Saturday, November 12, 2011

ကွန်ဖြူးရှပ် သမိုင်းတစ်ခေတ် ပြန်လည်မွေးဖွားခြင်း ။

by သား လိမ် မာ on Sunday, November 13, 2011 at 12:22pm
တရုတ်နိုင်ငံ၏ ဒဿနယဉ်ကျေးမှုကို ပြောမည်ဆိုပါက လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ က ပေါ်ပေါက်ခဲ့သော ကွန်ဖြူးရှပ်သည် တရုတ်လူမျိုးတို့၏ မီရှုးတန်ဆောင် ဖြစ်ပေသည်။
ကွန်ဖြူးရှပ် သက်ရှိထင်ရှား ရှိစဉ်က တရုတ် နိုင်ငံသည် အစိတ်စိတ်အမွှာမွှာ ပြိုကွဲနေသော ကာလဖြစ်သည်။ နိုင်ငံ့ခေါင်းဆောင်များသည် သြဇာအာဏာ ကြီးထွားရေးကို ရှေးရှုကာ စစ်တပ်ကို ကြီးမားသထက် ကြီးမားအောင် တည်ဆောက်နေသော ကာလလည်း ဖြစ်သည်။ စည်းလုံးညီညွတ်သော နိုင်ငံကြီး တည်ဆောက်ရေးကို ရှေးရှုကာ ကွဲပြားခြားနားသော တိုင်းပြည်များမှ ကျောင်သားများကို တူညီသော ပညာရေး စနစ်၊ ကိုယ်ကျင့်တရားကောင်းမွန်ခြင်းနှင့် လူသားတဦးချင်းစီ၏ ကောင်းမွန်ခြင်း တန်ဖိုးကို သင်ကြားပေးခဲ့သည်။

တရုတ်တို့၏ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်က ထွန်းကားခဲ့သော ရှေးဟောင်း ယဉ်ကျေးမှုသည် ၂၁ ရာစု၏ ပင်လယ်ရပ်ခြား နိုင်ငံရေးနှင့် စီပွားရေးတွင် အဓိကကျသော နေရာမှ ပါဝင်လာသည်ကို တွေ့ရသည်။
လွန်ခဲ့သော နှစ် ၂၀၀၀ ကျော်က ပညာရှင်ကွန်ဖြူးရှပ်၏ ရုပ်သွင်ကို ခန့်မှန်းကြည့်မည်ဆိုပါက ဆံပင်ရှည်ရှည် ကိုထုံးနှေင်ထားသော၊ မုတ်ဆိတ်မွေးဖြူ တွဲလောင်း နှင့် ပိန်ပိန်ပါးပါး ဖြစ်မည်ဟု ယူဆရပါသည်။ သို့ရာတွင် ယနေ့ ကာလ ကွန်ဖြူးရှပ် များမှာကား မုတ်ဆိတ်မွေးဖြူ၊ ဆံပင်ဖြူ မဟုတ်ဘဲ အသက်နှစ်ဆယ်အရွယ် အနာဂတ်ကို မျှော်လင့်ခြင်းများစွာဖြင့် စောင့်စားနေသော လူငယ်များဖြစ်သည်ကို တွေ့ရပေမည်။

Hanban သည် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ကမ္ဘာတ၀ှန်း ကွန်ဖြူးရှပ် ၀ါဒ ပြန့်ပွားရေးကို ဆောင်ရွက်နေသော Confucius Institute ကို စီမံအုပ်ချုပ်နေသော အဖွဲ့လည်းဖြစ်သည်။ ယနေ့ကာလ တရုတ်တို့သည် ချမ်းသာကြွယ်ဝမှုနှင့်အတူ တရုတ်ယဉ်ကျေးမှု ပြန့်ပွားရေးကို အထူးဂရုစိုက် ဆောင်ရွက်လာ သည်ကိုတွေ့ရသည်။ နိုင်ငံခြား တိုင်းပြည်များမှ လူငယ်များသည် လည်း တရုတ် ဘာသာစကားနှင့် တရုတ်ယဉ်ကျေးမှုကို အလေးထား သင်ယူလာကြသည်။
ကမ္ဘာအနှံ့ ခြေဆန့်နေသည့် ကွန်ဖြူးရှပ်၏ သာဝကများ
တရုတ်ပညာရေးဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ ကမ္ဘာတ၀ှန်း နိုင်ငံပေါင်း ၁၀၃ နိုင်ငံတွင် Confucius Institute ကို ဖွင့်လှစ်ထားပြီး တက္ကသိုလ်အဆင့်တွင် ဆက်စပ်ဆောင်ရွက်နေသော တရုတ်ဘာသာသင် ဌာနပေါင်း ၃၅၀ ရှိပြီး၊ အလယ်တန်း အဆင့်တွင် ၄၃၀ ရှိကာ လူဦးရေ သန်း ၁၀၀ ခန့် တရုတ်ဘာသာစကားကို သင်ယူနေကြောင်း ဖေါ်ပြခဲ့သည်။ တက္ကသိုလ်ပေါင်း ၂၆၀ ကျော်မှာလည်း တရုတ်ဘာသာ သင်တန်းဖွင့်ခွင့် ရရေး မျှော်လင့်နေကြသည်။

