ဆရာကို ဗဟိုပြုသင်ကြားသည့် ပုံစံ (BANKING EDUCATION) အပိုင်း (၂)
HREIB ၏ လူ့အခွင့်အရေးပညာပေး၊ သင်တန်းနည်းပြလက်စွဲမှ ....
သင်ရိုးညွှန်းတမ်းများ
ပြင်ဆင်ပုံ (ADIDS) နည်းလမ်း
နည်းပြများအနေနှင့် ကိုယ့်ကိုကိုယ်
အမြဲတမ်းမေးရန်လိုသော မေးခွန်းမှာ ငါတို့ဘယ်လိုသင်ကြမလဲ ဆိုသော မေးခွန်းဖြစ်သည်။
သင်တန်းတခုပေးရန် အကူအညီတောင်းခံရတိုင်း၊ သင်တန်းတခုပေးရန် စီစဉ် တိုင်း
ထိုမေးခွန်းကို မိမိကိုယ်ကိုမိမိ မေးမိကြစမြဲပင်ဖြစ်သည်။ ထိုမေးခွန်း၏အဖြေကို
အကောင်းဆုံးပြန်ပေး နိုင်ရန်အတွက် အခြားတဖက်မှ ပြန်လည်မေးရမည့်
နောက်ထပ် မေးခွန်းမှာ သင်ယူသူတွေက ဘယ်လိုမျိုး လေ့လာကြသလဲဆိုသော
မေးခွန်းပင်ဖြစ်သည်။ မိမိဘယ်လိုသင်မလဲ ကိုစဉ်းစားတိုင်း
မိမိပို့ချမည့်သူများ အနေဖြင့်ဘယ်လိုနည်းမျိုးနှင့်ဆိုလျှင် ထိုအကြောင်းအရာအပေါ် ကောင်းကောင်း လေ့လာနိုင်မလဲကို
ပထမ ဦးဆုံးစဉ်းစားကြည့်ရန် လိုအပ်လှသည်။
ထိုအတွက်ကြောင့် ပညာပေးလုပ်ငန်းကို လုပ်ကိုင်နေကြသောသူများသည်
မိမိပညာပေးရန် ရည်ရွယ်ထားသည့် ပြည်သူများ၊ အဖွဲ့အစည်းများ၊ အုပ်စုဝင်များအား
မည်သည့်သင်ကြားမှုနည်းလမ်းများ ဖြင့် သင်ကြားလျှင် ပိုမိုထိရောက်
အောင်မြင်နိုင်မလဲဆိုသည့်အချက်ကို ရှာဖွေခဲ့ကြသည်။ ပိုမိုကောင်းမွန် သော
အဖြေကိုရရှိနိုင်ရန်အတွက်လည်း ဆက်လက်၍ ရှာဖွေနေရမည်ဖြစ်သည်။
လေ့လာသူများ အထူးသဖြင့်
အရွယ်ရောက်ပြီးသူများအား ပညာပေးရာတွင် နှုတ်တိုက်ကျက်မှတ် ၍၊ သူတို့်
ကိုယ်တိုင်ပါဝင်မှုမပြုသော ပညာပေးပုံစံဖြင့် ပညာပေး၍မရကြောင်း
သဘောပေါက်လာခဲ့ပြီးသည့် နောက် မည်သည့်နည်းမျိုးဖြင့်ဆိုပါက ထိုလေ့လာသူများအတွက်
ပိုမိုလေ့လာနိုင်မလဲဆိုသည်ကို အဖြေရှာ ခဲ့ကြရာတွင် ယေဘူယျအားဖြင့် အောက်ပါသုံးသပ်ချက်များ
ထွက်ပေါ်လာခဲ့သည်။
- အရွယ်ရောက်ပြီးသူများထံတွင် ကိုယ်ပိုင်အတွေ့အကြုံ၊
ဗဟုသုတများစွာရှိထားပြီးဖြစ်သဖြင့် ထို အတွေ့အကြုံများကိုအခြေပြု၍
သင်ယူမည့်အကြောင်းအရာနှင့် မည်သို့ဆက်စပ်နေကြောင်းကို နားလည်စေ သည့် နည်း
မျိုးဖြစ်ရမည်။ (Experimental)
- ထိုသို့ရှိပြီးသား ကိုယ်ပိုင်အတွေ့အကြုံနှင့်
ဗဟုသုတများကို ထုတ်ဖော်လာနို်င်စေရန်၊ လေ့လာသူ များကို ဗဟိုပြုပြီး
သူတို့ကိုယ်တိုင်လုပ်ဆောင်စေသော နည်းလမ်းမျိုးဖြစ်ရမည်။ (Activity- centered)
- လေ့လာသူများထံတွင် ရှိပြီးသားဖြစ်သော
အတွေ့အကြုံများကို ထွက်ပေါ်လာစေပြီး သူတို့ကိုယ် တိုင်ပြန်လည်
သုံးသပ်တတ်စေနိုင်မည့် မေးခွန်းများမေးသော နည်းလမ်းမျိုးဖြစ်ရမည်။ (Problem- posing)
- လေ့လာသူများအားလုံး စုပေါင်းပါဝင်စေသော၊
စုပေါင်းသုံးသပ်ဆင်ခြင်စေသော၊ အကြောင်းအရာ တခုအတွက် စုပေါင်းဝိုင်းဝန်းအဖြေရှာသော
နည်းလမ်းမျိုးဖြစ်ရမည်။ (Particitative )
- လေ့လာသူများတွင် ယခင်ကရှိခဲ့ပြီးဖြစ်သော
အတွေ့အကြုံ၊ ဗဟုသုတသက်သက်ချည်းမဟုတ်ဘဲ ထိုအရာများနှင့်
အခြားသောအချက်အလက်များပေါင်းစပ်၍ အပြန်အလှန်ဆွေးနွေးသုံးသပ်စေသော
နည်းလမ်းဖြစ်ရမည်။ (Dialectical)
- ထိုသို့ဆွေးနွေးသုံးသပ်ပြီး ထွက်ပေါ်လာသော
အချက်များအား ပြဿနာအကြောင်းရင်းများနှင့် ဆက်စပ်တွေ့မြင်လာတတ်အောင် စနစ်တကျလုပ်ဆောင်ပေးသော
