Tuesday, November 22, 2011

ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ အခန်း (၁၀)


“လူမှုကတိ” သို့မဟုတ်  “အစိုးရနှင့် ပြည်သူ သဘောတူညီချက်”
အကန့်အသတ်ရှိသော အစိုးရနှင့် တော်လှန်ပုန်ကန်ပိုင်ခွင့်

        လူ့အသမိုင်းတစ်လျှောက် ကမ္ဘာ့နိုင်ငံအများစုတို့၌ ခေါင်းဆောင်များအား နိုင်ငံရေးနတ်ဘုရားများ အဖြစ်လည်းကောင်း၊ မြင့်မြတ်သောတန်ခိုးအာဏာကို ပိုင်ဆိုင်ကြသည့် နှစ်လိုဖွယ် ပုဂ္ဂိုလ်ထူးများအဖြစ် လည်းကောင်း၊ သားသမီးများကို ချစ်မြတ်နိုးသည့် မိဘများသဖွယ် လည်းကောင်း၊ ပြည်သူတို့က လက်ခံယုံ ကြည်ခဲ့ကြဖူးသည်။ ဤမြင့်မြတ်သည့် တန်ခိုးအာဏာနှင့် မိဘအရာကို ရထားကြသည့် အဖြစ်ကြောင့် ဖခင်ဖြစ် သူအား သားသမီးများက အကြွင်းမဲ့ရိုသေနာခံ ကြသကဲ့သို့ ၄င်းတို့ကိုလည်း ပြည်သူတို့က အလားတူရိုသေကြ ရမည် ဆိုသည့် “အကြွင်းမဲ့အာဏာပိုင်စနစ်” တစ်ရပ်လည်း ထွန်းကားခဲ့ဖူးသည်။ မကြာသေးခင် ရာစုနှစ်များ အရောက်တွင်မှ အစိုးရနှင့် ပတ်သက်၍ ခြားနားသောအယူအဆများ အနောက်ဥရောပနှင့် မြောက်အမေရိက တို့တွင် ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။ ဤအယူအဆသစ်များမှာ “အစိုးရဟူသည် ပြည်သူ့ထောက်ခံမှု အပေါ်တွင်သာ အခြေစိုက်ရမည် ဆိုသည့် အယူအဆ”၊ “အစိုးရ၏ အခွင့်အာဏာတို့ကို တရားဥပဒေအရ ကန်သတ်ထားသင့်သည် ဆိုသော အယူအဆ” နှင့် “အစိုးရတစ်ရပ်သည် ရက်စက်ကြမ်းကြုတ်ပြီး ပြည်သူတို့၏ ရပိုင်ခွင့်များကို ကျူးလွန်ဖောက်ဖျက်လာပါက ယင်းအစိုးရမျိုးကို ပြည်သူတို့က ဖြုတ်ချပိုင်ခွင့်ရှိသည် ဆိုသော အယူအဆ” တို့ ဖြစ်ကြသည်။ ဤအယူအဆများသည် အခုအခါတွင် တစ်ကမ္ဘာလုံးသို့ ပြန်နှံ့သွားခဲ့ပြီ ဖြစ်သော ကြောင့် အနောက်တိုင်းအယူအဆ သက်သက် မဟုတ်တော့ပြီ။
          ဤအခန်းတွင် လစ်ဘရယ် နိုင်ငံရေးတွေးခေါ်ပညာရှင်များအနက် အထင်ရှားဆုံးပညာရှင်တစ်ဦး ဖြစ်သည့် ဂျွန်လော့ခ် (John Locke, ၁၆၃၄-၁၇၀၄) ၏ “အစိုးရနှင့် ပြည်သူ သဘောတူညီချက်” သို့မဟုတ် “လူမှုကတိ”၊ “အကန်အသတ်ရှိသော အစိုးရ” နှင့် “တော်လှန် ပုန်ကန်ပိုင်ခွင့်” အစရှိသော အယူအဆများကို ဂဃနဏ လေ့လာတင်ပြသွားမည် ဖြစ်ပါသည်။ အင်္ဂလိပ်လူမျိုး တစ်ဦးဖြစ်သည့် ဂျွန်လော့ခ် သည် အင်္ဂလန်နိုင်ငံ၌ သက်ဦးဆံပိုင်ဘုရင်စနစ်အား စည်းမျဉ်းခံ ဘုရင်စနစ်သို့ ကူးပြောင်းသွားစေခဲ့ပြီး ရွေးကောက်ခံ ပါလီမန်ကို အသာစီးရသွားစေခဲ့သည့် တော်လှန်ရေးများကို မျက်မြင်ကိုယ်တွေ့ တွေ့ကြုံခဲ့ရသူ ဖြစ်သည်။ ဂျွန်လော့ခ်သည် သက်ဦးဆံပိုင်ဘုရင်စနစ်ကို ဆန့်ကျင်ပြီး ပါလီမန်အစိုးရကို ခိုခိုင်မာမာထောက်ခံသူ တစ်ဦး လည်းဖြစ်သည်။ အနောက်တိုင်းတွင် ဒီမိုကရေစီ အယူအဆများထွန်းကား ပျံ့နှံ့ရေးတွင် သူရေးသားသော Two Treatises of Government နှင့် A Letter concerning Toleration တို့သည် အရေးပါလှသော ကဏ္ဍမှ ပါဝင်ခဲ့လေသည်။ သူ၏ အဆိုပါစာများသည် အနောက်တိုင်း နိုင်ငံရေးအယူအဆသမိုင်းကို ပြုစုထားခြင်း မဟုတ်သော်လည်း ဒီမိုကရေစီနိုင်ငံရေးစနစ်၏ အခြေခံများကို အထူးပြုလေ့လာ တင်ပြထားသည်ကို တွေ့ရပါ သည်။ 

“လူမှုကတိ” သို့မဟုတ် “အစိုးရနှင့် ပြည်သူ သဘောတူညီချက်”
          အနောက်တိုင်းဥပဒေသမိုင်းတွင် “ကတိစာချုပ်နှင့် ပတ်သက်သောအယူအဆ ပေါ်ထွန်းခဲ့သည်မှာ ကြာပြီဖြစ်သည်။ လူတစ်ဦးနှင့် တစ်ဦးအကြား တရားဥပဒေအကြောင်းအရ နှောင်ဖွဲ့ထားသော သဘောတူစာ ချုပ်များ မည်သို့ချုပ်ဆိုရမည်ဟူသည့် အခြေခံမူများကို ရောမခေတ် တရားဥပဒေတို့တွင် ရှာဖွေတွေ့ရှိနိုင်ပါ သည်။ ဥရောပအလယ်ခေတ်တွင် တည်ရှိခဲ့သည့် မြေရှင်ပဒေသရာဇ်စနစ်သည် ပင်ရင်းသဘောတရားအရ မြေရှင်နှင့် မြေငှားတို့အကြား နှစ်ဦးနှစ်ဖက် အပြန်အလှန်နှောင်ဖွဲ့ ချုပ်ဆိုကြသည့် စနစ်တစ်ရပ်ပင်ဖြစ်သည်။ ၁၂၁၅ ခုနှစ်တွင် အင်္ဂလိပ်ဘုရင် ပထမမြောက် ဂျွန်နှင့် သူ၏မူးကြီးမတ်ကြီးတို့က ကိုယ်စီကိုယ်ငှ ရှိအပ်သည့် လုပ်ပိုင်ခွင့်နှင့် တာဝန်တို့ကို တိကျစွာ စသည်းသားသည့် သဘောဖြင့် ပြုစုခဲ့ကြသော မဂ္ဂနာကာတာ (Magna Carta) စာတမ်းသည် စင်စစ်အားဖြင့် ကတိစာချုပ်တစ်ရပ်သာဖြစ်သည်။ နိုင်ငံသားလူ့အဖွဲ့အစည်းတစ်ရပ်နှင့် အစိုးရတစ်ရပ်ကို ထူထောင်ရာတွင် အစိုးရနှင့် ပြည်သူတို့ သဘောညီမျှကြရသည် ဆိုသော ကိစ္စသည် အယူအဆသစ် တစ်ရပ်မဟုတ်ပါ။ ဘီစီ ၄ ရာစုနှစ်၌ ပလေတို ရေးသားခဲ့သော “သမတ” နိုင်ငံ (Republic) စာအုပ်တွင် ဤအယူအဆကို ဖော်ပြခဲ့ဖူးပါသည်။ မဇ္ဈမဒေသမှ ဗုဒ္ဓစာပေ များတွင်လည်း ပဒေသာပင်ခေတ် အပြီး ပြည်သူများက ၄င်းတို့ကို အုပ်ချုပ်ရန် နှင့် သူတို့၏ အရေးကိစ္စများကို ဆောင်ရွက်ပေးရန်အတွက် မဟာသမတအား ရွေးချယ်တင်မြှောက်ခဲ့ဖူးကြောင်း ဖော်ပြထားပါသည်။ မြန်မာဘုရင်များက သူတို့သည် မဟာသမတမှ ဆင်းသက်လာသော မျိုးနွယ်ဆက်များ ဖြစ်သည်ဟု ဆိုလေ့ရှိသဖြင့် ဤအယူအဆသည် မြန်မာ အများစုနှင့် ယဉ်ပါးပြီးသား အယူအဆတစ်ရပ် ဖြစ်ပါသည်။ “လူမှုကတိ” အယူအဆအပြည့်အ၀ ဖွံ့ဖြိုးလာသည်မှာ  အင်္ဂလိပ် တွေးခေါ်ပညာရှင်များ ဖြစ်ကြသော သောမတ်ဟော့ဘ်စ် (Thomas Hobbes, ၁၅၈၈-၁၆၇၉) နှင့် အထူးသဖြင့် ဂျွန်လော့ခ် တို့ကြောင့် ဖြစ်သည်။ 