Hanban အဖွဲ့၏လက်ထောက် ညွန်ကြားရေးမှုး ဖြစ်သူ Wang Yongli မှ တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်လာမှု နှင့်အတူ နိုင်ငံတကာ ကျောင်းသားများသည် တရုတ်ဘာသာ စကားကိုသင်ယူရန် စိတ်ဝင်စားလာကြောင်း၊ ကျယ်ပြန့်သော အသိအမှတ်ပြုမှုကို ရရှိနေကြောင်း ထုတ်ဖေါ် ပြောဆိုခဲ့သည်။
ဟန်ဘန်း အဖွဲ့၏ ရည်ရွယ်ချက်မှာ ကမ္ဘာတ၀ှန်း တရုတ်ယဉ်ကျေးမှု ပြန့်ပွားရေးကို နည်းလမ်း ပေါင်းစုံဖြင့် လုပ်ဆောင်ရန် ဖြစ်သည်။ တရုတ်နိုင်ငံတ၀ှမ်း တက္ကသိုလ်များမှ ထူးချွန်သော ကျောင်းသား ၇၀၀၀ ကျော်ကို နှစ်စဉ် ရွေးချယ်ကာ စနစ်တကျ သင်တန်းပေးပြီးနောက် နိုင်ငံခြား တိုင်းပြည်များတွင် တရုတ်ဘာသာစကား TCSL (Teaching Chinese as a Second Language) ကိုသင်ကြားပေးသည်။

ခေတ်ဟောင်း ကွန်ဖြူးရှပ်၏ ပညာရေးသဘောတရား
ပညာတတ်မြောက်ခြင်းသည် မိမိတဦးတည်းအတွက်သာ ကောင်းခြင်းမဟုတ်ပဲ လူ့အဖွဲ့အစည်း တရပ်လုံးအတွက် ကောင်းခြင်းမင်္ဂလာ တပါးဖြစ်သည်ဟု ကွန်ဖြူးရှပ်မှ ပြောဆိုခဲ့သည်။ ယနေ့ကာလ အထိ လွှမ်းမိုးနေသော အတွေးအခေါ် တခုဖြစ်ပေသည်။ ကွန်ဖြူးရှပ်၏ ဘ၀တလျောက်လုံးတွင် တပည့်ပေါင်း ၃၀၀၀ ကျော်ကိုသင်ကြားခဲ့သည်။ တပည့်ပေါင်း ၃၀၀၀ ကျော်တွင် ဥာဏ်ရည် ထက်မြက်သော၊ ထင်ရှားသည့် တပည့် ၇၂ ဦးရှိခဲ့သည်။ တပည့်ကျော် ၇၂ ဦးထဲတွင် Yan Hui သည်စင်ကြင်သော နှလုံးသားပိုင်ရှင်၊ Zi Lu သည်သတ္တိအရာ တွင်လည်းကောင်း၊ , Zi Gong သည် စီးပွားရေး သမားကောင်း၊ Ran You သည်နိုင်ငံရေး သမားကောင်း တဦးဖြစ်လာခဲ့သည်။ ကွန်ဖြူးရှပ်၏ ကျောင်းတွင် သစ္စာတရား၊ ဘာသာဗေဒ၊ အုပ်ချုပ်ရေး အတတ်ပညာနှင့် စာပေပညာရပ် တို့ကိုသင်ကြားခဲ့သည်။
အမေရိကားထိ ခြေဆန့် လာနေသော ခေတ်သစ် ကွန်ဖြူးရှပ်များ
၂၀၀၅-၂၀၁၀ ခုနှစ်တွေ အတွင်းမှာ အမေရိကန်ပြည်ထောင်စုသို့ တရုတ်လူငယ် ဆရာ၊ ဆရာမပေါင်း ၁၀၀၀ ကျော်ရောက်ရှိခဲ့သည်။ ၄င်းတို့ အထဲတွင် တရုတ်နိုင်ငံ အရှေ့ပိုင်း Shandong မှ Xu Jia လည်း တဦးအပါအ၀င်ဖြစ်သည်။ သူမသည် ၂၀၀၇ ခုနှစ်ထိ မည့်သည့်နိုင်ငံခြား တိုင်းပြည်ကိုမှ မရောက်ဖူးပေ။ ယခုအခါ ကယ်လီဖိုးနီးယား အထက်တန်းကျောင်း တခုတွင် တရုတ်ဘာသာ စကားကို သင်ကြားနေသော ဆရာမ တဦးဖြစ်နေပါပြီ။

