Wednesday, November 9, 2011

လူငယ်တစ်ဦးရဲ့ လွဲမှားခြင်းဒဏ္ဍာရီ (1)

 
Rozoner King created a doc.
[By အဘ ဥက္ကာကိုကို ]

ကျနော် သုံးတန်းနှစ်ရောက်တော့ ရပ်ကွက်ထဲက စာအုပ်ဆိုင်ကနေ သိုင်းဝတ္ထုတွေငှားဖတ်သည်။
မောင်နှင်းဆွေ၊ နေလင်းအောင်၊ တက္ကသိုလ်မြင့်ကြွယ် စသဖြင့် သိုင်းဝတ္ထုရေးသော စာရေးဆရာတွေရဲ့ ဘာသာပြန်စာအုပ် နှစ်အုပ်တွဲ သုံးအုပ်တွဲတွေကို တစ်ရက်တည်းပြီးအောင်ဖတ်သည်။ တစ်ခါတလေ ကိုးအုပ် ဆယ်အုပ်တွဲတွေလည်းပါသေးသည်။
သိုင်းဝတ္ထုတွေဖ...တ်ရတာ သိပ်တော့မလွယ်လှပါ။ ခေါ်ရခက်သော တရုတ်နာမည်တွေကို မှတ်သားရသည်။ ဓားလှံလက်နက်တွေကို အဆန်းထွင်ထားသော နာမည်တွေကိုမှတ်ရသည်။ တံငါသည် ပိုက်ကွန်ပစ်။ ၀ါးရွက်စိမ်းဖျတ်ဖျတ်လူး။ မီးလောင်ရာလေပင့်။ စသဖြင့် သိုင်းကွက်ဆန်းများကိုလည်း မှတ်သားရသည်။ ဂိုဏ်းနာမည်တွေရော လူနာမည်တွေရော ရှုပ်ယှက်ခတ်နေသည့် သိုင်းဝတ္ထုများကိုစွဲစွဲလမ်းလမ်းဖတ်ရှုရင်း ကျနော် လေးတန်းအောင်ခဲ့သည်။
ထို့နောက် ကျနော် သိုင်းရူးရူးလေသည်။ ကျနော်အကြိုက်ဆုံးစကားလုံးမှာ သိုင်းစာအုပ်များတွင် အများဆုံးပါဝင်လေ့ရှိသည့် ““ဟာကွက်”” ဆိုတာပဲဖြစ်သည်။ မူလတန်းကျောင်းသားဦးနှောက်ဖြင့် ဟာကွက်ဆိုတာကြီးကို ကျနော်နားမလည်ခဲ့ပါ။ ဟာကွက်ဆိုတာ လူရဲ့ဘယ်နေရာမှာရှိပါလိမ့်ဟု ကျနော်နေ့စဉ်အဖြေရှာမိသည်။ ထို့နောက် ဟာကွက်ဆိုသည်မှာ လက်မြှောက်လိုက်သောအခါ ဟာသွားသည့် ချိုင်းအောက်မှ အကွက်ကိုဆိုလိုသည်ဟု ကျနော့်ဘာသာ ကောက်ချက်ချလိုက်မိလေသည်။

ထို့နောက် အတန်းထဲမှာရော၊ ရပ်ကွက်ထဲမှာရော ကျနော်သိုင်းကွက်ဆွဲလေတော့သည်။ မုန့်စားကျောင်းဆင်းချိန်တွေမှာ ကျနော်က ပုဆိုးကို မျက်နှာမှာ နင်ဂျာလိုစည်းကာ သစ်သားပေတံတစ်ချောင်းဖြင့် ခုံတွေပေါ်ပြေးတက်သည်။ ကောင်မလေးတွေဆီကို ပါးစပ်မှ ၀ှစ်ဝှစ်ခနဲအော်ကာ ပြေးသွားပြီး-
““နင်လားကွ… ရေခဲတောင်ဖွားဖွားဆိုတာ”” ဆိုပြီး ပေတံဖြင့် ထိုးသည်။
ကျနော်ထိုးတာက သူတို့ရဲ့ ချိုင်းကြားကိုဖြစ်သည်။ ထိုနေရာက ကျနော်သတ်မှတ်ထားသည့် ဟာကွက်ပင်မဟုတ်ပါလား။