အစိုးရနှင့် ပြည်သူ သဘောတူညီမှု လိုအပ်ရခြင်း အကြောင်းရင်း
          လူသားတို့သည် အခြေခံအားဖြင့် အတ္တဆန်သော သဘောရှိပြီး အခြားသူများနှင့် ယှဉ်ပြိုင်ခြင်းအားဖြင့် မိမိတို့၏ အကျိုးစီးပွား တိုးတက်ရာတိုးတက်ကြောင်းကို ကြံစည်တတ်ကြသည် ဟု သောမတ်စ် ဟော့စ် နှင့် ဂျွန်လော့ခ်တို့က ယုံကြည်ကြသည်။ သို့ဖြစ်ရာ လူသားအချင်းချင်း အတူတကွ နေထိုင်ခြင်းဟူသည် အခြေခံ သဘောအရ ဆိုရလျှင် ပူးပေါင်းဆောင်ရွက်မှု ကင်းမဲ့ခြင်းမှသည် စစ်ဖြစ်နေသည့် အနေအထားမျိုးအထိ ရှိနေ  သည် ဆိုနိုင်ပေသည်။ ဤသိုပ “တသီးပုဂ္ဂလဆန်၍ အတ္တသဘောလွှမ်းမိုးသော လူ့သဘာဝအယူအဆ” သည် အရှေ့အာရှဒေသရှိ ကွမ်ဖြူးရှပ်ဝါဒီများ ယုံကြည်ကြသော ပူးပေါင်းဆောင်ရွက်တတ်ပြီး ဘုံသဘောလွှမ်းမိုး သည့် လူ့သဘာဝအယူအဆ” နှင့် အလွန်ခြားနားပါသည်။ ဥပမာ တရုတ်တွေးခေါ်ပညာရှင် မင်စီးယပ်စ်က “လူတို့သည် တစ်ဦးနှင့် တစ်ဦး ယိုင်းပင်းကူညီချင်ကြပြီး သဘာဝအားဖြင့် အများအကျိုးဆောင်တတ်သော သဘောရှိသည်” ဟု ဆိုခဲ့ဖူးပါသည်။ သို့ဖြစ်ရာ “(ကောင်းမွန်သော) အစိုးရဟူသည် လူတို့၏ ကောင်းမြတ်ခြင်းမှ ဆင်းသက်လာသော သဘာဝ အစွယ်သဖွယ်တစ်ခု ဖြစ်သည်” ဟု မင်စီးယပ်စ် က ယူဆခဲ့လေသည်။ ၄င်းက “ဖခင်ဖြစ်သူသည် သားသမီးတို့ကို ဂရုစိုက်သကဲ့သို့ အုပ်ချုပ်သူတို့သည်လည်း အုပ်ချုပ်ခံပြည်သူတို့အား ဂရုစိုက်လိမ့်မည်” ဟု ဆိုခံသည်။
          လူ့အဖွဲ့အစည်းတစ်ရပ်အတွင်းရှိ လူသားတိုင်း၏ အကျိုးစီးပွားကို ကာကွယ်ပေးမည့် အစိုးရတစ်ရပ်ပေါ် ထွန်းလာအောင် အတ္တဆန်သည့် လူသားများက မည်သို့မည်ပုံ ကြိုးစားကြသည် ဆိုသောကိစ္စကို မင်စီးယပ်စ် ၏ “လူ့သဘာဝ အယူအဆ” နှင့် အထူးကွဲလွဲသော အယူအဆရှိသူ “လူမှုကတိ” ၀ါဒီများက ခက်ခဲစွာ ဖြေရှင်း ပြနိုင်ခဲ့ပါသည်။ တစ်နည်းအားဖြင့် ဆိုရလျှင် လူသားတို့သည် ၀ိရောဓိ ဖြစ်နေကြသော ၄င်းတို့၏ အတ္တဆန္ဒ များကို ညှိုနှိုင်းခြင်းအားဖြင့် လူသားအားလုံး၏ ဆန္ဒပြည့်ဝစေရအောင် မည်သို့ပူးပေါင်းဆောင်ရွက်ကြသည် ဆိုသောကိစ္စကို လူမှုကတိဝါဒီများက ဖြေရှင်းပြနိုင်ခဲ့ခြင်း ဖြစ်သည်။ 

          လူသားတို့သည် အတ္တသတ္တ၀ါ များသာဖြစ်သည် ဟု ယူဆရပါလျှင် ထိုလူသားတို့အချင်းချင်း ပူးပေါင်း ဆောင်ရွက်ခြင်းသည် အလွန်တရာခက်ခဲလိမ့်မည် ဟု ဆိုနိုင်ပါသည်။ အကြောင်းမှာ လူတို့သည် တစ်ဦးနှင့် တစ်ဦး မထောင်ထားဘဲ လှည့်ဖျားနိုင်ခြေ ရှိသောကြောင့် ဖြစ်သည်။ ဥပမာ သစ်သီးခြံကို လူတစ်စုက ပိုင်ဆိုင်ကြသည် ဆိုပါစို့။ ထိုအခါ အတ္တပြင်းပြသော လူတိုင်းသည် သစ်သီးခြံတည်တံ့ရေးထက် မိမိအတွက် သစ်သီးအများဆုံး ရနိုင်ရန်ကိုသာ ကြိုးပမ်းကြမည်ဖြစ်ရာ နောက်ဆုံးတွင် ယင်းသစ်သီးခြံ ပျက်သုဉ်းခြင်းသာ အဖတ်တင်ပေလိမ့်မည်။ သို့ဆိုလျှင် အတ္တဆန်သော ဤလူသားတို့အနေဖြင့် အားလုံး၏ ကောင်းကျိုးချမ်းသာ အတွက် အချင်းချင်း မည်သို့မည်ပုံ ပူးပေါင်းကူညီကြမည်နည်း ဆိုသည့် မေးခွန်းတစ်ရပ် ပေါ်ပေါက်လာပေလိမ့် မည်။
          အဖြေမှာ လူသားတိုင်းမဖြစ်မနေ ပူးပေါင်းဆောင်ရွက်ကြရမည့် ဗဟိုအာဏာပိုင်အဖွဲ့ တစ်မျိုးမျိုး သို့မဟုတ် အစိုးရ အမျိုးမျိုးကို တည်ထောင်ခြင်းပင် ဖြစ်သည်။ အထက်ပါ ဥပမာမှ သစ်သီးခြံပိုင်ရှင်များအနေ ဖြင့် အဖွဲ့သားတိုင်းအား သစ်သီးခြံ ရှင်သန်တည်တံ့ရေးတာဝန်နှင့် သစ်သီးများကို မျှတစွာ ဆွတ်ခူးပိုင်ခွင့် တို့အား အညီအမျှ ခွဲဝေပေးနိုင်သည့် အခွင့်အာဏာရှိသော အဖွဲ့တစ်ခုကို ဖွဲ့စည်းတည်ထောင်ခြင်းဖြင့် ပြဿနာ ပြေလည်စေနိုင်မည် ဖြစ်သည်။
          သောမတ်စ် ဟော့ဘ်နှင့် ဂျွန်လော့ခ်တို့က “လူသားတို့တွင် ဆင်ခြင်ဥာဏ်ရှိသောကြောင့် မိမိတို့၏ အတ္တဆန္ဒကို ထိန်းချုပ်ကျော်လွှား၍ အစိုးရတစ်ရပ်ကို တည်ထောင်နိုင်စွမ်းရှိကြခြင်း ဖြစ်သည်” ဟု ယုံကြည်ခဲ့ ကြသည်။ ဆိုလိုသည်မှာ မင်းမဲ့စရိုက်ဆန်ခြင်းသည် မိမိတို့၏ ရေရှည်အကျိုးစီးပွားကို ပျက်စီးစေသဖြင့် ဤအကျိုးစီးပွားကို ကာကွယ်ရန်အလိုငှာ အစိုးရတစ်ရပ်ဖွဲ့စည်း တည်ထောင်ရန် လိုအပ်ကြောင်း သိနားလည်လောက်သည့် အသိဥာဏ်နှင့် ဆင်ခြင်ဥာဏ်တို့ လူသားများထံတွင် ရှိသည်ဟု ယုံကြည်ကြခြင်း ဖြစ်သည်။

