Wednesday, November 16, 2011

ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ အခန်း (၈) ၊ အပိုင်း(၂)


လူ့အခွင့်အရေးအယူအဆသည် လူပုဂ္ဂိုလ်တစ်ဦးချင်းကို ဦးစားပေးသော အနောက်တိုင်းယဉ်ကျေးမှုမှ ပေါက်ဖွားလာသည့်အယူအဆဖြစ်သောကြောင့် လူ့အဖွဲ့အစည်းကိုဦးစားပေးသော ယဉ်ကျေးမှု အစဉ် အလာရှိသည့် အာရှနှင့် အာဖရိက ဒေသတို့ရှိ နိုင်ငံများနှင့်မသင့်တော်သော တိုင်းတပါးအယူအဆသာ ဖြစ်သည်။ ဆိုသောဆင်ခြေသည် ရံဖန်ရံခါတွင်မူ ကိုယ်ကျိုးရှာအခွင့်ကောင်းယူ၍ပြောသော ဆင်ခြေမျိုး ဖြစ်လေ့ရှိပါသည်။ အာရှနှင့် အာဖရိကနိုင်ငံများရှိ ရီဂျင်းမ် တို့သည် မိမိ၏နိုင်ငံသားများအပေါ် ဖိနိပ် အုပ်ချုပ်၍အမြတ်ထုတ်နေခြင်း ကို တရားဝင်သဘော သက်ရောက်လာအောင် ကြိုပမ်းသည့် အနေဖြင့် ဤဆင်ခြေမျိုးကို မကြာခဏ အသုံးပြု လေ့ရှိသည်။ မြန်မာနိုင်ငံရှိ န၀တ ရီဂျင်းမ်သည် ဤကိစ္စ၌ အကောင်းဆုံးဥပမာဖြစ်ပါသည်။ န၀တခေါင်းဆောင် များက အနောက်တိုင်းပုံစံ လူ့အခွင့်အရေးကို ခံစားချင်ကြသူ မည်သူမဆို မြန်မာပြည်ကိုစွန့်ခွာကာ ထိုနိုင်ငံများ သို့ သွားရောက်နိုင်ကြသည် ဟု ပြောဆိုလေ့ရှိသည်။ အနောက်တိုင်းပုံစံလူ့အခွင့်အရေးမျိုးကို မြန်မာနိုင်ငံတွင် ကျင့်သုံးမည် ဆိုပါက တိုင်းပြည်ပြိုကွဲမည့် အန္တရာယ်ရှိ၍ ခွင့်မပြုနိုင်ဟုလည်း ပြောဆိုလေ့ရှိကြသည်။ အဆိုပါ ရီးဂျင်းမ်းမျိုးသည် ၄င်းတို့၏ အာဏာအလွဲသုံးစား ပြုမှုကို တရားမျှတသယောင်ဖုံးကွယ်လိုသည့် သဘောဖြင့် လူ့အခွင့်အရေးသည် ဒေသခံယဉ်ကျေးမှုနှင့် မအပ်စပ်ဟူ၍ ဆင်ခြေမျိုးကိုလည်းကောင်း လူ့အခွင့်အရေးကို ဒေသနေပြည်သူတို့က နားမလည်ကြဟုသည် ဆင်ခြေမျိုးကိုလည်းကောင်း လွယ်လင့်တကူးပေးတတ်ကြသည်။ 

          သို့ရာတွင် လူတစ်ဦးချင်းကို ရည်ညွှန်းဦးစားပေးသည့် လူ့အခွင့်အရေးပုံစံအား အနောက်တိုင်းမှ မဟုတ်သည့် နိုင်ငံများ၏ ဝေဖန်မှုတိုင်းကို မရိုးမသားဝေဖန်ခြင်းမျှသာဖြစ်သည် ဟု ဆို၍မရပါ။ အချို့အနေဖြင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကဲ့သို့သော စာချုပ်များတွင် ပါဝင်သည့် အချက်အလက်များကို မိသားစုအသိုက်အ၀န်း လူ့အဖွဲ့အစည်းတို့အပေါ် လူပုဂ္ဂိုလ်တစ်ဦးချင်း က တာဝန်ရှိမှုအား အလေထားညွှန်းဆိုသော ၄င်းတို့၏ ယဉ်ကျေးမှု ထုံးထမ်းအစဉ်အလာတို့နှင့် အံဝင်ခွင်ကျ ဖြစ်အောင် ညှိုနှိုင်းရန်အတွက် အမှန်တကယ်အခက်အခဲရှိကြသည်။ အရှေ့အာရှဒေသရှိ ကွန်ဖြူးရှပ်ဝါဒ ထွန်းကားသော နိုင်ငံများတွင် ထိမ်းမြားလက်ထပ်ခြင်းကို အကြင်လင်မယားနှစ်ဦး အတူတကွပေါင်းသင်း နေထိုင်ရခြင်းသဘော ထက် မိသားစုမျိုးရိုး တိမ်ကောမသွားစေရန် ကျင့်သုံးသည့် နည်းလမ်းတစ်ခုအဖြစ် သဘောထားကြသည် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့တွင် ယောင်္ကျားလေး တစ်ဦးသည် မိန်းကလေးတစ်ဦးနှင့် မေတ္တာမျှ၍ လက်ထပ်ထမ်းမြားချင်သည့်တိုင်အောင် မိန်းကလေး၏ လူမှုရေးအဆင့်အတန်းနှင့် ကျန်းမာရေးအခြေအနေ တို့ကိုလိုက်၍ ယောင်္ကျားလေးဖက်မှ မိဘများက သဘေတူချင်မှ တူပေလိမ့်မည်။ ဥပမာ မိန်းကလေးအနေနှင့် ကျန်းမာရေး ချို့တဲ့သောကြောင့် သားသမီးမရနိုင်သည့်အနေအထားတွင် ရှိကောင်းရှိပေလိမ့်မည်။ သို့ဖြစ်ရာ သူမသည် အစဉ်အလာသဘောအရ အရေးကြီးသော တာဝန်ဖြစ်သော သားယောင်္ကျားလေးများကို မွေးဖွားပေး ရသည့်တာဝန်ကို မထမ်းဆောင်နိုင်တော့ချေ။ အနောက်တိုင်းရှုထောင့်အရ အရွယ်ရောက်ပြီးကြသည့် ဤလူငယ်နှစ်ဦးတို့အနေနှင့် လက်ထပ်ထိန်းမြားပိုင်ခွင့် ရှိရမည်ဖြစ်သော်လည်း အဆိုပါရပိုင်ခွင့်သည် မိဘများ၏ သဘောဆန္ဒကို လေးစားလိုက်နာခြင်း ဆိုင်ရာမိဘတို့၏ ကောင်းကျိုးချမ်းသာနှင့် မျိုးရိုး တည်တံ့ရေး ကို စောင့်ထိန်းရခြင်း အစရှိသည့် ထုံးတမ်းအစဉ်အလာတာဝန်များနှင့် ၀ိရောဓိဖြစ်နေ တတ်ပါသည်။