နည်းလမ်းဖြစ်ရမည်။ (Analytical)
- ထိုသို့ဆက်စပ်မြင်လာသည့်အခါတွင်
မည်သည့်အရာများကို ရည်မှန်းချက်အဖြစ်ထားပြီး မည်ကဲ့သို့ နည်းလမ်းများဖြင့်
လုပ်ဆောင်မည်ကို လမ်းညွှန်ပေးနို်င်သောနည်းလမ်းဖြစ်ရမည်။ (Strategic thinking - oriented)
သင်ကြားမှုဖော်မြူလာတွင် အဆင့် (၅) ဆင့်ရှိပါသည်။
ထိုအဆင့်များမှာ-
A - Activity
D - Discussion
I - Input/lecture
D - Democracy- Deepening
S -
Synthesis တို့ဖြစ်ပါသည်။
Activity (
လှုပ်ရှားမှုတခုလုပ်ဆောင်ခြင်း)
သင်ခန်းစာတစ်ခုချင်းစီတွင် သင်ခန်းစာ၏ရည်ရွယ်ချက်များနှင့်
ဆက်စပ်သောသင်တန်းသားများ၏ အတွေ့အကြုံနှင့် ဗဟုသုတများထွက်ပေါ်လာနို်င်စေရန်အတွက်
လှုပ်ရှားမှု (သို့) ဆွေးနွေးမှုဖြင့်စတင် သင့် သည်။ ထို သို့ လေ့လာသူများ၏အတွေ့အကြုံများကို
ထုတ်ဖော်ဆွေးနွေးလာစေခြင်းဖြင့် သင်တန်းသားများ သည် ဆွေးနွေးသည့်
အကြောင်းအရာများအပေါ်
ပို၍စိတ်ဝင်စားမှုရှိလာစေနိုင်သည်။
လှုပ်ရှားမှုစတင်လုပ်ဆောင်ခြင်း
- လှုပ်ရှားမှုမစတင်ခင် ထိုလှုပ်ရှားမှုအတွက်
လိုအပ်သော ပစ္စည်းကိရိယာများကို ကြိုတင်ပြင်ဆင်ပါ။
- ထိုသို့ ကြိုတင်ပြင်ဆင်ထားခြင်းဖြင့်
နောက်တဆင့်ဘာလုပ်ရမည်ကို အခက်အခဲမရှိဘဲ ညွှန်ကြား နိုင်မည်။ သို့မှ သာ
မိမိကိုကိုယ်ယုံကြည်မှု တည်ဆောက်နိုင်မည်။
- လှုပ်ရှားမှုနှင့်ပတ်သက်၍
သင်တန်းသားများဘယ်လိုခံစားနိုင်မည်၊ ဘယ်လိုတုန့်ပြန်နိုင်မည်ကို ကြို တင်ခန့်မှန်း
ထားပါ။ မိမိရည်မှန်းထားသည့်အတိုင်း သင်တန်းသားများမတုန့်ပြန်နိုင်သည်ကိုလည်း
ကြိုတင် တွေးထားပါ။ သင်ခန်းစာ၏ရည်ရွယ်ချက်များအတိုင်း သင်တန်းသားများတုန့်ပြန်လာစေရန်အတွက်
သေသေချာချာပြင်ဆင် ထားဖို့လိုအပ်သည်။
- ဆရာကြီးပုံစံမဖမ်းပဲ၊
ရင်းနှီးဖော်ရွေမှုရှိရန်လိုအပ်သလို မိမိ၏အခန်းက့ကိုလဲ သင်တန်းသားများက လေးစား
ရန်ပြုမူပါ။ လှုပ်ရှားမှုများလုပ်ဆောင်ရာတွင် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသည့်
ပုံပေါက်ရန်လိုအပ်သလို သင်တန်း သားများက ယုံကြည်ရင်းနှီးစွာဖြင့်
သူတို့ကိုယ်တွေ့အဖြစ်အပျက်များကို ပြောချင်လာအောင် မိမိဖက်က ပွင့်
လင်းရိုးသားမှုရှိဖို့ လိုအပ်သည်ကို သဘောပေါက်ပါ။
- လှုပ်ရှားမှုလုပ်ရာတွင် တနေရာထဲ
ရပ်မနေပါနဲ့။ သင်တန်းသားများအကြား လှည့်လည်သွားရောက်ပြီး အကဲ ခတ်ပါ။ အားပေးပါ။
သင်တန်းသားများအနေဖြင့် ထိုလှုပ်ရှားမှုသည် ခက်ခဲလွန်းသည်ဟု မှတ်ယူကောင်းမှတ်ယူ
နိုင်သော်လည်း သင်၏တည်ငြိမ်မှုနှင့် အားပေးကူညီမှုတို့ဖြင့် သူတို့အလုပ်ကို
အောင်မြင်စွာအဆုံးထိ လုပ် ဆောင်လာစေရန် ပြုမူပါ။
- အထက်စီးဖြင့် အမိန့်ပေးသည့်
ပုံစံမပေါက်ပါစေနှင့်။ ညွှန်ကြားချက်များကို တိတိကျကျပေးရန်လိုသော်လည်း
ညင်သာစွာပြောဆိုပါ။
- သင်တန်းသားများ၏
ခံစားချက်နှင့်လိုအပ်ချက်များကို သေသေချာချာ လေ့လာအကဲခတ်ပြီး နားလည်ပေးပါ။
လှုပ်ရှားမှုမလုပ်ခင် သွေးပူလှုပ်ရှားမှုတခု လုပ်သင့်ပါကလုပ်ပါ။
တက်ကြွအောင်ဖန်တီးပြီးမှ လှုပ်ရှားမှုလုပ်ခိုင်းနိုင် သည်။
Discssion (ဆွေးနွေးခြင်း)
ယခုအဆင့်သည် သင်ခန်းစာတခုလုံးတွင်
ပြန်လည်သုံးသပ်ဆွေးနွေးစေသော အစိတ်အပိုင်း အဆင့်ဖြစ်သည်။