          ဥပမာအားဖြင့် အစိုးရမရှိသော လူ့အဖွဲ့အစည်း တစ်ရပ်တွင် ကတိက၀တ် ပြုခြင်း၏ အာနိသင် မရှိနိုင်ပေ။ အကြောင်းမှာ ပေးထားသော ကတိများကို တည်တံ့စွာ ထိန်းသိမ်းရန် မည်သူကမှ ဖိအားပေးတိုက် တွန်းနိုင်စွမ်း မရှိသောကြောင့် ဖြစ်သည်။ ထိုအခါ စီးပွားရေးလုပ်ငန်းတို့လည်း မတည်ရှိနိုင်တော့ပြီ။ ထိုမျှသာမ က အစိုးရမရှိသော လူ့အဖွဲ့အစည်းတွင် လူအချင်းချင်းကြား ဖြစ်ပွားသော ပဋ္ဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် မဖြစ်နိုင်တော့ပေ။ လူမှုပြဿနာများကို တရားမျှတစွာ ညှိုနှိုင်းဖြေရှင်းရန်နှင့် လူမှုငြိမ်းချမ်းရေးကို တည်ဆောက်မြှင့်တင်နိုင်ရန်အတွက် နိုင်ငံရေးအာဏာပိုင် အဖွဲ့တစ်ဖွဲ့လိုအပ်ကြောင်း ဆင်ခြင်တုံတရားရှိသူ မည်သူမဆို သိနားလည်ကြသည် ဟု ဆိုသည်။
          ဂျွန်လော့ခ်၏ လူမှုကတိအယူအဆအရ လူတို့သည် ကိုယ်ပိုင် “သဘာဝလွတ်လပ်မှု” တစ်စိတ်တစ်ဒေ သကို အနစ်နာခံပြီး သူတို့အားတရားမျှတစွာ အုပ်ချုပ်မည့် အစိုးရတစ်ရပ်ကို တည်ထောင်ရန် သဘောတူညီ ကြသည် ဟုဆိုသည်။ ဤသဘောတူညီမှုသည် ဆင်ခြင်တုံတရားနှင့် ယှဉ်သည့်အတ္တဆန္ဒမှ ပေါက်ဖွားလာခြင်း ဖြစ်သောကြောင့် လိုလားစွာ ပေးအပ်သော သဘောတူညီမှု ဖြစ်သည်ဟု ဆိုသည်။ ဂျွန်လော့ခ်က လူသားတိုင်း သည် လွတ်လပ်စွာမွေးဖွားလာကြပြီး တန်းတူညီမျှ ရှိကြသည်ဟု ယုံကြည်ခဲ့လေသည်။ လူတို့၏ သဘာဝလွတ် လပ်မှုဆိုသည်မှာ ကမ္ဘာမြေကြီးပေါ်ရှိ အင်အားကြီးမားသူ မည်သူတစ်ဦးတစ်ယောက်၏ လွှမ်းမိုးမှုကိုမှ မခံရခြင်း ဖြစ်သည်။ သို့ဖြစ်ရာ လူတို့တွင် သဘာဝရပိုင်ခွင့်များ ရှိကြသည် ဟု ဆိုသည်။ သို့ရာတွင် လူမှုကတိ ကို ချုပ်ဆို ခြင်းအားဖြင့် လွတ်လပ်မှုများကို ကာကွယ်ရန် လွတ်လပ်မှုအချို့ကို အဆုံးရှုံးခံလိုက်သကဲ့သို့ ဖြစ်သွားပါသည်။ အစိုးရဟူသည် နတ်ဘုရားများက ပေးသနားသော ဆရာမဟုတ်သကဲ့သို့ ဘုရားပေး မြင့်မြတ်မှုတို့ ကိန်းအောင်း နေသော အရာလည်းမဟုတ်ပါ။ အစိုးရဟူသည် မိသားစုကြီး တစ်စုအသွင်ဖြစ်သည့် သဘောကိုလည်း မဆောင်ပါ။ ဂျွန်လော့ခ်၏ အယူအဆအရ အစိုးရဟူသည်မှာ လူသားတို့၏ အတ္တဆန္ဒနှင့် လွတ်လပ်မှုတို့ ကြာရှည်စွာ တည်တံ့နိုင်စေရန်အတွက် အတုအယောင် သဘောဖန်ဆင်းခြင်း သက်သက်မျှသာ ဖြစ်ပါသည်။ 

