ဒီမိုကရေစီ ကျင့်စဉ်အစ စာသင်ကျောင်းက
ဒေါက်တာ
မောင်သင်း
ပညာရေးရဲ့တာဝန်ဟာ
အဲဒီခေတ်က တောင်းဆိုတဲ့ လူ့အဖွဲ့အစည်းနဲ့လိုက်လျောညီထွေရှိမယ့် လူ့စွမ်းအား အရင်းမြစ်မွေးထုတ်ပေးခြင်းပါ။
အဲဒီလူ့အဖွဲ့အစည်းနဲ့ အံဝင်ခွင်ကျစေမယ့် အရည်အသွေးတွေ လေ့ကျင့်ပေး၊ တပ်ဆင်ပေးခြင်းပါ။ ကိုလိုနီခေတ်တုန်းက အမျိုးသားစိတ်ဓာတ် ပြည့်ဝပြီး
လွတ်လပ်ရေးကြိုးပမ်းမှုကို မြင့်တင် နိုင်မယ့် လူငယ်တွေပေါ်ထွက်လာဖို့ အမျိုးသားကျောင်းတွေက
လေ့ကျင့်ပေးခဲ့ပါတယ်။ ဆိုရှယ်လစ်ခေတ်မှာ ဆိုရှယ်လစ်သားကောင်းမွေးထုတ်ရေးကို ပညာရေးက
ဆောင်ရွက်ခဲ့ပါတယ်။ ယနေ့ မြန်မာ့ လူ့အဖွဲ့အစည်း ဦးတည်နေတဲ့လမ်းကြောင်းက ဒီမိုကရေစီ
လူ့အဖွဲ့အစည်းပါ။ အဲဒီလူ့အဖွဲ့အစည်းအတွက်လိုအပ်တဲ့ စံပြဒီမိုကရေစီ နိုင်ငံသား လေ့ကျင့်ပေးရန်မှာ ယနေ့ခေတ်ပညာရေးရဲ့တာဝန်ပါ။
မြန်မာ့ ပညာရေးက ဒီမိုကရေစီ အရည်အသွေးပြည့်ဝသူများလေ့ကျင့်ပေးတာ
အထူးအဆန်းမဟုတ်ပါ။ ၁၉၅၄ခုနစ် ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရရဲ့ ၈ နှစ်တာပညာရေးစီရင်ခံစာကိုတစ်နေ့ကဖတ်မိတော့
ကျောင်းသူတစ်ဦး ကျောင်းသားကိုယ်စလှယ်ရွေးနေတဲ့ ဓာတ်ပုံကို တွေ့မိပါတယ်။ အဲ့ဒီအချိန်
မြန်မာ့ ပါလီမန် ဒီမိုကရေစီနဲ့ လိုက်လျောညီထွေမှုရှိမယ့် ဒီမိုကရေစီအလေ့အကျင့်ကို ကျောင်းသားအရွယ်က
စတင်လေ့ကျင့် ပေးခြင်းပါ။ ပညာရေးက သူ့တာဝန်ကျေခဲ့ပါတယ်။
တစ်နေ့က ဆရာလည်းဆရာလို၊ အစ်ကိုကြီးလို အတူလက်တွဲလုပ်ခဲ့တဲ့
ဘုတလင်မြို့နယ်ပြည်သူ့လွှတ် တော် ကိုယ်စလှယ် ဦးသန်းနွယ် (တာဝန်ခံ ပါမောက္ခချုပ်(ငြိမ်း)
ရတနာပုံတက္ကသိုလ်) က အဖုံးမပါ၊ စာရွက်သားတွေ ညိုနေတဲ့ စာအုပ်တစ်အုပ်ငှားတယ်။ ဘယ်တုန်းက၊
ဘယ်စာအုပ်တိုက်က ထုတ်ခဲ့မှန်းမသိခဲ့ပါ။ စာရေးသူနှင့်စာအုပ်အမည်ကိုတော့
စာအုပ်အတွင်းမှာပါတဲ့ အမှာစာများ၊ နိဒါန်းအရသိရပါတယ်။ စာရေးသူက ရန်ကုန်ခရိုင်ပညာရေးဝန်ကြီး ဦးခင်သန်းတဲ့၊
စာအုပ်အမည်ကတော့ လူမှုရေးရာသင်ပြမှုတဲ့၊
အမှာစာ၊ နိဒါန်းနဲ့ မာတိကာဖတ်ကြည့်ရုံနဲ့ပညာရေးမှာ တန်ဖိုးမဖြတ်နိုင်တဲ့ စာအုပ်ကောင်းတစ်အုပ်ဆိုတာ
သိရပါတယ်။ လူ့တန်ဖိုးမြင့်စေဖို့သဘောတရားထက်
လက်တွေ့လုပ်ဆောင်မှုက ပိုများတဲ့ပြဌာန်းစာအုပ်ပါ။ ဒါနဲ့ကျွန်တော်က အဖိုးတန်လိုက်တာဆရာ၊ ဒီလိုမြင့်မားပြီးခေတ်ရှေ့ပြေးနေတဲ့