          ဆော်ဒီအာရေးဗျနှင့် အီရမ် အစ္စလမ် သမတနိုင်ငံတို့ ကဲ့သို့သော ရှေးရိုးအစ္စလမ်နိုင်ငံများ၌ ကျင့်သုံး သည့် ရှာရီယာ (Sharia) ခေါ် အစ္စလမ်ဥပဒေတွင် ဓါတ်စာမှစ၍ အစိုးရအဖွဲ့အထိ အကျုံးဝင်သောကိစ္စရပ်များ အတွက် သီးသန့်ပြဌာန်းချက်များ ရှိနေလေသည်။ အဆိုပါ အစ္စလမ်ဥပဒေကို တိကျစွာ အဓိပ္ပါယ်ပြန်ဆိုကျင့်သုံး သောအခါ ထိုနိုင်ငံများရှိ အမျိုးသမီးများသည် အနောက်နိုင်ငံများရှိ အမျိုးသမီးများလောက်အခွင့်အရေး မရကြ တော့ပေ။ သူတို့အနေဖြင့် လူမြင်ကွင်းတွင် အဖော်မပါဘဲ လမ်းသွားခွင့်မရှိသောကြောင့် အိမ်တွင်းပုံဘ၀ဖြင့် နေရသည်လည်းရှိသည်။ သူတို့သည် ခေတ်ဆန်သောအ၀တ်အစားများကို ၀တ်ဆင်ခွင့်မရှိဘဲ ဆံပင်ကိုဖုံးအုပ် ထားသည့်အ၀တ်အစား တစ်ခါတရံ မျက်နှာကိုပါ ဖုံးအုပ်ထားသော အ၀တ်အစားများကို ၀တ်ဆင်ထားကြရ သည်။ မူဆလင်ဘာသာဝင် မဟုတ်သူများအတွက် အဆိုပါကိစ္စရပ်များသည် အဓိပ္ပါယ်ကင်းမဲ့၍ အမြင်ကျဉ်း မြောင်းသည့် ကိစ္စရပ်များဖြစ်သော်လည်း ရှေးရိုးအစ္စလမ်ဘာသာဝင်များအတွက်မူ ထိုအရာတို့သည် ဘုရားသခင် (အလာရှင်မြတ်) ၏ ပဥာဏ်တော်များဖြစ်ကြလေသည်။ ရှေးရိုးအစ္စလမ်ဘာသာဝင်များကမူ ရှာရီယာ အစ္စလမ်ဥပဒေကို တိကျစွာ အဓိပ္ပါယ်ဖွင့်ဆို ကျင့်သုံးခြင်းသည် အမျိုးသမီးများ၏ ဂုဏ်သိက္ခာကို ကျဆင်းစေဖို့ ဝေစွ။ ၄င်းတို့၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးရာရောက်သည်ဟု စောဒက တက်ကြသည်။
          ဟိန္ဒူဘာသာဝင်တို့၏ ဇာတ်နိမ့်-ဇာတ်မြင့် ခွဲခြားသောစနစ်သလည်း သက်ဆိုင်ရာပုဂ္ဂိုလ်များ အပေါ် တာဝန်ပိစေသည်။ ဇာတ်ကွဲပြားသူအချင်းချင်း အတူတကွစားသောက်ခြင်း ၊ လူမှုရေးအရ ကူလူးဆက်ဆံခြင်း၊ လက်ထပ်ထိန်းမြားခြင်း စသည့် ရောက်ယှက်ခြင်း မှန်သမျှကို ယင်းစနစ်က တိကျစွာ တားမြစ်ထားသည်။ မိမိတို့၏ မျိုးနွယ် (ဇာတ်) ကို သန့်ရှင်းအောင် စောင့်ထိန်းရသော တာဝန်ကြောင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ ကို အလေးထားသည့် အနောက်တိုင်းပုံစံ လူ့အခွင့်အရေးတို့ ရှင်သန်ရန် မဖြစ်နိုင်တော့ချေ။ အကြောင်းမှာ ဇာတ်စံနစ်အရ သက်ဆိုင်ရာပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ ဆန္ဒသဘောထား ထက် ၄င်းတို့၏ မျိုးနွယ်ဇစ်မြစ်ကိုသာ အလေးထားတန်ဖိုး သတ်မှတ်လေ့ရှိသောကြောင့် ဖြစ်သည်။ အာဖရိကမျိုးနွယ်စုများတွင်လည်း မျိုးရိုးစွဲ နှင့် ဒေသစွဲ ပြင်းထန်လွန်းလှသည် ဖြစ်ရာ၊ လူပုဂ္ဂိုလ်တစ်ဦး ချင်းစီ၏ ရပိုင်ခွင့်နှင့် လိုလားချက်တို့ကို ဦးစားပေး၍ ထိုပုဂ္ဂိုလ်အား သက်ဆိုင်ရာ လူ့အဖွဲ့အစည်းမှ ခွဲထုတ်ရှုမြင်ရန် ခက်ခဲလေသည်။ လူတိုင်းကလည်း ၄င်းတို့သည် လူ့အဖွဲ့အစည်း၏ ခွဲခြား၍မရသော အစိတ်အပိုင်းတစ်ပိုင်းမျှသာ ဖြစ်သည်ဟု ခံယူကြလေသည်။

