အကျဉ်းထောင်ထဲမှ သူငယ်ချင်းများအား ဆက်လက်ကူညီနိုင်ရန်အတွက် ကိုဇာဂနာ ပြည်ပမီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရန် ရပ်ဆိုင်း
by General Knowledge on Saturday, November 19, 2011 at 11:38am
By Myanmar News Weeks, Saturday - November 19 - 2011
ပြစ်ဒဏ် ၃၅ နှစ် ကျခံထားပြီး အကျဉ်းထောင်ထဲ၌ ၃ နှစ်ခွဲခန့် နေခဲ့ရာက ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် မြစ်ကြီးနား အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသည့် ကိုသူရ (ခေါ်) ကိုဇာဂနာသည် ယခုအခါ၌ ပြည်ပမီဒီယာများ ဆက်သွယ် မေးမြန်းမှုကို ပြန်လည်ဖြေကြားရန် ယာယီရပ်ဆိုင်းလိုက်ကြောင်း ၎င်း၏ Facebook အင်တာနက် စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။
ထိုသို့ ရပ်ဆိုင်းရခြင်းမှာ အကျဉ်းထောင် အသီးအသီးတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် ကိုဇာဂနာ၏ သူငယ်ချင်းများအား ကူညီပံ့ပိုးမှု ပြုလုပ်ရာတွင် လွယ်ကူစေရန်အတွက် ယင်းကဲ့သို့ ပြည်ပမီဒီယာများနှင့် အင်တာဗျူးခြင်း ရပ်ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်ပမီဒီယာ အချို့သည် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် အကျဉ်းသားများနှင့် ကိုဇာဂနာကို ဆက်သွယ် မေးမြန်းမှု ပြုလုပ်ပြီး သတင်းဖော်ပြရာ၌ မှားယွင်းဖော်ပြခဲ့မှုများ ရှိကြောင်း ထို့ကြောင့် အကျဉ်းကျနေသည့် ၎င်း၏ သူငယ်ချင်းများအား ဆက်သွယ်လှူဒါန်းရန်၊ ဆေးဝါး၊ အစားအစာများ ပေးပို့ရန်အတွက် အကျဉ်းဦးစီးမှ ထောင်ဝန်ထမ်းများ မကူညီမှာ စိုးရိမ်၍ ထိုကဲ့သို့ ယာယီ ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုဇာဂနာ ထောင်က လွတ်လာကတည်းက ပြည်တွင်းပြည်ပ မီဒီယာများမှ တွေ့ဆုံဆက်သွယ်၍ မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း ပြည်ပမီဒီယာ အချို့က အစိုးရ မကောင်းကြောင်းနှင့် ပတ်သက်သည့် အကြောင်းများကို အတင်း မဖြေ၊ ဖြေအောင် မေးမြန်းခြင်းများ ရှိကြောင်း၊ ၎င်းတို့ကြောင့် အကျဉ်းထောင်ထဲမှ သူငယ်ချင်းများကို မကူညီနိုင်မည် စိုးခြင်းကြောင့်လည်း ပြည်ပ မီဒီယာများအား ရပ်ဆိုင်းထားရခြင်း ဖြစ်သည်။
ကိုဇာဂနာသည် ယခင်လများထဲက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် အကျဉ်းထောင် အသီးသီးမှ ၎င်း၏ သူငယ်ချင်းများကို ဆေးဝါး၊ အစားအစာနှင့် ငွေကြေးများ လိုက်လံ ဆက်သွယ်၍ ပေးပို့ခဲ့ကြောင်း ယင်းသို့ ပေးပို့ရာတွင် ၎င်း၏ လုပ်ဖော်ကိုင်ဖက် အနုပညာရှင်များ သူငယ်ချင်းများ၏ အကူအညီများလည်း ပါဝင်ကြောင်း သိရှိရသည်။
0 comments:
Post a Comment