          ဂျွန်လော့ခ်အနေနှင့် လူမှုကတိအယူအဆအား သမိုင်းရေးရာ အချက်အလက်တစ်ခု အဖြစ် ယူဆခဲ့ သလော၊ သို့မဟုတ် အကန့်အသတ်ရှိသော အစိုးရပုံသဏ္ဍာန် တစ်ရပ်ရပ်ကို ပုံဖော်ရန်အတွက် ညွှန်းဆိုရေး သားခဲ့ခြင်း ဖြစ်သလော ဆိုသည့် ကိစ္စမှာ မရှင်းလင်းလှပါ။ မည်သို့ပင်ဖြစ်စေ အစိုးရတစ်ရပ်သည် “တရားနှင့် ညီသော အစိုးရ ဟုတ်မဟုတ်” ဟူသောပြဿနာကို သုံးသပ်ဖြေရှင်းနိုင်ရန်အတွက် ဤလူမှုကတိအယူအဆက အထောက်အကူပြုသည်မှာ ထင်ရှားလှပါသည်။ တိတိကျကျဆိုရလျှင် တရားဥပဒေကို လေးစားလိုက်နာသော၊ အုပ်ချုပ်ခံတို့၏ ရပိုင်ခွင့်နှင့် လွတ်လပ်မှုတို့ကို ကာကွယ်စောင့်ရှောက်သော၊ အခွင့်အာဏာများကို တရားဥပဒေ အရ အကန့်အသတ်ရှိစေသော အစိုးရသည် တရားနှင့်ညီသော အစိုးရတစ်ရပ် ဖြစ်ပါသည်။
          အထက်တွင်ဆိုခဲ့ပြီးသကဲ့သို့ အုပ်ချုပ်သူအား ဖခင်အရာထား၍ နိုင်ငံတော်အား မိသားစုအရာ ထားသော အယူအဆသည် ကမ္ဘာ့နိုင်ငံများစွာ တို့တွင် ထွန်းကားခဲ့ပါသည်။ ဥပမာ တရုတ်နိုင်ငံတွင် ဧကရာဇ် ဘုရင်သည် တရုတ်အင်ပါယာကြီး တစ်ခုလုံး၏ ဖခင်ဖြစ်သည်ဟု ယူမှတ်ခဲ့ကြသည်။ ဖခင်ဖြစ်သူ၏ အကြွင်းမဲ့ အာဏာနှင့် နိုင်ငံရေးအာဏာပိုင်၏ အကြွင်းမဲ့အာဏာတို့သည် ထပ်တူညီကြသည် ဟု တရုတ်လူမျိုးတို့က ယုံကြည်ကြသည်။ သို့ရာတွင် ဂျွန်လော့ခ်က “ဖခင်ဖြစ်သူ၏ အာဏာနှင့် နိုင်ငံရေးအာဏာတို့သည် လုံးဝဥဿုံ ကွဲပြားခြားနားသည်” ဟု ပြောဆိုကာ ယတိပြတ် ပယ်ချခဲ့လေသည်။ (The Second Treatise p.71)။ အစိုးရ ဆိုသည်မှာ သဘာသရပိုင်ခွင့်ကို ပိုင်ဆိုင်ကြသည့် အတ္တဆန်သော လူသားများက ယင်း ရပိုင်ခွင့်များကို ကာကွယ်ပေးရန်အတွက် ဖွဲ့စည်းထားသောဌာန တစ်ရပ်သာဖြစ်သောကြောင့် မိဘများက သားသမီးများထံမှ ရလေ့ရှိသော အကြွင်းမဲ့နာခံမှုမျိုးကို ရရှိရန် တောင်းခံပိုင်ခွင့်မရှိ ဟု ဆိုသည်။ မိမိတို့၏ အကျိုးစီးပွားကို စောင့်ထိန်းကာကွယ်ရေးရန်အတွက် လူသားတို့က အစိုးရကို ဖွဲ့စည်းပေးသကဲ့သို့ ယင်းအစိုးရသည် ပြည်သူတို့ အပေါ် ရက်စက်ကြမ်းကြုတ်လာသော တစ်နေ့တွင် ၄င်းကိုဖြုတ်ချ၍ အခြားအစိုးရအဖွဲ့သစ် တစ်ခုကို တင်မြှောက်နိုင်သည့် “သူပုန်ထပိုင်ခွင့်” လည်းပြည်သူတို့ထံတွင် ရှိနေကြောင်း မကြမီ ဆက်လက်လေ့လာကြရ မည် ဖြစ်သည်။

အကန့်အသတ်ရှိသောအစိုးရနှင့် နိုင်ငံသားလူ့အဖွဲ့အစည်း
        “အနည်းဆုံး အုပ်ချုပ်သော အစိုးရသည် အကောင်းဆုံး အစိုးရဖြစ်သည်” ဆိုသော ရှေးရိုးတစ်ရပ် ရှိပါ သည်။ ဂျွန်လော့ခ် ကဲ့သို့သော လစ်ဘရယ်နိုင်ငံရေးတွေးခေါ်ပညာရှင်များကလည်း အကန့်အသတ်ရှိသော အစိုးရ၏ အရေးပါမှုအကြောင်းကို အထူးအလေးပေး ဖော်ပြလေ့ရှိပါသည်။ “လူမှုကတိ” အားဖြင့် ပြည်သူတို့က တည်ထောင်ထားသည့် အစိုးရတို့အနေနှင့် တိကျစွာ ထမ်းဆောင်ရမည့် တာဝန်တို့မှာ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ နိုင်ငံသားတို့ အချင်းချင်းဖြစ်ပွားသော ပဋ္ဋိပက္ခများကို တရားမျှတစွာ ဆုံးဖြတ်စီရင်ခြင်း နှင့် နိုင်ငံသားအချင်းချင်း ချုပ်ဆိုသော စာချုပ်စာတမ်းများနှင့် ကတိက၀တ်များကို လေးစားလိုက်နာမှု ရှိလာ အောင် ဆောင်ရွက်ပေးခြင်းတို့ဖြစ်သည်။ ထို့ပြင် တိုင်းပြည်အား ပြည်ပရန်သူများ၏ အန္တရာယ်မှ ကာကွယ်ပေး ရမည့် တာဝန်လည်း အစိုးရထံတွင် ရှိသည်။ သမားရိုးကျ လစ်ဘရယ်နိုင်ငံရေး အယူအဆအရ အနည်းဆုံး အုပ်ချုပ်သော အစိုးရသည် အကောင်းဆုံးအစိုးရ ဖြစ်သည် ဟု ဆိုသောကြောင့် အစိုးရ၏ အာဏာနှင့် လုပ်ပိုင်ခွင့်တို့အား ကန့်သတ်သင့်သည် ဟု ဆိုကြသည်။
          အနောက်တိုင်းနိုင်ငံ အများစုတွင် အစိုးရ၏ အာဏာကို ကန့်သတ်ရေးနှင့် စပ်လျဉ်း၍ အချီအချအငြင်း ပွားမှုများ ဖြစ်ပွားလေ့ရှိသည်။ အချို့သော ပုဂ္ဂိုလ်များ အထူသဖြင့် လက်ဝဲ၀ါဒီများက နိုင်ငံ၏ စီးပွားရေးစီမံကိန်း ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍနှင့် ဆင်းရဲမှုပပျောက်ရေးကဏ္ဍ အစရှိသည် တို့ကို အစိုးရက လွှမ်းမိုးထိန်း ချုပ်ထားခြင်းသည် လိုအပ်ချက်တစ်ရပ် ဖြစ်၍ တရားဥပဒေနှင့် ညီညွှတ်သည် ဟု ဆိုကြသည်။ အရွယ်ပမာဏ ကြီးမားသော အစိုးရတစ်ရပ်တည်ရှိခြင်းနှင့် ယင်းအစိုးရ၏ အသုံးစရိတ်ကြီးမားခြင်း တို့ကို မပြောပလောက် သောကိစ္စ တစ်ရပ် ဟု အဆိုပါ လက်ဝဲ၀ါဒီများက ယူဆကြသည်။ အခြားသောပုဂ္ဂိုလ်များ အထူးသဖြင့် လက်ယာဝါဒီများကမူ အစိုးရသည် ၄င်း၏ ပဓါန တာဝန်များဖြစ်သော တရားဥပဒေစိုးမိုးရေး၊ စာချုပ်စာတမ်းများ နှင့် ကတိက၀တ်များကို ပြည်သူတို့လေးစားလိုက်နာအောင် ဆောင်ရွက်ပေးရေးနှင့် နိုင်ငံအား ပြည်ပကျူးကျော် မှုမှ အကာအကွယ်ပေးရေးတို့မှ လွဲ၍ အခြားသောကိစ္စရပ်များတွင် တတ်နိုင်သမျှ အနည်းဆုံး ၀င်ရောက်စွက် ဖက်သင့်သည်ဟု ယုံကြည်ကြလေသည်။ ဤအယူအဆကို ထောက်ခံသူများက ကျန်းမာရေး၊ ပညာရေး၊ ဆင်းရဲမှု ပပျောက်ရေး၊ စီးပွားရေး စီမံကိန်းများ ချမှတ်ရေးတို့တွင် အစိုးရ၏ လွှမ်းမိုးမှု ကင်းမဲ့သော “ပုဂ္ဂလိက ကဏ္ဍ” က တာဝန်ယူသင့်သည်ဟု ဆိုသည်။ 

