Wednesday, October 5, 2011

မြန်မာ့အရေး သဘောထားအထွေထွေ

by Wai Maw on Thursday, October 6, 2011 at 9:16am

( စက်တင်ဘာ ၂၈ ရက်နေ့ထုတ် Wall Street Journal ရဲ့ အာဘော် Caution on Burmese Reform နဲ့ အဲဒီ အာဘော် အပေါ် ပြန်လည် ဆွေးနွေးချက်များကို ဆီလျော်အောင် ဘာသာပြန် ဖော်ပြ လိုက်ပါတယ်။ )
ပြီးခဲ့တဲ့အပတ်က နိုင်ငံတကာ ပဋိပက္ခ ဖြေရှင်းရေးအဖွဲ့ ( ICG) က မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ခြောက်လက စပြီး အရပ်သား တစ်ပိုင်း အစိုးရအဖွဲ့ကို ဖွဲ့စည်းပြီးတဲ့ အချိန်ကစလို့ အရေးကြီးတဲ့ ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်လာနေပြီလို့ ကောက်ချက်ချပြီး အနောက် နိုင်ငံတွေက အပြုသဘော တုန့်ပြန်ဖို့နဲ့ ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ တောင်းဆိုသွားတယ်။ ပြုပြင် ပြောင်းလဲတာတွေ မယ်မယ်ရရ မမြင်ရသေးပဲနဲ့ ICG က ဒီလို ပြောလာတော့ မြန်မာ့အရေး စောင့်ကြည့်သူတွေ အံသြသွားရတယ်။

စစ်အစိုးရက အရပ်ဝတ် လဲလိုက်တာ မှန်ပေမယ့် နှစ်ထောင်လောက် ရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေက လွတ်မလာသေးဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ အကျယ်ချုပ်က လွတ်လာပေမယ့် နိုင်ငံတွင်း သွားလာခွင့်နဲ့ နိုင်ငံရေးမှာ ပါဝင်ခွင့်က အကန့် အသတ်နဲ့ပဲ ရသေးတယ်။ ICG က ဒေါ်စုကြည်ကနေ သမ္မတက အပြုသဘော ဆောင်တဲ့ အပြောင်းအလဲတွေ လုပ်ချင်နေတယ် ဆိုပြီး ပြောတဲ့စကားကို ကိုးကား ထားတယ်၊ ဒါပေမယ့် ဒေါ်စုကြည်က ပိတ်ဆို့မှုကို ဆက်ပြီး သူမက ကျွန်မတို့ဟာ အပြောင်း အလဲတွေရဲ့ အစကို စပြီး မြင်နေရပြီလို့ သတိထားပြီး ပြောနေတာပါ။

