လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးက ပြင်ဆင်ပေးရန် ပျက်ကွက်နေဆဲ . .
by Thaung Hein on Friday, November 11, 2011 at 12:26am
Saturday, 15 October 2011 00:05 အယ်ဒီတာ
ပညာခေတ်ကို လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးရေး စံနှုန်းများဖြင့် တိုင်းတာလာကြပါသည်။ အသိ၊ အတွေးကြွယ်သော နိုင်ငံသားများကို လေ့ကျင့်ပျိုးထောင် မွေးထုတ်ရန်အတွက် အသေချာဆုံးမှာ ဒီမိုကရက်တစ် စာသင်ခန်းများနှင့် စွမ်းဆောင်ရည်ပြည့်ဝသောကျောင်းဆရာထုဖြစ်၏။
၂၀၁၁ ခုနှစ် ကမ္ဘာ့ဆရာများနေ့ကို တကမ္ဘာလုံးမှာ ကျင်းပခဲ့အပြီး ၅ ရက်အကြာ အောက်တိုဘာလ၊ ၁၁ ရက်နေ့မှာ အခြေခံပညာကျောင်းဆရာဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၄၃) ကို အထက်မြန်မာပြည် ဗဟိုဝန်ထမ်းတက္ကသိုလ်မှာ ကျင်းပခဲ့ကြောင်းသိရှိရသည်။ ဆရာဆရာမ ၁၅၀၃ ဦးတို့ တက်ရောက်ခဲ့သည့် အထူးမွမ်းမံသင်တန်းတွင် ပညာရေးကော်မီတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေး တက်ရောက်ပြီး ဖွင့်လှစ်ခဲ့ကြောင်းလည်း သတင်းရရှိပါသည်။ နှစ် ၃၀- နှစ်ရှည် ပညာရေးစီမံကိန်း ရည်မှန်းချက်များအကြောင်းနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ပညာရေး အရေးကြီးပုံတို့နှင့် ပတ်သက်ပြီး တင်ပြသွား၏။
မှန်၏။ ပညာရေးခေတ်၏ စိန်ခေါ်မှုတို့ကို ရင်ဆိုင်ရန် လူ့စွမ်းအားအရင်းအမြစ် တိုးတက်ရေးမှာ လွန်စွာ အခရာကျပါသည်။ သို့ရာတွင် မြန်မာ့ပညာရေးက လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးရေးအတွက် အမှန်တကယ်ပင် ပြင်ဆင်ပေးနေပါသလော။
သက္ကရာဇ် ၂၀၀၀ - ၂၀၀၁ ခုနှစ်မှ ၂၀၃၀-၂၀၃၁ အထိ အနှစ် ၃၀ ပညာရေးစီမံကိန်းကာလတွင် ပထမ ဆယ်စုနှစ်ကို ကျော်လွန်လာပြီဖြစ်သည့် ၂၀၁၁ အထိ စီမံကိန်းလုပ်ငန်းစဉ် ၁၀ ရပ်တွင် မည်သည့် စီမံကိန်းမျှ အောင်မြင်မှု မရရှိသေးသည်ကို အထင်အရှား လေ့လာတွေ့ရှိနိုင်ပါသည်။ အထူးသဖြင့် တကမ္ဘာလုံးဆိုင်ရာ ထောင်စုနှစ် ရည်မှန်းချက်များလည်းဖြစ်၊ မြန်မာ့ပညာရေးတွင် အရည်အတွက်နှင့် အရည်အချင်း တိုးတက်ရေး အတွက်လည်း အခရာကျနေသည့် လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်ရေးတွင် ပြဿနာ ထုနှင့်ထေး ရှိနေဆဲ။ မူဝါဒအားနည်းသည့် အခြေအနေတွင် အာဏာပိုင်တို့၏ နိုင်ငံရေးဆန္ဒ ကင်းမဲ့နေမှုကြောင့်လည်း ဤအရေးကြီးသည့် ကိစ္စရပ်အတွက် အဖြေကိုမည်သို့မည်ပုံ ရှာဖွေကြမည်နည်း။ ပြည်တွင်းရှိ မြန်မာ့ ပညာရေးသမားများ၊ ပညာရှင်များက တိုက်ရိုက်တမျိုး၊ သွယ်ဝိုက်၍တဖုံ စေတနာဖြင့် တင်ပြထားချက်များ၊ သုတေသန ပြုချက်များကိုလည်း အရေးတယူ စဉ်းစားလုပ်ဆောင်ရန် ပျက်ကွက်နေပြန်ပါသည်။
ကိန်းဂဏန်းများက ခြောက်လှန့်နေလေသည်။
