Monday, November 14, 2011

သတိ၊ ပညာ ပြည့်စုံသူ

by So Min Oo on Tuesday, November 15, 2011 at 12:32am
တစ်ခါတုန်းက ဘုရင့်ဥယျာဉ်ကို စောင့်ရှောက်ရတဲ့ ဥယျာဉ်စောင့်ကြီးတစ်ယောက်မှာ
သမီးလေးတစ်ယောက်ရှိတယ်။ သူမရဲ့နာမည်ကတော့ မာလာဝတီလို့ခေါ်တယ်။
တစ်နေ့မှာတော့ သူတို့ဥယျာဉ်ဆီကို ပုဏ္ဏား ငါးယောက်ဟာ
ခရီးတစ်ထောက်နားရင်းရောက်လာကြပါတယ်။
သူတို့တွေဟာ အနယ်နယ်အရပ်ရပ်က အလှူခံပြီးပြန်လာတာဖြစ်တယ်။


ဥယျာဉ်မှာ ခဏနားပြီး ခရီးဆက်မယ်လုပ်တော့ ခေါင်းဆောင် ပုဏ္ဏားက
“ အမောင်ဥယျာဉ်စောင့်ဟာ ရိုးသားပုံရတယ်။ အလှူခံငွေတွေကိုအပ်ထားချင်တယ်။
တစ်နှစ်ပြည့်လို့ပြန်လာရင် ငါတို့ငါးယောက်စလုံးဆုံမှပြန်ပေးပါ”
လို့ပြောပြီး ငွေတွေကို အားလုံးသဘောတူ အပ်ထားခဲ့ကြတယ်။
ပြီးတော့ အားလုံးခရီးဆက်သွားကြတယ်။

သူတို့အတန်ငယ်ဝေးတဲ့နေရာရောက်တော့ ကောက်ကျစ်စဉ်းလဲတဲ့ ပုဏ္ဏားငယ်တစ်ယောက်က
သူရဲ့ခရုသင်းမေ့ကျန်နေခဲ့တယ်ဆိုပြီးဥယျာဉ်စောင့်ဆီကို ပြန်လာတယ်။
ဥယျာဉ်စောင့်ဆီရောက်တော့ ငွေတွေကို ပြန်ယူခိုင်းလိုက်လို့ လာယူကြောင်းလိမ်ပြောတယ်။
ရိုးသားတဲ့ဥယျာဉ်စောင့်ကလည်း ယုံကြည်ပြီး အပ်နှံထားတဲ့ငွေတွေကို ပြန်ပေးလိုက်ပါတယ်။
ပုဏ္ဏားငယ်လည်း ငွေတွေကို ယူပြီးထွက်ပြေးသွားတာပေါ့။

တစ်နှစ်ပြည့်လို့ ပုဏ္ဏားတွေဟာ ဥယျာဉ်စောင့်ဆီပြန်လာပြီးငွေတွေကို တောင်းကြပါတယ်။
ဥယျာဉ်စောင့်ကလည်း အဲဒီနေ့ကတည်းက ပုဏ္ဏားငယ်တစ်ယောက်
ပြန်လာယူသွားကြောင်းရှင်းပြပါတယ်။

ပုဏ္ဏားတွေကစိတ်ဆိုးပြီး လူငါးယောက်စလုံးမျက်နှာစုံညီဖြစ်မှ
ပေးရမယ်ဆိုတာပြောထားရက်နဲ့အခုလိုပေးလိုက်တာဟာ မရိုးမသားလိမ်လည်တာပဲဆိုပြီး
အလျော်တောင်းတယ်။ဆင်းရဲတဲ့ဥယျာဉ်စောင့်ကမလျော်နိုင်ဘူးပေါ့။
ဒီတော့ ပုဏ္ဏားတွေက ဘုရင့်ကိုတိုင်ကြတာပေါ့။

ဘုရင်ကစစ်ဆေးပြီး ပေးလျော်စေ၊ မလျော်နိုင်က တစ်သက်လုံးကျွန်ခံစေလို့အမိန့်ချလိုက်တာပေါ့။
ဥယျာဉ်စောင့်ကကျွန်ဖြစ်သွားတော့ စိတ်ဆင်းရဲနေတာပေါ့။
ဒီတော့ ဉာဏ်ပညာရှိတဲ့သမီးလေးက အဖေကိုအားပေးစကားပြောပြီး
ဘုရင်ကြီးဆီကို ရဲရဲဝင့်ဝင့်သွားပြီး သံတော်ဦးတင်ပါတယ်။

“အရှင်မင်းကြီး… ပုဏ္ဏားတွေရဲ့ငွေတွေကို ကျွန်တော်မျိုးမ ပေးဆပ်ပါ့မယ် ဘုရား”
“အေး... ပေးဆပ်စေ”
“ဒါပေမယ့် ဖခင်ထံငွေတွေလာအပ်စဉ်တုန်းက သူတို့ငါးယောက်ဖြစ်ပါတယ် အရှင်မင်းကြီး”
“အိမ်း…မှန်ပေတယ်။”
“နောက်ပြီး အဲဒီငါးယောက်စလုံး စုံညီမှ ပြန်ပေးအပ်ရန်လည်း ကတိကဝတ်ပြုသွားပါတယ် အရှင်မင်းကြီး”
“ဒါလည်း မှန်ပေတယ်။”
“အဲဒါကြောင့် သူတို့ငါးယောက်စလုံးစုံမှ ပြန်ပေးပါ့မယ်အရှင်ဘုရား”လို့လျှောက်ထားတော့
ဘုရင်ကြီးဟာ သူမရဲ့လျှောက်ထားချက်ကို သဘောကျပြီး
“ငါးယောက်ဆုံမှ ပေးဆပ်စေ” လို့အမိန့်ချမှတ်လိုက်ပါတယ်။
လိမ်လည်သွားတဲ့ ပုဏ္ဏားငယ်ကို ရှာမတွေ့တာနဲ့ ပုဏ္ဏားတွေဟာ အမှုရှုံးသွားပါတော့တယ်။
ဒီတော့မှ ဥယျာဉ်စောင့်မိသားစုလည်း ကျွန်အဖြစ်ကလွတ်မြောက်သွားကြပြီး
ပျော်ရွှင်သွားကြသတဲ့ကွယ်။

 ပုံပြင်ကတော့ ဒါပါပဲ။

 မာလာဝတီဟာ ငယ်ရွယ်ပေမယ့် ကျန်လူတွေ သတိမထားမိတဲ့
“ငါးယောက်စလုံးစုံညီမှ”ဆိုတဲ့ စကားကို သတိထားမိတယ်။
ပြီးတော့ ပြဿနာကိုဖြေရှင်းနိုင်တဲ့ ဉာဏ်ပညာလည်း ရှိသူဖြစ်တယ်။
ဒီတော့ ဖခင်ရဲ့ဒုက္ခကိုကယ်တင်နိုင်ခဲ့ပါတယ်။
သတိ၊ပညာနဲ့ပြည့်စုံသူဟာ မိမိကိုယ်ကိုယ်လည်း စောင့်ရှောက်နိုင်သလို
တစ်ပါးသူကိုလည်း ကယ်တင်နိုင်ကြောင်း ထင်ရှားစေတဲ့အကြောင်းအရာဖြစ်ပါတယ်။
မြန်မာလူငယ်တိုင်း သတိ၊ပညာနဲ့ပြည့်စုံသူများဖြစ်ကြပါစေ။

Credit to လပ်ကီးမြို့တော်

စိုးမင်းဦး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...