ပညာရေးမြန်မာပြည်မှာ ရှိခဲ့တာပဲနော် ဆရာ ဆိုတော့ ဒါကြောင့်လည်းအဲဒီတုန်းက မြန်မာ့ပညာရေးဟာ
အာရှတစ်ခွင်မှာ ထိပ်အဆင့်ရှိခဲ့တယ်လို့ ဆိုကြတာ ကိုး လို့ ဦးသန်းနွယ်က ပြန်ပြောပါတယ်။
ဆရာကြီးရဲ့စာအုပ်ကို အမှာစာရေးသူ သုံးဦးရှိပါတယ်။
ပညာမင်းကြီး ဦးဘွား၊ ရန်ကုန်တက္ကသိုလ် ဆရာအတတ်သင် မဟာဌာနမှူး ဦးကွန်းနှင့် မြန်မာနိုင်ငံ
ပညာမင်းကြီးရုံး၊ ပညာရေးသုတေသနအရာရှိ ဦးဘမြင့်တို့ပါ။ ဆရာကြီးဦးကွန်းရဲ့ အမှာစာမှာ
ပြည်ထောင်စု မြန်မာနိုင်ငံသည် ဒီမိုကရေစီကျင့်သုံးနေသော
နိုင်ငံဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံ၏
ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီစနစ်ကို အခြေခံကာရေးဆွဲ ထားသော ဥပဒေဖြစ်သည်
လို့ ဆိုပြီး အဲဒီခေတ် နိုင်ငံတော်၏မူ၊ လမ်းစဉ်ကို ဖော်ပြခဲ့ပါသည်။ ပြီးလျှင် ဒီမိုကရေစီ
နိုင်ငံတော် အဓွန့်ရှည် တည်တံ့ ခိုင်မြဲစေရန် အဓိက လိုက်နာကျင့်သုံးမည့်သူများကို ဆရာကြီး၏
အမှာစာတွင် ဆက်လက်ဖော်ပြထားသည်မှာ ကို ဒီမိုကရေစီနိုင်ငံတွင်
ဒီမိုကရေစီ အဓွန့်ရှည်တည့်တံ့ခိုင်မြဲရေး အတွက် လူကြီးများသာမက ကလေးများအားလည်း ဒီမိုကရေစီဝါဒ
လိုက်နာကျင့်သုံးစေ သင့်သည်။ ကလေးများအားငယ်စဉ်ကတည်းက ဒီမိုကရေစီကျသော နေထိုင်မှု အလေ့အထကို ရစေလျှင်
၎င်းတို့သည် ကြီးပြင်းလာသော် ဒီမိုကရေစီစနစ်ကို
လိုက်နာကျင့်သုံးသွားကြလိမ့်မည်။ လူကြီးရော
ကလေးပါဒီမိုကရေစီ ကျင့်သုံးသော နိုင်ငံတွင် ဒီမိုကရေစီဝါဒသည် အဓွန့်ရှည်စွာ တည့်တံ့ခိုင်မြဲလိမ့်မည်။ ထို့ကြောင့် ကလေးလူငယ် များအား
ကျောင်းနေစဉ်ကလေးဘဝမှစ၍ ဒီမိုကရေစီစနစ် နေထိုင်မှု အလေ့အထများကို ကလေးများအားရရှိ
စေသင့်သည်ဆိုပြီး နိုင်ငံတစ်နိုင်ငံတွင်
ဒီမိုကရေစီကျင့်စဉ်အစ စာသင်ကျောင်းကဟု
တိတိကျကျ ဖော်ညွှန်းလိုက်တာပါ။ နောင်ဝယ်လူကြီးဖြစ်လာမည့် ယနေ့ကလေး (အနာဂတ်ခေါင်းဆောင်လောင်း)ကို ကလေးဘဝမှ အစပြုပါမှနိုင်ငံတာဝန်ထမ်းနိုင်တဲ့ဘဝမှာစံပြည့်ဒီမိုကရေစီသားကောင်းရတနာများ
ဖြစ်လာ မှာမို့ပါ။
စာရေးသူဆရာကြီး ဦးခင်သန်းကတော့ သူ့စာအုပ်မှာ
လက်တွေ့ဘဝနဲ့ဆက်စပ်သော ပညာရေးဟု အစ ချီကာ
ဒီမိုကရေစီ တည်တံ့ခိုင်မြဲရေး
ဒီမိုကရေစီ နှင့် ကျောင်းတာဝန်
မူလတန်းကျောင်းများတွင် ဒီမိုကရေစီစနစ် နေထိုင်မှု