ဤဆွေးနွေးခြင်းအပိုင်းတွင် အသုံးပြုမေးမြန်းသော မေးခွန်းများသည် ခုနကလုပ်ဆောင်
ခဲ့သော လှုပ်ရှားမှုနှင့်ဆက်စပ်သည့် သင်တန်းသားများ၏ အတွေ့အကြုံများကို
ထုတ်ဖော်ပြောဆိုလာရန် အားပေးထောက်ကူ ပေးသောမေးခွန်းများဖြစ်ရမည်။ ထိုအဆင့်တွင်သင်တန်းသားများသည်
မိမိ၏အတွေ့ အကြုံများနှင့် သင်ခန်းစာ၏ရည်ရွယ်ချက်တို့ ဘယ်လိုဆက်စပ်နေကြောင်းကို
တွေးခေါ်လာလိမ့်မည်။ တဦးချင်းအတွေ့အကြုံများအပေါ် တယောက်နှင့်တယောက်
ရှုမြင်သုံးသပ်ပုံမတူညီနိုင်ပါ။ ထိုအချက်များကို အခြေခံ၍ ဆွေးနွေးစေခြင်းဖြင့်
သင်တန်းသားများ၏ အတွေ့အကြုံများသည် အဓိကဆွေးနွေးမှုခေါင်းစဉ်များ ဖြစ်လာလိမ့်မည်။
ဆွေးနွေးမှုစတင်ခြင်း
- သင်တန်းသားများ၏ ခံစားချက်နှင့်အယူအဆများ
ပိုမိုပြောဆိုလာစေမည့် မေးခွန်းများကို ပြင်ဆင် ရွေးချယ်၍မေးပါ။
သူတို့၏ပြောဆိုချက်များအပေါ် မိမိကမငြင်းခုံပါနှင့်။ မိမိအနေနှင့် ထိုအယူအဆပေါ် လက်မခံနိုင်သော်လည်း
ထိုအယူအဆအပေါ် လေးစားသည့်အသွင်ပြပါ။
- လုပ်ဆောင်ခဲ့သောလှုပ်ရှားမှုအပေါ် ခံစားမှုများ၊
ထင်မြင်မှုများ၊ သူတို့၏အတွေ့အကြုံများနှင့် အခြား သူများ၏ အတွေ့အကြုံများကိုပြောဆိုလာစေမည့်
မေးခွန်းများမေးပါ။ သင်တန်းသားများ၏ ကိုယ်တွေ့အဖြစ် အပျက်များ၊ ယုံကြည်မှုများ၊
အယူအဆများတင်ပြခြင်းသည် သင်တန်း၏ အောင်မြင်မှုပင်ဖြစ်သည်။ ထိုသို့ တင်ပြလာမှသာ
သင်တန်းသားများသည် ထိုသင်ခန်းစာနှင့်ပတ်သက်၍ ဘယ်လောက်အထိ သိရှိထားပြီး ဖြစ်သည်ကို
ခန့်မှန်းနိုင်၊ အကဲခတ်နိုင်မည်ဖြစ်သည်။
- သင်တန်းသားများ၏ပြောဆိုချက်များကို
ရေးသားမှတ်သားထားခြင်းဖြင့်နောက်ပိုင်းတွင် သင်ခန်းစာ ၏ ရည်ရွယ်ချက်များနှင့်ဆက်စပ်၍
အသုံးချနိုင်မည်ဖြစ်သည်။
- သင်တန်းသားများအယူအဆ၏
အားကောင်းချက်နှင့်အားနည်းချက်များကို သူတို့ကိုယ်တိုင်မြင် ယောင်လာစေမည့်မေးခွန်းများ
ထပ်မေးရန်ပြင်ဆင်ပါ။
- သင်တန်းသားများအကြား
ကွဲပြားသောအယူအဆများကို ဆွေးနွေးလာစေရန် လမ်းစဖော်ပေးပါ။ သို့သော် စစချင်းအခြေအနေတွင်
အထူးငြင်းခုံ၍ အခြေအတင်ပြောရမည့်အကြောင်းအရာမျိုးကို ရှောင်ကြဉ် ပါ။
မိမိ၏အယူအဆအတွေးအခေါ်များကို များများမတင်ပြပါနှင့်။ သင်ခန်းစာရည်ရွယ်ချက်ကိုရောက်အောင်
သွားရမည် ဖြစ်သော်လည်း သင်တန်းသားများကို ဘယ်လိုစဉ်းစားပါဟု မခိုင်းပါနှင့်။ အကယ်၍
မိမိ၏ ထင်မြင်ချက်ကိုပြောရမည့် အနေအထားမျိုးရောက်ပါက ထုတ်ဖော်ပြောပြခြင်းထက်
မိမိပြောမည့်အချက် အတိုင်း သင်တန်းသားများ တွေးနိုင်မည့်မေးခွန်းများ ပြန်မေး၍
သူတို့ကိုယ်တိုင် စဉ်းစားမိစေရန် ဆောင်ရွက်ပါ။
- ဆွေးနွေးမည့် အကြောင်းအရာနှင့်ဆက်စပ်သော
အချက်အလက်များ၊ သဘောတူညီမှုနှင့် သဘောမတူညီမှုများ လုံလုံလောက်လောက်ရရှိပြီဆိုပါက
ဆွေးနွေးမှုကို ရပ်တန့်နိုင်ပြီဖြစ်သည်။
Input/ Lecture (
ဗဟုသုတပေးခြင်း)
ဤဗဟုသုတပေးသောအဆင့်သည် သင်တန်းသားများ၏
ဗဟုသုတပိုမိုများပြားလာစေရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်သည်။ ယခင်က အတွေ့အကြုံအပေါ်
သင်တန်းသားများ၏ လက်ခံနားလည် ထားမှုနှင့်ပတ်သက်၍ ပိုမိုခိုင်မာစေသော သို့မဟုတ်
