အမျိုးသားနေ့၏ ခေါင်းဆောင်ကြီး ၁၁ ဦး
by ဖိုး သိကြား on Sunday, November 20, 2011 at 10:34am
၁၂၈၂ ခုနှစ် သပိတ်မှောက်ကျောင်းသားခေါင်းဆောင်ဦးဘဦး၏ လက်ရေးမူ
အမျိုးသားနေ့သည် ပထမအကြိမ်မြောက် ကျောင်းသားသပိတ်ကြီး ၁၉၂၀ ခုနှစ်မှ ပေါက်ဖွားလာသော လွတ်လပ်ရေး ကြိုးပမ်းချက်တစ်ရပ် ဖြစ်သည်။ ဗြိတိသျအစိုးရသည် ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ဥပဒေသစ်တစ်ရပ်ကို အတည်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ယခင်က ရန်ကုန်တက္ကသိုလ်သည် အိန္ဒိယ လက်အောက်ခံ ကလကတ္တား တက္ကသိုလ် ဖြစ်ခဲ့သည်။ ဥပဒေသစ်သည် မြန်မာပြည်၌ သီးသန့်တက္ကသိုလ် တစ်ခုဖွင့်လှစ်ရန် ရည်ရွယ်ချက်နှင့် မြန်မာလူမျိုးများတက္ကသိုလ်ပညာရပ် ကို မသင်ယူနိုင်ရန်ဟန့်တားသော ဥပဒေဖြစ်သည်။
ထိုဥပဒေသစ်ကို ပြုပြင်ရန် ဂျီ -စီ-ဘီ-အေ ခေါ် မြန်မာပြည်လုံးကျွတ်အသင်းကြီးက တောင်းဆိုမေတ္တာရပ်ခံခဲ့
သော်လည်း လက် ထောက်ဘုရင်ခံ ဆားရယ်ဂျီနယ်ကရက်ဒေါက်က လက်မခံဘဲ လျစ်လျူရှုခဲ့ပြီး ၁၉၂၀ ပြည့်
နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် အတည်ပြုခဲ့သည်။ ထို့ကြောင့် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ လ ၂ ရက်နေ့တွင်တက္ကသိုလ် ကျောင်းသားခေါင်းဆောင်ကြီး ၁၁ ဦးတို့သည် ရွှေတိဂုံစေတီတော်ရင်ပြင် စနေထောင့်တွင်
ဗြိတိသျှ အစိုးရ၏ ကျွန်သက်ရှည်ရေးပညာရေးဥပဒေသစ်ကို တိုက်ဖျက်ရန် ဆွေးနွေးခဲ့ကြသည်။
့မြန်မာသက္ကရာဇ်၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၈ ရက် သောကြာနေ့(ခရစ်နှစ်၁၉၂၀ ဒီဇင် ဘာလ ၃ ရက်) နေ့တွင်ရန်ကုန် ကောလိပ်ကျောင်းသားကြီး ၁၁ ဦး တို့သည် ရန်ကုန်ယူနီဘာစီတီအက် ဥပဒေကို သပိတ်
မှောက်ရန်ရွှေတိဂုံစေတီတော်ကြီး၏ ရင်ပြင်တော် စနေထောင့်တွင် သစ္စာအဓိဋ္ဌာန်ပြုခဲ့ကြသည်။
ပထမအကြိမ် ၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသားသပိတ်ကြီး၏ ကျောင်းသားခေါင်းဆောင်ကြီး
၁၁ ဦး၏ အမည်စာရင်းကို ခရစ်နှစ် ၁၉၇၀ ပြည့်နှစ် (မြန်မာနှစ် ၁၃၃၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်)
