နိုင်ငံရေး အထူးဆောင်းပါး နိုင်ငံရေးစကား ပြောကြသူများ
http://snapshot-news.com/index.php?option=com_content&view=article&id=7558%3A2011-02-08-14-23-42&catid=505%3Avol3-no22&Itemid=118Breaking News -
Vol3 No.22 မှ ကူးယူဖေါ်ပြပါသည်။
ရန်ကုန်မီဒီယာဂရု(ပ်)နှင့်
လျှပ်တစ်ပြက်၊ မော်နီတာ သတင်းအဖွဲ့မှ မှတ်တမ်းတင်သည် လွတ်လပ်ရေး
မော်ကွန်းဝင် ဝါရင့်နိုင်ငံရေးသမားကြီးများ ဖြစ်ကြ သည့် စာရေးဆရာကြီးများ
ဖြစ်ကြသော သခင်လှကွန်း၊ သခင်တင်မြ၊ ဦးချစ်လှိုင် (ယခု ကိုကိုမောင်ကြီး)၊
မောင်စူးစမ်း (ရဲဘော်ချမ်းအေး)တို့၏ တွေ့ဆုံပွဲ တစ်ခုသို့ ကျွန်တော်
ရောက်သွားဖြစ်သည်။ ၄င်းဆရာကြီးများ၏ တွေ့ဆုံပွဲတွင် ဆရာကိုကို
(စက်မှုတက္ကသိုလ်)က မြန်မာပြည်တွင် ဖြစ်ပေါ်လာမည့် နိုင်ငံရေး
အခင်းအကျင်းသစ်များနှင့် ပတ်သက်၍ လည်းကောင်း၊ မြန်မာပြည် နိုင်ငံရေးသမိုင်း
နှိုင်းယှဉ်ချက်များ နှင့်လည်းကောင်း စကားဝိုင်းတစ်ခု ဖွဲ့ဖြစ်ခဲ့ကြရာတွင်
ဆရာကြီးများ၏ ပြောဆိုချက်၊ မှတ်ချက်ပြုချက်၊ ခံယူချက်၊ ခံစားချက်များကို
တွေ့ရှိကြားသိရသည်ဖြစ်ရာ လျှပ်တစ်ပြက် သတင်းဂျာနယ် ပရိသတ်အတွက်
မှတ်မှတ်ရရမှတ်တမ်းတင် ရေးသား တင်ပြလိုက်သည်။ သည်ဆရာကြီးများ၏
ပြောစကားများသည် နောင်တစ်ချိန်တွင် မှတ်တမ်းမှတ်ရာများ အဖြစ်
တင်ကျန်နိုင်ပေလိမ့်မည်။
သခင်လှကွန်း။ ။
ဇေယျာမြတ်ခိုင် မင်းမော်နီတာမှာ ဗိုလ်မှူးကြီးလှမိုးရေးသလို မင်းလှမှာ
လေယာဉ်ပျံပျက်ကြပြီး သေသွားတာ(၃)ယောက်ရှိတယ်။ ဂျပန်တော်လှန်ရေးတုန်းက
မျက်စိရှေ့တင် လေယာဉ်ပျံပျက်ကြပြီး မီးလောင်သေသွား ကြတာ ကိုစောဦးရယ်၊
ကိုလှသင်းရယ်၊ ကိုလှသိန်းရယ် အဲဒါရေးပေးမလို့ လက်က မရေးနိုင်ဘူး။
နှုတ်နဲ့ခေါ်ပေး ဖို့ကြိုးစားနေတယ်။
ကိုကိုမောင်ကြီး။ ။
ကျုပ်ကတော့ စာအုပ်တစ်အုပ်တော့ ပြီးသွားပြီ၊ မကြွယ်ကြွယ်နဲ့ရေးတာ။
အခုပြောတဲ့ နှုတ်နဲ့ပြောတဲ့နည်းပဲ။ အဲဒီရေးနည်းက ဒီလို ကျွန်တော်ပါစေချင်တဲ့
အချက်ကို ၁၊ ၂၊ ၃၊ ၄၊ ၅ ပြောလိုက်တာ။ အဲဒီ အချက်ပါအောင်ရေးပေး။ ရေးတာကို
ကျွန်တော်ဖတ်လိုက်တယ်။ ဖတ်လို့ ရေးပုံရေးနည်းရော၊ ကိုယ်လိုချင်တာရော
ကြိုက်ပြီဆိုရင် Pass အဲဒီလိုရေးတာ။ ဒီတေးရှင်းရေးရတာက ခက်တာက ရပ်နေရတာ။
ဒါက မကြွယ်ကြွယ်မို့လို့ရတာ။ ကျန်တဲ့သူဆိုမရဘူး။
မောင်စူးစမ်း။ ။ ကျွန်တော်ကတော့ လက်အားမရှိတော့ဘူး၊ နှုတ်နဲ့ပဲခေါ်ပေးရတာ။ တူမလေးက လိုက်ရေးပေး တယ်။
ကိုကိုမောင်ကြီး။ ။
ကျွန်တော်က မျက်စိကုထားတာ ဆရာဝန်ကြီးဦးသန်းအောင်နဲ့နောက်နှစ်နှစ်၊
သုံးနှစ်ကြာရင် ပြန်လင်းမှာပါတဲ့။ သူပေးတဲ့ဆေးတွေ သောက်နေတာပါ။
ဟုတ်တော့ဟုတ်တယ်။ ရေးတေးတေး တော့ ပြန်မြင်ရတယ်။ အဝေးကိုကြည့်လို့တော့ ရတယ်။
အနီးကြည့်လို့တော့ မရတော့ဘူး။ ဝမ်းအိုဝမ်းကြီးကတော့ အရင်လို နေ့တိုင်း
မြို့ထဲမထွက်တော့ဘူး။ အသက်က (၉ဝ)ကျော်ပြီ။ သူက (၈)ထပ်မှာနေတာ။
ဆင်းလိုက်တက်လိုက်နဲ့ သူမို့ သတ္တိရှိတယ်။ ဝမ်းအိုဝမ်းက အဘနဲ့ဆိုရင်
ညီအစ်ကိုလိုခင်တာပေါ့။
မောင်စူးစမ်း။ ။ ဝမ်းအိုဝမ်းကိုကျော်ဝင်းမောင် နေမကောင်းဘူးလား။
သခင်တင်မြ။ ။ နေကောင်းပါတယ်။ သူက (၉၃)နှစ်ရှိသွားပြီ။ လမ်းသိပ်လျှောက်လို့မရတော့တာ။
ကိုကိုမောင်ကြီး။ ။
ကိုချမ်းအေး(မောင်စူးစမ်း)ကို စီးပွားရေး အတိုင်ပင်ခံအဖွဲ့ထဲမှာ
ပါစေချင်တယ်။ အဲဒီတော့ ကျန်းမာအောင်နေပါ။ ခင်ဗျားလမ်းလျှောက်နိုင်သေးတယ်
မဟုတ်လား။ ဆိုက်ကားနဲ့ ကားတွေတော့ သတိထားနော်။ ကျွန်တော်က
ကိုချမ်းအေးတို့နားက ချာပါတီဆိုင်ကို အရမ်းကြိုက်တာ။
မောင်စူးစမ်း။ ။
မကွေးသွားတုန်းက မကွေးဝင်းမြင့် ဖော်ထားတဲ့လိမ်းဆေးကို အခုလိမ်းတယ်။
ခြေထောက်တွေကို။ ပူတာတော့ တော်တော်ပူတယ်။ မကွေး - မင်းဘူးတံတားကြီးနားက
လက်ဖက်ရည်ဆိုင်မှာ သောက်ရင်း (၁၉၄၈)ခုနှစ်ကို သွားသတိရတယ်။ ကျွန်တော်က
ဗိုလ်မှူးကြီးခင်မောင်တင့်နဲ့ ကျောင်းနေဖက်သူငယ်ချင်း။ တက္ကသိုလ်မှာ
တွေ့ကြတာ။ ကျွန်တော် တောခိုတာက (၁၉၄၉)ကျမှ။
မောင်စူးစမ်း။ ။ Not Back
to Square One ဒုံရင်းပြန်တာ မဟုတ်ဘူး။ ပါလီမန်ဒီမိုကရေစီ ပေါ်လာတယ်။ အဲဒီ
ပါလီမန်ဒီမိုကရေစီက (၁၉၄၆၊ ၄၇၊ ၄၈)က ပေါ်ခဲ့တဲ့ပါလီမန်ဒီမိုကရေစီ။ အဲဒါက
နိုင်ငံရေးပါတီ အများအပြား ပါဝင်တဲ့ ဒီမိုကရေစီ။
အဲဒီတော့လစ်ဘရယ်ဒီမိုကရေစီအဆုံးသတ်သွားပြီ။ အဆုံးသတ်တာက Two Die
နှစ်ခုပေါ့။ အဲဒီတော့ မိုနိုပိုလီပါဝါက ပြောင်းသွားပြီ။ စစ်တပ်က
အုပ်ချုပ်တယ်ဆိုတာ မိုနိုပိုလီပါဝါ။ အခုတော့ လွှတ်တော်ခေါ်တယ်ဆိုတော့ Power
Sharing From Monopoly Power to Power Sharing အဲဒီတော့ Power Sharing
လုပ်တယ်ဆိုကတည်းက Back to Square One မဟုတ်ဘူး။ ဟိုတုန်းက
လစ်ဘရယ်ဒီမိုကရေစီ။ ဒါကြောင့်မို့ The End of လစ်ဘရယ်ဒီမိုကရေစီ The End of
Military Force အဲဒီကနေ Power Sharing မှဖြစ်လာတာ။
ဖြစ်လာတဲ့ Constitution က နိုင်ငံသားတွေ
အတွက် တကယ်လုံလောက်လား မလုံလောက်ဘူးလား ဆိုတာပဲ။ အခုပေါ်လာတဲ့
လွှတ်တော်(၃)ရပ်နဲ့ အခြေခံဥပဒေက လုံလောက်တယ်။
သခင်တင်မြ။ ။
လွှတ်တော်ခေါ်တာက ဒီမိုကရေစီ မရှိတာထက်စာရင် ဒီမိုကရေစီ အသင့်အတင့်ရှိတာ
ကောင်းတာပေါ့။ လွှတ်တော်မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်မှာ
ပြောခွင့်ဆိုခွင့်ရရင် တိုင်းပြည်အတွက် ပိုကောင်းမယ်လို့ ထင်တယ်လေ။
သမိုင်းဟာ သမိုင်းကို သင်ခန်းစာယူဖို့ အတွက်ပဲ အသုံးချဖို့လိုတယ်။
ဟိုတုန်းက ပါလီမန်ဒီမိုကရေစီ ခေတ်တုန်းက မဖြစ်သင့်တာတွေ
အများကြီးဖြစ်ခဲ့တာတွေ ရှိတယ်။ ဦးနုက ပါလီမန် ဒီမိုကရေစီကို
ထူထောင်ခဲ့တယ်လို့ ပြောပေမဲ့ သူလုပ်ချင်တဲ့ဟာကြတော့ ပါလီမန်
ဒီမိုကရေစီကိုပဲ ပြောင်းပြန် ပြန်လုပ်တယ်။ တစ်ချိန်က ခေါင်းဆောင်တစ်ဦး
ဖြစ်တဲ့ ဦးဆန်းဒါးဆင်းက ဒီမိုကရေစီ ပြောင်းပြန်ဆိုပြီး