          “ယဉ်ကျေးမှု သဘောအရ မအပ်စပ်” ဆိုသည့် ဆင်ခြေအပြင် “ဆင်းရဲသော နိုင်ငံတစ်ခုတွင် အနောက် တိုင်းပုံစံ လူ့အခွင့်အရေးကို အပြည့်အ၀ ခံစား၍ မရနိုင်” ဟူသည့် ဆင်ခြေမျိုးကိုလည်း တွေ့ရှိရပါသည်။ စီးပွားရေး တဟုန်ထိုးတိုးတက် မြင့်မားလာစေရန် နှင့် လူနေမှုအဆင့်အတန်း ပိုမိုကောင်းမွန်လာစေရန် အတွက် လိုအပ်သော စည်းမျဉ်းစည်းကမ်းများကို အကောင်အထည်ဖော်နိုင်စေရန်အလိုငှာ လူ့အခွင့်အရေးကို စတေးခံရ မည် ဟုလည်း ဆိုကြသည်။ ဤသို့သော အကြောင်းပြချင်မျိုးဖြင့် ဖွဲ့ဖြိုးဆဲနိုင်ငံများတွင် လူတစ်ဦးချင်းစီ၏ ရပိုင်ခွင့်များကို ပြင်းထန်စွာ ကန့်သတ်လေ့ရှိခြင်းကို တရားမျှတသယောင် ပြောဆိုကြလေ့ရှိသည်။ စင်္ကာပူနိုင်ငံ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယူ (Lee Kwan Yew) သည် ဤအကြောင်းပြချင်မျိုးကို မကြာခဏ ပေးလေ့ရှိသည်။ မကြာသေးမီက ဖီလစ်ပိုင်နိုင်ငံသို့ သွားရောက်ခဲ့သော လီကွမ်ယူက ဖိလစ်ပိုင် နိုင်ငံရေးစနစ်သည် ဒီမို ကရေစီဆန်လွန်းသည် ဟု ဝေဖန်ခဲ့လေသည်။ လီကွမ်ယူက ဖိလစ်ပိုင်နိုင်ငံ အနေဖြင့် အရှေ့တောင်အာရှ နိုင်ငံများအသင်းဝင် အခြားနိုင်ငံများလောက် စီးပွားရေးမကောင်းမွန်ရခြင်းမှာ ဖိလစ်ပိုင်နိုင်ငံသားတို့သည် ဒီမိုကရေစီကို နှစ်သက်လွန်းပြီး လူ့အဖွဲ့အစည်း၏ အကျိုးစီးပွားကို အနစ်နာခံကာ မိမိတို့၏ အခွင့်အရေး ကိုသာ တောင်းဆိုလွန်းသောကြောင့် ဖြစ်သည်ဟု ပြောဆိုခဲ့လေသည်။ 

          သို့ဖြစ်ရာ အနောက်တိုင်းမှ မဟုတ်သော နိုငံများအနေနှင့် အောက်ပါအကြောင်းပြချက် နှစ်မျိုး အားဖြင့် လူ့အခွင့်အရေးအယူအဆကို လက်မခံနိုင်ကြခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။

(၁)     လူ့အခွင့်အရေးအယူအဆသည် တာဝန်သိတတ်ပြီး လူ့အဖွဲ့အစည်းကို ဦးစားပေးသည့် (အနောက်တိုင်း မှမဟုတ်သော ) နိုင်ငံများ၏ ရိုးရာဓလေ့ထုံးစံတို့နှင့် မကိုင်ညီဟု ဆိုသော အကြောင်းပြချက်နှင့်

(၂)     လူ့အခွင့်အရေးကို အပြည့်အ၀ ကျင့်ကြံခံစားစေမည် ဆိုလျှင် စက်မှုလုပ်ငန်း ဖွံ့ဖြိုးမှုနှင့် စီးပွားရေး တဟုန်ထိုး တိုးတက်မှုတို့ ဖြစ်ပေါ်စေရန် လိုအပ်သော “ကျင့်ဝတ်စည်းကမ်း စောင့်ထိန်းမှု” ကို အလွန် အမင်း အနှောက်အယှက် ဖြစ်စေသည်ဆိုသော အကြောင်းပြချက်တို့ ဖြစ်ကြသည်။   
     
