွယ်လို့ မဟုတ်ပါဘူး။ အောက်ခြေသိမ်းဘ၀နဲ့ ၀ါသနာပါရာနယ်ပယ်ကို စွန့်စွန့်စားစား ခြေစုံပစ်ပြီး ၀င်သွားတာပါ။ ခြေစုံပစ်တယ်ဆိုတာ ခုခေတ် မင်းသားမင်းသမီး အဆိုတော်တွေလို လှေနံနှစ်ဘက်နင်းပြီး သီချင်းဆို ရုပ်ရှင်ရိုက်ရင်း ဆေးကျောင်းတက် စပွန်ဆာရှာတာမျိုးမဟုတ်ပဲ ဒီအလုပ်ကလွဲလို့ ဘာကိုမှ အာရုံမထား အထောက်အကူ အားကိုးမပြုတာကို ပြောတာပါ။
သူတို့ခေတ်ကလူတွေဟာ သိပ်သတ္တိကောင်းတာပါပဲ။ စိတ်ထဲရှိတာ ဇွတ်တရွတ် လုပ်နိုင်ကြတယ်။ ဆရာကြီးပီမိုးနင်းဆိုလည်း ခရစ်ယာန်ဘုန်းကြီးတစ်ပိုင်းဘ၀ကနေ မပျော်ဘူးထင်တာနဲ့ တန်းလူထွက်ပစ်လိုက်၊ သူငယ်ချင်းနဲ့ သူများရပ်ရွာလိုက်သွားပြိး ပျော်လို့ရှိရင် နှစ်ပေါက်အောင်နေပြီး တောမင်းသားလုပ်နေလိုက်၊ စာရေးစာချီဘ၀ကနေ သူများတွေ ပိတောက်ပန်းတွေခူးပြီး လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နေတာကို အားကျမိတာနဲ့ ၀န်ထမ်းဘ၀က မလွတ်လပ်ဘူးဆို ချက်ချင်းအလုပ်ထွက်ပစ်လိုက်၊ သိပ်များများ စဉ်းစားမနေဘူး။ အားကျစရာကြီးဗျာ။ ဆရာကြီး ရွှေဥဒေါင်းရဲ့ တသက်တာမှတ်တမ်းဖတ်မိတော့ ပိုတောင် အားကျသွားသေး။ မိန်းမနဲ့ ခွန်းကြီးခွန်းငယ် စကားများမနေဘူး။ ဒီနေ့ရန်ဖြစ် နောက်နေ့ အိမ်ပေါ်ကဆင်း၊ လှည့်တောင်မကြည့်တော့ဘူး။ လာလေ့ နောက်တစ်ယောက်။ (သူ့စာဖတ်ပြီး ဒါကိုမှ အားကျမိတာသိသွားရင် ဘိုးတော်ကြီး ရင်ခံသွားမလားပဲ)
ခုခေတ်မှာတော့ ဘာလေးလုပ်ချင်လုပ်ချင် ဟိုဟာငဲ့ရ ဒီဟာငဲ့ရ၊ ဟိုစဉ်းစား ဒီစဉ်းစားနဲ့ နောက်ဆုံး ဘာမှ မလုပ်ဖြစ်တော့ဘူး။ သိပ်စဉ်းစားလွန်းတဲ့သူတွေ အပျိုကြီး လူပျိုကြီး ဖြစ်တတ်တယ်ဆိုတာ ဟုတ်မှာနော်။ `သားသားကြီးရင် ဘာလုပ်မယ် မေမေမေးရင်ကွယ်´ တောင်မှ စိတ်ရှိလက်ရှိ `ဂလိုင်ကလေးခေါက်ကာရယ် ရေခဲချောင်း ရောင်းချင်တယ်´ လို့ သီချင်းထဲကလို ဖြေမိရင် `ဟင်းနော်။ ဒုတ် ဒုတ်´ လို့ အခေါက်ခံရတာနဲ့ `ချာဝန်ဂျီးလုပ်မယ်´ ဖြစ်ကုန်ရော။ ကိုယ်တိုင်လည်း ဒီပုပ်ထဲက ဒီပဲဆိုတော့ သူများတကာတွေ စိတ်သွားတိုင်း ကိုယ်ပါနေတာတွေ့ရင် တယ်အားကျမိသဗျာ။