ရေးခဲ့တဲ့စာအုပ်ကလည်း ဦးနုမဟုတ်တာ လုပ်တာတွေနဲ့ ပတ်သက်ပြီးတော့
ပြန်ပြီးတော့ရေးထားတဲ့ဟာ။ အဲဒီတော့ guide Democaracy ဆိုတာက တပ်မတော်က
ဦးစီးပြီးတော့ ကျင်းပပေးတဲ့ ရွေးကောက်ပွဲ။ လွှတ်တော်မှာ ပြည်သူလူထုက
ရွေးကောက်တာမဟုတ်ဘဲ တိုက်ရိုက် ခန့်ထားတဲ့သူတွေ ရှိတယ်။ ဘယ်လိုပဲရှိစေကာမူ
လုံးဝမာရှယ်လောနဲ့ အုပ်ချုပ်တာ။ မာရှယ်လော ဆိုပေမဲ့ အရမ်းကာရော
မာရှယ်လောမဟုတ်ဘူး။ ဒီမိုကရေစီ အခွင့်အရေးတွေကို ပေးထားတဲ့ မာရှယ်လောပဲ။
စစ်တပ်က တိုက်ရိုက် အုပ်ချုပ်နေတာထက်စာရင် လွှတ်တော်တို့ ဘာတို့က Guide
Democaracy ဖြစ်စေကာမူ ကောင်းတယ်လို့ပဲ အန်ကယ်ကမြင်တယ်။ ပြည်သူလူထုက
ပြောနိုင်ဆိုနိုင်တဲ့ကိုယ်စားလှယ်၊ ပြည်သူလူထုကို ကိုယ်စားပြုပြီး
ပြောနိုင်ဆိုနိုင်ခွင့် နည်းနည်းပါးပါး ရစေကာမူ လုံးဝမရတာထက်စာရင်
ပိုကောင်းတယ်လို့ ယူဆရမယ်။ ဒီလိုပဲ အန်ကယ်တော့ ယူဆတယ်။
သခင်လှကွန်း။ ။
ကျွန်တော်ကတော့ တပ်မတော်အစိုးရဖြစ်ပေါ်လာရတဲ့အကြောင်းဟာ (၁၉၈၈)ခုနှစ်တုန်းက
လူထုအုံကြွမှုကြီးကို ဦးဆောင်တဲ့သူတွေ အပြောင်းအလဲကို
မျက်ခြေပြတ်သွားပြီးတော့ တပ်မတော်ခေါင်းဆောင်များက (၁၉၈၈)ခုနှစ်မှာ
လမ်းစဉ်ပါတီကို စွန့်ခွာလိုက်ပြီ။ စွန့်လွှတ်လိုက်ပြီ။
လမ်းစဉ်ပါတီရဲ့လမ်းစဉ်တွေကို စွန့်လွှတ်လိုက်ပြီ။ အဲဒီအချက်ကို
မျက်ခြေပြတ်သွားတယ်။ (၁၉၈၈)ခုနှစ် အုံကြွမှုကြီးက အောင်ပွဲရပြီဆိုတဲ့ဟာကို
အသိအမှတ်မပြုလိုက်ဘူး။ အဲဒါကို အသိအမှတ်မပြုလိုက်လို့
တပ်မတော်ရဲ့အပြောင်းအလဲကို သတ္ဒ္တုချလိုက်လို့ရှိရင် (၁၉၈၈၊ ၁၉၈၉)ကာလ ကတည်းက
ပြည်သူ့အုံကြွမှုကြီးကို ခေါင်းဆောင်ခဲ့တဲ့သူတွေဟာ
တပ်မတော်နဲ့လည်ပင်းဖက်ရမှာ။ ဒီအဖြစ်အပျက်က ကျွန်တော်တို့
တိုင်းပြည်မှာဖြစ်ခဲ့သင့်တာ။
ကျွန်တော်တို့တိုင်းပြည်မှာဘာကြောင့်ဖြစ်ခဲ့သင့်လဲဆိုရင် ဖိလစ်ပိုင်မှာ
ဖီဒယ်ရာမို့စ်က အကွီနိုက ထောက်ခံလိုက်တယ်။ အဲဒီမှာ ပေါင်းလိုက်တော့
ဒီမိုကရေစီအပြောင်းအလဲက အစောကြီးက တည်းကဖြစ်သွားတာ။
အလားတူပဲ အင်ဒိုနီးရှားမှာနှစ်ပေါင်း
(၃ဝ)ကျော် တစ်ပါတီအုပ်ချုပ်ရေး၊ စစ်ဗိုလ်ချုပ်အုပ်ချုပ်ရေးနဲ့
အုပ်ချုပ်ခဲ့တာ လူထုအုံကြွမှုကြီးဖြစ်ပေါ်လာပြီးတဲ့ နောက် သူဟာ
ထိုအုပ်ချုပ်ရေးကို ထောက်ခံခဲ့တဲ့သူတွေ အကုန်လုံးက ဆူဟာတိုကို
စွန့်ပစ်လိုက်တယ်။ ဆူဟာတိုက နှစ်ပေါင်း(၃ဝ)တောင်အုပ်ချုပ်ခဲ့တာ။
မြန်မာပြည်မှာ (၂၆)နှစ်ပဲအုပ်ချုပ်တာ။ ဦးနေဝင်း အစိုးရက
ဆူဟာတိုအစိုးရကိုစွန့်ခွာလိုက်ပြီးတော့ အဲဒီတုန်းက
ဆူကာနိုရဲ့သမီးကိုထောက်ခံတာ။ ဒါတောင် ဆူကာနို သမီးဟာ
တကယ်ရွေးကောက်ပွဲလုပ်တော့ နံပါတ်(၁)နေရာကအရွေးမခံရဘူး။
စစ်တပ်ကိုထောက်ခံခဲ့တဲ့ပါတီက ထိပ်က ရောက်တာ။ ဒါပေမဲ့
ဒုတိယသမ္မတဖြစ်တဲ့ဟာဗီဗီလို့က ဆက်ပြီးစိုးမိုးနေသေးတယ်။ ဒါပေမဲ့
အဲဒီလူတွေကလည်း နောက်ဆုံးကျတော့ ဆူကာနိုသမီးကို နေရာပေးလိုက် တယ်။ ဒါပေမဲ့
ဆူကာနိုသမီးကရွေးကောက်ပွဲမှာ နံပါတ်(၁)နေရာမရဘဲနဲ့ စစ်တပ်ကိုထောက်ခံခဲ့တဲ့
ဂိုလ်ကာပါတီက အကြီးဆုံးဖြစ်လာတာ။ အဲဒီပါတီ ကလည်း နောက်ဆုံးတော့
ဆူကာနိုသမီးကို ထောက်ခံ လိုက်တယ်။ အဲဒါနဲ့ ဒီမိုကရေစီအောင်မြင်သွားတယ်။
အဲဒီတော့ ကျွန်တော်ရဲရဲ ပြောရဲတယ်။
လူထုအုံကြွမှုကြီးကို ခေါင်းဆောင်တဲ့သူတွေက သူပြောတာက ကျွန်မနိုင်ငံရေးကို
နောကျေအောင် သိတယ်လို့ ပြောထားတယ်။ အဲဒီအမျိုးသမီးခေါင်းဆောင်ဟာ
တကယ်ဆက်စပ်ပြီး တွေးလိုက်မယ်ဆိုရင် ကျွန်တော့် အမျိုးသမီးရဲ့
အမျိုးတော်တယ်။ သူ့အဖေ ရေနံချောင်းမှာ ကျောင်းနေတော့။ ကျွန်တော်လည်း
အဲဒီကျောင်းမှာ ကျောင်းနေတယ်။ သူ့အဖေကဘယ်မှာနေလဲဆိုတော့
သူ့ဦးလေးရှေ့နေဦးဘကြင်၊ ရှေ့နေဦးဘကြင်ဆိုတာ က ကျွန်တော့်ဇနီးရဲ့
ဦးကြီးအရင်းအချာပဲ။ ဗိုလ်ချုပ် အောင်ဆန်းက နှစ်တော်တော်ကြာတော့
ကျွန်တော့်ကို ပြောတယ်။ ''ကိုယ့်လူက လက်စသတ်တော့ ကိုယ့်
ယောက်ဖဖြစ်နေတာကိုး''တဲ့ အဲဒါက တစ်ကြိမ်။ နောက်တစ်ခါ ဒေါက်တာတင့်ဆွေနဲ့ရတဲ့
မတင်ထွေး၊ ကျွန်တော်က ကျွန်တော့်မွေးစားအမေ ဒေါ်ခင်ကြီးနဲ့ အလည်သွားတာ။
ဘယ်ကိုသွားလဲ ဆိုတော့ ဒေါ်ခင် ကြည်ဆီ ဗိုလ်ချုပ်အောင်ဆန်း အိမ်ကို
အလည်သွားတာ။ ဗိုလ်ချုပ်အောင်ဆန်းက (၂)နာရီလောက် ရုံးဆင်းပြီး ပြန်လာတယ်။
ပြန်လာပြီးတော့ ကျွန်တော့်ကို ''ကိုယ့်လူက ဆရာမကောင်းကြောင်းကို အခုထိမသိ
သေးဘူးလား။ ကိုယ့်လူအဖေ၊ ကိုယ့်လူအစ်ကို၊ သခင် လှထွန်းလည်း ဆရာမကောင်းမှန်း
သိသွားပြီ။ ဒါကြောင့် ကိုယ့်မရီးနဲ့ လက်ထပ်တယ်။ ကိုယ်လည်း ဆရာ
မကောင်းကြောင်း သိတာနဲ့ ဒေါ်ခင်ကြည်နဲ့ လက်ထပ်တယ်။ အဲဒီတော့
ကိုယ့်လူဘာမှစဉ်းစားမနေနဲ့ ကိုယ့်လူမွေးစား အမေနဲ့လိုက်လာတဲ့ ဒေါ်တင်ထွေးနဲ့
ယူလိုက်ဗျာ''တဲ့။ ပြီးတော့ ဝါးဟားဟားနဲ့ အားရပါးရ ရယ်လိုက်တာဗျာ။ အဲဒီလို
ဆွေမျိုးစပ်မယ်ဆိုရင် တော်ခဲ့သူပဲ။
သို့ပေမယ့်လို့ နံပါတ်(၁)က နိုင်ငံရေးမှာ
အပါးမဝဘူး။ နံပါတ်(၂)က ကိုယ်ခေါင်းဆောင်တဲ့ လူထုအုံကြွမှုကြီး အောင်ပွဲရပြီ
ဆိုတဲ့ဟာကို ကိုယ်က ကိုယ်မမြင်လိုက်ဘူး။ ဆိုလိုတာက ဒီလိုလေ။
တစ်ပါတီအာဏာရှင်စနစ်ကိုတိုက်တယ်။ အဲဒီ အြုံ<ွကမှုကြီးဟာ
နောင်ဗဟိုချုပ်ကိုင်တဲ့ စီမံကိန်းစီးပွားရေးကို မလိုချင်ဘူး။ အဲဒါတွေ
အကုန်လုံးကို စွန့်ခွာလိုက်ရတဲ့ ဦးနေဝင်းဆိုတာလည်း
ကျွန်တော့်ကျေးဇူးရှင်ပါပဲ။ ဦးနေဝင်းက အားလုံးကို စွန့်ပေးလိုက်တယ်။
တပ်မတော်က အဲဒီလမ်းစဉ်တစ်ခုလုံးကို စွန့်ပြီးတော့ တပ်မတော်သားတွေ
လမ်းစဉ်ပါတီကနေ ထွက်ကြဆိုပြီးတော့ ဗိုလ်ချုပ်စောမောင် ခေတ်မှာ
အမိန့်ပေးလိုက်တယ်။ အဲဒီမှာ လမ်းစဉ်ပါတီက အရှုံးပေးလိုက်တယ်။ (၁၉၈၈)ခုနှစ်
ဇူလိုင် (၂၉)ရက်နေ့။ အဲဒီမှာ ဘယ်သူတက်လာလဲဆိုတော့ ဗိုလ်စိန်လွင် တက်လာတယ်။
ဗိုလ်စိန်လွင်ကို မဲပေးတဲ့ပါတီ ကိုယ်စားလှယ်တွေ လိုက်ခေါ်စမ်း ဆိုတော့
ဦးနေဝင်းက လိုက်ခေါ်ခိုင်းတာ မမီတော့ဘူး။ ဗိုလ်စိန်လွင်လည်း
