Sunday, November 6, 2011

တရံရောအခါက (ဗြိတိန်ပညာရေး)

by Than Saw on Sunday, November 6, 2011 at 2:02pm
ကလေးအများစု စာမဖတ်တာဟာ ဗြိတိန်မှာလည်း အတူတူဘဲ။ ကျောင်းတွေမှာ စာကြည့်တိုက်တွေရှိတယ်။ အင်တာနက်တွေရှိတယ်။ ကလေးတိုင်းမှာလိုလို လက်ပ်တောပ် ကွန်ပြူတာရှိတယ်။

ဒါပေမဲ့ ကလေး သိန်းပေါင်းများစွာ စာမရေးတတ် စာလုံးမပေါင်းတတ်ကြဘူး။ စာလည်း မဖတ်ကြဘူး။ ဘာဖြစ်လို့လည်းဆိုတော့ မိဘတွေ အဖိုးအဖွားတွေ စာမဖတ်လို့ အိမ်မှာ စာအုပ်တစ်အုပ်မှမရှိဘူး။ မိဘတွေမှာ စာအုပ်ဝယ်စရာပိုက်ဆံမရှိဘူးဆိုကြတယ်။

အစိုးရက ကလေးစရိတ်တွေ လောက်အောင် ပေးထားတာကို၊ ပိုတောင်းလို့ရအောင် ကလေးတွေကို ဝက်တွေလို တပြွတ်ပြွတ်ထိုင်မွေးပြီး၊ ရသမျှပိုက်ဆံကို မဟုတ်တဲ့နေရာတွေမှာ သုံးတယ်။ ဒီတော့ မိသားစုအတွင်းမှာရှိတဲ့ ကလေးများ သာရေးနာရေးအတွက် လူမှုဝန်ထမ်း အရာရှိတွေ အစိုးရကခန့်ထားပြီး ဒီကလေးတွေကို မျက်စိထောက်ထောက်ကြည့်ပြီး ကာကွယ်ရတယ်။
ဒါပေမဲ့လည်း ကလေးအတော်များများ ဟာ စာကောင်းကောင်း ပညာကောင်းကောင်း မတတ်ကြဘူး။   မိဘတွေ မကောင်းကြလို့ဘဲ။


အမှန်မှာ စာကြည့်တိုက်တွေက တခါတလေ စာအုပ်ဟောင်းတွေအလကားပေးတယ်။ ဈေး ပေါပေါ (၅ပဲနီက ၃၀ပဲနီအထိ) ရောင်းတယ်။ ဒါကို ဝယ်ဖတ်တဲ့သူနည်းတော့ တခြားပစ္စည်းတွေပြန်ထုတ်ဖို့ စာအုပ်တွေကို recycle စက်ရုံပို့ပြီး pulp လုပ်ပြီး စာကြည့်တိုက်တွေမှာ အထုတ်အပိုးလုပ်တာ ၂၀၀၃ ခုနှစ်မှာ ကိုယ်တိုင်မြင်ခဲ့ရတယ်။ စာအုပ်ကောင်းတွေဖြစ်လို့ ရင်နာလိုက်တာ။ အသစ်ဆို ပေါင် ၂၀ (၂၀၀၃ ခုနှစ်) လောက် ပေးရတဲ့ စာအုပ်တွေ အများကြီးပါတယ်။

အကယ်၍ ကလေးတွေ စာဖတ်ခဲ့ရင်တောင်မှလည်း ကလေးပုံပြင်စာအုပ်ကနေ ဆယ်ကျော်သက်အရွယ်တွေဖတ်တဲ့စာအုပ်တွေဘဲ ဖတ်ကြတယ်။

ကျောင်းတွေမှာ စာကြည့်တိုက်တွေမှာ၊ ကလေးစာအုပ်ရေးဆရာတွေကိုယ်တိုင်လာပြီး အခမဲ့ စာဖတ်ပြတာတော့ ရှိပါတယ်။ ကိုယ့်စာအုပ်ကိုယ် ပိုရောင်းကောင်းအောင် လည်းပါတာပေါ့။ ဒါပေမဲ့လည်း ကလေးတွေကို စာဖတ်ခြင်စိတ်ကို ပျိုးထောင်ပေးတာ အဓိကပါဘဲ။ ဘာဘဲဖတ်ဖတ်ပေါ့။ ကောင်းပါတယ်။