အဲသလို အားကျမိတဲ့ သူငယ်ချင်းတစ်ယောက်ကတော့ အခုနားထောင်မယ့် သီချင်းကိုတီးတဲ့ စန္ဒယားကိုဘသန်းတင်ပါ။ သူက မုံရွာသားဗျ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ၀ိုင်းခေါင်းဆောင်လုပ်တီးနေရင်း ဘာအဆက်အသွယ်မှ မရှိပဲ ရန်ကုန်ကို တစ်ယောက်တည်း ဆင်းချလာတုန်းက အသက်နှစ်ဆယ်ကျော်ပဲ ရှိဦးမယ်ထင်ပါတယ်။ စားဝတ်နေရေးကို ခေါင်းထဲလုံးဝမစဉ်းစားပဲ ဆိုမယ်တီးမယ်လောက် ခေါင်းထဲထည့်ထားတာဟာ ထမင်းနပ်မှန်ပြီး ကျောတနေရာစာ စိတ်ချထားနိုင်လို့ မဟုတ်ပါဘူး။ သူများသားသမီး ချိုးချိုးဖဲ့ဖဲ့ပြောတယ်မထင်နဲ့နော်။ ကျွန်တော့်မှာ သူ့လို သတ္တိမျိုးရှိချင်လိုက်တာ။ တကယ်ကို အားကျတာပါ။
သူနဲ့စတွေ့ဖူးတုန်းက မြန်မာ့အသံမှာ သီချင်းကြီးဝိုင်း အသံသွင်းနေတုန်း ယမုန်နာပတ်ပျိုးကလေးကို တီးပေးတဲ့အခါပါ။ အလူးအလှိမ့်တွေများလွန်းလို့ အဆိုတော်မလေး ခနခနပြန်သွင်းခဲ့ရတဲ့ သူ့လက်သံက ကိုယ်နဲ့ကျတော့ ဂွပ်ကနဲကွက်တိ နားထောင်လို့ကိုက်နေတော့ `ဒီလူ တော်သကိုး´ လို့ သတိထားမိပြီး ခင်မင်သွားပါတယ်။ တစ်ယောက်အကြောင်း တစ်ယောက်သိပြီး နှစ်ရှည်လများ ခင်မင်လာတဲ့နောက်မှာ သူလည်းပဲ သူ့ပညာနဲ့သူ အောင်အောင်မြင်မြင် ရပ်တည်လာနိုင်ခဲ့ပါပြီ။ အာဇာနည်တို့ ဥက္ကာဦးသာတို့လို ခေတ်ရေစီးကြောင်းနဲ့အတူ မျောပါနေရသူ မဟုတ်တော့ မြန်မာသံဂီတရဲ့ အောင်မြင်မှုဆိုတာ တတ်ထားတဲ့ ပညာနဲ့စာရင် ကလေးကစားစရာပါ။
သူ့လိုပဲ ၀ါသနာပါရာကို တစိုက်မတ်မတ် သတ္တိရှိရှိလုပ်နေတဲ့ လူငယ်ကလေးတွေ ဒီကနေ့အခါမှာ ရှားသွားပေမယ့် ရှိတော့ ရှိနေတုန်းပဲလို့ တွေ့လိုက်ရပါသေးတယ်။ လေးစားပါတယ်။ အားပေးပါတယ်ပေါ့။ သို့သော်လည်း အားမရသေးလို့ တိုက်တွန်းချင်တာတစ်ခုတော့ ရှိပါတယ်။ ၀ါသနာနဲ့ အသက်မွေးဝမ်းကျောင်းလို့ အောင်အောင်မြင်မြင် ရပ်တည်နိုင်လာပြီဆိုတာ ပန်းတိုင်မဟုတ်ပါဘူး။ နောင်လာနောက်သား အတုယူမှတ်သားလေ့လာစရာ ကိုယ်ပိုင်ဖန်တီးမှုလက်ရာတွေ ထွက်မလာသေးရင် ကိုယ်ရနေတဲ့ ပညာဟာ ထမင်းစားရေသောက်အဆင့်ပဲလို့ သဘောထားစေချင်ပါတယ်။ ကိုယ့်ရှေ့ကလူတွေ ဖန်တီးခဲ့သမျှ အမွေတွေကို ဆက်ခံနိုင်တာက ၀မ်းစာသာဖြစ်ပါတယ်။ အဲဒီဝမ်းစာကို အခြေခံလို့ အသစ်ကိုယ်ပိုင် ဖန်တီးနိုင်မှ မျိုးစေ့ချတဲ့အဆင့်ကို ရောက်ပါမယ်။ သူများချန်ထားခဲ့တာတွေနဲ့ ကိုယ်ကလူဖြစ်လာပြီ။ ကိုယ့်အလှည့်မှာ ဘာတွေ ချန်ထားခဲ့မလဲဆိုတာ တွေးကြည့်ဖို့မကောင်းပါလား။ ဆရာတင်ကတော့ သီချင်းပုဒ်ရေ ၃၀၀၀ ကျော်အပြင် သားသမီးချည့်ပဲ ၁၃ ယောက် ချန်ထားခဲ့ပါသတဲ့။ ဒါလည်း အားကျစရာကြီးပဲနော်။ ဒီလိုတော့လည်း ဒီကောင်ကလေးကို အရွဲ့တိုက်တယ်လို့ ထင်ပါမည်လေ။
