လူ့အခွင့်အရေးတိုက်ပွဲဝင် ပုဂ္ဂိုလ်ကျော်များ ။
by သား လိမ် မာ on Friday, November 25, 2011 at 5:21pm
လူ့
သမိုင်းမှာ လူ့အခွင့်အရေးဆိုတဲ့ စကားလုံးကို တွင်တွင်ကျယ်ကျယ်
သုံးစွဲလာခဲ့တာ သိပ်မကြာသေးပါဘူး။ လူ့အခွင့်အရေး ကြေညာစာတမ်း ဆိုပြီး
ကုလသမဂ္ဂအဖွဲ့ကြီးက ထုတ်ပြန်ကြေညာခဲ့တာလည်း ယခု ၂ဝ၁၁ ခုနှစ်က
ပြန်ရေတွက်မယ်ဆိုရင် ၆၃ နှစ်ပဲ ရှိပါသေးတယ်။
မြန်မာနိုင်ငံမှာ တော့ လူ့အခွင့်အရေးဆိုတဲ့ စကားကို လူပြောသူပြော များလာတာဟာ ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီး နောက်ပိုင်းကာလမှာ ဖြစ်ပါတယ်။ များသောအားဖြင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုပြီး တွဲသုံးတတ်ပါတယ်။ ၁၉၆၂ ခုနှစ်ကစပြီး စစ်အာဏာရှင်ရဲ့ လက်အောက်ကို ကျရောက်ခဲ့ရတဲ့ မြန်မာနိုင်ငံသားများအနေနဲ့ လူထောင်ပေါင်းများစွာ အသက်ကို စတေးပြီးမှ ဒီစကားလုံးတွေကို ပြောခွင့်ရလာခဲ့တာပါ။ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီးမတိုင်မီ ဆိုရှယ်လစ်ခေတ်က ဆိုရင် ဒီစကားလုံးတွေကို သိမြင်ပြောကြားတဲ့သူ အလွန်နည်းပါးခဲ့ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်းကို မြန်မာဘာသာနဲ့ထုတ်ဝေဖြန့်ချိခဲ့ဖူးပေမယ့် လူထုကြားထဲ မပျံ့နှံ့ခဲ့ပါဘူး။ အခြေခံပညာ ကျောင်းသားများအတွက် အလွယ်တကူ နားလည်အောင် ပြန်လည်ရေးသားထားတဲ့ လူ့အခွင့်အရေးကြေညာစာတမ်းကို သတင်းစာဆရာကြီး ဦးညိုမြက သူ့ရဲ့ အိုးဝေဂျာနယ်မှာ ဘာသာပြန်ဆို ထည့်သွင်းခဲ့ဖူးပါတယ်။ ဒါကိုလည်း အာရုံစိုက်မိတဲ့သူ အရေအတွက် မများလှပါ။ ဦးညိုမြရဲ့ ဘာသာပြန်မူကို ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံအတွင်းမှာ ဖြန့်ချိတာ တွေ့ရပါတယ်။
၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၁ဝ ရက်မှာ ကုလသမဂ္ဂအထွေထွေညီလာခံကြီးက လူ့အခွင့်အရေးကြေညာ စာတမ်းကို ထုတ်ပြန်ကြေညာပါတယ်။ အခုအချိန်မှာ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၂ နိုင်ငံ ရှိနေပြီဖြစ်တဲ့ ကုလသမဂ္ဂအဖွဲ့ကြီးဟာ အဲဒီ ၁၉၄၈ ခုနှစ်တုန်းကဆိုရင် အဖွဲ့ဝင် နိုင်ငံပေါင်း ၅၈ နိုင်ငံသာ ရှိပါသေးတယ်။ လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကို အဖွဲ့ဝင်နိုင်ငံ ၅ဝ က ထောက်ခံခဲ့ပြီး ကျန်တဲ့ ၈ နိုင်ငံကတော့ ကန့်လည်း မကန့်ကွက် ထောက်လည်း မထောက်ခံ ကြားနေခဲ့ပါတယ်။ အဲသည်တုန်းက မြန်မာနိုင်ငံဟာ ထောက်ခံမဲ ပေးခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ လူ့အခွင့်အရေးကြေညာစာတမ်းကြီးကို ပထမဆုံး ထောက်ခံမဲပေးတဲ့ နိုင်ငံများအတွင်း ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံဟာ ဒီနေ့ဒီအချိန်မှာတော့ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေး အချိုးဖောက်ဆုံး နိုင်ငံတခု ဖြစ်နေပါပြီ။
မြန်မာပြည်သူလူထုအ နေနဲ့ လူ့အခွင့်အရေးဆိုတဲ့ စကားလုံးကို ထုတ်ဖော်ပြောဆိုနိုင်နေပေမယ့် ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းထဲက အခွင့်အရေးတွေကိုတော့ လက်ဆုပ်လက်ကိုင် ပိုင်ပိုင်နိုင်နိုင် မရသေးပါဘူး။ လူ့အခွင့်အရေး ကြေညာစာတမ်း ရေးသားထားတဲ့ စာရွက်တွေကို လူထုကြားမှာ ဖြန့်ဝေတယ်ဆိုရင် အဖမ်းခံရတာမျိုးတွေ ရှိနေပါသေးတယ်။ လူ့အခွင့်အရေးကို အမျိုးမျိုးချိုးဖောက်နေတဲ့ အစိုးရကလည်း လူ့အခွင့်အရေးဆိုတာ ဗိုလ်ကျစိုးမိုးချင်တဲ့ အနောက်နိုင်ငံများက မကြာခင်ကမှ တီထွင်လိုက်တဲ့ အရာတခုလိုမျိုး ဝါဒဖြန့်နေခဲ့ပါတယ်။ လူ့အခွင့်အရေးဆိုတာ အနောက်နိုင်ငံသားတွေနဲ့သာ သက်ဆိုင်ပြီး အရှေ့တိုင်းယဉ်ကျေးမှုနဲ့ ဆန့်ကျင်နေသလိုမျိုး စွပ်စွဲပြောကြနေတာလည်း ရှိပါသေးတယ်။
လူ့အခွင့်အ ရေးဆိုတဲ့ အရာဟာ မျက်မှောက်ခေတ်မှာမှ ပေါ်ပေါက်လာတဲ့အရာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်း ၄ဝဝဝ ကျော်က အာဖရိကတိုက် မက်ဆို ပိုတေးမီးယားနိုင်ငံမှာ ပေါ်ပေါက်ခဲ့တဲ့ ဟမ်မူရာဘီကိုဓ ဥပဒေမှာ လူ့အခွင့်အရေး တချို့ ပါဝင်နေတယ်လို့ သမိုင်းပညာရှင်များက ဆိုပါတယ်။ ဟမ်မူရာဘီကိုဓ ဥပဒေထဲမှာ အမျိုးသမီးအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ ကျေးကျွန်အခွင့်အရေး စသဖြင့် ပါရှိခဲ့ပါတယ်။
စာပေအရေး အသားနဲ့ ခိုင်ခိုင်မာမာတွေ့တာကတော့ ၁၈၇၉ ခုနှစ်တုန်းက အီရန်နိုင်ငံမှာ တွေ့ခဲ့တဲ့ ဆလင်ဒါပုံ ရွှံ့တုံးတတုံးပေါ်က အထောက်အထားဖြစ်ပါတယ်။ ဒီစာကို ရေးသားခဲ့တဲ့အချိန်က အင်ပါယာအရှင် ဘုရင်ကြီး ပိုင်းရတ်အုပ်ချုပ်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆ဝဝ လောက်က ဖြစ်ပြီး အဲဒီအချိန်က အီရန်နိုင်ငံလို့ မခေါ်ဘဲ ပါးရှားနိုင်ငံလို့ ခေါ်ခဲ့ပါတယ်။ အဲဒီရွှံ့တုံးပေါ်မှာ ရေးသားထားတာတွေက ဘုရင်ကြီးပိုင်းရတ်ရဲ့ အမိန့်ပြန်တမ်းတွေဖြစ်ပြီး ကျေးကျွန်တွေကို