ကျောင်းကဆရာတွေကလည်း ညွှန်ကြားကြပါတယ်။  ပြီးခဲ့တဲ့နွေဦး (၂၀၁၁) မှာ တနိုင်ငံလုံးမှာရှိတဲ့ စာအုပ်အိမ်မှာ မရှိတဲ့ ကလေးတွေကို စာအုပ်လှူပေးတဲ့ တနိုင်ငံလုံးဆိုင်ရာ လှုပ်ရှားမှုကြီးတစ်ခု လုပ်ခဲ့တယ်။  အခု၎လ လောက်လည်းကြာရော ဘာသံမျှ မကြားရတော့ဘူး။ ဒါ ၃ လ ၄ လဘဲ လုပ်လို့ အကောင်အထည်ဖော်လို့ရတဲ့ အလုပ်မျိုးမဟုတ်ဘူး။
တစ်ခုတော့ရှိတယ်။ အင်တာနက်မှာ ချက်နေတာ ဖေ့စ်ဘွတ်က်မှာ ချက်နေတာ တစ်ချို့ကတော့ စာရေးတတ်လာတယ်။ အများစုကတော့ ခွိခွိခွခွ ဟိဟိဟဟ အိအိအအ အစရှိတဲ့ အဓိပ္ပါယ်မရှိသော သေးနှုတ်သော အချက်အလက်များကို ၉ နှစ်အရွယ်မှာ စဆွေးနွေးတာ အသက် ၆၀ ကျော်အထိ ဒီအဆင့်က မတက်မှာ တွေ့နေရတယ်။ ၂၄ နာရီ နေ့စဉ် ဒါတွေဘဲ ပြောနေ ရေးနေရင်တော့ စာကောင်း ပေကောင်း ဖတ်ချိန်ပိုနည်းလာမယ်။ ရုပ်ရှင်မင်းသမီး မင်းသား မိုဒယ်အကြောင်းတွေ ဖက်ရှင် အကြောင်းတွေဘဲ ဘောလုံးသမားတွေ အကြောင်းဘဲ ဖတ်ပြော ဆွေးနွေးရင်တော့ အဆင့်နည်းနည်း ပိုမြင့်လာပါတယ်။ မဆိုးပါဘူးလေ။ စာဖတ်တယ်ဆိုတော့ ဘာဘဲဖတ်ဖတ် ကောင်းပါတယ်။ တနေ့ တော်ရင် စာနယ်ဇင်းတွေမှာ ဖက်ရှင် အယ်ဒီတာဖြစ်ဖို့ လမ်းစရှိနိုင်တယ်လေ။


+++ ကျမက ဗြိတိန် ပညာရေးဝန်ကြီးဌာနမှာရော၊  ပြည်နယ် စာကြည့်တိုက်နဲ့ ပညာရေးဌာနတခုမှာပါ၊  ၁၉၉၉ နဲ့ ၂၀၀၂-၂၀၀၃ ခှနှစ်များမှာ ခဏလောက် အောက်ဆုံးက အောက်ခြေသိမ်းအလုပ်တွေ အားလုံးကို လုပ်ခဲ့ရဘူးပါတယ်။