ကိုယ်ပိုင်ဥာဏ် ကိုယ့်အတွေးနဲ့ စာရေးလို့ ပြောပါမည်။ ဟုတ်သည် မဟုတ်သည် နှုတ်ဝဇီ စဉ်းစားကာ ဝေဖန်ကြည့်ပါတော့ (စာရေးတဲ့ဆရာတင်) ၂ ။ ဆရာတင်ရဲ့ ဆင်ကြီးဂဠုန်ချီ။
(စိန်ခြယ် ညီးညီးလင်း စဉ်းစားနားထောင်နော် ဆိုပါမည်။ ဆင်ကြီးဂဠုန်ချီ) ၂ ။
ဒီလိုတော့လည်း တင်အောင်ကလေးကို အရွဲ့တိုက်တယ်လို့ ထင်ပါမည်။ ဒီတခါတော့လည်း တင်အောင်ကလေးကို အရွဲ့တိုက်တယ်လို့ ထင်ပါမည်။ စာစီသမားရယ် လာ ဒီအနားကွယ် မဟာဂီတကမှ မတတ်တဲ့သူပါအတည်။
ထောင်ရောင်နေ မှောင်မှောင်ချွေ၊ နန်းအမရ ရွှေဘိုမြေ။ ဇေယျာအောင်မြေ၊ သေလာတောင်ခြေ၊ မကြားဖူးပေါင် ဆင်ကြီးဂဠုန်ချီ။
(စိန်ခြယ် ညီးညီးလင်း စဉ်းစားနားထောင်နော် ဆိုပါမည်။ ဆင်ကြီးဂဠုန်ချီ) ၂ ။
ဒီလိုတော့လည်း တင်အောင်ကလေးကို အရွဲ့တိုက်တယ်လို့ ထင်ပါမည်။ ဒီတခါတော့လည်း တင်အောင်ကလေးကို အရွဲ့တိုက်တယ်လို့ ထင်ပါမည်။ စာစီသမားရယ် လာ ဒီအနားကွယ် မဟာဂီတကမှ မတတ်တဲ့သူပါအတည်။
မဲဇာတောင်ခြေ စီးတွေတွေ ရစ်သန်းသီတာရေ။ ပန်းမြိုင်လယ် တောတောင်စွယ်။ (အပင်ကြီးတွေ စုံသည် စုံသည်။ အလွန်နက်တဲ့တော ဆင်ကြီးကိုဂဠုန်ချီပါတယ် ညွှန်ချက်နဲ့ပြော) ၂ ။ ဆန်းပေါ်သရွေ့ နန်းတော်ရှေ့ မရိုးတဲ့သူပါအတည်။
တော်ပါ။ တန်ပါ။ ကျွန်မဘာသာဆိုပါမည်။ ဇေယျာအောင်မြေ၊ သေလာတောင်ခြေ၊ မကြားဖူးပေါင် ဆင်ကြီးဂဠုန်ချီ။
(စိန်ခြယ် ညီးညီးလင်း စဉ်းစားနားထောင်နော် ဆိုပါမည်။ ဆင်ကြီးဂဠုန်ချီ) ၂ ။
ဒီလိုတော့လည်း တင်အောင်ကလေးကို အရွဲ့တိုက်တယ်လို့ ထင်ပါမည်။ ဒီတခါတော့လည်း တင်အောင်ကလေးကို အရွဲ့တိုက်တယ်လို့ ထင်ပါမည်။ စာစီသမားရယ် လာ ဒီအနားကွယ် မဟာဂီတကမှ မတတ်တဲ့သူပါအတည်။
http://soundcloud.com/winmyat-nyein/singee-galone-chi-with-vocal#play
http://soundcloud.com/winmyat-nyein/singee-galone-chi-instrumental#play
0 comments:
Post a Comment