လွတ်လပ်ခွင့်ပေးတာတွေ၊ အလုပ်သမားတွေကို လုပ်အားခ ပေးတာတွေ၊ ဘာသာရေး လွတ်လပ်ခွင့်ပေးတာတွေ ပါဝင်ပါတယ်။ ဒီအမိန့်ပြန်တမ်းပါတဲ့ ရွှံ့တုံးကြီးကို ဗြိတိသျှပြ တိုက်မှာ သိမ်းဆည်း ပြသထားပါတယ်။ ဒီရွှံ့တုံးအတိုင်း ပြုလုပ်ရေးသားထားတဲ့ ပုံတူတခုကတော့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ ရှိပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃ဝဝ လောက်က အိန္ဒိယနိုင်ငံမှာ ပေါ်ထွန်းခဲ့တဲ့ အာသောကမင်းကြီး လက်ထက်မှာလည်း တိုင်းသူပြည်သားများကို လူ့အခွင့်အရေးတချို့ကို ပေးခဲ့တာ တွေ့ရပြန်ပါတယ်။ ဘာသာရေး၊ နိုင်ငံရေး ဇာတ် ခွဲခြားမှု မရှိတာတွေ၊ အခမဲ့ပညာရေး၊ အခမဲ့ ဆေးကုသမှု၊ လူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ အကြမ်းမဖက်မှု စသဖြင့် ဒီကနေ့ လူ့အခွင့်အရေးဆိုတာတွေရဲ့ အခြေခံအချက်တချို့ကို အာသောကမင်းကြီးရဲ့ ကျောက်စာမှာ တွေ့ရပါတယ်။ မြန်မာလူမျိုးတွေအနေနဲ့ အာသောကမင်းကြီးနဲ့ ပတ်သက်ရင် ရေတွင်းပေါင်း ရှစ်သောင်းလေးထောင်၊ ရေကန်ပေါင်းရှစ်သောင်းလေးထောင် လှူဒါန်းခဲ့တယ် ဆိုတာလောက်ပဲ သိနေခဲ့တာပါ။ တကယ်တော့ အာသောက မင်းကြီးဟာ လူ့အခွင့်အရေးတွေလည်း ပေးခဲ့တဲ့သူ ဖြစ်ပါတယ်။
ဒီအထောက်အထား တွေအရ လူ့အခွင့်အရေးဆိုတာဟာ အရှေ့တိုင်းဒေသမှာ ရှေးကတည်းက ရှိခဲ့ဖူးတဲ့ အရာတွေလို့ ပြောနိုင်ပါတယ်။ ဒါကြောင့် လူ့အခွင့်အရေးဆိုတာကို အနောက်နိုင်ငံများရဲ့ တီထွင်ဖန်တီးမှုအဖြစ် အရှေ့တိုင်းဒေသက အာဏာရှင်အစိုးရများ ပြောဆိုနေကြတာဟာ သမိုင်းကို ဖျောက်ဖျက်တာပဲ ဖြစ်နေပါတယ်။
အနောက်တိုင်း မှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ဂဝဝ လောက်က အင်္ဂလန်က ဘုရင်ဂျွန်လက်ထက်မှာ ပေါ်ပေါက်ခဲ့တဲ့ မဂ္ဂနာကာတာ ကြေညာစာတမ်းဟာ လူ့အခွင့်အရေးတချို့ကို ဖော်ထုတ်နိုင်ခဲ့တဲ့ စာတမ်းအဖြစ် နာမည်ကြီးပါတယ်။ အစိုးရကို ဖွဲ့စည်းပုံ အခြေခံဥပေဒအောက်မှာ ထားဖို့ စတင်လုပ်ဆောင်ခဲ့တဲ့ စာတမ်းဖြစ်ပါတယ်။
မဂ္ဂနာကာတာ ကြေညာစာတမ်းနဲ့ တချိန်တည်းမှာလိုပဲ အာဖရိကတိုက် မာလီနိုင်ငံမှာ အုပ်စိုးခဲ့တဲ့ ဆွန်ဒီယာတာကိတ္တဆိုတဲ့ ဘုရင်ကလည်း လူ့အခွင့်အရေးတချို့ကို ပေးခဲ့ပါတယ်။ ကျေးကျွန်စနစ်ကို ဖျက်သိမ်းပေးခဲ့ပြီး ပုဂ္ဂလိကအခွင့်အရေးတချို့ကို ပေးခဲ့တယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝဝ ကျော်က အင်္ဂလန်နိုင်ငံမှာ ပေါ်ထွန်းခဲ့တဲ့ ပညာရှိကြီး ဂျွန်လောက်က လူ့အခွင့်အရေးရဲ့ အခြေခံ သဘာဝအခွင့်အရေး ဆိုတာကို စနစ်တကျ စပြီး တင်ပြရေးသားခဲ့ပါတယ်။ ဒီအချိန်ကစလို့ လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ ဖြစ်ရပ်ကြီးတွေဟာ အနောက်တိုင်းကမ္ဘာမှာ ဖြစ်ပွားလာခဲ့ပါတယ်။