ထိုလက်ခံနားလည်မှုအပေါ် ထောက်ပြစိန်ခေါ်စေသော အမြင်များကို စေ့စပ်ဆော်သြပေးသူ
သို့မဟုတ် သုတေသီက တင်ပြပေးသည့်အဆင့်ဖြစ်သည်။ ထိုဗဟုသုတများသည် သင်တန်းသားများ၏
အတွေ့အကြုံများအား ရှုမြင်သုံးသပ်ထားသော ဆက်စပ်မှု ရှိသည့် ဗဟုသုတများဖြစ်ရမည်။
ထိုဗဟု သုတပေးရာတွင် သင်တန်းသားများ၏ အတွေ့အကြုံများအပေါ် ဘာသာရပ်အရ
မည်ကဲ့သို့သတ်မှတ်ဖော်ပြထားသည်ကို သင်တန်းသားများသိရှိစေရန်အတွက် လိုအပ် သည့် ဗဟုသုတများဖြစ်စေရန်
ဖော်ဆောင်ပေးရမည်။
ဗဟုသုတပေးရန်စတင်ခြင်း
- မိမိသင်တန်းသားများ၏အခြေအနေ၊
အဆင့်များကို သဘောပေါက်ပါ။ ဗဟုသုတပေးရာတွင် မိမိကိုယ်မိမိပေးခြင်း မဟုတ်ပဲ၊
သင်တန်းသားများနှင့်ဆက်စပ်သည့် အချက်များကိုသာ ပေးရန်သတိပြုပါ။ အချက်အလက်များ ပြွတ်သိပ်နေအောင်
မပေးပါနဲ့။ သင်တန်းသားများ မေးလိုသောအချက်များကို မေးခွင့် ပေးပြီး လိုအပ်သည့်
ဗဟုသုတများ ထပ်ပေးပါ။
- လိုအပ်သည့်ဗဟုသုတအတွက်
မိမိရေးထားသည်အချက်များကို ပြန်ရွတ်ဖတ်ပြခြင်းမလုပ်ပါနဲ့။ စာရွက်ကြီးပေါ်ရေးသားရာတွင်
အစအဆုံး တလုံးမကျန်မရေးဘဲ လိုအပ်သည့်အချက်များကိုသာ လိုရင်း တိုရှင်းရေးပါ။
- ဗဟုသုတများပေးရာတွင် သင်တန်းသားများအားလုံးနှင့်
မျက်လုံးချင်းအဆက်အသွယ်မပြတ် အောင် ဂရုစိုက်ပါ။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိသည့်
ပုံပေါက်ပါစေ၊ ဆရာကြီးပုံ လုံးဝမပေါက်ပါစေနှင့်။
- သင်တန်းသားများကို အမြဲအကဲခတ်ပါ။ အကယ်၍
ဗဟုသုတများပြီး ငြီးငွေ့လာပြီဆိုပါက ခေတ္တ အနားပေးခြင်း၊ အိပ်ချင်ပြေ
လှုပ်ရှားမှုတခုခုကို လုပ်ပေးပါ။
- တနေရာတည်း ရပ်မပြောသင့်သလို
သင်တန်းသားများ မျက်စိအနှောက်အယှက်ဖြစ်အောင် လှုပ်ရှားမှုမျိုးကိုလဲ ရှောင်ပါ။
- ဗဟုသုတများပေးရာတွင် လွယ်ကူရိုးရှင်းသော
စကားလုံးများကိုသုံး၍ ဘာသာရပ်ဆိုင်ရာ ဝေါဟာရများကို မသုံးသင့်ပါ။
Deepening (လက်တွေ့ဘ၀နှင့်
ဆက်စပ်ပေးခြင်း)
ဤအဆင့်တွင် သင်တန်းသားများ၏ အမြင်များအကြား
ကွဲပြားခြားနားမှုများ သို့မဟုတ် သင်တန်း သားများနှင့်ပို့ချခဲ့သော ဗဟုသုတများအကြား
ကွဲပြားမှုများကို ဆက်လက်၍ အသေးစိတ်ဆွေးနွေးလာနိုင် အောင် လုပ်ဆောင်ပေးပြီး
လက်တွေ့ဘ၀နှင့်ဆက်စပ်လာနိုင်အောင် ဖော်ဆောင်ပေးရမည်။
လက်တွေ့ဘ၀နှင့်
ဆက်စပ်ပေးမှုကို စတင်ခြင်း
- ဗဟုသုတအပိုင်းပေးပြီးပါက
သင်တန်းသားများကို မေးခွန်းမေးရန် ခွင့်ပေးပါ။ သင်တန်းသားများ မရှင်းလင်းသည့်
အချက်များကို ရှင်းလင်းအောင်မေးခွင့်ပြုပါ။
- သင်တန်းသားများနှင့် မိမိအယူအဆတို့
အပြန်အလှန်ဆွေးနွေးနေစဉ်တွင် မိမိရည်ရွယ်ထားသော ရည်ရွယ်ချက်များကို ရရှိနိုင်ပြီလားဆိုတာ
အမြဲမပြတ်လေ့လာနေပါ။ အကယ်၍ ရောက်ရှိနေပြီဆိုပါက ထို အချက်ကို အသေအချာဆုတ်ကိုင်၍
သင်တန်းသားများ နားလည်မှုရှိမရှိ သေသေချာချာ မေးခွန်းထုတ်ပါ။ အကယ်၍ ရည်ရွယ်ချက်များ
မရနိုင်သေးဟု ယူဆပါက ဤအဆင့်တွင် နောက်ထပ်မည့်သည့် မေးခွန်းမျိုး မေး၍
သင်တန်းသားများ၏ ဆွေးနွေးချက်များ ထုတ်ဖော်မည်ကို ပြင်ဆင်ပါ။
- သင်တန်းသားများ၏ ယခင်က ယုံကြည်ယူဆထားချက်များ
စိန်ခေါ်သည့်မေးခွန်းများကို မေးရာ တွင် ခြိမ်းခြောက်အကြပ်ကိုင်သည့်
ပုံစံမပေါက်စေရန် သတိထားပါ။
Synthesis