နုတ်ထွက်ပေးရှာပါတယ်။
နောက်တော့ ဒေါက်တာ မောင်မောင် တက်လာတယ်။ ဒေါက်တာမောင်မောင်က
နှစ်ခုကောင်းကောင်း အရှုံးပေးတယ်။ အဲဒါဘာလဲဆိုတော့ ပါတီစုံစနစ်ကို ကြိုက်လား
မကြိုက်လား မမေးတော့ပါဘူး။ ပါတီစုံစနစ်ကိုပဲ လိုက်ပါမယ်။ ကျုပ်လည်း
ထွက်ပါမယ်။ နောက်ပြီးတော့ တစ်ပါတီစနစ်ကို လုံးဝစွန့်ပြီ ဆိုတဲ့သဘောပေါ့။
ကျွန်တော်နဲ့ကျွန်တော့် ရဲဘော်တွေကတော့ ဒါဟာအုံကြွမှုကြီးရှေ့မှောက်မှာ
အမှန်အတိုင်း အရှုံးပေးပြီးတော့ အုံကြွမှုကြီးရဲ့ အောင်ပွဲရသွားပြီလို့
အဲဒီလိုကျွန်တော်တို့ ရဲဘော်တွေသိတယ်။ ကွယ်လွန်သွားရှာပြီဖြစ်တဲ့
ကိုအုန်းမြင့်တို့၊ ကွယ်လွန်သွားရှာတဲ့ လေထီး ကိုအုန်းမောင်တို့
ကျွန်တော်တို့ စုစုပြီးတော့ ဒီလိုကောက်ချက်ချတယ်။ ကျွန်တော်တို့သာ
ကောက်ချက်ချတာ ကျွန်တော်တို့က နိုင်ငံရေးပါးမဝလို့လား မပြောတတ်ဘူး။
နိုင်ငံရေးပါးဝတဲ့သူတွေကတော့ ဒီလိုကောက်ချက်မချဘဲ ဆက်ပြီးတိုက်တုန်းပဲ။
ဘာတိုက်လဲဆိုတော့ (၁၉၈၈) ခုနှစ်၊ ဇူလိုင်လ
ဂန္ဒီခန်းမဆောင် အစည်းအဝေးမှာ တို့ကို အာဏာလွှဲပေးရမယ် လို့တိုက်တုန်းပဲ။
တကယ်က တိုက်တဲ့တိုက်ပွဲက တစ်ပါတီစနစ်နဲ့ စီမံကိန်းစီးပွားရေးကို တိုက်တာ။
အဲဒါက ရှုံးသွားပြီ။ ခွက်ခွက်လန်အောင် ရှုံးသွားပြီ။ တပ်မတော်ကလည်း
တိုက်တဲ့သူတွေမှန်တယ်ဆိုတဲ့ ဘက်ကရောက်လာပြီ။ ရောက်လာ တာကလည်း (၁၉၈၈)
ဇူလိုင်နဲ့ စက်တင်ဘာကြားမှာ တပ်မတော်ခေါင်းဆောင်များက ဒီအုံကြွမှုကြီးကို
ခေါင်းဆောင်တဲ့ဘက်ကို ပြောင်းလိုတဲ့ အရိပ်လက္ခဏာဘက်ကို ပြတယ်။ ဒေါ်ခင်ကြည်
အသုဘကို လိုက်ပို့တယ်။ ဒေါ်ခင်ကြည်ဟာ တပ်မတော်ရဲ့ မိခင်လို့။ သူတို့
ဒါတင်မကဘူး ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်က မွေးတဲ့နှမပါလို့ ပြောတာ။
အဲဒီလောက် ပြောင်းလဲလာတာကို အသိအမှတ်မပြုနိုင်ဘူး။ အသိအမှတ်ပြုနိုင်တဲ့သူက
ကျွန်တော်တို့ တစ်စုပဲ ရှိတာ။ ကျွန်တော်တို့ တစ်စုက ပြောတာကိုနားမဝင်ဘူး။
အဲဒါနဲ့ (၁၉၈၈)ခုနှစ် စက်တင်ဘာ
(၁၈)ရက်ရောက်တော့ တပ်မတော်က အာဏာကို သိမ်းလိုက်ရတာပဲ။ (၁၉၈၈)
ခုနှစ်မှာတပ်မတော်က အာဏာကို မသိမ်းချင်သိမ်းချင်နဲ့ သိမ်းလိုက်ရတာ။
အဲဒီ(၁၉၈၈)ခုနှစ်ကနေပြီးခဲ့တဲ့ နှစ်(၂ဝ၁ဝ) နိုဝင်ဘာ(၇)ရက်အထိ ကာလ
ကြီးတစ်ခုလုံးဟာ မဖြစ်သင့်တာဖြစ်လာ တာ။ မဖြစ်သင့်တာ ဘာကြောင့်ဖြစ်လဲ
ဆိုတော့ လူထုအုံကြွမှုကြီးရဲ့ အောင်ပွဲကို ကိုယ်ကကိုယ့်အောင်ပွဲလို့အသိအမှတ်
မပြုလို့။ အဲဒီလိုလက်မခံနိုင်ဘဲနဲ့ အာဏာ ရယူချင်လို့ တပ်မတော်က
ဒီအချိန်မှာ စစ်တန်းလျားပြန်သွားဖို့ ကောင်းပြီလို့ ယူဆတဲ့အယူအဆတွေကြောင့်
ဒီလိုဖြစ်ခဲ့တာပါ။ ဒါကြောင့် နှစ်ပေါင်း(၂ဝ) ကျော် ကျွန်တော်တို့ရဲ့
နိုင်ငံရေးဖြစ်ပေါ်မှုဟာ နောက်ကျသွားတယ်။ အဲဒါ ကျွန်တော့်ခံစားချက်ပဲ။
ကျွန်တော်က နောက်(၆)လလောက်ဆို (၉ဝ)ပြည့်တော့မယ်။ (၉ဝ)မပြည့်ခင်
(၁၉၈၈)ခုနှစ် ကတည်းက ကွယ်လွန်သွားတဲ့ ကိုအုန်း မြင့်တို့၊
လေထီးကိုအုန်းမောင်တို့ အဲဒီ အချိန်ကဆိုရင် ကိုချမ်းအေးတို့ဆိုလည်း
ကျွန်တော်တို့ဘက်ယိမ်းယိုင်လာပါပြီ။ တိတိကျကျတော့ မဖြစ်သေးဘူး။
ဒါပေမဲ့ကိုချမ်းအေးကတော့ (၁၉၈၈)ခုနှစ်၊ ဇူလိုင်လထဲမှာ ဂန္ဒီခန်းမဆောင်မှာ
သူခေါင်းဆောင်တုန်းပဲ။ ဒါပေမဲ့လို့ သူလည်း စွန့်လွှတ်လိုက်ပါပြီ။
သခင်တင်မြ။ ။ လွှတ်တော်ပဲခေါ်ခိုင်းနေတာမဟုတ်လား။
သခင်လှကွန်း။ ။ အခြေအနေက
ဒီလိုဖြစ်ခဲ့ပေမယ့် အခုဆိုလို့ရှိရင် အဲဒီဟာတွေကြောင့် အမျိုးသား ညီလာခံ
ဖြစ်တယ်။ အမျိုးသား ညီလာခံကနေ ထွက်ခိုင်းတယ်။ ထွက်တယ်။ သပိတ်မှောက်တယ်။
အဲဒီတော့ အမျိုးသားညီလာခံကြီး ဖြစ်တော့ အမျိုးသားညီလာခံလည်း
သပိတ်မှောက်လိုက်ရော၊ နိုင်ငံတော်ဖွဲ့စည်း ပုံတွေဘာတွေအတည်ပြုလိုက်ရော။
အဲဒီဥပဒေအရ ရွေးကောက်ပွဲ လုပ်ပြီး ဒီမိုကရေစီစနစ်ကို ပြောင်းဖို့ တပ်မတော်က
ကြိုးစားတယ်။ အဲဒီ အချိန်မှာ ကျွန်တော်က ပြောတယ်။ ဒီအခြေခံဥပဒေကို
ချက်ချင်းပြောင်းဖို့ မတောင်းဆိုသင့် သေးပါဘူး။ အတူတူတို့လုပ်ရင်း
တစ်ဦးသဘောတစ်ဦး နားလည်လာပြီးတော့ အတူတူတွဲလုပ်ရင်း အောင်မြင်လာလို့ရှိရင်
ဒီအခြေခံ ဥပဒေဟာ ပြောင်းသွားမှာပါ။ ဒီအခြေခံဥပဒေရဲ့ အနှစ်သာရကို
ကြည့်မယ်ဆိုရင်တော့ တပ်မတော်က (၂၅) ရာခိုင်နှုန်း အာဏာယူထားတုန်းပါပဲ။
ဒါပေမယ့်လို့ အတူတူတွဲလုပ်ရင်းနဲ့ တစ်ဦးသဘောတစ်ဦး နားလည်လာလို့ရှိရင်
တပ်မတော်က သူ့နေရာသူပြန်သွားပါလိမ့်မယ်။ နိုင်ငံရေးပါတီတွေကလည်း
တပ်မတော်အကြောင်း နားလည်သွားမှာပါပဲ။ ကျွန်တော်က ဒီလိုတောင်းပန်တယ်။
ဒီလိုမေတ္တာရပ်ခံတယ်။ အဲဒီအတိုင်း ဖြစ်လာလိမ့်မယ်လို့လည်း ကျွန်တော်ယုံကြည်
တယ်။ အသက်(၁ဝဝ)ထိအောင်တော့ ကျွန်တော်မနေရပါဘူး။ ကျွန်တော့်အမြင်ကတော့
အောင်မြင်မှာပါပဲလို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်က
အခါအခွင့်သင့်တုန်း ဦးချမ်းအေးလည်း ရှိတုန်းမို့ပြောရတာပါ။
ဦးကိုကိုမောင်ကြီး ရှေ့မို့လို့လည်းပြောတာပါ။
ကိုကိုမောင်ကြီး။ ။
ကိုကိုမောင်ကြီးဖြစ်သွားပြီနော်။ အစိုးရအသိအမှတ်ပြုမှတ်ပုံတင်မှာ
ကိုကိုမောင်ကြီးဖြစ်သွားပြီ။ ကျွန်တော့်ကို ဦးချစ်လှိုင်မခေါ်နဲ့တော့နော်။
သခင်လှကွန်း သခင်လှကွန်း။ ။ ခင်ဗျား ကျွန်တော့်ကို ပြောချင်တာပြော၊
ကျွန်တော်က နားမကြားဘူး။
ကိုကိုမောင်ကြီး။ ။
ကျွန်တော့်အမြင်ကတော့ ကျွန်တော်ရေးထားတဲ့ စာအုပ်တွေထဲမှာလည်း ပါပါတယ်။
ကျွန်တော်ပြောမှာက နည်းနည်းများတယ်။ အဲဒီတော့ အကျဉ်းချုံးပြီးပြောပါမယ်။
ကျွန်တော်က အဖြစ်အပျက်တွေမှာ ကောင်းတာတွေ ဆိုးတာတွေ ဖြစ်စဉ်ကိုပဲ
ကြည့်တာကိုး။ ခုလောလောဆယ်မှာတော့ (၃၁)ရက် လွှတ်တော်ခေါ်မယ်။ သမ္မတရွေးမယ်ဗျာ၊
သမ္မတက အစိုးရဖွဲ့ရင်ဖွဲ့မယ်ဗျာ။ အဲဒီတော့ လက်ရှိဖွဲ့စည်းပုံ
အခြေခံဥပဒေအရလုပ်တာ ဆိုတော့ တပ်မတော်က တာဝန်ယူပြီး အုပ်ချုပ်ရာကနေ