၁၇၇၆ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အမေရိကန်တော်လှန်ရေးနဲ့ ၁၇၈၉ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ပြင်သစ်တော်လှန်ရေးတွေကြောင့် လူ့အခွင့်အရေးများကို လူသားတွေ ကျယ်ကျယ်ပြန့်ပြန့် စတင်ရရှိခဲ့ပါတယ်။ အမေရိကန်လွတ်လပ်ရေးကြေညာစာတမ်းနဲ့ ပြင်သစ် လူ့အခွင့်အရေးကြေညာစာတမ်းတွေမှာ အသက်ရှင်သန်ခွင့် လွတ်လပ်စွာ နေထိုင်ခွင့် ပျော်ရွှင်ချမ်းမြေ့မှု ရပိုင်ခွင့် စတာတွေကို အတိအလင်း ဖော်ပြခဲ့ပါတယ်။
နောက်တော့ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး စတာတွေကို အကျယ်တဝန်း ထုတ်ဖော်ရေးသားမှုတွေ ပေါ်လာပါတယ်။ သောမတ်ပိန်း၊ ဂျွန်စတူးဝပ်မီးလ်၊ ဟေဂယ်လ် စတဲ့ ပညာရှိသုခမိန်ကြီးများက လူသားရဲ့ ရပိုင်ခွင့်တွေကို ရေးသားတင်ပြခဲ့ပါတယ်။
ဒီလို ပညာရှိကြီးများထဲမှာ ထင်ရှားတဲ့ တယောက်ကတော့ အမေရိကန်တွေးခေါ်ရှင်ကြီး ဟင်နရီဒေးဗစ်သောရိုး ဖြစ်ပါတယ်။ သူဟာ လူ့အခွင့်အရေး (Human Rights) ဆိုတဲ့ စကားလုံးကို ပထမဆုံး စတင်သုံးစွဲခဲ့သူ ဖြစ်တယ်လို့ တချို့က ဆိုကြပါတယ်။ တွေးခေါ်ရှင်ကြီးသောရိုးရေးသားခဲ့တဲ့ နိုင်ငံရေးအာခံမှု စာတမ်းကြီးဟာ လူ့အခွင့်အရေးသမိုင်းမှာ အလွန်အရေးပါတဲ့ စာတမ်း ဖြစ်ပါတယ်၊၊ ဒီစာတမ်းက အိန္ဒိယလွတ်လပ်ရေးခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီနဲ့ အမေရိကန် လူမဲအခွင့်အရေးခေါင်းဆောင် မာတင်လူသာကင်းတို့အပေါ် အလွန်ဩဇာ လွှမ်းခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံရေး ခေါင်းဆောင်များ၊ လူထုခေါင်းဆောင်များ၊ ပညာရှိသုခမိန်ကြီးများရဲ့ အဆင့်ဆင့်ကြိုးပမ်းမှုတွေနဲ့ လူ့အခွင့်အရေး ဆိုတာတွေကို လူတွေ သိမြင်သဘောပေါက်လာပြီး တချို့တဝက်ခံစားရရှိလာခဲ့ကြပေမယ့် လူသားအားလုံးအတွက် တပြေးညီ ရရှိရမယ့် လူ့အခွင့်အရေး အချက်အလက်တွေကို စနစ်တကျ ဖော်ထုတ်ခဲ့တာကတော့ ကုလသမဂ္ဂအဖွဲ့ကြီးဖြစ်ပါတယ်။