(ခြုံငုံသုံးသပ်၍ နိဂုံးချုပ်ပေးခြင်း)
ဤနောက်ဆုံးအဆင့်သည် သင်ခန်းစာ၏
ဆွေးနွေးမှုအဆင့်မှ လက်တွေ့ဘ၀နှင့်ဆက်စပ်ပေးသော အဆင့်အထိဆွေးနွေးခဲ့သော
အကြောင်းအရာများမှ ထွက်ပေါ်လာသော အရေးကြီးသည့် အမြင်များကို သင်တန်းသားများ
အနှစ်ချုပ်ပြန်မြင်စေရန်အထူးစီမံလုပ်ဆောင်ပေးသော အဆင့်ဖြစ်သည်။ ဤသို့လုပ် ဆောင်ပေး၍
ထွက်ပေါ်လာသော ထိုအနှစ်ချုပ်အချက်များကိုကြည့်၍ သင်တန်းပို့ချသူအနေဖြင့် မိမိချမှတ်
ထားသော သင်တန်းရည်ရွယ်ချက်များ၊ သင်ခန်းစာရည်ရွယ်ချက်များရရှိအောင်
လုပ်ဆောင်နိုင်ခြင်း ရှိမရှိ ပြန်လည်သုံးသပ်ဆန်း စစ်နိုင်သည်။ လိုအပ်ပါက
သင်ခန်းစာကို နောက်ထပ်ဘယ်လိုပြောင်းလဲပြင်ဆင်မလဲ ဆိုသည်ကိုပါ စဉ်းစားဆင်ခြင်နိုင်သည်။
အနှစ်ချုပ်လုပ်ဆောင်ခြင်း
- သင်ခန်းစာတခုလုံးအတွင်း
ဆွေးနွေးသည့်အချက်များမှ သင်ခန်းစာရည်ရွယ်ချက်နှင့်ပတ်သက်၍ မည်သည့်အချက်များက
ကိုက်ညီသည်၊ မည်သည့်အချက်များက ကိုက်ညီမှုမရှိဆိုသည်ကို သေသေချာချာ မှတ်တမ်းတင်ထားပါ။
ထိုအချက်များကို မည်သည်ကမှန်သည်၊ မည်သည့်အချက်ကမှားသည်ဟု ဆုံးဖြတ် ပေးရန်မလိုဘဲ သင်တန်းသားများအနေဖြင့်
မိမိတို့အယူအဆများကို မိမိတို့ကိုယ်တိုင်မြင်တတ်အောင် လုပ်ဆောင်ပေးခြင်းဖြစ်သည်။
- သင်ခန်းစာ၏ ရည်ရွယ်ချက်အတိုင်းသွားစေရန်
အထောက်အကူပြုသော တုန့်ပြန်ချက်များကို အထူးအာရုံပြုပေးပါ။ ထိုအချက်များ တင်ပြဆွေးနွေးသူကို
ကျေးဇူးတင်စကားးပြောရန် မမေ့ပါနှင့်။
- သင်ခန်းစာ၏ ရည်ရွယ်ချက်များနှင့်
မကိုက်ညီသည့် တုန့်ပြန်ချက်များကို မိမိအနေဖြင့် အလေးထား စဉ်းစားစရာ
အချက်များဖြစ်သည်ဟုဆိုခြင်းဖြင့် ထိုသူများကို မိမိတို့လက်မခံရာမလုပ်ကြောင်း
အသိပေးရာ ရောက်သည်။ ထိုသို့ ပြောခြင်းဖြင့် အချင်းချင်းညှိနှိုင်းဆောင်ရွက်သည့်
ပုံစံမျိုးဖြစ်စေပြီး အမြင်အတူသူများ အနေဖြင့် သူတို့၏ အယူအဆများကို
ပြန်လည်စဉ်းစားကောင်း စဉ်းစားလာစေနိုင်မည်။
- သင်ခန်းစာတခုလုံးတွင် ရရှိခဲ့သောအမြင်၊
သင်ခန်းစာ၊ ဆုံးဖြတ်ချက်များဖြင့် သင်ခန်းစာကို အဆုံး သတ်ပါ။ ထိုအချက်များကို မှတ်တမ်းတင်ခြင်းဖြင့်
သင်ခန်းစာအတွက် မိမိရည်ရွယ်ချက်အတိုင်း ရောက် အောင်သွားနိုင်၊ မသွား နိုင်ကို
ဆန်းစစ်နိုင်သည်။
ခက်ခဲသူများနှင့်ဆက်ဆံသည့်အခါ
သတိပြုရမည့်အချက်များ
၁။ တယူသန်သောသူ
(၁) ထိုသူမြင်သောအမြင်နှင့်
အခြားသူမြင်သောအမြင်ကို နှိုင်းယှဉ်ပြပါ။
(၂) အဖြေများကို လွတ်လပ်စွာတင်ပြခွင့်ပေးပြီး
ကျန်သောသူများအား ၄င်း၏အဖြေအပေါ် ပြန်လည် သုံးသပ်ခိုင်းပါ။
(၃) ထိုသူ၏ထင်မြင်ယူဆချက်များသည်
အဘယ်ကြောင့်မှန်ကန်ရသည်ကို ပြန်လည်ရှင်းပြခိုင်းပြီး တခြားသူများ၏အ
မြင်များကိုနားထောင်ခိုင်းပါ။
(၄) တခြားသူများ၏ထင်မြင်ယူဆချက်များကို
အသိအမှတ်ပြုလက်ခံလာအောင် တိုက်တွန်းပေးပါ။
၂။
စကားများလွန်းသူ၊ စကားကြောရှည်သူ
(၁) ဆွေးနွေးတင်ပြမှုကို
အချိန်ကန့်သတ်ချက်ထားရှိပေးပါ။
(၂) ဆိုလိုရင်းကို လိုရင်းတိုရှင်းပြောတတ်အောင်
သတိပေးပြောခိုင်းပါ။
(၃) ဆွေးနွေးနေသည့်အကြောင်းအရာများ ဦးတည်ရာမပျောက်အောင်
ထိန်းကြောင်းသတိပေးပါ။
(၄) အကယ်၍လိုရင်းမရောက်ဖြစ်နေသောအခါမျိုးတွင်
သင်တန်းဦးဆောင်သူက လိုရင်းကိုမေးမြန်း ပေးပါ။