          အထက်ပါအကြောင်းပြချက် နှစ်မျိုးစလုံးသည် လေးစားဖွယ်ကောင်းသော အကြောင်းပြချက်များ ဖြစ်ကြပါသည်။ ယင်းတို့အား မုသားများ အဖြစ်လည်းကောင်း၊ ဖိနှိပ်သော ရီဂျင်းမ်တို့ကို ဖုံးကွယ်ပေးမှု သက်သက်မျှသာ ဖြစ်သည်ဟူ၍ လည်းကောင်း လွယ်လင့်တကူ အပြစ်မတင်ထိုက်ပါ။ အထက်တွင် ဖော်ပြခဲ့သော အကြောင်းပြချင်နှစ်မျိုးအနက် ပထမတစ်မျိုးနှင့်ပတ်သက်၍ဆိုရလျှင် ခေတ်ပေါ်အယူအဆ များကြောင့် ရှေးရိုးစဉ်လာ ယဉ်ကျေးမှုတို့ သိသိသာသာပြောင်းလဲခဲ့ပြီး ယခင်အနေအထားသို့ ပြန်မရောက်နိုင်လောက်သည့် အဆင့်သို့ ရောက်ရှိနေပြီဆိုသည်ကို သတိပြုရပေမည်။ ဥပမာအားဖြင့် ဂျပန်၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ် နိုင်ငံတို့ရှိ လူငယ်များစွာတို့သည် လူငယ်ချင်း မေတ္တာမျှကြသည့် အချက်ကို အခြေခံ၍ အိမ်ထောင်ပြုလျက်ရှိ ကြသည်။ သားသမီးတို့၏ အိမ်ထောင်ဖက်ရွေးချယ်ရေးတွင် မိဘတို့၏ အခန်းကဏ္ဍ တစ်စထက်တစ်စ မှေးမှိန် လာလျက်ရှိသည်။ အိမ်ထောင်ဖက်ရွေးချယ်ရေး ကိစ္စများတွင် မိဘများကသာ လုံးဝဥဿုံတာဝန်ယူ ဆောင်ရွက်လေ့ရှိသောကြောင့် ရံဖန်ရံခါ သတို့သားနှင့် သတို့သမီးတို့ မင်္ဂလာဆောင်မည့်နေ့ရောက်မှ မြင်ဖူးတတ်ကြသော အစွန်းရောက်ရိုးရာ ထုံးတမ်းစဉ်လာ သည် အိန္ဒိယနိုင်ငံ၏ အချို့သောဒေသများမှအပ စက်မှုထွန်းကားလာသည့် အရှေ့အာရှတွင် ပပျောက် သလောက် ဖြစ်သွားခဲ့လေသည်။
          ထိုမျှသာမက လူဆလင်ပြုပြင်ပြောင်းလဲရေးသမားများကလည်း ပြင်းထန်သော ရှာရီယာ အစ္စလမ် ဥပဒေကို အံတုလာကြသည်။ ဤပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှု၏ အကျိုးဆက်တစ်ရပ်အဖြစ် အီဂျစ်၊ တူရကီ၊ အင်ဒိုနီးရှား စသော မူဆလင်နိုင်ငံများတွင် အမျိုးသမီးများ အိမ်ပြင်ထွက်၍ အလုပ်လုပ်ခွင့်နှင့် ခေတ်မီ၍ အနောက်တိုင်းဆန်သော အ၀တ်အစားဝတ်ဆင်နိုင်ခွင့် အပါအ၀င်ဖြစ်သည့် ပိုမိုကျယ်ပြန့်သော လွတ်လပ်ခွင့်ကို  ရရှိလာကြသည်။ အိန္ဒိယနိုင်ငံတွင်လည်း ခေတ်မီလာခြင်းကြောင့် တစ်ကြောင်း၊ ဇာတ်မြင့်သူများနှင့် ဖြစ်ပွားသော ပဋ္ဋိပက္ခများတွင် ဇာတ်နိမ့်သူတို့၏ ရပ်တည်ချက် ပိုမိုခိုင်မာလာခြင်း ကြောင့် တစ်ကြောင်း၊ ဇာတ်ခွဲခြားသည့် စနစ်သည် တစထက်တစ ယိုယွင်းလျက်ရှိသည်။ ရှေးဟောင်း အာဖရိကနှင့် အာရှဒေသရှိ ကျေးရွာအဖွဲ့အစည်းများသည်လည်း ကျေးရွာနေလူထုတို့ မြို့ကြီးများသို့ အစုလိုက်အပြုံလိုက် ပြောင်းရွေ့ကြ ခြင်းကြောင့် တဖြည်းဖြည်း အားနည်းလာလျက်ရှိသည်။ 