ထိုသို့ဖြင့် ကျနော်ဆရာမတွေကိုတောင်အလွတ်မပေး။ ဟာကွက်ရှာရသည့်အလုပ်ကို ကျနော်ပျော်လာသည်။
ဟာကွက်တွေ့လျှင် ရတာနှင့်လှမ်းထောက်လေ့ရှိသည်။ ဘယ်လောက်ထိအကျင့်ပါနေသလဲဆိုလျှင်-
တစ်ရက်မှာ ကျနော်တို့အိမ်စာတွေကို စာအုပ်ထပ်ရသည်။ အတန်းရှေ့ခုံမှာ ဆရာမက ကြိမ်လုံးတစ်ချောင်းဖြင့်ထိုင်ကာ စာအုပ်တွေကိုအမှတ်ခြစ်နေသည်။ ကျနော်စာအုပ်သွားထပ်သည့်အချိန်မှာ ဆရာမက ကျောကုန်းယားသောကြောင့်လားမသိ။ ဘယ်ဖက်လက်ကို မြှောက်ပြီး နောက်ကျောကုန်းဆီ လှမ်းကုတ်သည်။ ကျနော်ကလည်း တတ်သည့်ပညာမနေသာဆိုသလို ချက်ချင်းပင် ဟာခနဲဖြစ်သွားသော ဆရာမ၏ ချိုင်းကြားဆီသို့ လက်ရောက်သွားလေသည်။ ပါးစပ်မှလည်း ““ဟာကွက်”” ဟုအကျယ်ကြီးအော်ကာ လက်ညိုးဖြင့် ဆရာမချိုင်းကြားကို တရစပ်ထိုးမိသည်။

ဆရာမကလည်းရုတ်တရက်ဆိုတော့ လန့်လည်းလန့်၊ ယားလည်းယားပြီး ““အို.. ဟဲ့… ဘာတဲ့တုန်း… ဟဲ့..အို.. လုပ်နဲ့လေ”” ဆိုကာ တွန့်လိမ်သွားလေ၏။
ထိုနေ့က ဟာကွက်အထောက်ကောင်းသဖြင့် ကျနော် နှစ်ချက်အဆော်ခံလိုက်ရပါသည်။

အသက်အရွယ်ကလေးရလာသည့်အချိန်ထိ ကျနော် ဟာကွက်မြင်လျှင် မနေနိုင်ပါ။ ရင်းနှီးသူဆိုလျှင် အနည်းဆုံးတော့ လက်ညိုးလေးဖြင့် လှမ်းတို့မိဆဲပင်ဖြစ်ပါသည်။ ကျနော့်ရှေ့မှာ လက်မြှောက်မိ၍ ချိုင်းပေါ်သွားသူများကို အူထဲမှ ကလိကလိဖြစ်ကာ လက်ညိုးဖြင့်ထောက်ချင်စိတ်တွေ တဖွားဖွားပေါ်နေမိဆဲပင်ဖြစ်ပါသည်။ ဟာကွက်ဆိုတာ ဘယ်လိုဘယ်ပုံဆိုတာကို ကျနော်စိတ်မ၀င်စားပါ။ ကျနော်သိသည့်ဟာကွက်ဆိုတာ လူတစ်ဦးရဲ့ ချိုင်းကြားပင်ဖြစ်ပါသည်။
အခုတော့ ကျနော်သည် ကိုယ့်ဟာကွက်ကို လာထောက်မည့် လက်ညိုးများအား မျက်စိရှင်ရှင် နားရှင်ရှင်ထားကာ တတ်စွမ်းသမျှ ရှောင်ရှားနေရလေသည်။
xxxxxxxxxxx

ကျနော် ကိုးတန်းနှစ်မှာ ရွာကဘုန်းကြီးကျောင်းတွင် ရှင်ပြုရပါသည်။ အဖေကွယ်လွန်ပြီး မကြာမီမှာ ရှင်ပြုရခြင်းဖြစ်သည့်အတွက် ကျနော့်ရဲ့ရှင်သာမဏေဘ၀တွင် ခမည်းတော်မရှိခဲ့ပါ။ ဘုရားသားတော်ဘ၀မှာ ကျနော်တစ်လနီးပါးပျော်မွေ့ခဲ့သည်။
လက်ရောခြေရောမငြိမ်သည့်အကျင့်က ကိုရင်ဝတ်နေသည့်တိုင်အောင် မပျောက်ပါ။ ဘုန်းကြီးကျောင်းတွင် ကျနော်အနှစ်သက်ဆုံးမှာ အုန်းမောင်းကြီးဖြစ်ပါသည်။