(၅) သူတပါးအားအလှည့် ပြန်ပေးရန် ပြောဆိုအသိပေးပါ။
(၆) တစ်ဦးတည်းပြောဆိုနေခြင်းသည်
တခြားသောသူများအတွက် အနှောက်အယှက်ဖြစ်စေနိုင်သည် ကို သွယ်ဝိုက်သောနည်းခြင့်ပြောဆိုသတိပေးပါ။
၃။
အိပ်ငိုက်တတ်သူ
(၁) ထိုသူ၏အမည်ကိုတပ်ခေါ်ကာ
ဆွေးနွေးမှုထဲပါဝင်လာအေင် ဆွဲခေါ်ပါ။
(၂) လှုပ်ရှားတတ်ကြွသည့် လှုပ်ရှားမှုတခုကို
ထိုသူအားလုပ်စေပါ။
(၃) အနားယူချိန်ကို ပုံမှန်ပေးပါ။
(၄) သင်ခန်းစာအပေါ် နားလည်းသဘောပေါက်ခြင်းရှိမရှိမေးမြန်းခြင်းကိုပြုလုပ်ပါ။
(၅) ထိုသူအားနေရာပြောင်းထိုင်ခိုင်းပါ။
၎။
အချိန်မလေးစားသူ
(၁) မိမိတစ်ဦး၏နောက်ကျမှုကြောင့်
အခြားသူများထိခိုက်နစ်နာမှုရှိနိုင်သည်ကို ရှင်းပြပါ။
(၂) ထိုသူအားအဘယ်ကြောင့်နောက်ကျသည်ကိုမေးပါ။
ကူညီနိုင်သည့်အရာဖြစ်လျှင် ကူညီပါ။
(၃) သတိပေးသည့်အခါ သင်တန်းသားအားလုံးကို
ပြောသည့်ပုံစံဖြင့် သွယ်ဝိုက်၍ပြောပါ။
(၄) အားလပ်သည့်အချိန်ကို ပြန်ညှိယူပါ။
၅။
ဆရာကြီးလုပ်လိုသူ
(၁) လူတိုင်း၌ မတူညီသောစွမ်းရည်များရှိကြောင်းကို
နားလည်အောင်ရှင်းပြပါ။
(၂) ထိုသူအားတလေးတစားဆက်ဆံပါ။
ထိုသူ၏ဆွေးနွေးချက်များကို အဘယ်ကြောင့်မှန်ကန်ရသည် ကိုပြန်လည် ရှုင်းပြခိုင်းပါ။
(၃) ထိုသူ၏အမြင်ကို အခြားသူများအား
သုံးသပ်ခိုင်းပါ။
(၄) ထိုသူ၏ အတွေးအခေါ်များပြောင်းလဲလာအောင်
လုပ်ဆောင်ပေးပါ။
(၅) ထိုသူအား တတ်သိသူပညာရှင်တစ်ယောက်အနေဖြင့်
လိုအပ်သလိုအသုံးချစောင့်ကြပ်ပါ။
(၆) တဦးတည်းအမြင်နှင့်
အများစုပေါင်းပါဝင်မှုတို့၏ ကွဲပြားသောအကျိုးရလာဒ်များကို နှိုင်းယှဉ်ပြပါ။
၆။
အစနောက်သန်သောသူ
(၁) ထိုသူအားနေရာပြောင်းထိုင်းခိုင်ပါ။
(၂) သင်တန်းချိန်တွင် စနောက်နေပါက
ထိုသူအားမေးခွန်းမေးပေးပါ။
(၃) ထိုသူစနောက်နိုင်သည့်အခွင့်အလမ်းများနည်းပါးအောင်
လုပ်ဆောင်ပေးပါ။
(၄) အာရုံစူးစိုက်မှု မပြန့်အောင်
အပြန်အလှန်အမေးအဖြေပြုလုပ်ခြင်းဖြင့် ထိန်းပေးပါ။
(၅) မိမိစနောက်မှုကြောင့်
အများအပေါ်ကျရောက်နိုင်သည့် ဆိုးကျိုးများအားရှင်းပြပါ။
၇။
တိတ်ဆိတ်ငြိမ်သက်စွာနေသူ၊ စကားနည်းသူ၊ ပါဝင်မှုမရှိသူ
(၁) ထိုသူ၏အမည်ကိုတပ်ခေါ်၍ မေးခွန်းမေးခြင်းများပြုလုပ်ခြင်းဖြင့်
ဆွေးနွေးမှုတွင်ပါဝင်လာအောင် ဆွဲခေါ်ပါ။
(၂) ဖြေဆိုရန်လွယ်ကူသောမေးခွန်းများကို
ဦးစားပေး၍မေးပေးပါ။
(၃) အုပ်စုလိုက်တင်ပြဆွေးနွေးသောအခါ
ထိုသူအားဦးစားပေးဆွေးနွေးခိုင်းပါ။
(၄) ထိုသူ၏ပါဝင်မှုသည်
အရေးကြီးကြောင်းအသိအမှတ်ပြုပေးပါ။
၈။ ခံစားလွယ်သူ၊
အားငယ်တတ်သူ၊ ရှက်တတ်သူ
(၁) ထိုသူအားအလေးထားဆက်ဆံပါ၊ အကူအညီပေးပါ။
(၂) အားငယ်ချက်အပေါ်ဖိသည်ဟု အထင်မလွဲရအောင်
ရှင်းပြပါ။
(၃) ဆန္ဒမပါဘဲ အတင်းအကျပ်စေခိုင်းခြင်းများကို
ရှောင်ကြဉ်ပါ။
(၄) ထိုသူ၏ဆွေးနွေးမှုကို ကြိုဆိုအားပေးပါ။
(၅) ထိုသူဆွေးနွေးမှုထဲပါဝင်လာပါက
ချီးကျူးချီးမြောက်မှုများပြုလုပ်ပေးပါ။
၉။
သင်တန်းဆရာအပေါ်ပညာစမ်းချင်သူနှင့်အထင်အမြင်သေးတတ်သူ
(၁) သင်တန်းဦးဆောင်သူသည် အလုံးစုံကို
သိနိုင်တတ်နိုင်သော၊ ရှင်းပြနိုင်သော အဘိဓါန်မဟုတ် ကြောင်းကို ဦးစွာရှင်းပြထားပါ။
(၂) ထိုသူ၏မေးခွန်းသည်
ဘောင်ဝင်သည့်မေးခွန်းဖြစ်အောင်ပြုပြင်ပေးပါ။