အသက် ၃ နှစ်မှ ၁၈ နှစ်အတွင်းကျောင်းနေအရွယ် ကလေးငယ် ဦးရေ ၁၃ သန်းခန့် ရှိသည်ဟု ခန့်မှန်းရသည်။ (၂၀၀၆ ယူနီဆက်ဖ် အစီရင်ခံစာအရ ၁၂ သန်းခန့်ရှိခဲ့ပါသည်။) သို့ရာတွင် ၂၀၁၁ အခြေခံပညာရေးတွင် ကျောင်းအပ်ထားသူဦးရေမှာ ၇.၅ သန်းမျှသာ ရှိလေရာ ကျောင်းနေအရွယ် ကလေးငယ် ၅ သန်းကျော်မျှ ကျောင်းစာသင်ခန်း အပြင်ဘက်တွင် ရှိနေရဆဲဖြစ်၏။ ကျေးရွာ ၅ ရွာတွင်မှ ကျောင်းတစ်ကျောင်းသာ ရှိနေသေးသည်။ ကျောင်းထွက်နှုန်းမှာ ကြောက်ခမန်းလိလိ။
သန်း ၆၀ လူဦးရေ ရှိသည့် အိမ်နီးချင်းထိုင်းနိုင်ငံတွင် ကျောင်းဆရာဦးရေ ၄ သိန်းခန့် ကျောင်း ၃ သောင်း ကျော်တွင် ပညာသင်ကြားပေးလျက်ရှိသည်။ လူဦးရေ မတိမ်းမယိမ်းရှိသည့် မြန်မာပြည်တွင်မူ ကျောင်းဆရာ ဦးရေမှာ ၂ သိန်း ၆ သောင်းမျှဖြင့်သာ စခန်းသွားနေဆဲ ရှိနေလေသည်။ ကျောင်းဆရာ တသိန်းကျော်ခန့် အမှန်တကယ်လိုအပ်နေလေသည်။ အကျိုးဆက်အနေဖြင့် စာသင်ခန်းတစ်ခန်းတွင် ကလေးငယ်ဦးရေ ၄၀ ကျော်- ၅၀ ကျော်ဖြင့် ပြွတ်သိပ်ကျပ်ညှပ်စွာ ကျောင်းတက်နေရလေသည်။ လူမှုစီးပွား မပြေလည်ခြင်းနှင့် ဂုဏ်သိက္ခာကျဆင်းနေခြင်းကြောင့် ဆရာ အလုပ်စွန့်နှုန်း မြင့်မားနေဆဲ အခြေအနေနှင့် အမီ ဆရာအသစ်ကို မဖြည့်ဆည်းပေးနိုင်ပြန်ပါ။ စာသင်ခန်းများစွာမှာ အသိပညာ၊ အတတ်ပညာတို့ ဖွံ့ဖြိုးပြီး ခေတ်၏ လိုအပ်ချက်တို့ကို ရင်ဆိုင်နိုင်မည့် လူသားအရင်းအမြစ်တို့ကို လေ့ကျင့်ပျိုးထောင်ရန် များစွာ အခက်အခဲ ရှိနေပါသည်။
သို့ဖြစ်လေရာ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက်ဟု ပြည်ထောင်စု ပညာရေးဝန်ကြီး၏ ကြွေးကြော်သံကို ကျောင်းဆရာထု မည်သို့ ခံစားနိုင်ပါမည်နည်း။ ပိုမိုဆိုးရွားသည်မှာ ကလေးငယ်အားလုံး စာသင်ခန်း အတွင်းဘက်သို့ ၀င်ရောက်နိုင်ရေးအတွက် မစီမံနိုင်သေးခြင်းပင်ဖြစ်သည်။ ပညာငတ်မွတ်မှုဖြင့် ရှင်သန်နေရခြင်း၊ ပညာရေး အရည်အသွေး ပြဿနာ ရှိနေခြင်းတို့၏ တရားခံမှာ မည်သူတို့နည်း။ ကျောင်းဆရာထုမှာ စာသင်ကြား ပြသပေးနေသည့် တာဝန်ကို ကျေပွန်ကြပါ၏။ နာ ၃ နာ မတိမ်ကောရန် ရုန်းကန်ကြိုးစားနေရှာကြဆဲ။
သို့ရာတွင် ဒီမိုကရက်တစ် စိတ်ထား၊ ဒီမိုကရေစီ ယဉ်ကျေးမှုအတွက် သင်ရိုးညွှန်းတမ်းကား ပျောက်ဆုံးနေဆဲ။ မည်သို့သော လူသားအရင်းအမြစ်များကို မွေးထုတ်လေ့ကျင့် ပေးနေပါသနည်း။ မြန်မာ့လူ့အဖွဲ့အစည်း၏ မျှော်မှန်းချက် ပန်းတိုင်လည်းဖြစ်သည့် ဒီမိုကရေစီ လူ့အဖွဲ့အစည်းနှင့် ငြိမ်းချမ်းရေးယဉ်ကျေးမှု၊ ဆင်းရဲမွဲတေမှု လျှော့ချရေး၊ အသိ၊ အတွေးတို့ကြွယ်သော နိုင်ငံသားတို့ကို စာသင်ခန်းများအတွင်းက စတင်တည်ဆောက်မှ သာလျှင် ခိုင်မြဲပါလိမ့်မည်။ သေချာပါမည်။
သို့ဖြစ်လေရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးတွင် အခရာ ကျနေသည့် ကလေးငယ်အားလုံး စာသင်ခန်းအတွင်း ရောက်ရှိရေးနှင့် ဒီမိုကရက်တစ် စာသင်ခန်းများ ပေါ်ထွန်းရေးအတွက် ကြိုးစားရန် အထူးလိုအပ်နေသေးကြောင်း တိုက်တွန်းလိုက်ရပါသည်။
မောက္ခပညာရေးမဂ္ဂဇင်း
အောက်တိုဘာ ၂၀၁၁
0 comments:
Post a Comment