မူလတန်းစာသင်ခန်းတွင် ဒီမိုကရေစီကျင့်သုံးမှု
ဒီမိုကရေစီနေထိုင်မှုသည် မည်သည့်အတန်းက စသင်မည်နည်း။
ကျောင်းတွင် ဒီမိုကရေစီစသည်ဖြင့် ခေါင်းစဉ်တွေ
ခွဲပြီးဖော်ပြခဲ့ပါတယ်။ ဒီမိုကရေစီကို အဓိပ္ပါယ်ဖွင့်ဆို ရာ၌ ဆရာကြီးက ‘လူတိုင်း လူတိုင်း၌ လူအဖြစ် နေထိုင်ခွင့်၊ လွတ်လပ်စွာပြုမူပြောဆိုနေထိုင်ခွင့်ရှိသည်။
ထို့အခွင့်အရေးကို လူတိုင်းလူတိုင်း ခံစားနိုင်အောင် လူတိုင်းဆောင်ရွက်ရန်လိုသည်’ လို့ဆိုပြီး လူသားတိုင်းသည် ငြိမ်းချမ်းသာယာဝပြောစွာ
လူဘဝကြီးမှာ နေထိုင်ခွင့်ရှိကြောင်းဖော်ပြထားပါသည်။
ဒါအပြင် ဆရာကြီးက ဒီမိုကရေစီဆိုတာ နိုင်ငံရေးသမား၊
ပညာတတ်တွေသာ သိထားရမည့် အရာမဟုတ်ပါ။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန်သိပြီး နေ့စဉ်လူမှုဘဝမှာ
အသုံးချဖို့ဖြစ်ကြောင်းကို
‘ဒီမိုကရေစီသည်
သဘောတရားသက်သက်မဟုတ်၊ နေ့စဉ်နဲ့အမျှ ကျင့်သုံးဆောင်ရွက် ရမည့် ကျင့်စဉ် ဖြစ်သည်။ အချုပ်အားဖြင့်ဆိုလျှင်
ဒီမိုကရေစီသည် လူအများသင့်မြတ်စွာ စုပေါင်း၍ သင့်မြတ်စွာစုပေါင်းနေထိုင် နိုင်ရေးအတွက်
နေထိုင်မှုစနစ်တစ်ရပ်ဖြစ်သည်’ ဟု ဖော်ပြထားပါသည်။ ထို့အပြင်ဆရာကြီးက ‘ကျောင်းကို ဒီမိုကရေစီပုခပ်ဟုပြောစမှတ်ပြုကြသည်။
ကလေးများကျောင်းထွက်လျှင် လောကသားအနေဖြင့် တာဝန် ထမ်းဆောင်ကြသည်ဖြစ်ရာ ဒီမိုကရေစီကို
ကလေးများ၏ အိမ် နှင့် ကျောင်းတွင် မျိုးစေ့ချပေး၍ ကလေး၏ ပတ်ဝန်းကျင် သည်လည်း ဒီမိုကရေစီရနံ့တို့ဖြင့်
သင်းပျံ့ကြိုင်လှိုင်စေရမည်။ ကျောင်းတွင် ကလေးများ၏ နေစဉ် အတွေ့အကြုံများသည် သဘာဝကျသော ဒီမိုကရေစီနေထိုင်မှု အတွေ့အကြုံများဖြစ်ရမည်’ ဆိုပြီး ပညာရေးက လေ့ကျင့်ပေးနေတာဟာ ကလေးတွေရဲ့ အနာဂတ်မှာ
သူတို့လျှောက်လှမ်းရမည့် လမ်းကြောင်းနှင့် လိုက်လျော ညီထွေ ရှိစေရန်အတွက် ကြိုတင်ပြင်ဆင်ပေးတာဖြစ်ပြီး
ဒီမိုကရေစီ လူ့ဘောင်အတွက် ကျွန်တော်တို့ကျောင်း တွေ မဖြစ်မနေလေ့ကျင့်ပေးရမည်ဖြစ်ကြောင်း
မီးမောင်း ထိုးပြတာပါ။
ဒီမိုကရေစီအလေ့အကျင့်ကို အထုံပါရမီဖြစ်အောင်
ပြင်ဆင်လေ့ကျင့်ပေးရမည်ဆိုလျှင် ဘယ်အတန်း ကစပြီး
ကျောင်းတွေမှာ သင်ရမှာလဲဆိုတာနဲ့ ပတ်သက်၍ ဆရာကြီးက ‘ဒီမိုကရေစီ လက်တွေ့ကျင့်သုံးစေမှုကို ကလေးကျောင်းသို့ရောက်လာသော ပထမနှစ်
(Grade one ဟုဆိုလိုဟန်တူပါတယ်) ၌ပင် အစပြုသင့်သည်။ ကလေးတို့သည် လွတ်လပ်စွာပြောဆို ဆွေးနွေးခွင့်
