Friday, November 11, 2011

နိုင်ငံရေးအနာဂတ် ခရီး

ကိုဝ

          နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဧရာဝတီမြစ်ဆုံစီမံကိန်းကို သူတို့အစိုးရလက်ထက်မှာ မလုပ်တော့ဘူး လို့ကြော်ငြာလိုက်တော့ ဒါဟာပြည်သူ့ဆန္ဒအပေါ်အလေးထားတာကို ပြတဲ့ လက်တွေ့သာဓကပဲဆိုပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အားတတ်သူတွေက အားတတ်ကြပါတယ်။ ဒီလောက်နဲ့တော့အမျိုးသားပြန် လည်သင့်မြတ်ရေးအတွက်အားတတ်စရာလို့ မယူဆနိုင်သေးပါဘူးဆိုပြီး အနာဂတ်ခရီးကို  အကောင်းမြင်ဖို့ ဝန် လေးနေသူတွေလည်း ရှိကြပါတယ်။ အခြေခံသဘောဖြင့်ပြောရမည်ဆိုလျှင် မြန်မာနိုင်ငံ နိုင်ငံရေးအင်အားစု တွေကို ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပေဒေကို လက်ခံတဲ့ အင်အားစုတွေနဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မ ခံ တဲ့ အင်အားစုတွေလို့ပဲ သတ်မှတ်ရမှာပါ။
          မြန်မာနိုင်ငံရဲ့  နိုင်ငံရေးအနာဂတ်ခရီးဖြောင့်ဖြူးဖို့ဆိုတာ  ဒီအင်အားစုနှစ်ခု လက်တွဲ ဆောင်ရွက် မှပဲ ဖြစ်နိုင်မှာပါ။ ပူးပေါင်းဆောင်ရွက်ဖို့ ဆုပ်ကိုင်ထားတဲ့ လက်တွေမြဲလေလေ မြန်မာနိုင်ငံရဲ့နိုင်ငံရေး အနာဂတ် ဖြောင့်ဖြူးလေလေဖြစ်မှာပါ။  ဒီနေ့မြန်မာနိုင်ငံရေးရဲ့သော့ချက် ဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဘယ် လိုဆောင်ရွက်တယ်ဆိုတဲ့ အပေါ်မှာပဲ ရှိနေပါတယ်။
          တစ်ချို့အင်အားစုတွေ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်  ပတ်သက်ပြီး သဘောကွဲလွဲချက်တွေကို အရင်ညှို့နှိုင်းဖြေရှင်းရမယ်လို့ ယူဆကြပါတယ်။  တချို့အင်အားစုတွေ ကလက်တွေ့ပူးပေါင်း ဆောင်ရွက်နိုင်တဲ့ ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ပြီး အမျိုးသားပြန်လည်သင့်မြတ် ရေးကို တဆင့်ပြီးတဆင့် တိုးမြင့်ဆောင်ရွက်လိုကြပါတယ်။ ရှင်းနေတာကတော့ နှစ်ပေါင်းများစွာတည်ရှိလာတဲ့ သဘောထားကွဲလွဲမှုတွေကို ရုတ်တရက် ချက်ချင်းပြေပျောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။  ပကတိလိုအပ်ချက်က အင်အားစု နှစ်ခုအကြား အပြန်အလှန်အသိအမှတ်ပြုပြီး လက်တွဲဆောင်ရွက်နိုင်တဲ့ အခြေအနေတစ်ခုကို ဖန်တီးဖို့ပါ။
          ဒီနေရာမှာအရေးကြီးတာက အင်အားစု နှစ်စုလုံးအနေဖြင့်ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်း ဆောင်ရွက်နိုင်တဲ့ နည်းလမ်းကို ရွေးချယ်နိုင်ဖို့ပဲဖြစ်ပါတယ်။ ပြည်သူလူထုကသာ တတ်တတ်ကြွကြွဆောင်ရွက် နေနိုင်ပြီဆိုရင် ပြည်သူ့ဆန္ဒကို ထင်ဟပ်တဲ့လုပ်ငန်းစဉ်ဆိုတာ မုချမသွေပေါ်ပေါက်လာမှာပါ။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့သစ်အနေနဲ့ ပြည်သူ့ဆန္ဒသာ ပဓာနဟု အတည်အလင်းခံယူထားတဲ့အတွက် ပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုကို ဆန့်ကျင်တဲ့ အယူအဆရေးရာ ဟန့်တားမျိုးလည်း မရှိပါဘူး။