တစ်နာရီတစ်ကြိမ်ခေါက်ရသည့် ရွာဦးဘုန်းကြီးကျောင်းကအုန်းမောင်းကြီးကို ကိုရင်မ၀တ်ခင်ကပင် ကျနော်မျက်စိကျနေခဲ့တာဖြစ်သည်။ ကိုရင်ဝတ်ပြီးသည့်အခါတွင်တော့ အုန်းမောင်းခေါက်တံက ကျနော့်လက်ထဲမှာ မခွဲတမ်းရောက်လာခဲ့သည်။
ကိုရင်ဝတ်ပြီး ပထမနေ့မှာ ကျနော် နာရီတကြည့်ကြည့်နဲ့ပါ။ တစ်နာရီပြည့်တိုင်း အနားသားများဖွာလန်ကြဲနေသော သစ်သားတုတ်ကိုဆွဲကာ အုန်းမောင်းကြီးဆီ ကျနော်ပြေးသွားပါသည်။
ထို့နောက် တစ်ချက်ချင်း အားအပြင်းဆုံးမှ တဖြည်းဖြည်း အားလျော့သည်အထိ ထိန်းရိုက်ရတာကို ကျနော်သဘောကျနေပါသည်။ ပထမဆုံးတစ်ချက်ကို အသားကုန်လွှဲရိုက်ပြီး တစ်ချက်ချင်း၊ တစ်ချက်ချင်း၊ တိမ်ဝင်သွားသည့်အသံထွက်အောင် လျှော့လျှော့ရိုက်ရတာဖြစ်သည်။ ပြီးတော့မှ လက်ရှိနာရီအတိုင်း တစ်နာရီဆို တစ်ချက် ၊ ခြောက်နာရီဆို ခြောက်ချက် ရိုက်ရတာဖြစ်သည်။

ထိုနေ့တစ်နေ့လုံး ကျနော်အုန်းမောင်းခေါက်ခဲ့သည်။ တစ်ရွာလုံးကို ဘယ်အချိန်ရှိပြီဆိုတာ အချက်ပေးရသည့်အလုပ်မှာ ကျနော်ပျော်နေသည်။
ထို့နောက် ညနေခြောက်နာရီအုန်းမောင်းခေါက်ရသည်။ ၇ နာရီထိုးသံကြားတော့ တစ်ကြိမ် ကျနော်အုန်းမောင်းကိုပြေးခေါက်ပြန်သည်။ ထိုစဉ်မှာ အတွင်းခန်းမှ ဆရာတော်ထွက်လာပြီး….
““ကိုရင်.. ဘာလုပ်တာလဲ”” ဟု ကျနော့်ကိုမေးပါသည်။ ကျနော်ကြောင်နေသည်။ ““အုန်းမောင်းခေါက်တာပါ ဘုရား”” ဟုမျက်နှာသေလေးနှင့် ပြန်လျှောက်လိုက်တော့ ဆရာတော်က ခေါင်းကိုခါယမ်းပြီး ပြန်ဝင်သွားသည်။

မကြာပါ။ ရွာထဲမှလူများ ဓာတ်မီးတ၀င်းဝင်းဖြင့် ဘုန်းကြီးကျောင်းဝင်းထဲအူယားဖားယားဝင်လာကြပါသည်။ မိန်းမကြီးတချို့ကလည်း တဘက်လေးတွေ ခေါင်းပေါ်တင်ပြီး လိုက်လာကြသည်။
ဘာဖြစ်တာပါလိမ့်ပေါ့။ သူတို့တွေဘုန်းကြီးကျောင်းပေါ်ရောက်တော့ ကျနော့်ကို ၀ိုင်းမေးကြသည်။

““ဘယ်အချိန်က ပျံလွန်တော်မူသွားတာလဲ ကိုရင်””
““ဟင်.. ဘယ်သူတုန်း””
“““ဆရာတော်လေ””
““အွန်… အကောင်းကြီးပါ။ အထဲမှာ ရှိသားပဲ””
““ဟမ်… ဒါ…ဒါဆို … စောနက အုန်းမောင်းက ဘာတုန်း””
““ ၇ နာရီထိုးတာလေ””
““သေလိုက်ပါတော့ကိုရင်ရယ်… ””
““တောက်… ကိုရင်ဥက္ကာတို့ လုပ်ချလိုက်ပြန်ပြီ””

အဲဒီတော့မှ ကျနော်သိရသည်မှာ ညနေခြောက်နာရီထိုး အုန်းမောင်းခေါက်ပြီးလျှင် တစ်နေ့တာအတွက် ပြီးဆုံးပြီဖြစ်ပြီး ခြောက်နာရီနောက်ပိုင်းခေါက်သော အုန်းမောင်းများမှာ သေရေးရှင်ရေးတမျှအရေးကြီးပါမှ ခေါက်ရကြောင်းပင်ဖြစ်သည်။
ဘုမသိ ဘမသိဖြင့် ၇ နာရီအုန်းမောင်း ၇ ချက်တိတိခေါက်မိသည့်အတွက် ရွာသူရွာသားများက ကျောင်းထိုင်ဆရာတော်ပျံလွန်တော်မူသွားပြီထင်ကာ အပြေးအလွှားရောက်လာကြခြင်းပင်ဖြစ်သည်။