၁၉၉၉ခုနှစ်မှာ ပညာရေးဝန်ကြီးဌာနမှာ (ကွန်ပျူတာမှာ (Word, Powerpoint, Excel, Access) တွေသုံးပြီး အထက်လူကြီး ၄ယောက်က မူလတန်း ကျောင်းများဆိုင်ရာ စာမေးပွဲများစစ်ဆေးခြင်းနဲ့ ပတ်သက်တဲ့ လေ့လာတွေ့ရှိချက်များ မှတ်တမ်းများ စာအုပ်များ ထုတ်ဝေဖြန့်ချီရေးဖြစ်မြောက်အောင် စာစီစာရိုက် စာပြင် ဒီဇိုင်းလုပ်ပေးခဲ့ရတယ်။ ကျမ ကွန်ပျုတာ သွင်းကုန်ထုတ်ကုန် ကုမ္ပဏီတစ်ခုမှာ ပိုင်ရှင်တွေက ကျမက သူတို့ဆီမှာ အလုပ်အလျှောက်ဘဲနဲ့ ကမ်းလှမ်း ပေးခဲ့တဲ့ မန်နေဂျာရာထူးကို  လက်မခံခင်၊ ဒီရုံးမှာ ခေတ္တဝင်လုပ်ပေးတာပါ။ (အဲဒီခေတ်က (၁၉၉၀ - ၂၀၀၀ ခုနှစ်များ)  ကျမ အလုပ်မလျှောက်ရဘဲ၊ ကွန်ပြူတာတတ်သူတွေကို head-hunt လုပ်ပြီး အလုပ်ပေးတာ မကြာခဏ ကြုံဘူးတယ်။ ကျမကလည်း တနေရာထဲမှာ ကြာရှည်မလုပ်ဘူး။ လူတုန်းသွားမှာ စိုးလို့။)

၂၀၀၂ က ၂၀၀၃ ခုနှစ်မှာတော့ ပြည်နယ်အာဏာပိုင် ပညာရေးနှင့် စာကြည့်တိုက်ဌာနတစ်ခု မှာတော့ စာကြည့်တိုက်တွေမှာ စာဖတ်ပွဲတွေလုပ်ဖို၊ ပြတိုက်ခန်းမတွေမှာ ပြပွဲတွေ စာရေးဆရာတွေလာတဲ့ပွဲတွေ၊ နိုင်ငံရေး ပါတီပေါင်းစုံကလာတက်တဲ့ ပြပွဲအခန်းအနားတွေ ကျင်းပဖို့ကို ကိုယ့်လူကြီးအတွက် အားလုံးလုပ်ပေးရတယ်။ (အစားအသောက် တွေအတွက်တော့ တာဝန်မယူရပါ။) Marketing and Promotion အတွက် လူတွေ ရွေးဖိတ်တာ။ မှတ်တမ်းတင်တာ။ စာရင်းကောက်တာ ပြုစုတာ၊ အားလုံးလုပ်ပေးရတယ်။ လူတကာ ဝေဖို့အတွက် ထုတ်လိုက်ရတဲ့ လက်ကမ်းစာစောင် စာအုပ်တွေကလည်း တကမ္ဘာလုံးက သစ်တောတွေ ပြုန်းသွားတော့မယ်လို့တောင် စိတ်ပူခဲ့ရတယ်။ ဒါတွေကိုလည်း ကိုယ်ကဘဲ ဒီဇိုင်းလုပ်ပေး ထုတ်ပေးရတယ်။ စာကြည့်တိုက်နဲ့ ကျောင်းတွေ ဖြန့်ချီပေးရတယ်။ ကုန်ကျစာရိတ်ကိုလည်း ပြုစုပေးရသေးတယ်။ တယောက်ထဲ ဝက်လချီးလည်နေတာဘဲ။

တက္ကသိုလ်ဆရာမ ဟောင်းတစ်ယောက်က ကိုယ့်ဝမ်းစာအတွက် (ကွန်ပြူတာသိပ်မကျွမ်းကျင်တဲ့ အပြင် ……….ဖြစ်တဲ့) ဗြူရိုကရက်တွေအောက်မှာ အောက်ခြေသိမ်း  အလုပ်လုပ်ခဲ့ရတယ်လေ။ ဒီတော့ သားသမီးမရှိလည်း ဗြိတိန်က ပညာရေးဘွဲ့ရမထားသော်လည်း၊ ဗြိတိန် ပညာရေးဆိုင်ရာ ဗြူရိုကရက်တွေ ဘာလုပ်တယ်ဆိုတာ တစေ့တစောင်းတော့ မြင်ခဲ့ရပါတယ်။

ဒီဌာနတွေမှာ လုပ်ခဲ့တဲ့အခါက အကြောင်းတွေ ပြောစရာ အများကြီးရှိတယ်။ နောက်မှဘဲ ဒီအတင်းတွေ ဆက်ပြောတော့မယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...