ပြီးတော့မှ အခုလိုဆိုတော့ ကောင်းတဲ့အပြောင်းအလဲလို့ ကျွန်တော်က ယူဆတယ်။
ယူဆမယ်ဆိုတာ ဒီလို။ အကောင်းကြီးပြောင်းလဲတာ ဟုတ်ချင်မှဟုတ်မယ်။
အခုပေါ်ပေါက်လာမယ့် အစိုးရမှာ --။
ကျွန်တော်ပြောမှာက အရှည်ကြီး၊ ကျွန်တော်တို့
သမိုင်းတစ်လျှောက်လုံး၊ တစ်ခေတ်ပြီးတစ်ခေတ်၊ တစ်ခေတ်ပြီး တစ်ခေတ်
ဖြစ်ပေါ်လာတာတွေဟာ တစ်ခေတ်ထက် တစ်ခေတ်တော့ တိုးတက်တယ်လို့ ခေါ်နိုင်တဲ့
အနေအထားတွေ ရှိတယ်လေ။ ဥပမာဆိုပါတော့ဗျာ။ သီပေါမင်းပါသွားရော။
ကျွန်တော်တို့ရှုံးတာပေါ့ဗျာ။ အချုပ်ကျနေတာတွေရှိတယ်။ မင်းညီမင်းသားတွေ
လူစွမ်းကောင်းတွေ လိုက်ကြတယ်။ နောက်ငြိမ်သွားရော။ (၁၉ဝဝ)ကျတော့
မြန်မာနိုင်ငံကို အင်္ဂလိပ် က ဒီမိုကရေစီနဲ့ အုပ်ချုပ်မယ်လို့
အတိအလင်းကြေညာတာပဲလေ။ အဲဒီမှာ သူတို့အုပ်ချုပ်နိုင်တာ။ အစက
သူတို့မအုပ်ချုပ် နိုင်သေးဘူး။့ ဗြ (၁၉ဝ၆)ခုနှစ်မှာ ပေါ်တော့မှ
မြန်မာပြည်မှာ နိုင်ငံရေးက ပြန်ပြီးအသက်ဝင်လာတာ။ အဲဒီမှာ ဦးမောင်ကြီးတို့က
သိတာ။ တို့ဒီနေ့ လုပ်လိုက်တဲ့ဟာက တစ်နေ့ကျရင်
အမျိုးသားဝံသာနုလုပ်ငန်းကြီးတွေ ပေါ်လာမယ် ဆိုတာ ကြိုသိတယ်။ သိတဲ့အတိုင်းပဲ
(၁၉၁၄)နဲ့(၁၉၂ဝ) ကြာမှာ ပေါ်လာတာပဲလေ။ အမှတ် မထင်ပေါ်လာတာကနေ အမှတ်ထင်
ထင်ပေါ်လာတဲ့ဘက်ကို ပြောင်းသွားတယ်။ ပြောင်းလဲတဲ့ပြောင်းလဲချက် တိုင်းဟာ
ပြီးခဲ့တဲ့ အတိတ်ကာလ ရဲ့လုပ်ဆောင်ချက်တိုင်းနဲ့ဆိုင်တယ်။
တိုးတက်တဲ့သဘောကိုဆောင်တယ်။ နောက်ပြီးတော့ အဲဒီကတစ်ခါ ဆရာစံ ကပေါ်တယ်။
ကြီးပွားရေးအသင်း တွေပေါ်တယ်။ တကယ့်တကယ် တိတိကျကျ တစ်ခါတည်းအင်နဲ့အားနဲ့
ပေါ်လာတော့ ဒို့ဗမာအစည်းအရုံး၊ နောက်ကျောင်းသားသမဂ္ဂ၊ နောက်
လွတ်လပ်ရေးမရခင်ကာလမှာ တစ်ခေတ်ထက်တစ်ခေတ် တိုးတက် ပြောင်းလဲမှုတွေ
ဖြစ်ပေါ်လာတယ်။ ဂျပန်ခေတ်ကျတော့ ပြောစရာ မရှိတော့ဘူးလေ။
အရမ်းကိုပြောင်းလဲသွားပြီ။ ဗိုလ်ချုပ်အောင်ဆန်းက အဲဒီတုန်းက
ကိုလှကွန်းတို့၊ ကိုတင်မြတို့က သခင်စိုးကပြောတဲ့သြဝါဒအတိုင်း
ဒီမိုကရေစီမဟာမိတ်ကို လှုံ့ဆော်တယ်။ သူတို့ လှုံ့ဆော်တာမှန်တယ်။
ဗိုလ်ချုပ်အောင်ဆန်းကိုက ဂျပန်နဲ့ဆက်တာ လွန်သွားပြီ။ လွန်တာလည်း
ဗိုလ်ချုပ်အောင်ဆန်းကို အပြစ်တင်လို့မရဘူး။ ကျွန်တော်
ဗိုလ်ချုပ်အောင်ဆန်းကို မေးကြည့်တယ်။ ငါတို့ဂျပန်နဲ့ မဟာမိတ်လုပ်တဲ့
အချိန်တုန်းက ရုရှားနဲ့ ဂျာမနီတောင် စစ်မဖြစ်သေးဘူး။ (၁၉၄ဝ) သြဂုတ်မှာ
ရုရှားကို ဂျာမနီတိုက်တာက (၁၉၄၁)ဂျပန်မှ တိုက်တာ။ အဲဒီတော့မှ
တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ကွန်မြူနစ် သဘောလေး ပြောင်းလေ။ ရုရှားနဲ့အင်္ဂလိပ်၊
အမေရိကန်တို့ ပေါင်းလိုက်တာနဲ့ တစ်ပြိုင်နက် ဒီစစ်ပွဲတွေက Peace of the War
ဖြစ်သွားပြီ။ အဲဒီတော့ လွတ်လပ်ရေး၊ ဒီမိုကရေစီရေးတွေ အောင်မြင်ချင်ရင်
ဒီမိုကရေစီမဟာမိတ်နဲ့ ပေါင်းရမယ် ဆိုတဲ့ဟာကို သခင်စိုးကမြင်လို့
ကိုတင်မြတို့၊ ကိုလှကွန်းတို့ကို ခိုင်းတာ။ ကိုလှကွန်းလည်း လုပ်ရှာပါတယ်။
ဒါပေမယ့် မအောင်မြင်ဘူး။ ကွန်မြူနစ် ကိုဗဟိန်း ကိုယ်တိုင် လုပ်သေးတယ်။
တက်ဘုန်းကြီး ကိုသိန်းဖေလည်း ဝေလေလေပဲ။ နှစ်ဖက်တိုက်ရမှာ။ အင်္ဂလိပ်လည်း
တိုက်ရမယ်။ ဂျပန်လည်း တိုက်ရမယ်ဆိုတာမျိုး တကယ့်တကယ်ကတော့
နှစ်ဖက်လုံးကိုတိုက်ဖို့ဆိုတာ ဘယ်လွယ်မလဲဗျာ။ တစ်ဖက်တည်းကို တိုက်ရမယ်
ဆိုတာတောင် မလွယ်ဘူး။ ဒါနဲ့ဗိုလ်ချုပ်အောင်ဆန်းက ဂျပန်နဲ့ပေါင်းတာ
မဟုတ်ဘူး။ သွားတုန်းက တရုတ်ကွန်မြူနစ်နဲ့တွေ့ဖို့သွားတာ။ အဖမ်းခံရတာနဲ့
မတတ်သာလို့ လုပ်လိုက်ရတာ။ အဲဒီတုန်းက ဗိုလ်ချုပ်အောင်ဆန်း မှန်တယ်။
ဂျပန်ကိုရောက်သွားပြီးတော့ လူငယ်တွေကို မလွှတ်ရင်မဖြစ်တော့ဘူး။
ရုရှားနဲ့အင်္ဂလိပ်၊ အမေရိကန်တို့ ပေါင်းသွားပြီ။ ကမ္ဘာ့ကွန်မြူနစ်
အဖွဲ့ချုပ်ကလည်း သဘောထား ပြောင်းသွားပြီ။ အားလုံးဟာ ဒီမိုကရေစီ မဟာမိတ်နဲ့
ပေါင်းရမယ် ဆိုတာဖြစ်သွားပြီ။ အဲဒါကို မြန်မာပြည်ကွန်မြူနစ်က
နှစ်ပိုင်းကွဲသွားပြီး တွေဝေသွားကြတယ်။ ကိုလှကွန်းနဲ့ ကိုတင်မြတို့
လုပ်တာကတော့ မှန်တယ်။ ဒါပေမယ့်လို့မတိုးနိုင်ဘူး။ သခင်သန်းထွန်းကတော့
သိပ်မမှတ်မိဘူး။ သခင်စိုးကတော့ရှင်းတယ်။ ဗိုလ်ချုပ်အောင်ဆန်းက
ဂျပန်နဲ့ပေါင်းတာ မဟုတ်ဘူး။ ဂျပန်နဲ့ ပေါင်းပေါင်းမပေါင်းပေါင်း
စစ်တပ်ကြီးရလာတယ်။ စစ်တပ်ကြီးရလာတဲ့အတွက် လွတ်လပ်ရေး အတွက်
တိုက်ဖို့အခြေခံရလာတယ်။ လွတ်လပ်ရေးရဖို့ အတွက် စစ်တပ်ကိုအခြေခံရတာချည်းပဲ။
စစ်တပ်ကိုအခြေမခံဘဲ ဘယ်တော့မှတိုက်လို့မရဘူး။ ဗိုလ်ချုပ်အောင်ဆန်း စခဲ့တဲ့
စစ်တပ်ဟာ BIA, BDA တွေဖြစ်လာတယ်။ ချုပ်လိုက်ရင် စောစောက လက်နက်တစ်ချောင်းမှ
မရှိတဲ့ဘဝကနေ ဂျပန်ခေတ်မှာ တက်လာတယ်။ တစ်ဆင့် တစ်ဆင့် တက်လာတာ။
အဲဒါနဲ့လွတ်လပ်ရေးရရော။ ပင်လုံစာချုပ်ကိစ္စ နောက်မှ ကျွန်တော်ပြောပြတာ။
(၂၁)ရာစုပင်လုံဆိုတာ လုံးဝမရှိထိုက်တဲ့ မရှိသင့်တဲ့အကြောင်း နောက်မှ
ကျွန်တော်ပြောပြမယ်။
နောက်တစ်ဆင့်တက်လာတော့ အင်္ဂလိပ်ရော၊
ပြင်သစ်ရော၊ ပေါ်တူဂီတွေ နယ်ချဲ့ရာ ရှေးနုတ်တဲ့သမားတွေ အားနည်းသွားတဲ့
အခြေအနေ ဖြစ်သွားပြီ။ အားနည်းသွားတဲ့အတွက် လွတ်လပ်ရေးပေးသောသူတို့အတွက်
ပိုကောင်းတာ။ မပေးရင်မကောင်းဘူး။ ပြင်သစ်ကတော့ မတတ်နိုင်လို့ဗီယက်နမ်ကို
သူအဖြေထုတ်ချင်တာ သူခံလိုက်ရတာပဲ။ အဲဒီတော့ ကျွန်တော်တို့က အင်္ဂလိပ်မှာ
လေဘာပါတီတက်လာတော့ ဗိုလ်ချုပ်အောင်ဆန်း ကြိုးပမ်းမှုနဲ့ အောင်သွားတာပေါ့ဗျာ။
အောင်တာကတော့ အင်္ဂလိပ် လေဘာပါတီ တက်လာတာလည်း ပါတယ်။
ချာချီတို့ရှုံးတာလည်းပါတယ်။ကျွန်တော်တို့ အမျိုးသားဝံသာနု နိုးကြားလာတာလည်း
ပါတယ်။ အကုန်ပါလာရုံတင်မကဘူး။ ရှမ်းစော်ဘွားတွေရဲ့ အာဏာလျော့လာရော၊
စော်ဘွား မဟုတ်တဲ့သူတွေက သြဇာတက်လာပြီး ကျန်တဲ့သူတွေ
အားလုံးစုပေါင်းပြီးတော့ ကျွန်တော်တို့က လွတ်လပ်ရေး ရလာတာပဲ။ အဲဒီမှာ
တစ်ဆင့်တက်လာတာပဲ။
လွတ်လပ်ရေး ရပြီးပေမယ့်လို့