          ဤသို့ဖြင့် ရိုးရာယဉ်ကျေးမှုတို့ ပြောင်းလဲလျက်ရှိနေရာတွင် အချို့သော ပြောင်းလဲမှုတို့သည် ကောင်းသောပြောင်းလဲမှုများ ဖြစ်ချင်မှဖြစ်ပေလိမ့်မည်။ ဥပမာအားဖြင့် ကျေးရွာနေ ပြည်သူများစွာတို့ မြို့ကြီး များသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည့် ထိုင်းနှင့် ဖိလစ်ပိုင် ကဲ့သို့သော နိုင်ငံများတွင် ပြည်တန်ဆာလုပ်ငန်း နှင့် မူးယစ်ဆေးစွဲသူတို့ တိုးပွားလာခြင်း အပါအ၀င် အခြားသော လူမှုရေး အကျင့်ပျက်မှုများကို ကြုံတွေ့နေကြရပြီ ဖြစ်သည်။ သို့ရာတွင် ယေဘုယျအားဖြင့်ဆိုရလျှင် အနောက်တိုင်းမှ မဟုတ်သည့် နိုင်ငံများရှိ လူ့အဖွဲ့အစည်းတို့ သည် လူတစ်ဦးချင်းကို အလေးထားသော စနစ်သို့ ကူးပြောင်းလျက်ရှိသော တတိယကမ္ဘာ နိုင်ငံများတွင် ၊ လူပုဂ္ဂိုလ်သဘောအရ ရင်းရင်းနှီးနှီး ရှိကြသော ကျေးရွာလူနေမှုစနစ်ကို ယင်းနှင့် နှိုင်းစာလျှင် တစိမ်းတရံစာ သဘောပိုဆန်သည့် မြို့ပြလူနေမှုစနစ်က အစားထိုးနေရာယူလျက်ရှိသည်။ ဤဖြစ်ရပ်ကို ဆင်ခြေဖုံးရပ်ကွက် များနှင့် ကျူးကျော်ရပ်ကွက်များတွင် ပိုမိုထင်ရှားစွာတွေ့ရှိနိုင်ပါသည်။ အကျိုးဆက်အားဖြင့် လူတို့သည် မိမိတို့၏ အခွင့်အရေး ရပိုင်ခွင့်များနှင့် ပတ်သက်၍ နိုးကြားစိတ်များပေါ်လာပြီး ယင်းအခွင့်အရေးတို့ကို ရရှိစေ ရန်အတွက် တစ်စထက်တစ်စ ခိုင်ခိုင်မာမာ တောင်းဆိုလာတတ်ကြပြီဖြစ်သည်။ စင်စစ် ရှေးဟောင်း လူ့အဖွဲ့အစည်းပုံသဏ္ဍာန် ပျက်ယွင်းလာခြင်းကြောင့် တတိယကမ္ဘာနိုင်ငံများနေ ပြည်သူများအတွက် လူ့အခွင့်အရေး သည် ယခင်ကထက်ပို၍ အရေးတကြီးလိုက်အပ်လာပြီဖြစ်သည်။ ကျေးရွာစနစ်သို့မဟုတ် မိသားစုစနစ်တွင် လူပုဂ္ဂိုလ်တစ်ဦးချင်းစီသည် များမြောင်လှသည့် ဝေယျာဝစ္စများ ကြားမှပင် သက်ဆိုင်ရာ လူနေမှုအဆင့်အတန်းလိုက် လူခြုံမှုရှိကြသည်။ သို့ရာတွင် တတိယကမ္ဘာနိုင်ငံများရှိ တစိမ်းမရံစာ ဆန်သော လူနေမှုစနစ်ထွန်းကား သည့် ဘန်ကောက်၊ ဘုံဘေ၊ မနီလာ၊ မက္ကဆီကိုစီးတီး စသော မြို့ကြီးများတွင်မူ ကျေးရွာများမှနေ၍ မိမိတို့ အသိုက်အ၀န်းများနှင့် အဆက်အသွယ်ပြတ်တောက်၍ မြို့ပေါ် ရောက်ရှိနေကြသူများအား မြေပိုင်ရှင်များ ၊ အလုပ်ရှင်များနှင့် ရာဇ၀တ်ဂိုဏ်းခေါင်းဆောင်များက သွေးစုပ်အမြတ်ထုတ်တတ်ကြသည်။ ပုလိပ်အရာရှိများနှင့် အစိုးရအရာရှိများကလည်း ထိုနည်းတူစွာ ကျင့်ကြံတတ်ကြသည်ဖြစ်ရာ လူ့အခွင့်အရေး ရပိုင်ခွင့်ဟူသည် ယခင်ကထက်ပို၍ အရေးတကြီး လိုအပ်လာပြီဖြစ်သည်။  
    
          ယင်းအတွက် ဖိလစ်ပိုင်နိုင်ငံမှ သူရင်းငှား လယ်သမားများနှင့် အိန္ဒိယအမျိုးသမီးများ၏ ဥပမာတို့ကို ကြည့်ကြပါဦးစို့။ ဤရာစုနှစ်စောစောပိုင်းကဆိုလျှင် ဖိလစ်ပိုင်နိုင်ငံ၌ မြေရှင်ကြီးများနှင့် သူရင်းငှားလယ်သမား တို့အကြား ဆက်ဆံရေးသည် နှစ်ဦးနှစ်ဖက် အပြန်အလှန်အကျိုးရှိသော လေးစားချစ်ကြည်သည့် ဆက်ဆံရေး မျိုး ဖြစ်ခဲ့သည်။ မြေရှင်ကြီးတို့သည် လယ်သမားများ၏ လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းပေးပြီး ၄င်းတို့အား သားသမီးများကဲ့သို့ သဘောထား၍  ဖခင်တစ်ဦးသဖွယ် စောင့်ရှောက်တတ်သည်။ ယင်းတို့အကြား တည်ရှိခဲ့ သော ဆက်ဆံရေးသည် တန်းတူညီမျှသော ဆက်ဆံရေးမျိုး မဟုတ်ခဲ့သည့်တိုင်အောင် လယ်သမားတို့အတွက် အကျိုးများစေခဲ့သော  ဆက်ဆံရေးမျိုး ဖြစ်ခဲ့သည့်အပြင် သင့်တင့်လျောက်ပတ်သော လုံခြုံမှုကိုလည်း ရရှိစေခဲ့ သည်။ သို့ရာတွင် အမြတ်အစွန်းကို ဦးစားပေးသော ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးစနစ်ကြောင့် မြေပိုင်ရှင်များ  သည် ၄င်းတို့၏ လယ်မြေများအား ကြည့်ရှုစောင့်ရှောက်မည့် လူစားများလက်တွင် ထားရစ်ခဲ့ပြီး စည်းစိမ်ပြည့်ဝ သော မြို့ကြီးများတွင် သွားရောက်နေထိုင်ကြလေသည်။ ထိုအခါ ယခင်ကရှိခဲ့သော ပုဂ္ဂိုလ်ရေးအရ လေးစား ချစ်ကြည်မှုတို့ လျော့ပါးသွားသည့်အပြင် မြေရှင်ကြီးတို့ ကိုယ်စား လယ်မြေများကို စီမံအုပ်ချုပ်သောလူစားတို့ သည် လယ်သမားများအပေါ် ကြမ်းတမ်းစွာ ပြုမူဆက်ဆံလာကြသည်။ အထူးသဖြင့် လယ်သမားများအနေဖြင့် အချိန်တန်၍ သီးနှံများကို မပေးသွင်း နိုင်သည့်အခါ ဖြစ်စေ၊ ချေးငွေများကိုပြန်မဆက်နိုင်သည့်အခါဖြစ်စေ ဤသို့ ကြမ်းတမ်းရုန့်ရင်း စွာ ဆက်ဆံခံကြလေသည်။ ဤသည်ကို တုံ့ပြန်သောအားဖြင့် သူရင်းငှားလယ်သမားများ သည် ၄င်းတို့၏ အခြေခံလူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးတို့ကို ကာကွယ်ရန်အတွက် သမဂ္ဂများကို ဖွဲ့စည်းကြ သည့်အပြင် လက်နက်ကိုင်ပြောက်ကြား စစ်ဆင်မှုများကိုပင် ပြုလုပ်လာကြသည်။ ဤဖြစ်ရပ်တို့သည် ဖိလစ်ပိုင်နိုင်ငံတွင် ဒုတိယကမ္ဘာစစ်မတိုင်မီက လည်းကောင်း၊ ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင်လည်းကောင်း ပေါ်ပေါက်ခဲ့ဖူးလေသည်။