" အမေရိကန်တွေကြားမှာ တရုတ်နိုင်ငံ၊ တရုတ်ဘာသာစကားကို ပိုမိုစိတ်ဝင်စားလာတယ်၊ တရုတ်လူမျိုးတွေ အပေါ်မှာ ရင်းနှီးမှု ပိုမိုရှိလာတယ်" ဟု ဆရာမ Xu Jia ပြောဆိုခဲ့သည်။ အမေရိကန် ပြည်ထောင်စု တ၀ှမ်းတွင် ၂၀၀၄ ခုနှစ်တွင် တရုတ်ဘာသာသင် မူလတန်းနှင့် အလယ်တန်း ကျောင်းပေင်း ၂၂၀ ရှိရာမှ ယခုအခါ ကျောင်းပေါင်း ၄၀၀၀ အထိရှိလာပြီဖြစ်သည်။
" အမေရိကန် ဆရာတွေ နှင့်ကျောင်းသားအများစုက တရုတ်နိုင်ငံအပေါ်မှာ အမြင်မရှင်းကြဘူး၊ သူတို့သိတာက ဒီနေ့ပြောင်းလဲနေတဲ့ တရုတ်ပြည် မဟုတ်ပဲ ၁၉၇၀ ခုနှစ်မတိုင်မှီက တရုတ်ပြည် အကြောင်းဘဲ သိတာများတယ်၊ ခေတ်ဟောင်း တရုတ်ယဉ်ကျေးမှု နှင့် သမိုင်းကိုတော့ သိကြတာများတယ်" ဟု ခေတ်သစ် ကွန်ဖြူးရှပ်၏ တပည့်ကျော် ဆရာမ Xu Jia မှ ပြောဆိုခဲ့သည်။ အမေရိကန် နိုင်ငံတ၀ှမ်း တရုတ်ဘာသာ သင်ကြားရေး တိုးတက်လာမှုကြောင့် ဆရာ အခက်ခဲရှိလာကြောင်း ဟန်ဘန်း အဖွဲ့၏ တာဝန်ရှိသူမှ ပြောဆိုခဲ့သည်။
" ကျမတို့က ဘာသာစကားသင် ဆရာတွေသာ မဟုတ် တရုတ်ယဉ်ကျေးမှု ကိုသယ်ဆောင်သွားတဲ့ သတင်းစကား သယ်ဆောင်သူတွေပါ ဖြစ်တယ်" ဟု Xu Jia မှပြောဆိုခဲ့သည်။

မြန်မာနိုင်ငံမှာ တရုတ်ဘာသာသင် ကျောင်းသား များပြားလာ
မြန်မာနိုင်ငံတွင်လည်း တရုတ်တို့ စီးပွားရေး ထိုးဖောက်လာမှု နှင့်အတူ လူငယ်များအကြားတွင် တရုတ် ဘာသာစကားကို လေ့လာသူ များပြားလာကြောင်း တွေ့ရသည်။ "ကျမတို့ လူငယ်တွေကြားမှာ နိုင်ငံခြားဘာသာ စကားကို သင်မယ်ဆိုရင် ဘယ်ဘာသာဟာ ပထမ ဦးစားပေးဖြစ်သင့်လဲ စဉ်းစားတဲ့ လူငယ်တွေ များလာတယ်။ ကျမ ဆယ်တန်းအောင်တဲ့ အမှတ်က အင်ဂျင်နီယာ ကျောင်းတွေကို တက်ခွင့်မှီတယ်၊ ဒါပေမယ့် တရုတ်ဘာစကားကိုပထမ ဦးစားပေးအဖြစ် ရွေးချယ်ခဲ့တယ်။ အင်္ဂလိပ်ဘာသာ စကားကိုလည်း သင်ယူနေတယ်" ဟု နိုင်ငံခြားဘာသာ တက္ကသိုလ် ကျောင်းသူ မမိုးမိုး မှပြောဆိုခဲ့သည်။
တရုတ် နိုင်ငံသည် မြန်မာနိုင်ငံတွင် စီးပွားရေး ရင်းနှီုးမြှုတ်နှုံသည့် အများဆုံးနိုင်ငံဖြစ်သည်။ တရုတ်လူမျိုးများပိုင် စီးပွားရေး လုပ်ငန်းများတွင် တရုတ်ဘာသာစကား ကျွမ်းကျင်သည့် ၀န်ထမ်းများကိုသာ ခန့်အပ်လေ့ရှိသည်။ အလုပ်အကိုင် အခွင့်အလမ်းကြောင့် တရုတ်ဘာသာ စကားကို သင်ယူလာသူ များပြားနေကြောင့် မမိုးမိုးမှ ပြောဆိုခဲ့သည်။ တရုတ်နိုင်ငံသည် မိမိတို့၏ ယဉ်ကျေးမှု ပြန့်ပွားရေး လုပ်ဆောင်ရာတွင် အမေရိကန်ပြည်ထောင်စု၊ ပြင်သစ် နှင့် အင်္ဂလိပ် တို့ကို အတုယူကာ အကောင်အထည်ဖေါ် ဆောင်ရွက် နေခြင်းဖြစ်သည်။

လှရွှေ။
http://www.maukkha.org/index.php?option=com_content&view=article&id=1968&catid=120&Itemid=374 မှကူးယူဖေါ်ပြပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...