နိုဝင်ဘာလ ၂၃ ရက် တနင်္လာနေ့တွင်ကျရောက်သော နှစ် ၅၀ ပြည့် ရွှေရတုအမျိုးသားနေ့တွင် ရွှေတိဂုံစေတီ
တော်၏ရင်ပြင်တော် စနေထောင့်၌ ကျောက်စာတိုင်စိုက်ထူ၍ ကမ္ပည်းရေးထိုး သမိုင်းမှတ်တမ်းတင်ခဲ့သည်။
'ဤနေရာကား မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့် ကျော် ၈ ရက်နေ့က ရန်ကုန်ကောလိပ်
ကျောင်းသားကြီး ၁၁ ဦးတို့ တွေ့ဆုံ၍ ရန်ကုန်ယူနီဘာစီတီအက် ဥပဒေကို သပိတ်မှောက်ရန် သစ္စာ အဓိဋ္ဌာန်
ပြုသောနေရာပေတည်း။'' ကျောင်းသားကြီး၁၁ ဦး၏အမည် များမှာအောက်ပါအတိုင်းဖြစ်ပါသည်။
၁။ ဘခင်
၂။ ဘိုးကွန်း
၃။ ဘဦး
၎။ အောင်ဒင်
၅။ ထွန်းဝင်း
၆။ ဖေသိန်း
၇။ ဘရှင် (သံတွဲ)
၈။ ဘရှင် (ထားဝယ်)
၉။ ကေ-ညီပိတ်
၁၀။ လှတင်
၁၁။ မောင်ဧ
စာရေးသူကျွန်တော်သည် လွန်ခဲ့သောနှစ်ပေါင်း ၃၉ နှစ်ခန့်က ခရစ်နှစ် ၁၉၇၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်
(မြန်မာနှစ် ၁၃၃၄ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၉ ရက်) ဗုဒ္ဓဟူးနေ့ထုတ် ဗိုလ်တထောင်နေ့စဉ်သတင်းစာ
ကြီးတွင် ၅၂ ကြိမ်မြောက်အမျိုးသားနေ့ အကြိုဆောင်းပါးအဖြစ် စာနယ်ဇင်းများကပြောပြနေသော အမျိုး
သားနေ့ သမိုင်းဦး ဆောင်းပါးကို ရေးသားခဲ့ရာတွင် ရွှေတိဂုံရင်ပြင်တော် စနေထောင့်တွင် စိုက်ထူထားသောရန်ကုန်ကောလိပ် ကျောင်းသား ၁၁ ဦး၏ အမည်စာရင်းနှင့် ၁၉၇၀ ခုနှစ် (မြန်မာနှစ် ၁၃၃၂ ခုနှစ်တွင်) ကျ
ရောက်သော နှစ် ၅၀ ပြည့်နှစ် ရွှေရတုအမျိုးသားနေ့ အထူးထုတ်စာစောင်ကြီးတို့ကို အကိုးအကားပြု၍ အမျိုး
သားနေ့ခေါင်းဆောင်ကြီး ၁၁ ဦး၏ အမည်ကို သပိတ်မှောက်ကျောင်းသားခေါင်းဆောင် ၁၁ ဦးအကြောင်းကို
လည်း ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၀ ရက်နေ့က ကျင်းပခဲ့သောသပိတ်မှောက်ကျောင်းသားများ၏ ပြည်လုံးကျွတ်
ကိုယ်စားလှယ်များ အစည်းအဝေးအပြီးတွင် ဦးသက်တင်သည် ရွှေတိဂုံဘုရားအရှေ့ဘက် ဒေါ်သင်ဇရပ်၌ ဤသို့
ရေးဖွဲ့ခဲ့၏။
'ယူနီဘာစီတီအက် မနှစ်သက် ဒို့တတွေ ပညာတတ် နည်းပစေ၊ဥပဒေ နှိမ်ချိုး ကရက်ဒေါက်ဘုရင်ခံ တည်ပြု