          အစိုးရ၏ တာဝန်ယူမှု “နည်းခြင်း များခြင်း” နှင့် ပတ်သက်ပြီး ပြင်းထန်သော ငြင်းခုံမှုများ ပေါ်ပေါက် လေ့ရှိရာ ယင်းကို အထူးသဖြင့် အမေရိကန်ပြည်ထောင်စုတွင် အများဆုံး တွေ့ရလေ့ရှိသည်။ ထိုသို့ လက်ဝဲနှင့် လက်ယာဝါဒီများအနက် ပျော့ပြောင်းသော အယူဝါဒရှိသည့် သူတို့တွင်မူ ဘုံသဘောတူညီမှု ရနိုင်လောက်သည့် ထိုက်သင့်သော အခြေခံမူများ ရှိကြသည်။ ယင်းတို့မှာ-
(၁)     အစိုးရဟူသည် အုပ်ချုပ်ခံပြည်သူတို့၏ ကောင်းကျိုးချမ်းသာအတွက် တည်ရှိနေရခြင်း ဖြစ်သည်။
(၂)     လူမှုကိစ္စရပ်များကို “ပုဂ္ဂလိက ကဏ္ဍ” နှင့် “လူထု ကဏ္ဍ” ဟူ၍ ခွဲခြားနိုင်သည်။ “ပုဂ္ဂလိက ကဏ္ဍ” သည် လူ့အဖွဲ့အစည်းအတွင်းရှိ ပုဂ္ဂိုလ်တစ်ဦးချင်း သို့မဟုတ် အုပ်စုများနှင့်သာ ပတ်သက်ပြီး “လူထုကဏ္ဍ” သည် နိုင်ငံရေးလူ့အဖွဲ့အစည်း တစ်ရပ်လုံးနှင့် ပတ်သက်သည်။ သက်ဆိုင်ရာ လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် အုပ်စု တစ်စုချင်း၏ အကျိုးစီးပွားအပေါ် မူတည်၍ “ပုဂ္ဂလိက ကဏ္ဍ” ၏ နယ်ပယ်သည် “လူထုကဏ္ဍ” ၏ နယ်ပယ် ထက် ယေဘုယျအားဖြင့် ပိုမို ကျယ်ဝန်းလေ့ရှိသည်။
(၃)     လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် အခြားအသင်းအပင်း အဖွဲ့အစည်းများ၊ သမဂ္ဂများ စသည်တို့ အကျုံးဝင်သည့် နိုင်ငံသား လူ့အဖွဲ့အစည်းဟူသည် အစိုးရနှင့် သီးခြားကင်းလွတ်ပြီး အစိုးရ၏ သြဇာသက်ရောက်မှုမရှိသော အဖွဲ့အစည်း ဖြစ်သည်။ အဆိုပါ နိုင်ငံသား လူ့အဖွဲ့အစည်းအတွင်းတွင် လူပုဂ္ဂိုလ်များနှင့် အသင်းအဖွဲ့များသည် ၄င်းတို့၏ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားကို ဆောင်ရွက်နိုင်ရန် အတွက် ပမာဏ ကြီးမားသော လွတ်လပ်ခွင့် များ ရရှိကြသည်။
(၄)     အစိုးရသည် အဆိုပါ နိုင်ငံသားလူ့အဖွဲ့အစည်းများ ပေါ်ပေါက်တည်တံ့နိုင်အောင် တရားဥပဒေအရ အကာအကွယ်ပေးထားရမည် ဖြစ်သော်လည်း နိုင်ငံသားလူ့အဖွဲ့အစည်းကို အစိုးရကိုယ်တိုင်က တည်ထောင် ခြင်း၊ သို့မဟုတ် ရှိရင်းစွဲ နိုင်ငံသားအဖွံ့အစည်းကို အစိုးရအလိုကျ ပြုပြင်ခြင်းမျိုးမရှိစေရ - အစရှိသည့် အခြေခံ မူများ ဖြစ်ကြသည်။

          “အကန့်အသတ်ရှိသော အစိုးရ” အယူအဆဆိုသည်မှာ ပုဂ္ဂလိက ကဏ္ဍ ပမာဏ ကြီးမား၍ အရေးကြီး သော ကဏ္ဍ ဖြစ်သောကြောင့် ပုဂ္ဂလိက အကျိုးစီးပွားနှင့် စပ်လျဉ်း၍ အစိုးရ၏ ထိန်းချုပ်မှု နည်းပါးစေရမည် ဆိုသော အယူအဆ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ပုဂ္ဂလိက နိုင်ငံသားတို့သည် ၄င်းတို့ရွေးကောက်တင် မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်များမှ တစ်ဆင့်၊ အစိုးရအား ပြည်သူတို့နှင့် ပတ်သက်သောအရေးကိစ္စ များ၊ အမြင်မတူမှုများကို ကြားဝင်ဖြေရှင်းပေးစေရမည်ဟု ဆိုသည်။ တစ်နည်းဆိုရလျှင် အစိုးရအနေဖြင့် နိုင်ငံသားများနှင့် နိုင်ငံသားလူ့အဖွဲ့အစည်းတို့၏ ၀ိရောဓိ ဖြစ်မှုများ ပဋ္ဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းခြင်း အားဖြင့် ပြည်သူ့အှုကို ထမ်းဆောင်ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့်လည်း နိုင်ငံသားများသည် ၄င်းတို့ ၏ အကျိုးစီးပွားကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကာကွယ်စောင့်ရှောက်လိုသော သဘောဖြင့် နိုင်ငံရေးကိစ္စရပ်များ တွင် ၀င်ရောက်ဆောင်ရွက်ကြခြင်း ဖြစ်သည်ဟု ဆိုသည်။
နိုင်ငံသားလူ့အဖွဲ့အစည်းအနေနှင့် အစိုးရက ပြဌာန်း သော ဥပဒေများကို လိုက်နာရသော်လည်း အစိုးရကို တသီးပုဂ္ဂလနိုင်ငံသားများဖြင့် ဖွဲ့စည်းထားသည် ဖြစ်ရာ နိုင်ငံသားများသည် အစိုးရ၏ ယန္တရားကို အသုံးပြု၍ ပုဂ္ဂလိက အကျိုးစီးပွား ဘုံအဖွဲ့အစည်းကြီးများ၏ အကျိုးစီးပွားနှင့် နိုင်ငံရေးလူ့အဖွဲ့အစည်းတစ်ရပ် လုံး၏ အကျိုးစီးပွားတို့ကို ထိန်းသိမ်းကာကွယ်ကြရမည် ဖြစ်သည်။ အစိုးရနှင့် နိုင်ငံသားလူ့အဖွဲ့အစည်းတို့ အကြား တက်ကြွထိရောက်သော အပြန်အလှန် ဆက်သွယ်မှုတို့ ရှိနေရမည်ဖြစ်ပြီး ထိုသို့ ဆက်သွယ်ဆောင် ရွက်ရာတွင်လည်း ပုဂ္ဂလိက အကျိုးစီးပွားနှင့် ပတ်သက်သော ကိစ္စရပ်များသည် အမှီခိုခံသဘော မဟုတ်ပဲ သတ်မှတ်ထားသော  ဥပဒေဘောင်အတွင်းမှ တက်ကြွစွာ တောင်းဆိုဆောင်ရွက်ရသော သဘောရှိပါသည်။ သဘောထား ပျော့ပြောင်းသည့် လစ်ဘရယ်အယူအဆများဖြစ်သည့် “အကန့်အသတ်ရှိသော အစိုးရ” အယူ အဆနှင့် “နိုင်ငံသား လူ့အဖွဲ့အစည်း” အယူအဆများကို နှစ်ဆယ်ရာစုနှစ်အတွင်း ပေါ်ပေါက်လာသော အာဏာရှင် နိုင်ငံတော်များက စိန်ခေါ်အံတု လာခဲ့ကြသည်။ အာဏာရှင် နိုင်ငံတော်ဟူသည် အကန့်အသတ်မဲ့ အင်အားကြီးသော နိုင်ငံတော်ဖြစ်ပြီး လူ့အဖွဲ့အစည်းကို ထိန်းချုပ်ခြင်း သို့မဟုတ် အသွင်ပြောင်းပစ်ရန် ကြိုးပမ်း ဆောင်ရွက်ခြင်း ပုဂ္ဂလိက အကျိုးစီးပွားများကို ဖျက်သိမ်းပစ်ခြင်း၊ အစိုးရက သတ်မှတ်ထားသည့် ဘံရည်မှန်း ချက်များ အောင်မြင်စေရေးအတွက် နိုင်ငံသားတိုင်းကို အတင်းအကျပ်ပါဝင် ဆောင်ရွက်စေခြင်း စသည်တို့ကို ပြုမူတတ်ကြသည်။ အာဏာရှင်အစိုးရလွှမ်းမိုးသော နိုင်ငံတို့၌ လူ့အဖွဲ့အစည်းသည် အားနည်း၍ တက်ကြွမှု ကင်းမဲ့သော သဘောရှိပြီး အာဏာအရ နိုင်ငံရေးပါတီ၊ ဗျူရိုကရက်အစိုးရအရာရှိများနှင့် စစ်ဖက်ထိပ်တန်း ပုဂ္ဂိုလ်များ၏ ထိန်းချုပ်စေခိုင်းမှုအတိုင်း လှုပ်ရှားနေရသည့် သဘောရှိသည်။ ဟစ်တလာခေတ် ဂျာမနီနိုင်ငံ၊ စတာလင်ခေတ် ဆိုဗီယက်ယူနီယံနှင့်၁၉၄၀ ခုနှစ် ပတ်ဝန်းကျင်က စစ်ဝါဒီ ဂျပန်နိုင်ငံတို့သည် အာဏာရှင် နိုင်ငံတော်များ ဖြစ်ခဲ့ကြသည်။ ဥပမာပြရလျှင် ဆိုးရွားသည့် အာဏာရှင် နိုင်ငံတော်များဖြစ်ကြသည့် ကင်အီဆွန်း ရီဂျင်းမ်၏ မြောက်ကိုရီးယားနိုင်ငံနှင့် ၁၉၇၅-၁၉၇၈ ခုနှစ်များအတွင်း တည်ရှိခဲ့သော ဒီမိုကရက်တစ် ကမ်းပူးချား နိုင်ငံများ ဖြစ်ကြသည်။ အဆိုပါ နိုင်ငံတော်များသည် အခြေခံလူ့အခွင့်အရေးကို အမြဲတစေ ဖောက်ဖျက်ကျူးလွန်ခဲ့သည် သာမက ပုဂ္ဂလိက နိုင်ငံသားဘ၀၏ အဆင့်အတန်းအား အသက်ရှင် နေထိုင်နေရုံမျှသာ ရှိမည့်ဘ၀အထိ လုံးလုံးလျားလျား နိမ့်ကျသွားစေခဲ့လေသည်။ 