၁၉၄၅ ခုနှစ်မှာ ကုလသမဂ္ဂအဖွဲ့ကြီးကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ကုလသမဂ္ဂ သဘောတူစာတမ်းကြီးထဲမှာ လူ့အခွင့်အရေးဆိုတာကို သေသေချာချာ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ လူ့အခွင့်အရေးကော်မရှင်ဆိုတာကို ဖွဲ့စည်းပြီး ပညာရှင်အဖွဲ့နဲ့ သုံးနှစ်ကြာ ရေးဆွဲခဲ့တာပါ။ ၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၁ဝ ရက်မှာမှ အပိုဒ် ၃ဝ ပါဝင်တဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကို ကြေညာနိုင်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံအချင်းချင်း ဝေဖန် ပြောဆိုကြတဲ့အခါ လူ့အခွင့်အရေး ဘယ်လောက် ရှိသလဲ၊ လူ့အခွင့်အရေးကို ဘယ်လို ချိုးဖောက်နေသလဲ စသည်ဖြင့် ပြောဆို ဝေဖန်ကြပါတယ်။
ဒီအခြေအနေပေါ်မှာ အခြေတည်ပြီး တနိုင်ငံနဲ့ တနိုင်ငံ ဆက်ဆံရေးကို တည်ဆောက်ကြပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်တဲ့ နိုင်ငံများ အပေါ်မှာဆိုရင် သံတမန်ဆက်ဆံရေး ဖြတ်တောက်တာတွေ၊ စီးပွားရေး ပိတ်ဆို့ အရေးယူတာတွေကို လုပ်တတ်ကြပါတယ်။ မြန်မာအစိုးရအပေါ် အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့က ပိတ်ဆို့ အရေးယူတာတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက်စပ်နေပါတယ်။
ဒါပေမယ့် ကမ္ဘာမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး စနစ်တကျ ဖြစ်လာတာတော့ သိပ်မကြာသေးပါဘူး။ ၁၉၄၈ ခုနှစ်ရောက်မှ လူ့အခွင့်အရေး ကြေညာစာတမ်းဆိုပြီး ကုလသမဂ္ဂ အဖွဲ့ကြီးက ထုတ်ပြန် ကြေညာခဲ့တာပါ။ အခုအခြေအနေမှာတော့ လူ့အခွင့်အရေး ကြေညာစာတမ်းကြီးက လူ့လောကရဲ့ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းသာယာမှုအတွက် လမ်းညွှန်သဘောတရားကြီး တခု ဖြစ်နေပါပြီ။ ဒီကြေညာစာတမ်းကို အခြေပြုပြီး နိုင်ငံရေး အခွင့်အရေး၊ စီးပွားရေး အခွင့်အရေး၊ လူမှုရေး အခွင့်အရေး၊ ယဉ်ကျေးမှု အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေး စတဲ့ လူ့ဂုဏ်ရည် သိက္ခာပိုမို ထွန်းပြောင်လာစေမယ့် အခွင့်အရေးများကို ရေးဆွဲတင်ပြခဲ့ပါတယ်။
လူ့ဘောင် လောကအတွက် အလွန်အရေးပါတဲ့ ဒီလူ့အခွင့်အရေး ကြေညာ စာတမ်းကြီးကို ဦးဆောင်ရေးဆွဲသွားသူကတော့ အယ်လီနာ ရုစ်ဗဲ့လ်ဒ် အမည်ရှိတဲ့ အမျိုးသမီးကြီးပဲ ဖြစ်ပါတယ်။