ပြန်တင်းပ ဇွတ်တိုး နှစ်ကောလိပ် ကျောင်းသားတွေ၊ ခေါင်းဆောင်ပေ လွန်ကြိုး (ကိုအောင်ဒင်) သတိုးနှင့်
အမျိုးချစ် (လှတင်) (ဘခင်) နော် (ကေ-ညီပိတ်) ဇာနည်စိတ်-ထားဝယ် (ဘရှင်)၊ သံတွဲက ရဲ (ဘရှင်) မှာ(ဖေသိန်း)
တွင် (ကိုအေး) ပ၊ မနှေးလှ(ထွန်းဝင်း) လက်လေ(ဖိုးကွန်း)တဲ့ ဟေး၊ (ကိုဘဦး)လမ်းညွှန်၊ ပေတယ်သပိတ်ရွှေမှောက်
ခန်းပလေး'' ဟူ၍ ရေးသားဖော်ပြခဲ့ပါသည်။
၁၉၇၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ထုတ် ဗိုလ်တထောင်နေ့စဉ် သတင်းစာတွင် ဤဆောင်းပါး ဖော်ပြပြီးနောက်
မကြာမီရက်အတွင်း ၁၉၇၂ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက် နေ့ထုတ် ဗိုလ်တထောင် သတင်းစာတွင်သပိတ်မှောက်
ကျောင်းသား ခါင်းဆောင်ကြီး ၁၁ ဦးအကြောင်းကို ကိုယ်တိုင်တေးထပ်ရေးဖွဲ့ခဲ့ သော ဆရာကြီးဦးသက်တင်
ကိုယ်တိုင် ရေးသားခဲ့သော ဘခင်မဟုတ်သာညွန့် (ကထိကဟောင်းဦးသက်တင်) ဆောင်းပါးကို ဤသို့ ဖော်ပြ
ပေးခဲ့ပါသည်။ ဆရာကြီးဦးသက်တင်၏ ဆောင်းပါးကို မူရင်းအတိုင်း ပြန်လည်ကူးယူတင်ပြပါမည်။
''ယင်းတေးထပ်ကို ကျွန်တော် စပ်စဉ်က အပိုဒ် ၁၁ ၌ (သာညွန့်) နော် (ကေ-ညီပိတ်) ဟု ဖွဲ့ခဲ့ပါသည်။ မြို့မဆရာ
ဟိန်မှတစ်ဆင့် အမျိုးသား နေ့ရွှေရတုသဘင်အမှုဆောင်အဖွဲ့သို့ ထိုတေးထပ်ရောက်သွားခဲ့၏။ ထိုအဖွဲ့က (ဘခင်)
နော်(ကေ-ညီပိတ်) ဟု ပြင်လိုက်ပြီး ပြန်ကြားရေးဝန်ကြီး ဌာနသို့ အပ်လိုက်သည်။ ယင်းအဖွဲ့က ပြင်ထားသည့်အ
တိုင်း အမျိုးသားနေ့ ရွှေရတုသဘင်အထိမ်းအမှတ် စာစောင်တွင် ထိုဌာနက ရိုက်နှိပ်ထုတ်ဝေခဲ့၏။ ယင်းစာစောင်
တွင်ပါသည့်အတိုင်း လှမြင့် (ရန်ကုန်တက္ကသိုလ်) က ကျွန်တော်၏ တေးထပ်ကို သူ၏ဆောင်းပါးတွင် ကိုးကားပြလိုက်ခြင်းသာဖြစ်တန်ရာသည်။
ရွှေရတုအမှုဆောင်အဖွဲ့က(သာညွန့်)ကိုဖြုတ်၍ (ဘခင်) ကို အတင်းထည့်လိုက်ခြင်းကြောင့် ကျွန်တော်၏ တေး
ထပ်စပ်ပုံမှာ ၀က်နင်းခေါ်သော အပြစ် ဖြစ်သွားပါ၏။
'၀က်နင်း' ဖြစ်ပုံကား အပိုဒ် ၁၀ ၌ အမျိုးချစ် (လှတင်)ဟု အင်ကာရန်နှင့်ခံထားပါသည်။ ထို့ကြောင့် အပိုဒ် ၁၁ အစ