(၃) ထိုသူအား တန်ပြန်မေးခွန်းပြုလုပ်ခြင်းဖြင့်
အဖြေပေးပါ။
(၄) မိမိမသိသောအရာကို မသိလျှင်မသိကြောင်း
ပွင့်ပွင့်လင်းလင်းပြောပါ။
(၅) လိုအပ်လျှင် အဖြေကိုရှာဖွေပြီးမှ
အဖြေမှန်ကိုပေးပါ။
(၆) ထိုသူ၏ ထင်မြင်ယူဆချက်ကိုမေး၍ အခြားသူများ၏၊
ထင်မြင်ယူဆချက်ကိုလည်း မေးမြန်းပါ။
(၇) ထိုသူအား တလေးတစားအမေးအဖြေပြုလုပ်ကာ
သူ၏အထင်အမြင်သေးမှုများ လျှော့နည်းသွား အောင်ပြုလုပ်ပါ။
(၈) မိမိကိုယ်တိုင် လေ့လာရင်းသင်ကြား၊
သင်ကြားရင်းလေ့လာသူဖြစ်ကြောင်းရှင်းပြပါ။
၁၀။
အရာရာကိုအဆိုးမြင်တတ်သူ
(၁) သူ့အမြင်ကို တိတိကျကျပြောပြလာအောင်
တလေးတစားဖိတ်ခေါ်ပါ။
(၂) စိတ်ရှည်ရှည်ထားပါ၊
ချက်ချင်းတုံ့ပြန်ငြင်းခုံခြင်းမျိုး မပြုလုပ်ပါနှင့်။
(၃) သူ့အမြင်ထဲမှ လက်ခံလောက်သောအချက်များကို
ရွေးချယ်ချီးကျူးပါ။
(၄) ထိုသူဘာကြောင့် အဆိုးမြင်နေရလဲဆိုသည့်
အကြောင်းရင်းကိုရှာပါ။
၁၁။
ပူးပေါင်းပါဝင်မှုမရှိသူများ
(၁) ပါဝင်ပူးပေါင်းမှုမရှိရသည့်
အဓိကအကြောင်းရင်းကိုရှာဖွေပါ။
(၂) အလုပ်တာဝန်ကို ခွဲဝေပေးပါ။
(၃) အုပ်စုလိုက်ဆွေးနွေးမှုတွင်
ထိုသူအားဦးဆောင်ခိုင်းပါ။
(၄) အုပ်စုငယ်တွင်းဆွေးနွေးပြီး
ပြန်လည်တင်ပြသောအခါ ထိုသူအား တင်ပြဆွေးနွေးစေပါ။
(၅) သူ၏ဆွေးနွေးချက်များအား အသိအမှတ်ပြုပေးပါ။
(၆) ထိုသူ၏ ဆွေးနွေးချက်များမှ
ကောင်းသောအချက်များကို ထုတ်ဖေါ်ချီးကျူးပါ။
(၇) ပူးပေါင်းပါဝင်လုပ်ဆောင်ခြင်း၏
အောင်မြင်မှုရလဒ်ကို ပိုမိုသိရှိအောင် လုပ်ဆောင်ပေးပါ။
(၈) မေးခွန်းမေးခြင်းဖြင့် ထိုသူပါဝင်ဆွေးနွေးလာအောင်လုပ်ဆောင်ပါ။
၁၂။
သိမ်ငယ်စိတ်ရှိသူ
(၁) ထိုသူပြောဆိုဆွေးနွေးသော အကြောင်းအရာများကို
ကောင်းမွန်စွာလက်ခံနားထောင်ပေးပါ။
(၂) သူ၏လုပ်ကိုင်ဆောင်ရွက်ချက်များအား
ချီးကျူးပေးပါ။
(၃) အခြားသောသင်တန်းသားများနှင့်
ပိုမိုရင်းနှီးအောင် သင်တန်းတွင်းသာမက ပြင်ပတွင်ပါ အတူတကွ နွေးထွေးစွာ နေခိုင်းပါ။
(၄) ထိုသူ၏အားကောင်းချက်၊ အားနည်းချက်များကို
ချီးမွမ်းပေးပါ။
(၅) ထိုသူအား အမြဲပြုံးပြနှုတ်ဆက်ခြင်းဖြင့်
အားပေးပါ။
၁၃။
စကားဖြတ်၍လုပြောတတ်သူ
(၁) အခြားတစ်ယောက်ပြောဆိုနေစဉ်
ဖြတ်၍လုမပြောရန်အသိပေးပါ။ လိုအပ်လျှင်ကြားဖြတ်၍ တားပေးပါ။
(၂) တစ်ဦးချင်းအလှည့်ကျပြောခိုင်းသည့်စနစ်ကို
အသုံးပြုပေးပါ။
(၃) တစ်ဦး၏ပြောဆိုချက်ကို
လေးစားအသိအမှတ်ပြုရန်ပြောပါ။
၁၄။ ဂရုမစိုက်သူ၊
စိတ်ဝင်စားမှုမရှိသူ
(၁) စိတ်ဝင်စားမှုနည်းပါးရခြင်း၏ အကြောင်းအရင်းကို
ရှာဖွေပါ။
(၂) သင်ခန်းစာအပေါ်ငြီးငွေ့နေပုံပေါက်နေပါက
တတ်ကြွလှုပ်ရှားလာအောင် အပြောင်းအလဲတခုခု လုပ်ဆောင်ပေးပါ။
(၃) နားလည်မှုလွဲနိုင်သည့်အချက်ကိုရှာဖွေကာ
တဖန်ပြန်လည်၍ရှင်းပြပါ။
၁၅။ သူတပါးကို
ထိခိုက်နစ်နာအောင် မလေးမစားလုပ်သူ
(၁) ပြုလုပ်မိသူကြောင့် ဖြစ်ပျက်လာနိုင်သော
ဆိုးကျိုးများကို အပြုသဘောဖြင့် ဝေဖန်ထောက်ပြပါ။
(၂) မတူညီသောအကြောင်းအရာများ၊ အချက်အလက်များအပေါ်
လေးစားတတ်ရန် ရှင်းပြလေ့ကျင့် ပေးပါ။
(၃) ထိုသူ၏အမြင်နှင့် အခြားသင်တန်းသားများ၏
အမြင်တို့အားနှိုင်းယှဉ်ဆွေးနွေးစေ၍ အဘယ် ကြောင့် ထိုကဲ့သို့ မြင်ရသည်၊
ပြောဆိုရသည်ကို ပြန်လည်ဆွေးနွေးစေပါ။