          ရှေးရိုးစဉ်လာ အိန္ဒိယ လူ့အဖွဲ့အစည်းတွင်လည်း ဟိန္ဒူဘာသာဝင်အမျိုးသမီးများ အထူးသဖြင့် ဇာတ်မြင့် လူမျိုးစုဝင် အမျိုးသမီးများ အနေဖြင့် တင်းကြပ်သော လူမှုဘ၀တွင် နေထိုင်ကြသည့်တိုင်အောင် အခြေခံအားဖြင့် လုံခြုံမှု ပြည့်ဝသောဘ၀ကို ပိုင်ဆိုင်ကြသည်။ သို့ရာတွင် ခေတ်မီလာခြင်း၊ မြို့ကြီးပြကြီးများသို့ လူအမြောက်အများ ပြောင်းရွှေ့လာခြင်း နှင့် ရုပ်ဝတ္တုပစ္စည်း ကြွယ်ဝချမ်းသာရေး အယူအဆ လွှမ်းမိုးလာခြင်း တို့သည် အမျိုးသမီးများ၏ ထုံးတမ်းစဉ်လာလုံခြုံမှုကို ပျက်ယွင်းလာစေခဲ့သည်။ သတို့သား၏ မိသားစုသည် သတို့သမီး၏ မိသားစုဘက်မှ လက်ဖွဲ့ပစ္စည်းများ ရယူလေ့ရှိသည်မှာ ထုံးစံတစ်ရပ်သဖွယ် ဖြစ်နေခဲ့ရာမှ  ပကာသန ဆန်သည့် အိန္ဒိယမြို့ပြ ယဉ်ကျေးမှုအရှိန်အ၀ါ တိုးမြင့်လာခြင်းနှင့် ပေါင်းဖက်မိကာ မတန်တဆ လက်ဖွဲ့ပစ္စည်းတောင်းသော ဓလေ့ပေါ်ပေါက်လာခဲ့သည်။ သတို့သားဘက်မှ လက်ဖွဲ့တောင်းခံရာတွင် ရောင်စုံ ရုပ်မြင်သံကြားစက်၊ ဗီဒီယိုပြစက်မှစ၍ မော်တော်ကားအထိ တောင်းခံလာကြသည်။ တစ်ခါတရံ သတို့သမီး၏ မိဘများဘက်မှ အဆိုပါ လက်ဖွဲ့တောင်းခံမှုအတိုင်း လိုက်လျောရန် မတတ်နိုင်လျှင်ဖြစ်စေ၊ တက်နိုင်လျက်နှင့် မလိုက်လျော ခဲ့လျှင်ဖြစ်စေ၊ သတို့သား၏ မိသားစုက ထိုမိန်းကလေးအား သတ်ဖြတ်ပစ်သည်အထိ ကျူးလွန်လာ တတ်ကြသည်။ မီးဖိုချောင်တွင် အလုပ်လုပ်ကြရသော မိန်းကလေးများ အနေနှင့် ရေနံဆီမီးဖိုမှ မီးလောင်ခံရတတ်သည်ဖြစ်ရာ ကံဆိုးသူထိုမိန်းကလေးအားလည်း မတော်တဆဖြစ်လေ ဟန်ဖြင့် မီးလောင်ကျွမ်းစေပြီး သတ်ဖြတ်ပစ်တတ်ကြသည်။ ယင်းကို “သတို့သမီးလောင်းကျွမ်းမှု” ဟု ခေါ်ဆိုလေ့ရှိ သည်။ မကြာသေးမီ နှစ်များအတွင်းကစ၍ ဤသို့သော “သတို့သမီးလောင်ကျွမ်းမှု” မျိုးကို တိုက်ဖျက်ရန် အတွက် အိန္ဒိယနိုင်ငံရှိ လူ့အခွင့်အရေးအဖွဲ့အစည်းများက ကြိုးပမ်းဆောင်ရွက်လာကြသည်။ ဂုဏ်ပကာသန မက်မောခြင်းနှင့် ခေတ်မီခြင်းတို့သည် အိန္ဒိယ အမျိုးသမီးများအတွက် မမျှော်မှန်းနိုင်သော အန္တရာယ်အသစ် များကို ကျရောက်စေနိုင်သဖြင့် သူတို့အနေနှင့် ၄င်းတို့၏ ရပိုင်ခွင့်များကို ပိုမိုနိုးကြားစွာ သိမြင်လာစေရန် လိုအပ်လာပြီ ဖြစ်သည်။