ကျနော် မျက်နှာမဖော်ရဲတော့ပါ။ ထို့ကြောင့် သင်္ကန်းကိုခေါင်းမြီးခြုံ၍ အိပ်လိုက်ပါသည်။ နောက်နေ့တွေလည်း အုန်းမောင်းမခေါက်တော့ပါ။ သစ်သားတုတ်ကို ကပ္ပိယလေးတွေကိုသာပေးလိုက်ပါတော့သည်။
ကိုယ်နဲ့မဆိုင်ဘဲ ဂလိုင်ဝင်ခေါက်တယ်ဆိုတာ ဒါကိုပြောတာဖြစ်မည်ထင်ပါသည်။
xxxxxxxxxxxxxx
ကျနော်စာကျက်ပြီးလျှင် ကျနော့်အဖေရှေ့မှာ ပြန်ဆိုပြရသည်။ နည်းနည်းလေး အထစ်အငေါ့ရှိလျှင်ပင် ကျောကွဲအောင်အရိုက်ခံရပါသည်။ စာတင်မဟုတ်ပါ။ ဘာတစ်ခုမှအမှားအယွင်းမရှိစေရဘဲ တစ်ခုခုမှားတာနှင့် အဖေက ကျနော့်ကို အသားကုန်ဆော်ပါသည်။
တစ်ရက်မှာတော့ ညကြီးမင်းကြီး အဖေမူးနေသည်။ ထို့နောက်ကျနော့်ကို ရိုက်ပါတော့သည်။ အဖေ့တုတ်ချက်များမှ လွတ်အောင်ရှောင်ရင်း ကျနော်လမ်းပေါ်ပြေးထွက်သွားခဲ့သည်။ ထို့နောက် စခန်းမှုးအိမ်ရှေ့ရောက်သွားပြီး အော်နှိုးပါသည်။ စခန်းမှူးကြီးက အိပ်ချင်မူးတူးနှင့်ထလာသည်။ နယ်ထိန်းတချို့လည်း ကင်းတဲမှ နိုးလာကြသည်။ ကျနော်က အဖေမူးရူးသောင်းကျန်းနေပါသဖြင့် အချုပ်ခန်းထဲတွင် ချုပ်နှောင်ထားပါရန် တင်ပြပါသည်။ စခန်းမှူးနှင့်ရဲများ ရယ်ကြသည်။ ထို့နောက် အဖေ့ကို ဖမ်းလို့မရကြောင်း။ အဖေက ကျနော့်ကိုသာရိုက်တာဖြစ်ပြီး တခြားလူကိုရိုက်တာမဟုတ်သည့်အတွက် အရေးယူလို့မရကြောင်း ကျနော့်ကို ရှင်းပြကြပါသည်။

၇ တန်းကျောင်းသားကျနော်က လက်မခံပါ။ အဖေ့ကို အချုပ်ခန်းထဲထည့်ထားပါမှ ကျနော်အေးဆေးအိပ်လို့ရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက ကျနော့်ကိုသေအောင်ရိုက်နှက်မည်ဖြစ်ပါကြောင်း ထပ်မံတင်ပြပါသည်။ ရဲတွေဘာလုပ်ရမှန်းမသိပါ။
အဖေက ကျနော့်ကို အမြဲအပြစ်ရှာရိုက်နှက်တတ်ကြောင်းကို သူတို့လည်းသိကြပါသည်။ စခန်းမှူးအိမ်ရှေ့မှ နတ်စင်လေးကိုတောင် အဖေဓားဖြင့် ခုတ်ထားတာ ခုထိမပြုပြင်ရသေးပါ။ ထို့ကြောင့် နက်ဖြန်မနက်မှာ အဖေ့ကိုလာဖမ်းပါ့မည်ဟု ကျနော့်ကို စခန်းမှူးက ကတိပေးလိုက်ပါသည်။
ကျနော် အိမ်ပြန်ရပါသည်။ သူတို့ ဘယ်တော့မှလာဖမ်းမည်မဟုတ်ကြောင်း နားလည်ပါသည်။ အိမ်တံခါးတွေအကုန်ပိတ်ထားသဖြင့် ကျနော် အိမ်ဘေးက အဖီလေးမှာ ငုတ်တုတ်အိပ်လိုက်ရပါသည်။

ဥပဒေဘောင်ထဲမှ အပြစ်ကျုးလွန်သူများသည် အဖမ်းခံရဖို့မလွယ်ကူကြောင်းကို ကျနော်နားလည်သွားပါသည်။
မနက်ရောက်တော့ အဖေက စိတ်မဆိုးဘဲ ကျနော့်ကိုကြည့်ပြီးရယ်နေပါသည်။
ဥက္ကာကိုကို
(ဆက်လက်ရေးသားပါမည်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...