အယ်လီနာ ရုစ်ဗဲ့လ်ဒ် ကို အမေရိကန် နယူးယောက်မြို့တော်မှာ ၁၈၈၄ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့မှာ မွေးပါတယ်။ ဖခင်ဖြစ်သူက အမေရိကန် သမ္မတ တဦးဖြစ်တဲ့ သီယိုဒိုး ရုစ်ဗဲ့လ်ဒ်ရဲ့ ညီ ဖြစ်ပါတယ်။ အယ်လီနာ ရုစ်ဗဲ့လ်ဒ် အသက် ၈ နှစ်အရွယ်မှာ မိခင်ကွယ်လွန်သွားပြီး အသက် ၁၀ နှစ်အရွယ်မှာ ဖခင်ဆုံးသွားတဲ့ အတွက် ငယ်စဉ်ကတည်းက အဘွားဖြစ်သူနဲ့ပဲ နေထိုင်ခဲ့ရပါတယ်။ ဘော်ဒါဆောင်ရှိတဲ့ ကျောင်းမှာ အသက် ၁၈ နှစ်အထိ ပညာသင်ကြား ခဲ့ပြီးနောက် ဇာတိဖြစ်တဲ့ နယူးယောက်ကို ပြန်လာပါတယ်။ အသက် ၂၁ နှစ်မှာတော့ အစ်ကိုဝမ်းကွဲ ဖရန်ကလင် ရုစ်ဗဲ့လ်ဒ် နဲ့ လက်ထပ်ခဲ့ပါတယ်။
လက်ထပ်ပြီး ၁၀ နှစ်ကျော် ကာလအတွင်းမှာ ကလေး ၆ ယောက် မွေးပေမယ့် သားတယောက်ပဲ အဖတ်တင်ပါတယ်။ ဒီကာလဟာ သူ့ဘ၀ရဲ့ ကလေးမွေးတဲ့ ကာလပဲလို့ အယ်လီနာက ပြောပါတယ်။ ပထမကမ္ဘာစစ်ကြီး ဖြစ်တဲ့ အခါမှာတော့ အမေရိကန် ကြက်ခြေနီအသင်းမှာ ဝင်ရောက် လုပ်ကိုင်ခဲ့သလို အမေရိကန် ရေတပ် ဆေးရုံမှာလည်း စေတနာဝန်ထမ်း လုပ်အားပေးခဲ့ပါတယ်၊၊
၁၉၂၁ ခုနှစ်ရောက်တော့ ယောက်ျားဖြစ်သူ ဖရန်ကလင် ရုစ်ဗဲ့လ်ဒ်ဟာ ပိုလီယိုရောဂါကို ခံစားရပြီး မသွားနိုင် မလာနိုင် ဘ၀ကို ကျရောက်ခဲ့ပါတယ်။ ဒီအချိန်မှာ ယောက်ျားဖြစ်သူရဲ့ နိုင်ငံရေးလုပ်ငန်းတွေကို မရပ်တန့်ရလေအောင် အယ်လီနာက ဆက်လက် ဆောင်ရွက်ပေးပါတယ်။ နိုင်ငံရေးနယ်ပယ်အတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ၀င်ရောက်လှုပ်ရှားလာသလို အမျိုးသမီး မဲဆန္ဒရှင်များ အဖွဲ့ချုပ်နဲ့ အမျိုးသမီး အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် တို့လို အဖွဲ့တွေမှာလည်း ၀င်ရောက် ဆောင်ရွက်ပါတယ်။ အကျိုးအမြတ်မယူတဲ့ ပရိဘောဂ စက်ရုံတရုံကို ထူထောင်ခဲ့ပြီး အမျိုးသမီး စာသင်ကျောင်း တကျောင်းမှာလည်း ဆရာမ ၀င်လုပ်ခဲ့ပါတယ်။
၁၉၃၂ ခုနှစ် သမ္မတ ရွေးပွဲမှာ ယောက်ျားဖြစ်သူ ဖရန်ကလင်ရုစ် ဗဲ့လ်ဒ် အနိုင်ရပြီး အမေရိကန် နိုင်ငံရဲ့ ၃၂ ဦးမြောက် သမ္မတကြီး ဖြစ်လာပါတယ်။ အယ်လီနာရုစ်ဗဲ့လ်ဒ် လည်း သမ္မတကတော် အဖြစ်နဲ့ လူမှုရေးကိစ္စတွေကို ရှေ့တန်းက ဆောင်ရွက်ရပါတယ်။ အထူးသဖြင့် ဆင်းရဲသားတွေ လူနည်းစုတွေရဲ့ အခွင့်အရေးနဲ့ လိုအပ်ချက်တွေကို ရအောင် ကူညီ ဆောင်ရွက်ပေးခဲ့ပါတယ်။ အခွင့်အရေး ဆုံးရှုံးနေသူများဘက်ကလည်း ၀င်ရောက် ကူညီပေးခဲ့ပါတယ်။