          နိုင်ငံရဲ့အချုပ်အချာအာဏာကို ရယူကျင့်သုံးနေတဲ့ အစိုးရ အဖွဲ့အသစ်ဟာ တာဝန်အရှိဆုံး အဖွဲ့အစည်း ပါ။ အစိုးရဖွဲ့သစ်ရဲ့ သက်တမ်းနုနုအတွင်း လက်တွေ့ဆောင်ရွက်ချက်တွေက ပြည်သူလူထုအတွင်းမျှော်လင့် ချက်တွေ နိုးကြားစေခဲ့တယ်ဆိုတာကိုတော့ အသိအမှတ်ပြုရမှာပါ။ ဒီမျှော်လင့်ချက်တွေ ခိုင်မာလာအောင် ဆောင်ရွက်ဖို့ပဲလိုပါတော့တယ်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရအဖွဲ့အစည်းဟာ ၂၀၀၈ ခုနစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံတဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ကျကျနန လေ့လာသုံး သပ်ပြီး ပြေပျောက်အောင် ဆောင်ရွက်နိုင်ဖို့လိုပါတယ်။
          ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသောပုဂ္ဂိုလ်တွေကိုသာ လွတ်ငြိမ်းချမ်းသာခွင့် ပြုမယ်ဆိုရင် အစိုးရအဖွဲ့သစ်ဟာ ၂၀၀၈ ခုနစ် အခြေခံဥပဒေကို  လက်မခံတဲ့ နိုင်ငံရေးအင်အားစုတွေ အပါအဝင် ပြည်သူ တွေရဲ့ ယုံကြည်မှုကို ဆုပ်ကိုင်ရယူနိုင်မှာပါ။ အစိုးရအဖွဲ့သစ်အနေနဲ့ အတိတ်သမိုင်းက သဘောထားကွဲလွဲမှု တွေကိုခဝါချ ဖယ်ရှားပြီး အနာဂတ်ခရီးဖြောင့်ဖြူးဖို့ပဲ ဆောင်ရွက်နေတယ်ဆိုတာကို အထင်အရှားသက်သေပြ နိုင်ဖို့လိုပါတယ်။
          တစ်ဖက်ကလည်း ၂၀၀၈ ခုနစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မပေးခဲ့ရင် ပူးပေါင်းဆောင်ရွက်ဖို့လုံး ဝမစဉ်းစားနိုင်ဘူးလို့ သဘောထားမယ်( ဒါမှမဟုတ်) တစ်ဖက်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက် မခံတဲ့ အင်အားစုတွေနဲ့ ဆွေးနွေးညှိုနှိုင်းမှုကို လုံးဝမလုပ်နိုင်ဘူး လို့သဘောထားမယ်ဆိုရင် မြန်မာ့ နိုင်ငံရေးခရီး
ရှေ့တဆင့်တတ်ဖို့က မဖြစ်နိုင်ပါဘူး။ တစ်ဖက်မှာလည်းပြည်သူလူထုရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစတဲ့ လက်ငင်းအထွေထွေလိုအပ်ချက်တွေကို  ဖြည်းဆည်းပေးနိုင်ဖို့လိုသလို၊ ဒေသတွင်းနိုင်ငံတွေနဲ့လည်း အဘက် ဘက်မှ တန်းတူယှဉ်ပြိုင်နိုင်စွမ်းရှိအောင်ဆောင်ရွက်နိုင်ဖို့လိုနေပါတယ်။ ပူးပေါင်းဆောင်ရွက်မှုနှင့် အခြေခံအုတ်
မြစ်အနေနဲ့ နိုင်ငံသူ နိုင်ငံသားတွေရဲ့မူလအခွင့်အရေးတွေကို ခိုင်ခိုင်မာမာကျယ်ကျယ်ပြန့်ပြန့် ရရှိလာအောင် ဆောင်ရွက်ပေးနိုင်ဖို့လိုသလို ပြည်သူတွေကလည်း တာဝန်သိသိပူပေါင်းဆောင်ရွက်နိုင်ဖို့ လိုပါတယ်။ ဒီအမျိုး သားရေးလိုအပ်ချက်နှင့်အညီ နိုင်ငံတော် ယန္တရားအဆင့်ဆင့်မှာရှိတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ အပါအဝင် ပြည်သူ တွေ ပူးပေါင်း ဆောင်ရွက်လာဖို့ဆိုတာ  အခက်အခဲအများကြီးကို  ကျော်လွှားရမှာပါ။ နိုင်ငံရေးအင်အားစုအား လုံးမှာ တိုင်းပြည်နဲ့လူမျိုးအတွက် မဖြစ်မနေ ဆောင်ရွက်မယ်ဆိုတဲ့ နိုင်ငံရေးပိုင်းဖြတ်ချက် ခိုင်မာနေဖို့ လိုအပ် ပါတယ်။

ပြည်သူ့ခေတ်၊ အတွဲ(၂)၊ အမှတ်(၆၅) မှ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...