တော်လှန်ပုန်ကန်ပိုင်ခွင့်
          “တော်လှန်ပုန်ကန်ပိုင်ခွင့်” အယူအဆသည် ဂျွန်လောခ်၏ အယူအဆများအနက် အထင်ရှားဆုံး ဖြစ်နိုင်လောက်ပေသည်။ “အကယ်တန္တု အစိုးရတစ်ရပ်သည် ရက်စက်ကြမ်းကြုတ်၍ ပြည်သူတို့အပေါ် ဖိနှိပ်လာပြီဆိုလျှင် ပြည်သူတို့အနေနှင့် ၄င်းအစိုးရကို ဖယ်ရှား၍ အစိုးရသစ်တစ်ရပ်နှင့် အစားထိုးပိုင်ခွင့် ရှိသည်” ဟု ဂျွန်လော့ခ်က ယုံကြည်ခဲ့လေသည်။ “တော်လှန်ပုန်ကန်ပိုင်ခွင့်” အယူအဆသည် သူ၏ “လူမှုကတိ” အယူအဆနှင့် ဆက်နွယ်ပတ်သက်လျှက် ရှိပါသည်။ နိုင်ငံသားတို့သည် သူတို့၏ ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်တို့ကို ကာကွယ်ထိန်းသိမ်းရန်အတွက်  “လူမှုကတိ” အားဖြင့် အစိုးရကို ထူထောင်ထားခြင်း ဖြစ်ရာ ထိုအစိုးရကပင် လူတို့၏ ရပိုင်ခွင့်နှင့် လွတ်လပ်ရေးကို ထိပါးနှောက်ယှက်လာပြီဆိုလျှင် အစိုးရကိုတည် ထောင်ရခြင်း၏ ပင်ရင်း ရည်ရွယ်ချက်ကို ဆန့်ကျင့်လှိုက်စားလာဘိသကဲ့သို့ပင် ဖြစ်သည်ဟု ၄င်းက ဆိုသည်။ ဂျွန်လော့ခ်က လူတို့သည် ရင်တွင်းရှိ ရှေးရိုးစွဲအယူအဆကြောင့် အစိုးရ၏ အာဏာအလွဲသုံးစားပြုခြင်းကို ယေဘုယျအားဖြင့် သည်းခံမည် ဖြစ်သော်လည်း အစိုးရအနေနှင့် အာဏာကို ပစ္ဆလက္ခတ် အလွဲသုံးစားပြုခြင်း လူတစ်ဦးချင်းစီ၏ ရပိုင်ခွင့်များကို အပြင်းအထန်ဖောက်ဖျက် ကျူးလွန်လာခြင်းတို့ ရှိလာပြီဆိုလျှင် နိုင်ငံသားတို့ အနေနှင့် မိမိတို့၏ အကျိုးစီးပွားကို ကာကွယ်ရန်အလို့ငှာ ယင်းအစိုးရကို ဆန့်ကျင်ပိုင်ခွင့် ရှိသည်ဟု ဆိုသည်။ ဤအခွင့်အရေးကို ဂျွန်လော့ခ်က ၏မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်” ဟု ခေါ်ဆိုလေသည်။
          “ပြည်သူတို့အနေဖြင့် မင်းဆိုးမင်းညစ် တစ်ပါး၏ ရက်စက်ကြမ်းကြုတ်မှုနှင့် ဒေါသ အာဃာတ အောက် တွင် အကာအကွယ်မဲ့စွာ လည်စင်းခံ သင့်ပါသလော။ သူတို့၏ မြို့ရွာများကို လုယက်ဖျက်ဆီး၍ မီးလောင်တိုက် သွင်းနေသည်ကို ထိုအတိုင်းကြည့်နေ သင့်ပါသလော။ သူတို့၏ သားမယားတို့အား ထိုမင်းဆိုးမင်းညစ်၏ လိုချင်တပ်မက်မှုနှင့် ရမ်းကားစော်ကားမှုမှ အကာအကွယ်မပေးနိုင်သော အဖြစ်၊ မိမိနှင့်တကွ မိသားစုတစ်စလုံး ပျက်သုဉ်းရမည့် အဖြစ်၊ ထိုမင်း၏ လောဘနှင့် ဖိနှိပ်ချုပ်ချယ်ခြင်းတို့ကြောင့် ပေါ်ပေါက်လာအပ်သော အခြား ၀မ်းနည်းဖွယ်ဖြစ်ရပ်တို့အား မျက်နှာလွှဲ၍ လက်ပိုက်ကြည့်နေအပ်ပါ သလော။ ထိခိုက်နာကျင်စေနိုင်သော အခြေအနေဆိုးမျိုးနှင့် ကြုံတွေ့ရသောအခါ အားကိုအားချင်း ယှဉ်ပြိုင်တိုက်ခိုက်နိုင်ခွင့်ကို သတ္တ၀ါအားလုံးတို့ အား သဘာဝက ပေးအပ်ထားပြီဖြစ်ရာ ဤအခွင့်အရေးကို လူတို့လည်း မခံစားထိုက်ပြီလော။ ဤမေးခွန်းတို့ကို ကျွန်ုပ် ဖြေဆိုပါအံ့။ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် သည် သဘာဝဥပဒေသ တစ်ရပ်ဖြစ်ပြီး ဤအခွင့်အရေးကို အသုံးပြု၍ လူ့အဖွဲ့အစည်း တစ်ရပ်လုံးအနေ ဖြင့် သူတို့ကို အုပ်ချုပ်သော မင်းဆိုးမင်းညစ်ကို တော်လှန်ပုန်ကန် ပိုင်ခွင့် ရှိပေသည်” ဟု ဂျွန်လော့ခ်က ဆိုခဲ့လေသည်။ (The Second Treatise of Government, p.233)