ဖြစ်သော စကားသုံးလုံးမှာ အင် ကာရန် မသုံးရပါဘူး။ သို့သော်လည်း (ဘခင်) ဟု အင်ကာရန်ကို ယင်း အဖွဲ့ကပင်
ပြင်ထည့်လိုက်၍ '၀က်နင်း' ဟူသော အပြစ်ဖြစ်သွားပါသည်။ တေးထပ် စပ်သူ ကျွန်တော်လည်း ညံ့သောစာဆိုဘ၀သို့ ရောက်သွားပါသည်။
အပြစ်ကင်းသောတေးထပ်စပ် ထုံးအရ အပိုဒ် ၁၀ တွင် အမျိုးချစ် (လှတင်)ဟု တက်သံ(တင်)ဟူသော ကာရန်နှင့်
ခံလိုက်ပြီး အပိုဒ် ၁၁ တွင် (သာညွန့်) နော် (ကေ-ညီပိတ်)ဟု (ညွန့်) ဟူသော သက်သံသွင်းကာ တိုင်သံ ဖြစ်သည့်
(ပိတ်) ဟူသော ကြားဖြည့်ကာရန်နှင့်လှည့်ပြီး အပိုဒ် ၁၂ တွင် ဇာနည်စိတ်ထားဝယ်(ဘရှင်) ဟု (စိတ်)ဟူသော စကားဖြင့်ကြား ဖြည့်ကာရန်ကိုလိုက်ကာ သတ္တမမြောက် စကားလုံးနေရာ၌ အပိုဒ် ၁၀ ၏ ပဉ္စမမြောက်စကားဖြစ်
သည့် (တင်)ဟူသောအခံကာရန် ကို(ရှင်) ဟူသော စကားနှင့် ကာရန်အုပ်လျက် ကျွန်တော်စပ်ထားပါသည်။
တေးထပ်စပ်ရာတွင် တိုင်သံ တက်သံ သက်သံ၊ နိမ့်သံများကိုနေ ရာမှန်ကန်အောင်ထားလျက် အခံ၊ အအုပ်၊ အကြား
ဖြည့် ကာရန်များကိုလည်း ယင်းတို့၏ နေရာမှန်များမှာ သွင်းတတ်ပါမှ တေးသီချင်းကောင်း ပီသနိုင်ပါ၏။ အသံနှင့်
ကာရန်အနေအထား ချွတ်ယွင်းလျှင် တေးပျက်သွားစေတော့သည်။
၁၉၇၀ ခုနှစ် အမျိုးသားနေ့ထုတ် လုပ်သားနေ့စဉ်သတင်းစာ အချပ်ပို(ခ)မျက်နှာ အမျိုးသားနေ့ သမိုင်းဆောင်းပါး
တွင် ယင်းတေးထပ် ပါရာ၌ ကျွန်တော်မူလစပ်ရင်းအတိုင်း (သာညွန့် နော် ကေ-ညီပိတ်) ဟု ပါပါသည်။
ထိုဆောင်းပါးနှင့် ရွှေရတုသဘင်အထိမ်းအမှတ် စာစောင်နှစ် ခုလုံးကို ဖတ်မိသူများက တေးထပ်တစ်ပုဒ်တည်းကို
ဖော်ပြရာ၌ ဆောင်းပါးတွင် (သာညွန့်) စာစောင်မှာ (ဘခင်) ဟုဆိုသော လျှာနှစ်ခွ သမိုင်းစာပြုဆရာဟု ကျွန်တော့်
ကို ယူဆကြပေမည်။ ထိုသို့သောလူစားမျိုး ကျွန်တော်မဟုတ်ပါ။ အမှုဆောင်အဖွဲ့က တစ်ဖက်သတ် ပြင်ထည့်လိုက်
ခြင်းကြောင့် လျှာနှစ်ခွ စာရေးဆရာတစ်ဦး ပုံပေါက်သွားပါသည်။
ယင်းအဖွဲ့ကပြင်လိုက်ခြင်းသည် မသင့်လျော်ပါ။ (သာညွန့်)ဟူသော အမည်တွင် ခရေပွင့်အမှတ်အသားပြပြီးလျှင်
အောက်ခြေမှတ်ချက်၌ (သ ပိတ်မှောက်ခေါင်းဆောင်ကြီး ကိုဘဦးက ဘခင်ဟုဆိုသည်ဟု ဖော်ပြမှသာလျှင် နည်း