ကျွန်တော်တို့ကို ပြည်တွင်းစစ်ကြီးက ဆော်ထည့်ပစ်တာ။ ဆော်ထည့်တာမှ
ခင်ဗျားတို့လည်း ရှိတယ်။ ကျွန်တော်လည်း ကွန်မြူနစ်ဖြစ်ခဲ့ဖူးတာပဲ။
ဘာကြောင့်ပဲဖြစ်ဖြစ် လွတ်လပ်ရေးရပြီးခါစ တိုင်းပြည်မှာ ပြည်တွင်းစစ်
ဖြစ်လိုက်တော့ သခင်သန်းထွန်းတို့တောခိုတာ (၁၉၄၈) မတ်လ (၂၈)ရက်လေ။
ကျွန်တော်ကိုတောင် ဗီယက်နမ်သွားနေတုန်း ဒီမှာမရှိဘူး။ ပြီးတော့ ဖဆပလအစိုးရက
ဘာမှမလုပ်နိုင်ဘူး။ ဘာမှမလုပ်နိုင်တဲ့ ဖဆပလအစိုးရက ဒီမိုကရေစီ
အခွင့်တစ်ရပ်ကို တစ်ဖက်က အတိုက်အခံက ကောင်းတော့မပေးနိုင်ဘူး။ မပေးနိုင်တာက
ဖဆပလအစိုးရမှန်တယ်ဗျ ပေးရင်ပိုဆိုးသွားမှာပဲ။ ဖဆပလအစိုးရက ပြုတ်ကျမလို
ဖြစ်နေတာ။ ကံကောင်းတာက စစ်တပ်က ဖဆပလ အစိုးရကို ထောက်ခံပြီး
မရှိမဲ့ရှိမဲ့တပ်တွေ စုစည်းပြီးပြည်သူတွေရဲ့ အကူအညီနဲ့ ဝိုင်းတိုက်လို့
ရန်ကုန်အစိုးရပြုတ်မကျတာ။ ရန်ကုန်အစိုးရပြုတ်ကျလို့ကတော့ KNDO
လက်ထဲရောက်သွားရင် အင်္ဂလိပ်က ဝင်ရှုပ်ချင်ရှုပ်နေဦးမှာ။ စောဘဦးကြီးရဲ့
ရည်ရွယ်ချက်က ဧရာဝတီရော၊ ဟံသာဝတီရော၊ ကေတုမတီရော အကုန်သိမ်းမှာ
ရန်ကုန်အစိုးရသာပြုတ်ကျသွားရင် အခြေအနေတော်တော်စိုးမှာ။
ကွန်မြူနစ်ပါတီအာဏာရ မစောင့်နဲ့။ နိုးနိုးမပေးဘူး။ ဒါသေချာတယ်။
ကွန်မြူနစ်ပါတီထဲက ပြည်သူ့ရဲဘော်အချို့ အမြင်မှန်ရပြီးတော့ အစိုးရတပ်နဲ့
လာပေါင်းတာလည်း တော်တော်ကောင်းသွားတယ်။ ဘာပဲပြောပြော
ရန်ကုန်အစိုးရကိုပြုတ်မကျအောင်ကယ်လိုက်တာပါပဲ။ တပ်မရှိရင်မလွယ်ဘူး။
ဟိုဟာဒီဟာ အသာထား၊ တပ်မတော်ရွဲျ့သူန ဟာ ရန်ကုန်အစိုးရကို ကယ်ခဲ့တယ်။
ပြည်ထောင်စုကိုလက်ခံတယ်။ အဲဒီတော့ အခြေအနေပြန် ကောင်းလာတာ။
ပြန်ကောင်းလာတော့ ပြည်တော်သာစီမံကိန်းတွေဘာတွေ လုပ်သင့်သလောက်တော့ လုပ်တယ်။
အမှန်အတိုင်းပြောရရင် ပြည်တွင်းစစ်အတွက်။ ပြည်တွင်းစစ်ဘက်က
လမ်းစဉ်ပါတီခေတ်ရောက်တော့မှ ပဲခူးရိုးမမှ ကွန်မြူနစ်တွေ
ဖြုတ်ထုတ်သတ်တွေလုပ်တော့မှအေးတော့တာ။
သခင်လှကွန်း။ ။
ကျွန်တော်တစ်ခု ဖြည့်စွက်ချင်တာက (၂ဝဝ၉)ခုနှစ်တုန်းက နှစ်ဖက်စလုံးက
ထိပ်တိုက်ရင် ဆိုင်ရေးလမ်းကိုလိုက်နေတာပါ။ အဲဒီတုန်းက
ကျွန်တော်တောင်းဆိုတာက နှစ်ဖက်စလုံးက ဒါကိုစွန့်ပါ။ ဘာကြောင့်လဲ ဆိုတော့
ကျွန်တော့်အခြေခံက ဗိုလ်ချုပ်အောင်ဆန်းရဲ့ လမ်းစဉ်ပဲ။ ဗိုလ်ချုပ်အောင်ဆန်းက
အင်္ဂလိပ်ကိုလိုနီစနစ်ကို တိုက်တုန်းကလည်း တပ်မတော်နဲ့
နိုင်ငံရေးအင်အားစုတွေကို ပေါင်းစည်းပြီးတော့ အနိုင်ရခဲ့တယ်။
အင်္ဂလိပ်ထွက်ပြေး ရတယ်။ ဒါပေမဲ့ ဂျပန်ရောက်လာတယ်။ ဂျပန်ရောက်လာတော့လည်း
တပ်မတော်နဲ့ နိုင်ငံရေးအင်အားစုတွေ တစ်ချိန်တုန်းက ကိုလိုနီသမားတွေ
နောက်ကို လိုက်ဖူးတဲ့သူတွေပါ ပါပြီးတော့ မျိုးချစ်ပုဂ္ဂိုလ်တွေ
စုစည်းပြီးတော့ အမျိုးသားတပ် ပေါင်းစု တည်ဆောက်တယ်။ ဖက်ဆစ်တိုက်ဖျက်ရေး
ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်၊ အဲဒါနဲ့ပဲ ဂျပန်ပြေးတော့ စက္ကူဖြူ
စီမံကိန်းနဲ့ အင်္ဂလိပ်နယ်ချဲ့က မြန်မာပြည်ကို ဒိုမီနီယံပုံစံပြောင်းပြီး
စိုးမိုးခြယ်လှယ်ဖို့ ကြိုးစားတာ။ ဗိုလ်ချုပ်အောင်ဆန်းက စစ်မပြီးခင်
သြဂုတ်လ (၁၉)ရက်နေ့ သူရိန်အစည်းအဝေးမှာပဲ ဖတပလကနေ ဖဆပလဆိုပြီး
ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး ဆိုပြီး အဖွဲ့ချုပ်အသစ်ဖွဲ့လိုက်တယ်။
ဒီအင်အားစုတွေပဲ စုစည်းလိုက်တာပဲ။ အဲဒီဟာကြောင့် ကျွန်တော်တို့
လွတ်လပ်ရေးရတာ (၁၉၄၈)ခုနှစ်မှာ ကျွန်တော့် အခြေခံကတော့ ကျွန်တော်တို့
အမျိုးသားတပ်မတော်ဟာ ဘယ်သောအခါကမှ အမျိုးသားရေးကို ဆန့်ကျင်ပြီးတော့
လိုက်ဖို့ မကြိုးစားဘူးလို့၊ မတတ်သာတဲ့အခါကျရင် အလှည့် အပြောင်းလေးတွေ
လုပ်တယ်။ အဲဒါကြောင့် အခု အမျိုးသားညီလာခံက နေပြီးတော့ အခြေခံဥပဒေကို
ပြဌာန်းလိုက်တယ် ဆိုတာကလည်းပဲ တပ်မတော်က ဒီမိုကရေစီဘက်ကို
ကူးပြောင်းနိုင်အောင် နိုင်ငံရေးအင်အားစုတွေနဲ့ လွှတ်တော်မှာ
တွေ့နိုင်အောင်၊ ဆွေးနွေးနိုင်အောင်၊ ပေါင်းဖက်နိုင်အောင်၊
လက်တွေ့တွဲနိုင်အောင် လုပ်တယ်လို့ ကျွန်တော်မှားချင် လည်း မှားနိုင်ပါတယ်။
ကျွန်တော်က တော့ အဲဒီလိုယုံကြည်ပါတယ်။ ဒါ ကြောင့် ပြီးခဲ့တဲ့နှစ်
နိုဝင်ဘာလ(၇)ရက် နေ့ ရွေးကောက်ပွဲဟာ တပ်မတော်က တစ်နည်းတစ်ဖုံအားဖြင့်
ထိပ်တိုက် ရင်ဆိုင်ရေးကိုစွန့်လိုက်တာပဲလို့ ကျွန်တော်က အဓိပ္ပာယ်ပြန်တယ်။
အဲဒါကြောင့်မို့လို့ ချက်ချင်းဒီအခြေခံ ဥပဒေကို ဘာပဲ ညာပဲဆိုပြီးတော့
ပြောင်းလဲဖို့မကြိုးစားဖို့ကို ကျွန်တော် ကမေတ္တာရပ်ခံတာပဲ။ အတူတူတွဲ
လုပ်ရင်း တစ်ဦးပေါ်တစ်ဦး၊ အင်အား စုတစ်ဖက်နဲ့တစ်ဖက်နားလည်လာတဲ့ အခါကျရင်
ကျွန်တော်သေတဲ့အချိန် ကျရင် ဒီမိုကရေစီစစ်စစ်ရောက်သွား မှာပါပဲ။
ကိုကိုမောင်ကြီး။ ။
ကျွန်တော့် စကားဆက်ရရင် ကျွန်တော်တို့ဆီမှာ ပြည်တော်သာ ခေတ်တောင်
နည်းနည်းပဲ လုပ်ဖြစ်တာ။ ဖဆပလက ခေါင်းဆောင်မှု သိပ်မပေးနိုင်ဘူး။ သူက
(၁၂)နှစ်ပဲ လုပ်သွားနိုင်တယ်။ (၁၉၄၈) ကနေ (၁၉၆၂)လောက် အထိပဲ
လုပ်သွားနိုင်တယ်။ အဲဒီလို လုပ်မပေးနိုင်တာကို ဖဆပလက ဖရိုဖရဲ
ဖြစ်သွားတယ်လေ။ ဖဆပလက ကျန်တဲ့လူတွေ ထွက်ကုန်ပြီး ဆိုရှယ်လစ် ပါတီပဲ
ကျန်တယ်။ ဆိုရှယ်လစ် ပါတီကလည်း မစုစည်း နိုင်တဲ့အခါ ကျတော့ ဖဆပလရဲ့
နိုင်ငံရေးသြဇာက တဖြည်းဖြည်း ကျလာတယ်။ အဲဒီမှာ အတိုက်အခံက တိုက်တာလည်း
ပါတယ်။ အတိုက်အခံက ဝေဖန်တာတွေလည်း ပါတယ်။ ဖဆပလက လုံးလုံးဆိုးတာတော့
မဟုတ်ဘူး။ ကိုယ့်ဘာသာ ကိုယ်မစည်းရုံးနိုင်တာလည်း ပါတယ်။
ကျွန်တော်တို့ထင်သလောက် မတိုးတက်ဘူး။ အဲဒီမှာ ပင်လုံစာချုပ်မှာ
ဗိုလ်ချုပ်အောင်ဆန်းတို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ အခြေခံဥပဒေမှာ
လွတ်လပ်ရေးရပြီး (၁ဝ)နှစ်ကြာရင်ဆိုတဲ့ဟာ ကရင်ကစတာ။ နောက်တော့ ကချင်လည်း
ပါလာတယ်။ နောက်ပြီးတော့ နိုင်ငံတော် ဘာသာကိစ္စလည်း ပါသွားတာပေါ့။
ခေါင်းဆောင်ကလည်း ကိုယ့်နိုင်ငံရေး ပါတီတွေလည်း အန္တရာယ်တွေလည်း