အယ်လီနာတို့ လက်ထက်မှာလည်း အမျိုးသမီးများဟာ အနှိမ်ခံ အပယ်ခံဘ၀က မလွတ်မြောက်ခဲ့သေးပါဘူး။ အယ်လီနာဟာ အမျိုးသမီးများကို ယောက်ျားများနဲ့ အခွင့်အရေး တန်းတူရအောင် ကြိုးပမ်းလုပ်ဆောင်ခဲ့ပါတယ်။ ပုံစံပြရမယ်ဆိုရင် အမျိုးသမီးဆိုရင် သတင်းထောက် မခန့်ချင်တဲ့ အစဉ်အလာကို အယ်လီနာက ရအောင် တိုက်ဖျက်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အမေရိကန် သတင်းစာများဟာ အမျိုးသားများကိုပဲ သတင်းထောက်ခန့်လေ့ ရှိပါတယ်။ သမ္မတကတော် အယ်လီနာဟာ သူ့ရဲ့ သတင်းစာရှင်းလင်းပွဲများမှာ အမျိုးသမီး သတင်းထောက်တွေကိုပဲ တက်ခွင့်ပေးတဲ့နည်းနဲ့ ဒီအစဉ်အလာကို တိုက်ခိုက်ခဲ့တာပါ။ သတင်းစာတိုက်များဟာ အလွန်အရေးကြီးတဲ့ သမ္မတကတော်ရဲ့ သတင်းစာ ရှင်းလင်းပွဲတွေကို တက်ရောက် နိုင်ဖို့အတွက် အမျိုးသမီး သတင်းထောက်တွေကို မဖြစ်မနေ ခန့်အပ်ရပါတော့တယ်။
၁၉၄၅ ခုနှစ်မှာ ခင်ပွန်းသည် ဖရန်ကလင် ရုစ် ဗဲ့လ်ဒ် ကွယ်လွန်ပါတယ်။ နိုင်ငံတော် ဈာပနပွဲက အပြန်မှာ သတင်းထောက်တွေကို အယ်လီနာက ဇာတ်လမ်း ပြီးသွားပြီလို့ ပြောလိုက်ပါတယ်။ ခင်ပွန်းသည် ကမ္ဘာကျော် ဖရန်ကလင် ရုစ် ဗဲ့လ်ဒ် ကွယ်လွန်သွားပြီ ဆိုတော့ သူဟာ ဘာမှအရေးမပါတဲ့ လူဖြစ်သွားပြီလို့ ဆိုလိုတဲ့ သဘောနဲ့ အဲသည်စကားကို ပြောလိုက်တာပါ။
အယ်လီနာရဲ့ တကယ့်ဘ၀ဟာ အဲဒီအချိန်မှာမှ စတင်တာဖြစ်ပြီး ပင်ကိုယ် အရည်အချင်းကလည်း အဲဒီအချိန်မှာမှ စတင် ပွင့်လန်းလာတာ ဖြစ်ပါတယ်။
သည်ကိုယ်တွေ့ ဖြစ်ရပ်အပေါ်မှာ အကြောင်းပြုပြီး အယ်လီနာ ရုစ်ဗဲ့လ်ဒ် ပြောတတ်တဲ့ စကားတခွန်း ရှိပါတယ်။ အမျိုးသမီးတွေဟာ လက်ဖက်ခြောက်ထုပ်နဲ့ တူတယ်၊ ရေနွေးပူနဲ့ စိမ်တော့မှပဲ တကယ့်အစွမ်းသတ္တိတွေ ထွက်လာတယ်ဆိုတဲ့ စကားပါ။
အယ်လီနာဟာ ငယ်စဉ်က မိဘမဲ့တယောက်လို နေခဲ့ရတယ်။ ကမ္ဘာကျော် သမ္မတနဲ့ အိမ်ထောင်ဖက်ခဲ့ရပေမယ့် အိမ်ထောင်ရေး ပြဿနာကြောင့် ကွာရှင်းပြတ်လု အနေအထားထိ ရောက်ခဲ့တယ်။ ကမ္ဘာစစ်ကြီး ၂ ခုကို ကြုံခဲ့ရသလို စီးပွားပျက်ကပ်နဲ့ ရင်ဆိုင်ခဲ့ရတယ်။ ယောက်ျားဆုံးတော့ သူ့ဘ၀ဆုံးပြီလို့ ထင်မှတ်ခဲ့ပါတယ်။ မုဆိုးမတယောက် အနေနဲ့ မထင်မရှား နေရတော့မယ်လို့ ထင်တဲ့ အချိန်ရောက်မှ အယ်လီနာရဲ့ အရည်အချင်းကို စိန်ခေါ်မယ့် ဘ၀အလှည့်အပြောင်းတခု ပေါ်ပေါက်လာခဲ့ပါတယ်။
အဲဒါကတော့ အမေရိကန် သမ္မတ ထရူးမင်းက အယ်လီနာကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကုလသမဂ္ဂ အဖွဲ့ကြီးကလည်း လူ့အခွင့်အရေး စာတမ်းကို ရေးဆွဲဖို့ ပြင်ဆင်နေတဲ့အချိန် ဖြစ်ပါတယ်။ အယ်လီနာ ရုစ်ဗဲ့လ်ဒ် ဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်မှာ ပထမဦးဆုံး ဥက္ကဋ္ဌ ဖြစ်လာပါတော့တယ်။