လမ်းကျပေမည်။
သမိုင်းဟူသည် ဖုံးကွယ်၍မရသော အမှန်တရားဖြစ်သောကြောင့် အချက်အလက်များ၊ အကြောင်းအရာများ၊ ဖြစ်
စဉ်များ၊ ပုဂ္ဂိုလ်ရေးရာများကို မှန်ကန်တိကျစွာ အကိုးအကားအထောက် အထားများခိုင်မာစွာ သုတေသနပြုဖော်
ထုတ်ရန်နှင့်..ကျွန်တော်ရေးစပ်စဉ်က(ဘခင်) မဟုတ် (သာညွန့်)ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ သမိုင်းဟူ
သည် ခေတ်၏ ကြေးမုံပြင်ဖြစ်သည်။
မိမိနိုင်ငံနှင့် လူမျိုး၏ သမိုင်းကြောင်းကို သိရှိနားလည်ခြင်းမရှိသော လူမျိုးသည် မိမိကိုယ်ကိုမိမိ မည်သို့သောအ
ခြေအနေ၊ အဆင့်အတန်းရောက်ရှိနေသည်ကို မသိတတ်သော၊ နားမလည်သောသူနှင့် တူသည်။ သမိုင်းဟူသည်
ဖုံးကွယ်၍မရသော အမှန်တရားဖြစ်သောကြောင့် အချက်အလက်များ၊ အကြောင်းအရာများ၊ ဖြစ်စဉ်များ၊ ပုဂ္ဂိုလ်
ရေးရာများကို မှန်ကန်တိကျစွာ အကိုးအကား အထောက်အထားများ ခိုင်မာစွာ သုတေသနပြုဖော်ထုတ်ရန်နှင့်
တစ်ဆင့် ကြားစကား၊ တစ်ဆင့်ပြောစကားများဖြင့် အလွယ်တကူ ရေးသားမှတ်တမ်းတင်ရန် မပြုသင့်ကြောင်းနှင့်
မျက်မှောက်ခေတ်၏ မြန်မာနိုင်ငံရေးသမိုင်းဖြစ်စဉ်များနှင့် မြန်မာ့နိုင်ငံရေးခေါင်းဆောင်ကြီးများ၏ အကြောင်းအရာ
အတ္ထုပ္ပတ္တိများ ပြုစုရေးသားနေကြသော စာပေပညာရှင်များ အလေးအနက် သတိပြုသင့်လှပေသည်။
ကျမ်းကိုး
- အမျိုးသားနေ့ ရွှေရတုသဘင် အထိမ်းအမှတ်စာစောင် (၁၉၇၀ ခုနှစ်)
- မြန်မာ့ရေးရာသုတပဒေသာ(မောင် ဇနိယ)
- ဘခင် (သို့မဟုတ်) သာညွန့် (ကထိကဟောင်း ဦးသက်တင်) ၁၉၇၂ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက် ဗိုလ်တထောင်သတင်းစာ
- စာနယ်ဇင်းများက ပြောပြနေသော အမျိုးသားနေ့သမိုင်းဦး (လှမြင့်- ရန်ကုန်တက္ကသိုလ်) ၁၉၇၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက် ဗိုလ်တထောင်သတင်းစာ။
Credit to: Eleven Media Group http://www.news-eleven.com/index.php?option=com_content&view=article&id=10879:2011-11-07-06-59-42&catid=78:2009-11-13-06-25-17&Itemid=135
0 comments:
Post a Comment