လွတ်လပ်စွာဝေဖန်ခွင့်နှင့် အစုလိုက်ဆုံးဖြတ်ခွင့်ရသော လုပ်ငန်းတို့တွင် ပါဝင်လိုသောဆန္ဒ
ရှိကြသည်။ တစ်တန်းလုံးပါဝင်လုပ်ဆောင်ရသောသန့်ရှင်းရေး၊ စာသင်ခန်း ပစ္စည်းများထိန်သိန်းရေး၊ စာသင်ခန်း တံခါးဖွင့်ပိတ်ခြင်း
စသည်တို့ဖြစ်သည်’ ဆိုပြီးကလေးအရွယ်နဲ့လိုက်မည့် ဒီမိုကရေစီလူမှုရေးဘဝကို ကျောင်းကိုစတင်ရောက်ကတည်းကလေ့ကျင့်သွားရန်ပါ။
နောင်အတန်းတွေကြီး
လာလျှင် သည့်ထက် မြင့်မားသော ဒီမိုကရေစီအလေ့အကျင့်များဖြစ်သည့်
အသင်းအဖွဲ့များ (ပန်းချီအနုပညာအသင်း၊ ကြက်ခြေနီ အသင်း၊ အားကစားအသင်း၊
သိပ္ပံအသင်း စသည်ဖြင့်) တွင် ပါဝင်လှုပ်ရှားခြင်း၊
ကျောင်းကောင်စီတွင် ကိုယ်စာလှယ်အဖြစ် အရွေးခံခြင်းနှင့် ကိုယ်စလှယ်များ
မဲပေးခြင်း၊
တို့ကိုလုပ်ဆောင်ကြရ မည်ဟု ရေးသားထားသည်။
ဆရာကြီးက အချုပ်အားဖြင့် ဒီမိုကရေစီကျောင်းသည်
၁။
ဒီမိုကရေစီ၏ မွန်မြတ်ချက်များနှင့် တန်ဖိုးကိုနားလည်စေရန်
၂။
လူမှုဆက်ဆံရေးပိုမိုကောင်းမွန်စေရန်နှင့် ဂုဏ်ကို ပိုမိုထင်ရှားစေရန်
၃။
ပြည်ထောင်စုနှင့် ပြည်ထောင်စုသူ ပြည်ထောင်စုသားတို့၏ အကြောင်းကို နားလည်စေရန်
၎။
လူ၏အင်အားနဲ့ သဘာဝအင်အားစုကို ထိန်းသိမ်းပေးရန်
၅။
လွတ်လပ်သောကမ္ဘာတွင် ပိုမိုကောင်းမွန်သော ပြည်သူပြည်သားဖြစ်လာရန်
၆။
ဒီမိုကရေစီ၏ရင်ဆိုင်ရမည့် ပြဿနာများကို ပိုမိုနားလည်ရန်
ရ။
ဒီမိုကရေစီသည် ပြုပြင်ဖန်တီးပေးသော လုပ်ငန်းစဉ်ဖြစ်ကြောင်းသိနားလည်စေရန်
၈။
အမျိုးသားတိုးပွားရေး
(ဖွံ့ဖြိုးတိုးတတ်ရေးဟု ဆိုလိုတာလို့ ထင်ပါတယ်) တွင် လူတိုင်း
ပါဝင်ဆောင်ရွက် ရမည်ကို ကလေးများအားလုံးသဘောပေါက်စေရန်ဟု ဖော်ပြထားပါသည်။
သူတို့ခေတ်မှာပညာရေးက တာဝန်ကျေခဲ့သည်။ ကျွန်တော်တို့ကလည်း
မြင့်မားသည့်ပညာရေးကို ဖော်ဆောင်ပါမှ တာဝန်ကျေသည့်ဘဝရောက်မှာပါ။ ဒါကြောင့်ကလေးတွေကို
ဒီမိုကရေစီအလေ့အထ ခိုင်မြဲအောင်နှင့် နောင်အခါတွင်
ဒီမိုကရေစီကျင့်စဉ်အစ စာသင်ကျောင်းကဟူသော ဆောင်ပုဒ် ပေါ်ထွန်းလာအောင် ကျောင်းတွေမှာ
ဒီမိုကရေစီနှင့် ဆိုင်သောစာသင်ခန်းများ သင်ကြားမှုစတင် လေ့ကျင့်ပေးဖို့ အချိန်အခါကောင်းကို
သုံးနိုင်ပါမှ ပညာရေးကိုမြင့်တင်ရာ ရောက်မှာပါ။
ပြည်သူ့ခေတ်၊
အတွဲ (၂)၊ အမှတ် (၆၈) မှ
0 comments:
Post a Comment