တကယ်တော့ လူ့အခွင့်အရေး စာတမ်းကို ရေးဆွဲရတာ မလွယ်လှပါဘူး။ နိုင်ငံပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှု ပေါင်းစုံနဲ့ အံဝင်ခွင်ကျဖြစ်အောင် ရေးဆွဲရတာပါ။ လူမှန်သမျှတိုင်းက လက်ခံနိုင်တဲ့ အနေအထားမျိုး ရောက်အောင် ရေးဆွဲရတာပါ။
အယ်လီနာဟာ အရှေ့တိုင်း၊ အနောက်တိုင်းက အတွေးအခေါ်ရှင်တွေ၊ ဘာသာရေး ပညာရှင်တွေနဲ့ ညှိနှိုင်းပြီး ဒီစာတမ်းကြီးကို ရေးဆွဲခဲ့ပါတယ်။ မပြီးမပြတ် မကျေမလည်ဖြစ်လို့ ဆုံးဖြတ်ရမယ့် အခါတိုင်းမှာ အယ်လီနာကပဲ ဆုံးဖြတ်ပေးပါတယ်။ ဒီလိုနဲ့ ၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးက ကန့်ကွက်မဲ မရှိ ထောက်ခံ အတည်ပြုပေးနိုင်တဲ့ အနေအထားကို ရောက်လာပါတယ်။
ဒီလူ့အခွင့်အရေး ကြေညာစာတမ်းကြီး ပေါ်ထွက်လာခြင်းဟာ လူ့ယဉ်ကျေးမှု သမိုင်းမှာ အလွန်ကြီးကျယ်ခမ်းနားတဲ့ မှတ်တိုင်ကြီးကို ထူစိုက်လိုက်တာပါပဲ။ ဒီလူ့အခွင့်အရေး ကြေညာစာတမ်းကြီးဟာ လူသားရဲ့ အကျင့်သီလစိတ်ကို အမြင့်မားဆုံး ဖော်ထုတ်ပြသချက် ဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီးက ချီးကျူး ပြောကြားလိုက်ပါတယ်။ သည်လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကို ဦးဆောင် ရေးဆွဲသွားတဲ့ အတွက်ပဲ အယ်လီနာကို ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းကြီးက ၂၀ ရာစုရဲ့ ထိပ်တန်းခေါင်းဆောင် ၁၀၀ စာရင်းမှာ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ ထူးခြားတာကတော့ အဲဒီ ခေါင်းဆောင် ၁၀၀ စာရင်းမှာ အယ်လီနာရဲ့ ခင်ပွန်းသည် ဖရန်ကလင်ရုစ် ဗဲ့လ်ဒ်လည်း ပါဝင်နေတဲ့ အချက်ပါ။
ဒါပေမယ့် အယ်လီနာရုစ်ဗဲ့လ်ဒ်ဟာ ခင်ပွန်းသည်ရဲ့ အရိပ်ကို ခိုလှုံပြီး နေရာရလာသူ မဟုတ်ပါဘူး။ သူ့ရဲ့ ပင်ကိုယ်အရည်အချင်းနဲ့ ထိပ်တန်းအဆင့်ကို ရောက်လာသူပါ။ သူ့ရဲ့ကိုယ်ပိုင် အစွမ်းအစနဲ့ လူ့သမိုင်းကို အလှည့်အပြောင်း လုပ်ခဲ့သူပါ။
ဒါကြောင့်လည်း လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကို ရေးဆွဲပြီးတဲ့အခါမှာ အမေရိကန် သမ္မတ ထရူးမင်းက အယ်လီနာ ရုစ်ဗဲ့လ်ဒ်ဟာ အမေရိကန် ပြည်ထောင်စုရဲ့ ခေါင်းဆောင်အမျိုးသမီး (first lady) အဖြစ်ကနေ ကမ္ဘာကြီးရဲ့ ခေါင်းဆောင် အမျိုးသမီး ဖြစ်သွားပြီလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ခင်မောင်စိုး ။
0 comments:
Post a Comment