          “မင်းမဲ့စရိုက်လွှမ်းသော တစ်နေသည် တရားမျှတမှုကင်းမဲ့သော နှစ်ပေါင်းတစ်ထောင်ထက် ပိုမိုဆိုးရွား သည်” ဆိုသည့် အာရပ်စကားပုံတစ်ခု ရှိပါသည်။ ဤသဘောထားမျိုးကို ကမ္ဘာ့နိုင်ငံအတော်များများတွင် တွေ့ရှိ နေရဆဲ ဖြစ်ပါသည်။ သို့ရာတွင် ဂျွန်လော့ခ်ကမူ “အာဏာတလွဲသုံးသော အစိုးရ၏ လက်အောက်၌ နေရခြင်း သည် လူမှုကတိအားဖြင့် အစိုးရကို မတည်ထောင်မီက ရှိခဲ့သော စစ်တလင်းတွင် နေရသောအဖြစ် (မင်းမဲ့စရိုက် လွှမ်းသောဒေသတွင် ရှိနေသော အဖြစ်) ထက် ပိုမိုဆိုးရွားသည်” ဟု ဆိုခဲ့လေသည်။ ရက်စက် ကြမ်းကြုတ်သော မင်းတို့သည် နိုင်ငံသားတို့၏ အခြေအနေသဘာဝရပိုင်ခွင့်ကို ထိပါးနှောက်ယှက်လာပြီဆို လျှင် နိုင်ငံသားတို့အနေဖြင့် (တည်ဆဲ လူမှုကတိကို ဖျက်သိမ်း၍) ယင်းမတိုင်မီက ရှိခဲ့သော စစ်ဖြစ်နေသည့် အခြေအနေတစ်ရပ်သို့ ပြန်သွားကာ လက်ရှိအစိုးရကို ဖြုတ်ချပြီး အစိုးရသစ်တစ်ရပ်ကို တည်ထောင်ရမည် ဟု ဆိုပါသည်။ အင်္ဂလိပ်ဝေါဟာရဖြစ်သော “to reble” (သူပုန်ထခြင်း) သည် လက်တင်ဝေါဟာရဖြစ်သော “rebellare” (သူပုန်ပုန်ကန်ပိုင်ခွင့်) ဟူသော ကြိယာပုဒ်မှ ဆင်းသက် လာခြင်းဖြစ်သည်။ ဂျွန်လော့၏ “တော်လှန်ပုန်ကန်ပိုင်ခွင့်” အယူအဆသည် အနောက်တိုင်း နိုင်ငံရေးတွင် မည်ရွေ့မည်မျှ ထိရောက်မှုရှိခဲ့သည် ဆိုသည့် အဖြစ်ကို ၁၈ ရာစုနှစ်အတွင်း ဖြစ်ပွားခဲ့သော အမေရိကန်တော်လှန်ရေးနှင့် ပြင်သစ်တော်လှန်ရေးတို့ က သက်သေခံလျက် ရှိနေပေသည်။ 

ခန္တိစိတ်ကို မွေးမြူခြင်း
          ဂျွန်လော့ခ်၏ အယူအဆများအကြောင်း နိဂုံးမချုပ်မီ ဒီမိုကရေစီအယူအဆ တိုးတက်ဖွံ့ဖြိုးရေးအတွက် တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်ခဲ့သော သည်းခံခြင်းသဘော ဖြစ်သည့် “ခန္တိအယူအဆ” ကို တင်ပြရန် လိုအပ်ပါသည်။ ဂျွန်လော့ရေးသားခဲ့သော  A Letter Concerning Toleration တွင် “လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ပိုင်ခွင့် အယူအဆ” ကိုသာမက ဂန္တ၀င်လစ်ဘရယ် အယူအဆများဖြစ်သည့် “အစိုးရ၏ အာဏာအကန့် အသတ် အယူအဆ” “ပုဂ္ဂလိက ကဏ္ဍနှင့် ပရဟိတ ကဏ္ဍတို့၏ သီးခြားရပ်တည်ခြင်း အယူအဆ” စသည်တို့ကိုပါ ထည့်သွင်းဖော်ပြခဲ့သောကြောင့် ထိုစာအုပ်သည် အရေးပါသော စာအုပ်တစ်အုပ်ဖြစ်လာခဲ့ သည်။ “လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ပိုင်ခွင့်” ဆိုသည့် အယူအဆသည် ၁၇ရာစုနှစ်က အတိုင်းအတာနှင့် ဆိုလျှင် အစွန်းရောက်အယူအဆ တစ်ခုသဖွယ် ဖြစ်ခဲံသည်။ ယနေ့ကမ္ဘာ၏ အချို့ဒေသတို့တွင်ပင် ထိုအယူအဆကို အစွန်းရောက်အယူအဆအဖြစ် သတ်မှတ်ထားဆဲ ဖြစ်သည်။ The Second Treatise of Government စာအုပ်တွင် “လူမှုကတိအားဖြင့် တည်ထောင်ခဲ့သော အစိုးရတစ်ရပ်၏ ပင်ရင်းတာဝန်နှင့် ရည်မှန်းချက်တို့မှာ အုပ်ချုပ်ခံ နိုင်ငံသားတို့၏ ဘ၀၊ လွတ်လပ်ခွင့်နှင့် ပစ္စည်းဥစ္စာတို့ကို အကာအကွယ်ပေးရခြင်း ဖြစ်သည်” ဟု ရေးသားခဲ့သော ဂျွန်လော့ခ်သည် သူ၏ A Letter Concerning Toleration တွင် အောက်ပါအတိုင်း ရေးသားဖော်ပြခဲ့သည်။ ယင်းတို့မှာ -