ဝင်လာတဲ့အခါကတော့ တပ်က မဝင်ရင်မဖြစ်တော့တဲ့ အခြေအနေရောက်သွားတယ်။
ဒါပေမယ့် တပ်က အာဏာသိမ်းချင်လို့
သိမ်းလိုက်တာတော့ မဟုတ်ဘူး။ အိမ်စောင့်အစိုးရခေတ်က သိမ်းတာကတော့ လောလောဆယ်
နိုင်ငံရေးပါတီတွေ မညီမညွတ်ဖြစ်နေလို့ စုစည်းဖို့လုပ်တာ။
ကျွန်တော်ပြောချင်တဲ့ အဓိပ္ပာယ်က ဦးနေဝင်းက တရားမသိလို့ဘဲ အာဏာသိမ်း$သိမ်း၊
တရားသိလို့ဘဲအာဏာသိမ်း သိမ်း၊ အာဏာသိမ်းချင်လို့ပဲ အာဏာ သိမ်းသိမ်း၊
ကျွန်တော်တို့ကြည့်ရမယ့်အချက်က မြန်မာပြည်မှာ
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုပြီးတော့မှ စနစ်ပြောင်း ကာလကြီး
တစ်ခုကိုဖန်တီးခဲ့တယ်။ အားလုံးပါခဲ့ကြတယ်။ ငြင်းလို့မရဘူး။ ဒါပေမယ့်လို့
ဒီကိစ္စကို လုပ်ရင်းကိုင်ရင်းနဲ့ သူမအောင်မြင်တော့ဘူးလို့ ထင်တဲ့အချိန်မှာ
သူ့စိတ်ထဲမှာ စိတ်လိုက်မာန်ပါနဲ့ ပြောင်းပစ်တာဗျာ။ သူအဲဒီလိုမပြောင်းရင်
ဘာအရေးတော်ပုံမှ မပေါ်ဘူး။ ဘာလူထုအုံကြွမှုမှ မပေါ်ဘူး။ သေချာတယ်။
အဲဒါပေါ်အောင် ဦးနေဝင်းက ဖွင့်ပေးလိုက်တာ။ အဲဒီအကြောင်းကို ကျွန်တော်က
ရေးပါတယ်ခင်ဗျာ။ ကိုမြတ်ခိုင်တို့ဆီမှာ။ အဲဒါကို တချို့က ကျွန်တော်
မှားတယ်ဆိုပြီး တချို့က မကျေနပ်ကြဘူး။ ဒါကို ကျွန်တော်က စိတ်မဆိုးပါဘူး။
နိုင်ငံရေးဆိုတာ ဒီလိုပဲပေါ့။ ကိုယ့်အမြင်သူ့အမြင်ပေါ့။ ဦးနေဝင်း
ဆုံးဖြတ်ချက် မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ မြန်မာ့ဆိုရှယ်လစ်
လမ်းစဉ်ဆိုတဲ့ ကာလကြီးတစ်ခု ပေါ်လာတာကတော့ အမှန်ပဲ။ တောထဲက လူတွေလည်း
ပါလာကြတယ်။ ဆိုရှယ်လစ်စနစ်ကြီး တစ်ခုလုပ်ရင် ကောင်းမယ်ဆိုပြီး
ရိုးရိုးသားသား ထင်တဲ့လူတွေလည်း ရှိတယ်။ တချို့ကလည်း ဦးနေဝင်းဖွင့်
ပေးတာကို ယူဖို့အခွင့်အရေး လိုချင်လို့ လာတဲ့လူတွေလည်း ပါတယ်။ တချို့ကလည်း
ဒီပါတီမှတစ်ပါး တခြားလုပ်စရာ မရှိလို့ ပါခဲ့ကြတာ။ ဘာလို့ပဲဖြစ်ဖြစ်
အဲဒီခေတ်တစ်ခေတ်မှာ အဲဒီပါတီကချတဲ့ လုပ်ငန်းစဉ်သည် တတ်နိုင်သလောက်
အကောင်အထည် ဖော်သွားတာတော့ အမှန်ပဲ။ ဒါပေမယ့်လို့ ကျွန်တော်တို့က
ဘာမှားသွားလဲဆိုတော့ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ် ဆိုပြီး ဆိုရှယ်လစ်
စနစ်ကြီး လုပ်လိုက်တာကြီး တစ်ခုလုံးကိုက မှားတာ။ ဆိုရှယ်လစ်စနစ် ကို
တောင်းဆိုခြင်းမရှိဘဲလုပ်လိုက် တာ။ ဦးနေဝင်းက ဒါလုပ်ရင်ကောင်းမှာပဲ
ဆိုပြီး လုပ်လိုက်တာ။ ဦးနေဝင်း လုပ်ချင်လို့ လုပ်တာဆိုပေမယ့် ကျွန်
တော်တို့လည်းပါတယ်။ ဦးနေဝင်း တစ်ယောက်တည်းကို အပြစ်ပုံချလို့တော့မရဘူး။
သူခိုင်းတာကို ကျွန်တော် တို့လည်း ယုံကြည်လို့လုပ်ခဲ့တာပဲ။
ခြုံလိုက်ရင်တော့ ဆိုရှယ်လစ်စနစ် ကြီးတည်ဆောက်ဖို့အတွက် ဘာအခြေခံ
မှကျွန်တော်တို့မှာမရှိခဲ့ဘူး။ ဘာနည်းပညာမှ မရှိဘူး။ သယံဇာတဆိုတာလည်း
လျှောက်သာ ပြောနေကြတာ ဘာမှသိပ်ရှိတာ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ
နည်းပညာတွေနဲ့ ပညာတတ် လူတန်းစားလည်း နည်းတယ်။ ရှင်းရှင်းပြောရရင်
ဆိုရှယ်လစ်စနစ်ဆိုတာ ပညာတတ်လူတန်းစားကို အခြေခံပြီးလုပ်ရမှာ။ အလုပ်သမား
လူတန်းစားလို့ ဆိုသော်လည်း ဘာစာမှမတတ်တဲ့ အလုပ်သမားနဲ့ ဘယ်လိုမှ
လုပ်လို့မရဘူး။ အလုပ်သမား လူတန်းစားကို အခြေခံရမယ် ဆိုတာကလည်း ရှေးတုန်းက
တွေးခဲ့တဲ့အတွေး။ အမှန်ကတော့ ဘာမှမဟုတ်ဘူး။ ကျွန်တော်တို့လည်း
ဆိုရှယ်လစ်ပါး မဝခဲ့ကြဘူး။ ဆိုရှယ်လစ်စနစ်မှာ တတ်နိုင်သမျှတော့
ယုံယုံကြည်ကြည်နဲ့ လုပ်ခဲ့ကြတာ။ ဆိုရှယ်လစ်စီးပွားရေးကို ဘယ်လို
တည်ဆောက်ရမယ် ဆိုတာ ရုရှားတောင် ကောင်းကောင်း မကြေဘူး။ ရုရှားပျက်သွားတဲ့
အခါကျတော့ ဦးနေဝင်းကို သွားမေးတော့ ငါသိသားပဲကွတဲ့။ လွန်ခဲ့တဲ့
(၄)(၅)(၆)နှစ်လောက် ကတည်းက ကြိုမြင်တာတဲ့။ မကောင်းဘူးဆိုတာ သိတယ်။ ဒီလောက်
မြန်မြန်ထက်ထက်တော့ ပျက်မယ်မထင်ဘူးတဲ့။ ဒါပေမယ့် တိန့်ရှောင်ဖိန်ရဲ့
ဟာမျိုးကို သူစိတ်တော့ဝင်စားတယ်။ ဒါပေမယ့် သူလုပ်ဖို့ အချိန်မရတော့ဘူး။
တိန့်ရှောင်ဖိန်တော့ ပြောင်းနေပြီ။ ကျွန်တော်တို့ ပြောင်းရအောင်လို့
သွားပြောတော့ နေဦးကွတဲ့။ အခုချက်ချင်းတော့ ပြောင်းလို့မရသေးဘူး။
အခြေအနေကြည့်ရဦးမယ်တဲ့။
(၁၉၈၇)မှာ စစ်မှုထမ်းဟောင်း ညီလာခံမှာ
ပြောတယ်။ (၂၅)နှစ်ကြာရင် တစ်ခါပြောင်းမယ်ဆိုတာ။ အဲဒီကစပြီး
သူကပြောင်းဖို့လုပ်တာ။ အဲဒီထဲက စပြောင်းလိုက်ရင်ကောင်းမှာပဲ။ (၁၉၈၈)ကျတော့
ပြောင်းတာက အရမ်းမြန်သွားပြီ။ အဖြစ်အပျက်တွေက သိပ်ဖြစ်ပြီးတော့
မှားသွားတာတွေရှိတယ်။ အခြေအနေက ဘယ်လိုဖြစ်သွားလဲ ဆိုတော့ ကျွန်တော်
တို့လမ်းစဉ်ပါတီ လုပ်လိုက်တဲ့အခါမှာ ကျွန်တော်တို့က လူထုနဲ့လိုအင်ကို
မဖြည့်ဆည်ပေးနိုင်ခဲ့ဘူး။ ဒါအမှန်ပြောတာ။ စီးပွားရေးမှာ ကုန်ဈေးနှုန်းတော့
တတ်နိုင်သလောက်တော့ ထိန်းပါတယ်။ ကုန်ပစ္စည်းရှားပါးမှုကတော့ ကျွန်တော်တို့
ကို ပြည်သူလူထုက ငြိုငြင်စေခဲ့တယ်။ ဒါပါပဲ။
ပါတီဝင်တွေက ဌာနအလိုက်၊ မြို့နယ်အလိုက်
စားကြသောက်ကြတာလေးတွေ ရှိတယ်။ ကိုယ်ကျိုးရှာတာတွေ ရှိတယ်။ အဲဒါလောက်ကို
ထည့်မပြောပါနဲ့တော့။ အားလုံး မကောင်းတာတော့ မဟုတ်ပါဘူး။ လမ်းစဉ်ပါတီမှာ
တပ်ကလည်း ပါတယ်။ နိုင်ငံရေးသမားတွေလည်း ပါခဲ့တယ်။ ဟိုတုန်းကတော့ အကုန်လုံးက
ယုံယုံကြည်ကြည်နဲ့ ပါခဲ့တာပဲ။ မအောင်မြင်တာတော့ မတတ်နိုင်ဘူး။
ဒါကြီးပျက်သွားပြီးတော့ ဆက်လက်ဖြစ်ပေါ်လာတာက မတိုးတက်ဘူး။ မကောင်းဘူးလို့
ပြောလို့တော့ ဘယ်ရမလဲ။ (၁၉၈၈)နောက်ပိုင်း တပ်မတော်က အာဏာသိမ်းပြီးနောက်
စီးပွားရေးစနစ် ကတော့ ဦးတည်ချက် (၁၂)ရပ်မှာ ကြေတော့ ကြေညာထားတယ်။
ပီတော့မပီပြင်သေးဘူး။ ကုန်ပစ္စည်း ရှားပါးမှုကတော့ နည်းနည်း
ပျောက်သွားတယ်ဗျာ။ အားလုံးက ပိုက်ဆံရှိရင် အကုန်ဝယ်လို့ရတယ်။ လူတွေမှာလည်း
လုပ်ကိုင်ခွင့်ရတယ်။ ဒီထက် ပိုကောင်းအောင်တော့ ပေါ်ပေါက်လာမယ့်