(၄) ထိုသူကိုယ်တိုင် ထိခိုက်နစ်နာအောင်အပြောခံရသည့်အခါ
မည်ကဲ့သို့ခံစားရမည်ကို ဥပမာများ (သို့)လှုပ်ရှားမှုများ ပြုလုပ်ပါ။
(၅) လူ့ဂုဏ်သိက္ခာနှင့်
လူ့အခွင့်အရေးချိုးဖောက်မှုကို နားလည်အောင်ရှင်းပြပါ။
၁၆။
ဘာသာစကားမကျွမ်းကျင်သူ
(၁) ဘာသာစကားကျွမ်းကျင်သူများနှင့်
တွဲထိုင်ခိုင်းပါ။
(၂) အခြားသင်တန်းသားများကို ထိုသူအားအကူအညီပေးရန်
ပြောဆိုပါ။
(၃) သင်တန်းချိန်ပြင်ပတွင် နားမလည်သည်များကို
လာရောက်မေးမြန်းရန် ဖိတ်ခေါ်အားပေးပါ။
(၄) ဆွေးနွေးသောအခါ ဘာသာစကားကြောင့်
အခြားသူများလှောင်ပြောင်မှုမရှိစေရန် ထိန်းပါ။
(၅) ဘာသာစကားအားနည်းမှုသည် သင်တန်းအတွင်း
စိတ်ဝင်စားစရာကောင်းသော လက္ခဏာတစ်ခု ဖြစ်ကြောင်း အားပေးပြောကြားပါ။
၁၇။ မိမိဆန္ဒကို
ဘယ်တော့မှမပြောဘဲ ဘာမဆိုအမြဲခေါင်းညိတ်တတ်သူ
(၁) ထိုသူကို ဘာကြောင့်
ထိုကဲ့သို့လက်ခံရကြောင်းကို မေးခွန်းပြန်ထုတ်ပါ။
(၂) မေခွန်းများမေးရာတွင် ထိုသူများကို
ပထမဦးဆုံးဦးစားပေး၍အဖွင့်မေးခွန်းများပေးပါ။
(၃) ထိုသူ၏အယူအဆကို တင်ပြဆွေးနွေးခြင်းဖြင့်
အခြားသူများ၏ ထင်မြင်ယူဆချက်များကို ပြောင်းလဲကောင်း
ပြောင်းလဲလာစေနိုင်ကြောင်းရှင်းပြပါ။
၁၈။
အသေးစိတ်နှိုက်နှိုက်ချွတ်ချွတ်မေးတတ်သူ
(၁) ဘောင်ဝင်သည့်မေးခွန်းဖြစ်အောင် ပြုပြင်ပေးပါ။
(သင်ခန်းစာနှင့် ဆက်စပ်မှုရှိပါစေ)
(၂) ထိုသူ၏မေးခွန်းအပေါ်
ထိုသူ၏ထင်မြင်ချက်ပြန်တောင်းခံပါ။
(၃) ထိုသူ၏မေးခွန်းအပေါ် အခြားသောသူများ၏
ထင်မြင်ယူဆချက်များကို တောင်းခံပါ။ ဖြေရှင်း နိုင်မည့်နည်းလမ်းများကိုမေးပါ။
(၄) သင်ခန်းစာ၏ ဦးတည်ချက်မပျောက်အောင်
လမ်းကြောင်းထိန်းညှိပေးပါ။
(၅) သင်တန်းချိန်ကန့်သတ်မှုကြောင့်
ပြင်ပချိန်ရောက်မှသာ လာရောက်မေးမြန်းရန်ဖိတ်ခေါ်ပါ။
(၆) မိမိမဖြေနိုင်သောမေးခွန်းများအတွက်
သက်ဆိုင်ရာစာအုပ်စာတမ်းများကို ဖတ်ရှုရန်လမ်းညွှန် ပေးပါ။
၁၉။
သင်တန်းဆရာအားဆရာအဖြစ်လက်မခံသူ
(၁) မိမိသည်ဆရာမဟုတ်ဘဲ အကောင်းဆုံးဖြစ်အောင်
ပံ့ပိုးကူညီလုပ်ဆောင်ပေးသူသာဖြစ်ကြောင်းကို ရှင်းပြပါ။
(၂) မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိသည့်အနေအထား
ရှိပါစေ။
(၃) မိမိအပေါ်ဝေဖန်မှုကို ရဲရဲဝံ့ဝံ့ ကြိုဆိုပါ။
(၄) ခွဲခြားတတ်သည့် အမြင်ကို
ပပျောက်အောင်သွယ်ဝိုက်ပြောဆိုပါ။
(၅) ထိုသူအား တာဝန်ချိန်နှင့် သာမန်ချိန်
ဘယ်လိုဆက်ဆံသင့်သည်ကို ဥပမာပေးပြောကြားပါ။
၂၀။
စရိုက်ကြမ်းတမ်းသူ
(၁) ထိုသူ၏ ပြုမူပြောဆိုခြင်းကြောင့်
နောက်ဆက်တွဲရရှိမည့်ဆိုးကျိုးများကို ပြောပြပါ။
(၂) တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍သော်၎င်း
ကြမ်းတမ်းစွာပြောဆိုဆက်ဆံခြင်းကြောင့်တပါးသူ ခံစားရတတ် ကြောင်းရှင်းပြပါ။
(၃) ထိုသူမြင်သာအောင် အခြားသူများနှင့်
လိမ္မာယဉ်ကျေးစွာဆက်ဆဲံပြပါ။
(၄) ဘာသာတရားများဖြင့် ထိန်းပေးပါ။
၂၁။
လက်လျော့တတ်သူ
(၁) အားပေးပါ။ ဖြစ်ပျက်တတ်သည့်သဘောကို ရှင်းပြပါ။
(၂) စိတ်ဓါတ်မြှင့်တင်ပေးပါ။
(၃) ထိုသူ၏ လုပ်ဆောင်ချက်ကောင်းများကို
ထုတ်ဖေါ်ချီးကျူးပါ။
(၄) ဘာသာရပ်၏ သိရှိရခြင်း၏ ကောင်းကျိုးများကိုရှင်းပြပါ။
0 comments:
Post a Comment