(၁)     အုပ်ချုပ်ခံနိုင်ငံသားများ၏ ဘာသာရေးအယူအဆ၊ စိတ်ဓါတ်ပိုင်းဆိုင်ရာ ယုံကြည်မှု အယူအဆတို့သည် နိုင်ငံရေးအာဏာပိုင်များနှင့် မည်သို့မှ မသက်ဆိုင်ကြပါ။ အစိုးရ၏ တာဝန်မှာ ဘာသာရေးနှင့် နိုင်ငံရေးတို့ကို မရောထွေးစေပဲ ဥပဒေနှင့် တရားမျှတရေး ကိစ္စရပ်များကိုသာ ဆောင်ရွက်ရန် ဖြစ်ပါသည်
(၂)     ဘာသာရေးအယူဝါဒ တစ်ရပ်ရပ်၏ အမှန်တရားကို နိုင်ငံသားတို့က လက်ခံလာစေရန် နိုင်ငံတော်၌ အတင်းအကျပ် ဆောင်ရွက်ပိုင်ခွင့်မရှိပါ။ ဘာသာရေးအယူဝါဒ တစ်ရပ်ရပ်သို့ ကူးပြောင်းသက်ဝင်လာရန်ဆို သည်မှာ စိတ်တွင်းမှ လှိုက်လှိုက်လှဲလှဲ ယုံကြည်မှသာ ဖြစ်နိုင်ပေသည်။
(၃)     အစိုးရအရာရှိ တစ်ဦးသည် မိမိ၏ ဘာသာရေးယုံကြည်မှုအား အခြားသူတို့ သက်ဝင်ယုံကြည်လာစေ ရန် သာမန်နိုင်ငံသားတစ်ဦး အဖြစ်သာ ဆောင်ရွက်ပိုင်ခွင့် ရှိပါသည်။ အခြား နိုင်ငံသားတိုင်းတွင်လည်း ထိုအခွင့်အရေး ရှိပါသည်။
(၄)     ဘာသာရေးကျောင်းတော်တစ်ရပ် သို့မဟုတ် ဘာသာရေးအဖွဲ့အစည်းတစ်ရပ်သည် ဆိုင်ရာ ယုံကြည် သက်ဝင်သူတို့၏ လိုလားစွာ ပူးပေါင်းပါဝင်မှုဖြင့် ဖွဲ့စည်းထားသော လွတ်လပ်သည့် အဖွဲ့အစည်းတစ်ရပ် ဖြစ်ရ ပါမည်။ ယင်းအဖွဲ့အစည်းတွင် နိုင်ငံသားတို့ ပါဝင်လာစေရန်အတွက် မိဘများအပါအ၀င် မည်သူတစ်ဦးတစ် ယောက်ထံတွင်မှ အတင်းအကျပ် ဖိအားပေးခွင့် မရှိပါ။
(၅)     ဘာသာရေးကျောင်းတော် သို့မဟုတ် ဘာသာရေးအဖွဲ့အစည်းတစ်ရပ်တွင် အဖွဲ့ဝင်တစ်ဦးတစ်ယောက် အား ထုတ်ပယ်ပစ်ပိုင်ခွင့် ရှိပါသည်။ သို့ရာတွင် လူတစ်ဦးတစ်ယောက်၏ နိုင်ငံသားအခွင့်အရေးတို့ကို ထိခိုက် စေမ့် ဥပဒေများကို ဘာသာရေးအဖွဲ့အတွင်း ထုတ်ပြန်၍ “နိုင်ငံကြီးတစ်ခုအတွင်း နိုင်ငံငယ်တစ်ရပ် တည်ထောင် သည့်သဖွယ်” ကျင့်ကြံပိုင်ခွင့် မရှိပါ။
(၆)     လူတစ်ဦးတစ်ယောက်သည် အခြားသူတစ်ဦးအား မိမိနှင့် ဘာသာအယူဝါဒ မတူညီရခြင်းကို အကြောင်းပြု၍ ထိုသူ၏ နိုင်ငံသားရပိုင်ခွင့်အပေါ် တစ်စုံတစ်ရာနှိမ့်ကျ ဆက်ဆံခြင်းမျိုး ပြုလုပ်ဆောင်ရွက်ပိုင် ခွင့် မရှိပါ။
(၇)     အစိုးရသည် ဘာသာရေးကျောင်းတော် တစ်ရပ်ရပ် သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း တစ်ရပ်ရပ်အား အခြားဘာသာရေး ကျောင်းတော်များနှင့် ဘာသာရေးအဖွဲ့အစည်းတို့ထက် ပို၍ အထူးအခွင့်အရေးပေးခြင်းမျိုး မရှိစေရပါ။
(၈)     ဘာသာရေးကျောင်းတော်သည် နိုင်ငံတော်နှင့် သီးခြားကင်းလွတ်စွာ ရပ်တည်ရမည် - ဟူ၍ ဖြစ်သည်။

          ယနေ့ခေတ် လစ်ဘရယ်ဒီမိုကရေစီကျင့်စဉ်၏ အခြေခံမူတစ်ရပ်မှာ နိုင်ငံရေးနှင့် ဘာသာရေးကို ခွဲခြား ရှုမြင်ခြင်း ဖြစ်သည်။
          ဂျွန်လောခ် သက်ရှိထင်ရှားရှိခဲ့သော ကာလသည် ခရစ်ယာန်ဘာသာရေး အသိုက်အ၀န်းတွင် ယခင်က ရိုမင်ကတ်သလစ် ဘာသာရေးကျောင်းကာသာ လွှမ်းမိုးထားရာမှာ ပရိုစတင့် ကျောင်းတော်များ အပါအ၀င် အခြားခရစ်ယာန် ပြုပြင်ပြောင်းလဲရေး ကျောင်းတော်များ ပေါ်ပေါက်လာပြီး အားပြိုင်နေကြသော ကာလဖြစ်ပါ သည်။ ၁၆ရာစုနှစ်နှင့်  ၁၇ ရာစုနှစ်များအတွင်း ရိုမင်ကက်သလစ် နှင့် ပရိုတက်စတင့် ဘာသာဝင်တို့အကြား ဖြစ်ပွားကြသော စစ်ပွဲကြောင့်  ပြည်သူ သန်းပေါင်းများစွာတို့ သေကြေ ပျက်စီးခဲ့ကြပါသည်။ ထိုကျောင်းတော် များသည် ဥရောပ နိုင်ငံအသီးသီးရှိ ပြည်သူတို့၏ ဘာသာရေး ယုံကြည်မှုကို ထိန်းချုပ်ထားနိုင်ရန် အတွက် အသားစီး ရရှိရေးကို ကြိုးပမ်းခဲ့ကြသည်။ ဂျွန်လော့ခ်က ဘာသာရေးကျောင်းတော်များသည် “ဘာသာဝင် မဖြစ်မနေရ” ကျောင်းတော်များ မဖြစ်သင့်ပဲ လူတို့၏ ယုံကြည်သက်ဝင်စွာ ရွေးချယ်မှုအပေါ် အခြေခံပြီး လွတ်လပ်စွာ အသင်းဝင်ခွင့် သို့မဟုတ် နှုတ်ထွက်ပိုင်ခွင့် ရှိသင့်သော ကျောင်းတော်များသာ ဖြစ်သင့်သည်ဟု ယုံကြည်ခဲ့လေသည်။ လူ့အဖွဲ့အစည်း အတွင်းရှိ ဘာသာရေး ကျောင်းတော်များ၏ အခန်းကဏ္ဍ၊ ထိုကျော်တော်များ နှင့် နိုင်ငံတော်တို့ အကြားတည်ရှိသော ဆက်ဆံရေးစသည် တို့ကို ညွှန်းဆိုထားသည့် ဂျွန်လော့ခ်၏ အယူအဆသည် အခြားလွတ်လပ်သော အဖွဲ့အစည်းများ ဖြစ်သည့် နိုင်ငံရေးပါတီများ၊ လူမှုရေးနှင့် စီးပွားရေး အသင်းအဖွဲ့များ၊ ၀ါသနာရှင် အသင်းအဖွဲ့များ၊ အလုပ်သမား သမဂ္ဂများ စသည့် အဖွဲ့အစည်း တို့၏ သဏ္ဍာန်ကို ဖော်ဆောင်နိုင်ရေးအတွက် အထောက်အကူပြုခဲ့သည်။ တရားဥပဒေ ဘောင်အတွင်းတွင် အပြန်အလှန် ခန္တီစိတ် ထားရှိခြင်းဖြင့် တည်ထောင် ဖွဲ့စည်းအပ်သည့် လွတ်လပ်သော ဤအဖွဲ့အစည်းများသည် လစ်ဘရယ် ဒီမိုကရေစီ ကျင့်စဉ်လာ နိုင်ငံသားအဖွဲ့အစည်း တစ်ခုလုံး၏ အရေးပါသော အစိတ်အပိုင်း တစ်ရပ် ဖြစ်ပေသည်။
          ဂျွန်လော့ခ်နှင့်တကွ အခြားသော လစ်ဘရယ် နိုင်ငံရေး ပညာရှင် များက အစိုးရတစ်ရပ်သည် ပြည်သူတို့၏ ဘာသာရေးအယူဝါဒ စသည့် ကိစ္စရပ်များနှင့် စပ်လျဉ်းလားလျှင်ကြားနေရမည်ဟု ယုံကြည်ခဲ့ ကြလေသည်။ အစိုးရ၏ သင့်တော်သောတာဝန်မှာ တရားဥပဒေ စိုးမိုးရေး၊ တရားမျှတမှုကို ထိန်းသိမ်း မြှင့်တင်ရေးနှင့် နိုင်ငံသားတို့၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာတို့ကို အကာအကွယ်ပေးရေးအတွက် အကန့်အသတ်ဖြင့် အမှုထမ်းဆောင်ရေးသာ ဖြစ်သည်ဟုဆိုလေသည်။

ဆက်လက်ဖေါ်ပြပါမည်။  
ကက်နက်အေ မက်ကေးရေးသား၍ ဒေါင်းညိုဘာသာပြန်ဆိုသော
ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ စာအုပ်မှ ကူးယူတင်ပြပါသည်။


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...