လွှတ်တော်အစိုးရကနေ တပ်မတော်ပုံစံနဲ့ အုပ်ချုပ်တဲ့အနေအထား ကနေပြီးတော့မှ
ပြည်ထောင်စုလွှတ်တော်နဲ့အုပ်ချုပ်မှာ ဆိုတော့ နိုင်ငံရေးပုံစံပါလာတယ်။
လက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လက်ရှိဖြစ်လာမယ့်အစိုးရအသစ်က
စီးပွားရေးမူဝါဒ ဘယ်လိုကြေညာမလဲ ကျွန်တော်မသိသေးဘူး။ ထုံးစံကတော့
ကြေညာရမယ်လေ။ ဖြစ်ပေါ်လာမယ့် ကြံ့ခိုင်ရေးပါတီအစိုးရကကြေညာရမယ်။
ကြေညာနိုင်ပါစေလို့ ကျွန်တော် ဆုတောင်းတယ်။
ဘာပဲဖြစ်ဖြစ် မြန်မာပြည်မှာ လက်ရှိ
စီးပွားရေးအခြေအနေ၊ နိုင်ငံတကာနဲ့ ဆက်ဆံနေတဲ့ အခြေအနေ၊ ဒီအခြေအနေ တွေအရ
ဒီထက်ပိုပြီး လုပ်သာကိုင်သာ၊ လူးသာလွန့်သာနိုင်တဲ့
အခြေအနေမျိုးဖြစ်လာလို့ရှိရင် လက်ရှိ အခြေအနေတွေကို အစီအစဉ်တွေကို
မလွှဲမကင်းသာလုပ်ကို လုပ်လာရမယ်။ မလွဲမရှောင်သာ လုပ်လာရလိမ့်မယ်လို့
ကျွန်တော်ထင်တယ်။ နောက်(၅)နှစ်အတွင်းမှာ ကျွန်တော့်အမြင်ကတော့
တိုင်းရေးပြည်ရေး အခြေအနေ၊ စီးပွားရေး အခြေအနေ ပိုကောင်းလာလိမ့်မယ်လို့
ကျွန်တော်ထင်တယ်။ အစစ်ကြီးကောင်းမှာတော့ မဟုတ်သေးဘူးနော်။ ကျွန်တော်တို့ရဲ့
နည်းပညာတွေရယ်၊ ခေါင်းဆောင်ရယ်၊ ပညာတတ်လူတန်းစားရယ်၊
တိုင်းသူပြည်သားတွေမှာလည်း အကျင့်ပျက်နေတာတွေ ရှိနေတာတွေနဲ့
လုံးလုံးကြီးကောင်းဦးမယ် လို့တော့ ကျွန်တော်မထင်ဘူး။ အတော်အသင့်တော့
ကောင်းလာလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ လက်ရှိ အာဏာရလာပြီဖြစ်တဲ့
ကြံ့ခိုင်ရေးအစိုးရက ကောင်းအောင်လုပ်မှ ဖြစ်မှာ။ ကောင်းတာလုပ်ဖို့ ဆိုတာက
ငါတို့က အရင်လို NLD မဟုတ်တော့ဘူး။ ငါတို့အာဏာရတဲ့နိုင်ငံရေးပါတီဖြစ်လာပြီး
ငါတို့ပါတီကို နိုင်ငံရေး ပါတီ ပီသအောင်လုပ်မယ်လို့ ကြံ့ခိုင်ရေးက
လုပ်ရမယ်။ နိုင်ငံရေးပါတီပီသချင်ရင်ြွဥ အတိုင်းမဖွဲ့ဘဲ ကျစ်ကျစ်လစ်လစ်
ဖွဲ့စည်းရမယ်။ ဖွဲ့ရုံနဲ့တင်မကသေးဘူး။ နိုင်ငံရေးပါတီရဲ့ခံယူချက်ကို
သွတ်သွင်းပေးမယ့် သဘောတရားတွေ၊ ဝါဒတွေ ရှိရမယ်။ အဲဒါတွေ လုပ်နိုင်မယ်ဆိုရင်
ကြံ့ခိုင်ရေးပါတီက နောင်လာမယ့် (၅)နှစ်မှာ အာဏာထပ်ရနိုင်တယ်။ သို့သော်လည်း
အချင်းချင်း ပြဿနာပေါ်နိုင်တယ်။ အဲဒီတော့ ကြံ့ခိုင်ရေးပါတီသည်
လုပ်ရမယ့်အလုပ်က မြန်မာပြည်ရဲ့ စီးပွားရေး အခြေအနေ ပိုကောင်းအောင်လုပ်ရမယ်။
ပညာတတ်လူတန်းစားကို မွေးထုတ်ရမယ်။ သူတို့နဲ့ပူးပေါင်းရမယ်။ ပါတီအတွက် တကယ်
လုပ်ပေးနိုင်မယ့် အင်အားစုတွေကို စုစည်းရမယ်။ အတိုက်အခံဖြစ်တဲ့
နိုင်ငံရေးပါတီတွေကို ဖိတ်ခေါ်ရမယ်။ ဖိတ်ခေါ်တာက ကိုယ်က အာဏာရှိတဲ့သူဆိုတော့
ဖိတ်ခေါ်ရင်ရတယ်။ လာကြဗျာ။ ကျုပ်တို့က ဒါတွေဒါတွေလုပ်မယ်။
ကောင်းတာတွေကိုတော့ ခင်ဗျားတို့ ထောက်ခံကြဗျာ။ အတိုက်အခံဆိုတာလည်း
မသုံးပါနဲ့တော့ဗျာ။ ကျွန်တော့်စာအုပ်ထဲမှာတော့
မျက်နှာချင်းဆိုင်ပါတီလို့ပဲသုံး ထားတယ်။ အစိုးရကို အတိုက်အခံကလည်း
ရန်သူလို့ သဘောမထားနဲ့။ အစိုးရက လည်း အတိုက်အခံကို ရန်သူလို့ သဘောမထားနဲ့။
ပေါင်းလို့ရတဲ့ဟာမှန်သမျှ ပေါင်းကြပါ။
ဥပမာ ဆိုပါတော့ဗျာ။ ဦးနုအစိုးရလက်ထက်က
အချိန်တိုတိုလေးအတွင်းမှာ လုပ်သွားတဲ့ဟာလေးရှိတယ်။ တည်မြဲရေး၊ပမညတရော၊
ရဲဘော်ဖြူရောကို တပ်ကော်မတီသဘောမျိုးလုပ်သွားတာရှိတယ်။ အဲဒါမျိုးကို လက်ရှိ
ကြံ့ခိုင်ရေးအစိုးရက လုပ်ရင်ရတယ်။ ကိုယ်က ခေါင်းဆောင်ပေါ့ဗျာ။ ကိုယ်က
တိုင်းပြည်တစ်ပြည်လုံးရော၊ အတိုက်အခံ ဆိုသူတွေရောကို ကိုယ်လုပ်မယ့်အလုပ်ကို
စေ့စေ့စပ်စပ် ရှင်းပြနိုင်ရင်ရတယ်။ နားလည်အောင် ရှင်းပြရမှာနော်။ နားမ
လည်အောင် ရှင်းပြလို့တော့မရဘူး။ ပွင့်ပွင့် လင်းလင်းရှင်းပြရမယ်။ ကျွန်တော်
တို့ကတော့ ဒါတွေလုပ်မယ်။ ခင်ဗျားတို့ လည်း ကျွန်တော်တို့ကို ကူကြဗျာ။
ခင်ဗျားတို့ပါတီလည်း ကိုယ့်ဟာကိုယ် လုပ်ကြ။ အဲဒီလိုစနစ်တကျ
စည်းရုံးသွားနိုင်မယ်ဆိုရင် အတိုက်အခံပါတီနဲ့ အာဏာရပါတီတို့
ပူးပေါင်းသွားနိုင်မယ် ဆိုရင် ကိုလှကွန်း ပြောတဲ့အတိုင်း အခြေအနေ
ကောင်းသွားနိုင်မှာပဲ။ အဲဒီလို ကောင်းအောင် စာနယ်ဇင်းလောက ကရော၊
စာရေးဆရာတွေကရော ဝိုင်းကူ ညီကြ။ ဒါတင်မကသေးဘူး။ ကိုယ့်အချင်းချင်း
တွေ့တဲ့အခါမှာလည်း ဆွေးနွေးကြပါ။ တစ်ခုတော့ရှိတယ်။ အာဏာမရတဲ့
နိုင်ငံရေးပါတီက အာဏာရတဲ့ နိုင်ငံရေး ပါတီအပေါ် အကောင်းမြင်ဖို့တော့ လိုတယ်။
အကောင်းမြင်ဝါဒနဲ့အပြု သဘောမြင်ဖို့တော့ လိုတယ်။ အဲဒီလို ဆို ရင်
အလွန်ညီညွတ်တဲ့ တပ်ပေါင်းစုကြီး တစ်ခုဖြစ်သွားလိမ့်မယ်။ အဲဒီအတွက်
နိုင်ငံရေးပါတီတွေ ကလည်း အခြေအနေ အရပ်ရပ်ကို အကောင်းမြင်ဝါဒနဲ့ပြန်
စဉ်းစားကြ။ မကောင်းတာလည်း မကောင်းတဲ့ အတိုင်းမြင်ကြ၊ ကောင်းတာလည်း
ကောင်းတဲ့အတိုင်း မြင်ကြ။ ဥပမာဆိုပါတော့။ဒီလက်ထက် မှာ ဘယ်လိုပဲဖြစ်ဖြစ် ဆည်
မြောင်းဆောက်တာ၊ လမ်းဖောက်တာ၊ မီးရထားလမ်းဖောက်တာ ဘယ်လိုပဲ
ဖြစ်ဖြစ်အများကြီးပဲ။ တည်ဆောက်မှုတွေ လုပ်သွားတာအများကြီးပဲ။ အဲဒါတွေကို
အသိအမှတ်ပြုပါ။ စီးပွားရေး အခြေအနေ မပြေလည်နိုင်တာ ကို
မပြေလည်နိုင်တဲ့အတိုင်း အသိအမှတ်ပြု၊ပြီးတော့ တင်ပြ။ အတိုက်အခံတွေက
ကျွန်တော်တို့ တိုင်းပြည်မှာ ဒီလိုတော့ဖြစ် နေတယ်။ အားလုံး
လုပ်ကိုင်စားသောက် ရနိုင်အောင် စီးပွားရေး ဘယ်လိုလုပ်ပေးပါဆိုပြီး အစိုး
ရကိုတင်ပေါ့ဗျာ။ အစိုးရက လက်ခံရမယ်။ နောက်ပိတ်ဆုံး ပေါ့ဗျာ။ ငွေစက္ကူ
အနွမ်းတွေ ကိစ္စဘယ်လိုပြင်မလဲ။ ရန်ကုန် မြို့လယ်ခေါင်လမ်းပျက်နေတာ
ဘယ်လိုပြင်မလဲဆိုတာ (၁ဝ) ကြိမ်မကဘူး။ အကြိမ်များစွာ တင်ပြ၊
နောက်ဆုံးကျရင်တော့ လုပ်ပေးမှာပဲ။ စိတ်ဇွဲ မလျှော့ဘဲ နဲ့
အကောင်းမြင်ဝါဒနဲ့၊ အပြုသဘောနဲ့ ပြောဆိုလုပ်ကိုင် ဆောင်ရွက်သွားမယ်ဆိုရင်
ကျွန်တော်တို့တိုင်းပြည် အခြေအနေ ကောင်းလာလိမ့်မယ်။ ဘာမှမဟုတ်ဘဲ
ဒီအတိုင်းပဲသွားမယ် ဆိုရင်တော့ မကောင်းသေးဘူး။ကောင်းစေချင်တယ်ဗျာ၊ အဲဒါပဲ။
ကျွန်တော်ပြောချင်တာ လက်ရှိ
ပြည်ထောင်စုလွှတ်တော်က ဦးဆောင်မယ့် အစိုးရပ်ါပေါက်လာမှာ ကိုတော့