          အချုပ်အားဖြင့်ဆိုရလျှင် ခေတ်မီခြင်းနှင့် ရုပ်ဝတ္တုပစ္စည်းမက်မောခြင်းတို့သည် လူပုဂ္ဂိုလ် တစ်ဦးချင်း -အထူးသဖြင့် ဆင်းရဲ၍ အာဏာမဲ့သော ပြည်သူတစ်ဦးချင်း၏ ရှေးရိုးစဉ်လာ လုံခြုံသောဘ၀အား  ဖျက်ဆီးပစ် နိုင်သော အနေအထားများကို ဖန်တီးပေးနေပြီ ဖြစ်သည်။ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ ဆင်းရဲချို့တဲ့သော အနေအထားမှ နေ၍ ဤဖြစ်ရပ်ဆိုးမျိုးကို ကာကွယ်နိုင်ရန်မှာ (လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ ရပိုင်ခွင့်များအား ကာကွယ်ပေးသည့်) လူ့အခွင့်အရေး အယူအဆ၌ အခြေခံသော လှုပ်ရှားမှုများကို ဖော်ဆောင်တိုက်ပွဲဝင်ရန် မှတပါး အခြားမရှိတော့ပြီ။ ဤသို့ကာကွယ်ရာတွင်လည်း (ယခုအခါ ပျောက်ကွယ်သွားပြီဖြစ်ပြီး နောက်နှောင် ပြည်ပေါ်ထွန်းလာနိုင်ရန်လည်း ဖြစ်နိုင်ခဲ့သည့်) ရိုးရာလူ့အဖွဲ့အစည်းတစ်ရပ်၏ အဖွဲ့ဝင် လူသားတစ်ဦးအား ကာကွယ်ပေးသည့် ပုံသဏ္ဍာန်မျိုးထက် သီးခြားကင်းလွတ်သော လူပုဂ္ဂိုလ်တစ်ဦးချင်းစီအား ကာကွယ်ပေးသည့် ပုံသဏ္ဍာန်မျိုးသာ ဖြစ်သင့်ပေသည်။
          ဆင်းရဲသောနိုင်ငံတို့ အနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သော စည်းမျဉ်း စည်းကမ်း များကို ဖော်ဆောင်နိုင်ရန်အလို့ငှာ လူ့အခွင့်အရေးကို စတေးခံသင့်သည် ဆိုသော အကြောင်းပြချက်အား သုံးသပ်ကြည့်ကြပါအုံးစို့။ ဤအယူအဆသည် ယေဘုယျအားဖြင့် ရိုးစင်း၍ နားလည်လွယ်သော သဘောရှိ သော်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှင့် နည်းစနစ်ကျမှုတို့သည် အမြဲတစေ ဆက်စပ်နေသည် မဟုတ်ပါ။ တစ်နည်းဆိုရလျှင် စည်းကမ်းရှိခြင်းနှင့် လူ့အခွင့်အရေးအပေါ် ချုပ်ချယ်ကန့်သတ်ခြင်းတို့သည် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အမြဲသစေ ဆောင်ကျဉ်း မပေးနိုင်ပါ။ ပြီးခဲ့သော ဆယ်စုနှစ်များအတွင်း အားကျလောက်ဖွယ် စီးပွားရေးတိုးတက်လာခဲ့သည့် ဂျပန်၊ တောင်ကိုရီးယားနှင့် စင်္ကာပူနိုင်ငံ တို့သည် အလွန်စည်းစနစ်ကျသော လူ့အဖွဲ့အစည်းများဖြစ်ကြပါသည်။ သို့သော် အလားတူ စည်းကမ်းတင်းကျပ်သော်လည်း စီးပွားရေးရပ်တန့် ဆုတ်ယုတ်ခဲ့သည့် မြောက်ကိုရီးယားနှင့် ယခင် ဆိုဗီယက်ယူနီယံတို့ကို ဆန့်ကျင်ဖက် ဥပမာများအဖြစ် တွေ့ရှိ နိုင်ပါသည်။ တရုတ်ပြည်၌လည်း တင်းကျပ်သော တော်လှန်ရေးစည်းမျဉ်းများအတိုင်း ကျင့်ကြံခဲ့သည့် ၁၉၅၀ နှင့် ၁၉၆၀ နှစ်များတွင် စီးပွားရေးတိုးတက်မှု ရပ်တန့်ခဲ့သော်လည်း ၁၉၇၀ နှောင်းပိုင်း နှစ်များမှစ၍ တရုတ်ပြည် ၏ စီးပွားရေးပြန်လည် ဖွံ့ဖြိုးလာခဲ့သည်။ ဤသို့ဖြစ်ရခြင်းမှာ စင်စစ်အားဖြင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သောကြောင့်ဖြစ်သည်။ သို့ရာတွင် စီးပွားရေး ပြုပြင်ပြောင်းလဲမှု ပိုမိုလွတ်လပ်သော လူ့အဖွဲ့အစည်း တစ်ရပ်ကို ဖန်တီးပေးသကဲ့သို့ ဖြစ်ခဲ့သဖြင့် လူတို့သည် စီးပွားရေးတိုးတက်မှု သက်သက်ကိုသာမက လွတ်လပ် စွာထုတ်ဖော်ပြောဆိုခွင့်နှင့် လွတ်လပ်စွာ စုရုံးခွင့် အစရှိသည့် အနောက်တိုင်းဟန် လူ့အခွင့်အရေးများကိုပါ လိုလားတောင့်တလာကြသည်။ ဤသို့ဖြင့် ၁၉၈၉ ခုနှစ်တွင် ကြေကွဲဖွယ်ရာ ထိန်အန်မင်း ရင်ပြင် လူသတ်ပွဲကြီး ဖြစ်ပွားခဲ့ရသည်။ ဤဖြစ်ရပ်ဆိုးသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ပိုမိုလိုလားလာကြသည့် လူငယ်ပိုင်းနှင့် တရုတ်ပြည်၏ စီးပွားရေးကို ဒီမိုကရေစီရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုမပါဘဲ ဖွံ့ဖြိုးတိုးတက်နိုင်စေသည် ဟု ယုံကြည်ခဲ့ကြသည့် (ယခုတိုင် ယုံကြည်နေဆဲဖြစ်သည့်) သက်ကြီးပိုင်း တရုတ်ကွန်မြူနစ် ခေါင်းဆောင်ပိုင်းတို့ အကြား တိုက်ပွဲရလဒ် ဖြစ်သည်။

          စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာပြီး လူလတ်တန်းစား အလွှာသစ်နှင့် အလုပ်သမား လူတန်းစားတို့၏ လူနေမှု အဆင့်အတန်း ပိုမိုကောင်းမွန်လာခဲ့သည့် တတိယကမ္ဘာ နိုင်ငံများတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တောင်းဆိုသံများ မကြာခဏ ပေါ်ထွန်းလာတတ်ကြသည်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံတွင် ၁၉၉၂ မေလအတွင်း က စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်သော မြို့ပြလူတန်းစားတို့၏ ဒီမိုကရေစီလှုပ်ရှားမှုတစ်ရပ် ပေါ်ပေါက်လာခဲ့သည်။ န၀တ စစ်တပ် ကဲ့သို့ပင် ထိုင်းစစ်တပ်သည် ဘန်ကောက်မြို့၏ လမ်းမများပေါ်တွင် လက်နက်မဲ့ ဆန္ဒပြသူများ အား ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ သို့ရာတွင် စစ်တပ်လွှမ်းမိုးသောအစိုးရ ပြုတ်ကျသွားခဲ့ပြီး ၁၉၉၂ စက်တင်ဘာ လတွင် အထွေထွေရွေးကောက်ပွဲများ ပေါ်ပေါက်လာခဲ့သည်။ စစ်အုပ်ချုပ်မှုဆန့်ကျင်ရေး ဆန္ဒပြသူများအနက် များစွာမှ တက္ကသိုလ်ပါမောက္ခများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဆိုင်ပိုင်ရှင်များ၊ အလုပ်သမားများနှင့် ကျောင်းသားများပါဝင်သော လူလတ်တန်းစားနှင့် အလုပ်သမားလူတန်းစားတို့ ဖြစ်ခဲ့ကြသည်။ ဤအချက်ကို ကြည့်လျှင် စီးပွားရေးကောင်းမွန်တိုးတက်ပြီး အလျင်အမြန် ခေတ်မီလာခဲ့သော ထိုင်းလူ့အဖွဲ့အစည်းသည် စစ်အုပ်ချုပ်ရေးသံကွန်ချာကို အောင်မြင်စွာ ဖြိုဖျက်ပစ်နိုင်ခဲ့ကြောင်း သိသာထင်ရှားစေပါသည်။ တောင်ကိုရီး ယားနိုင်ငံနှင့် ထိုင်ဝမ်နိုင်ငံတို့တွင်လည်း လူလတ်တန်းစားအလွှာသစ်နှင့် အလုပ်သမားလူတန်းစားတို့က နိုင်ငံရေးအရ ပိုမိုလွတ်လပ်ခွင့် နှင့်လူ့အခွင့်အရေး လေးစားလိုက်နာရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ခဲ့မှု ကြောင့် ယခင်က စစ်အာဏာရှင် ရီဂျင်းမ်များ ဖြစ်ခဲ့သော အစိုးရတို့သည် ယခုအခါ သဘောထားပျော့ပြောင်း လာကြပြီ ဖြစ်သည်။ ၁၉၆၁ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းယူခဲ့သော တောင်ကိုရီးယားနိုင်ငံ၌ ၁၉၉၂ ခုနှစ် ဒီဇင်ဘာလတွင် မဲဆန္ဒရှင်ပြည်သူများက ၄င်းတို့၏ ပထမဆုံး အရပ်သား သမတကို ရွေးကောက် တင်မြှောက် နိုင်ခဲ့ကြသည်။ သင့်တင့်မျှတသောစည်းစနစ်သည် စီးပွားရေးလျှင်မြန်စွာ တိုးတက်ဖွံ့ဖြိုးမှု အတွက် လိုအပ် သည် ဆိုခြင်းမှာ မှန်ကန်ဖွယ်ရာရှိပါသည်။ သို့ရာတွင် ဤသို့သော ဖွံ့ဖြိုးတိုးတက်မှုမျိုးကို တစိတ်တဒေသ ရရှိလာပြီ ဆိုသည်နှင့် မြို့ပြလူတန်းစားအလွှာသစ်များ အနေဖြင့် နိုင်ငံရေးတွင် ပိုမိုတက်ကြွစွာ ပါဝင်ဆောင် ရွက်ခွင့် နှင့် အနောက်တိုင်းဟန် လူ့အခွင့်အရေးရပိုင်ခွင့်များ အတွက် ပိုမိုတောင်းဆိုလှုပ်ရှားလာကြမည်မှာ ဓမ္မတာပင်ဖြစ်ပါသည်။

ဆက်လက်ဖေါ်ပြပါမည်။  
ကက်နက်အေ မက်ကေးရေးသား၍ ဒေါင်းညိုဘာသာပြန်ဆိုသော
ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ စာအုပ်မှ ကူးယူတင်ပြပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...