ကျွန်တော်တို့ ကြိုဆိုတယ်ပေါ့ဗျာ။ နောက်တစ်ခု စကားစပ်လို့ ပြောချင်တာကတော့
(၂၁)ရာစုပင်လုံဆိုတဲ့ စကားပေါ်လာ တာက ကျွန်တော်တို့လုံးဝ လက်မခံနိုင်ဘူး။
နောက်ထပ် ဘာပင်လုံမှ ပေါ်စရာမလိုဘူး။ ဟိုတုန်းကပေါ်တဲ့ ပင်လုံက
အင်္ဂလိပ်အစိုးရက ကျုပ်တို့ကို လွတ်လပ်ရေးမပေး မဖြစ်ပေးအောင်လို့ ပေါ်ရတာ။
အခုဟာက ဘာကိစ္စပေါ်ရမှာလဲ ပေါ်စရာမလိုဘူး။ ပေါ်ရမှာက ပြည်နယ်ကနေ
အာဏာပိုင်အစိုးရနဲ့ ဗဟိုအစိုးရနဲ့ မဲနားလည်မှုရအောင် ဆွေးနွေးနေရမယ်။ ဒါပဲ။
အပြန်အလှန် ဆွေးနွေးနေရမယ်။ ပြည်နယ်ရဲ့ လိုအပ်ချက်ကို အစိုးရကိုတင်ပြ။
ပြည်နယ်က ခွဲထွက်မယ်ဆိုတဲ့ မူဝါဒကတော့ အပြီးအပိုင်စွန့်မှရမယ်။ အဲ့ဒါကတော့
ဘယ်လိုမှမဖြစ်နိုင်ဘူး။ ခွဲထွက်လိုက်ရင် ကျွန်တော်တို့ တိုင်းပြည်က
ဘာမှရှိတာ မဟုတ်ဘူး။ ခွဲထွက်လိုက်ရင် ဘယ်သူမှချမ်းသာမှ မဟုတ်ဘူး။
ပြည်ထောင်စုက ခွဲထွက်ရေးမူဝါဒကို ကျွန်တော်တို့က တားဆီးရမယ်။ ပိတ်ပင်ရမယ်။
ပြည်နယ်တွေက ပြည်သူပြည်သားတွေရဲ့ လိုအပ်ချက်ကိုဗဟိုအစိုးရက ကောင်းကောင်း
လေ့လာပြီး ဖြည့်ဆည်းပေးရမယ်။ ပြည်နယ်တွေကလည်း မခွဲထွက်တော့ဘဲနှင့်
ဒိုးတူပေါင်းဖက်နေ သွားတော့မယ် ဆိုတဲ့စိတ်နဲ့ ကိုယ့်ဘက်က လုပ်စရာရှိတာ
လုပ်ရမယ်။ ကိုယ့်ဘက်က ပြင်စရာရှိတာပြင်၊ တောင်းစရာရှိ တာတောင်း၊
လုပ်စရာရှိတာ လုပ်ရမယ်။ ရှင်းရှင်းပြောရရင် နားလည်မှုရသွားရင်
အားလုံးကောင်းသွားမယ်။ နားလည်မှု ရအောင် ဘယ်လိုလုပ်သွားကြမလဲ ဆိုတာပဲ
စဉ်းစားကြမယ်။ ဒါ့အပြင် အခြားနည်းလမ်း မရှိဘူး။ တစ်ခုတော့ရှိတာပေါ့ဗျာ။
လက်နက်ကိုင်တဲ့ သူပုန်တွေကတော့ လက်နက်ချဖို့လိုတာပေါ့ဗျာ။ အဲ့ဒါပဲ။
တရားမဝင်ရပ်တည်နေတဲ့ပါတီတွေက တရားဝင်ဖြစ်အောင် လုပ်ရမယ်။ အစိုးရကလည်း
ဖိတ်ခေါ်ရမယ်။ လက်နက်ကိုင်တွေကိုလည်း လက်နက်စွန့်ဖို့အစိုးရက ဖိတ်ခေါ်ရမယ်။
နို့မိုဆိုရင် မပြီးနိုင်ဘူး။
မောင်စူးစမ်း။ ။
နိုင်ငံရေးက (၃) မျိုးရှိတယ်။ လွှတ်တော်နိုင်ငံရေး၊ လမ်းပေါ်နိုင်ငံရေး၊
ဧည့်ခန်းဆောင်နိုင်ငံရေး၊ ဧည့်ခန်းဆောင်နိုင်ငံရေးဆိုတာက
ဧည့်ခန်းမှာစားပွဲကြီးမှာ ထိုင်ပြီးတော့နိုင်ငံရေးအကြောင်း ပြောတာ။
အဲ့သည်တော့ ဘယ်နိုင်ငံရေးက မှိန်သွားမလဲကြည့်ရမယ်။ လွှတ်တော်နိုင်ငံရေး
ပေါ်လာတဲ့အတွက် လမ်းပေါ်နိုင်ငံရေးက အလိုလို မှေးမှိန်သွားမှာပဲ။
ဧည့်ခန်းဆောင်နိုင်ငံရေးကတော့ Space ရှိဦးမှာပဲ။ ပါလီမန်ဒီမိုကရေစီမှာက
အစိုးရကောင်းပေါ်လာ မှာပဲ။ ဒီမိုကရေစီဆိုပြီး အစိုးရညံ့ပေါ်လာလို့
ဘယ်ဖြစ်ပ့ါမလဲ။ အစိုးရညံ့နေရင်လည်း ဝေဖန်ရေးနဲ့ သူ့အတိုက်အခံနဲ့သူ
ဖြစ်သွားမှာပဲ။ အခုကတော့ အစဖြစ်နေတော့ ဘယ်လိုပဲဖြစ်ဖြစ် မရှိတာထက်စာရင်
ရှိတာကောင်းတာပဲ။ရဖို့က အရေးကြီးပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကနေ
ပါတီစုံဖြစ်လာတော့မှာ။ ပညာတတ်မှာ ပါဝါရှိရမယ်။ အော်ရုံဟစ်ရုံနဲ့ ဘာပါဝါ
ရှိမှာလဲ။ အဲသည်တော့ ပါဝါစကားပြောရင် ပညာဘယ်လောက် တတ်လဲဆိုတာ ပြောရမှာပဲ။
အဲသည်တော့ပညာရေးက Main ဖြစ်မယ်။ လွှတ်တော်နိုင်ငံရေးရယ်၊ ဖွဲ့စည်းပုံရယ်က
အဓိကပဲ။ ကျန်တာကတော့ တဖြည်းဖြည်း မှိန်သွားမှာပဲ။
ကိုကိုမောင်ကြီး။ ။
မှန်တာကတော့ကျန်မယ်။ မှားတာကတော့ မှိန်သွားမှာပဲ။ မှန်တာနဲ့မှားတာက
နှစ်ခုပဲရှိတာ။ အခြေအနေ၊ အချိန်အခါနဲ့ ကိုက်အောင်ပြောတတ်၊ ဆိုတတ်၊ လုပ်တတ်၊
ကိုင်တတ်မယ်ဆိုရင် နိုင်ငံရေးက ရတယ်။ ရှေ့လျှောက်နိုင်ငံရေး
လုပ်မယ့်သူတွေက ကျွန်တော်တို့ ခေတ်တုန်းကနဲ့မတူဘူး။
ကျွန်တော်တို့ခေတ်တုန်းက အင်္ဂလိပ်ကို တိုက်ရတဲ့ခေတ်တုန်းက ကျောင်းသားတွေ
အများဆုံးပါတယ်။ ကောလိပ်ကျောင်းသားတွေမှာက ဘွဲ့ရပြီးတဲ့သူတွေက နည်းပြီးတော့
ကောလိပ်ပညာ တစ်ပိုင်းတစ်စနဲ့ အထက်တန်းကျောင်း ပညာရေး တစ်ပိုင်းတစ်စနဲ့
ပညာရေးကို ဦးစား မပေးနိုင်တော့ဘူး။ တိုက်ရခိုက်ရမှာကို။ တိုင်းပြည်ပြန်လည်
ထူထောင်ရေးကို လုပ်ရတဲ့ကာလကြတော့ ပညာမတတ်လို့ မရဘူး။
ကျွန်တော်တို့တိုင်းပြည်မှာ ပညာတတ်လူတန်းစားကို သေချာအားကြီးအောင်
လုပ်ရမယ်။ ပညာတတ်တဲ့ လူတန်းစားထဲမှာ နည်းပညာတတ်တဲ့လူတန်းစား၊
နိုင်ငံရေးဥပဒေတွေကို ရောတတ်တဲ့လူတန်းစား၊ စီးပွားရေးပညာကို ကောင်းကောင်း
ကျွမ်းကျင်တဲ့ လူတန်းစားတွေ လိုတယ်။ စီးပွားရေး မကျွမ်းကျင်ဘဲ
နိုင်ငံရေးလုပ်တဲ့သူဟာအလကားပဲ။ ဘယ်တော့မှ မအောင်မြင်ဘူး။ အဲဒါသေချာတယ်။
စစ်ဆိုတာဘယ်သူမှ တိုက်ချင်တာမဟုတ်ဘူး။ မတတ်သာလို့သာ တိုက်ကြရတာ၊ စစ်က
ကစားစရာမဟုတ်ဘူး။ မလွှဲသာလို့ စစ်တပ်ကပါတယ် ဆိုတာကလည်း တခြားအကြောင်းအရာ
တွေရှိတယ်။ မပါရင်မဖြစ်လို့ ။ Long time မှာတော့ ဘယ်စစ်တပ်မှမလိုဘူး။
စစ်သူကြီးက ရှေးတုန်းက သူစစ်တိုက်မယ် ဆိုရင်လိုအပ်ရင် ရှင်ဘုရင်အဝတ်အစား
ဝတ်တာပဲ၊ သမ္မတလုပ်မယ်ဆိုရင် သမ္မတအဝတ်အစားဝတ်ရတာပဲ။ စစ်သူ ကြီးက
ရှင်ဘုရင်လုပ်လို့မရဘူး။ ဥပမာပြောပြတာပေါ့ဗျာ။ စစ်သူကြီးပဲခေါ်ခေါ်၊
သမ္မတပဲခေါ်ခေါ်၊ ရှင်ဘုရင်ပဲ ခေါ်ခေါ် အကုန်လုံးက အုပ်စိုးတဲ့လူတန်းစားချည်းပဲ။
အုပ်စိုးတဲ့လူတန်းစားက ဘယ်သူလုပ်လုပ်ကောင်းအောင်လုပ်ဖို့ပဲ အရေးကြီးတာပဲ။
ဒါကတော့ထားပါတော့။
မြန်မာက ဒီမိုကရေစီ လုပ်တော့မယ်ဆိုတော့
အရှိန်ရသွားဖို့လိုတယ်။ ဒါက နည်းနည်းတော့ကြာတယ်။ နောက် (၁ဝ)နှစ်ကြာမှ
အရှိန်ရမယ်။ စည်းကမ်းရှိဖို့တော့ လိုတယ်။ ငါတို့လက်ထက်မှာ
ငါတို့ကြိုက်တာလုပ်မယ် ဆိုတာမျိုးတော့ မဖြစ်နိုင်ဘူ။ အဲဒါအခရာပါပဲ။
လွတ်လပ်ရေးတိုက်ပွဲဝင်
ဝါရင့်နိုင်ငံရေးသမားကြီးတွေရဲ့ ဖြစ်ပေါ်လာမယ့် မြန်မာပြည်နိုင်ငံရေး
အခင်းအကျင်းအပေါ် ထင်မြင်ယူဆချက်များနှင့် သမိုင်းနှိုင်းယှဉ်ချက်များကို
ရေးသားတင်ပြလိုက်ရခြင်း ဖြစ်သည်။ နိုင်ငံရေး အခင်းအကျင်းသစ်အတွက်
ပရိသတ်များ ကျေနပ်လိမ့်မည် ထင်သည်။ ကျေနပ်နိုင်ပါစေ။
0 comments:
Post a Comment