ဒါဆိုရင် ICG နဲ့ တစ်ချို့လူတွေက မြန်မာအစိုးရ ပြုပြင် ပြောင်းလဲနေပါပြီလို့ အတင်းကာရော အသိအမှတ် ပြုချင်နေရတာလဲ။ ဖြစ်နိုင်တာကတော့ သူတို့အနေနဲ့ အစိုးရက ပိတ်ဆို့မှုကြောင့် အမူအကျင့်တွေ ပြောင်းမှာ မဟုတ်ဘူးလို့ တစ်သက်လုံး ယုံကြည်ခဲ့လိုပဲ။ ICG ဟာ ဟိုတုံးထဲက မြန်မာနိုင်ငံကို ပိတ်ဆို့တာဟာ မလိုအပ်တဲ့ ဘေးထွက် ဆိုးကျိုးတွေပဲ ရမှာလို့ အစဉ်အစိုက် ပြောခဲ့တာ ဖြစ်တယ်။ ဒါပေမယ့် အဲဒီ ပိတ်ဆို့မှုတွေကြောင့်ပဲ အခုလို အပြောင်းအလဲ အစကို မြင်ခဲ့ရတာ မဟုတ်ဘူးလား။ ဒီအချိန်ကျမှ ICG က ဒီလက်နက်ကို လွှင့်ပစ်ဖို့ ဘာလို့ လာပြောနေရတာလဲ။
ICG ရဲ့ တိုက်တွန်းချက်ဟာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို ဘယ်လိုပုံစံနဲ့ လုပ်သင့်သလဲ ဆိုပြီး နိုင်ငံတကာမှာ အပြင်းအထန် ဆွေးနွေးနေချိန်မှာ ပေါ်ထွက် လာခဲ့တာ ဖြစ်တယ်။ ဒီလဆန်းတုံးက အမေရိကန် အထူး ကိုယ်စားလှယ် ဒဲရစ်မစ်ချယ်ဟာ မြန်မာ ခေါင်းဆောင်တွေနဲ့ တွေ့ပြီး ပိတ်ဆို့ရေးကို ရုပ်သိမ်းပေးနိုင်မယ့် လိုအပ်ချက်တွေကို ဆွေးနွေးခဲ့တယ်။ ပြီးခဲ့တဲ့ ဧပြီလတုံးက အီးယူက ပိတ်ဆို့မှု တစ်ချို့ကို ဖယ်ရှား ပေးခဲ့တယ်။ အဲဒီလို ဆက်ဆံရေး နွေးထွေးအောင် ကြိုးစားမှုတွေဟာ ICG စာထဲမှာ ပါသလို နှစ်ပေါင်း ငါးဆယ်ကျော် အာဏာရှင် စနစ်နဲ့ အုပ်ချုပ်ခဲ့ပြီးတဲ့ နောက်မှာ နိုင်ငံရေး ခေါင်းဆောင်သစ်တွေ ပေါ်လာပြီး တိုင်းပြည်ကို အရင်ကနဲ့ မတူတဲ့ လမ်းကြောင်းပေါ် တင်နေပြီ ဆိုတဲ့ စကားမှန်ရင်တော့ လုပ်သင့်တာပေါ့။ ဒါပေမယ့် လက်တွေ့မှာ ဘာမှ အသစ် ပေါ်ထွန်းမလာပါဘူး။
ထိုင်းမှာ အခြေစိုက်တဲ့ သတင်းထောက် ဘာတေးလစ်တနာ ရေးသလိုပဲ မြန်မာ ခေါင်းဆောင်တွေဟာ အာဏာကို ထိန်းထားနိုင်ဖို့ အတွက် လျှော့လိုက် တင်းလိုက် လုပ်လေ့ ရှိပါတယ်။ ၁၉၉၅ ခုနှစ်မှာ ဒေါ်စုကြည်ကို လွှတ်တယ်။ နောက်ပြန်ဖမ်းပြီး ထောင်ချတယ်။ ၂၀၀၂ မှာ ပြန်လွှတ်တယ်။ ၂၀၀၃ ကျတော့ ပြန်ဖမ်းတယ်။ အဲဒီ မဟာဗျူဟာနဲ့ပဲ အပြောင်းအလဲ နည်းနည်းလေး လုပ်ပြီး အကူအညီတွေ များများ ရအောင် လုပ်နိုင်ခဲ့တယ်။

မြန်မာအစိုးရက ပိတ်ဆို့မှုတွေကိုသာ ရုပ်သိမ်းပြီးရင် နောက်ထပ် ပြန်ပိတ်ဆို့ဖို့ အရမ်းခက်မယ် ဆိုတာကို နားလည် ထားပါတယ်။ ဒ့ါကြောင့် အခုရနေတဲ့ တိုးတက်မှု သေးသေး မွှားမွှားလေးတွေဟာ ပိတ်ဆို့မှု ရုပ်သိမ်း လိုက်တာနဲ့ အကုန်ပျောက် ကုန်ဖို့ များပါတယ်။ ဒါ့ကြောင့် ပိတ်ဆို့မှုကို ရုပ်သိမ်းဖို့ ကိစ္စကို ဖြေးဖြေးပဲ လုပ်ရမယ်၊ နောက်ပြန်လှည့်လို့ မရတဲ့ ပြောင်းလဲမှုတွေနဲ့ ချိတ်ဆက် ထားရမယ်။
ဒါ့ကြောင့် အမေရိကန် ကွန်ဂရက် ပိတ်ဆို့မှုကို နောက်ထပ် သက်တမ်း တစ်နှစ် တိုးလိုက်တာဟာ မှန်တယ်။ တကယ့် တိုးတက်မှုတွေ မရှိဘဲနဲ့ ပိတ်ဆို့မှုကို ရုပ်သိမ်း လိုက်မယ် ဆိုရင် နိုင်ငံတကာကို လွယ်လွယ်နဲ့ အရူးလုပ်လို့ ရတယ်လို့ လူတွေက မြင်ကုန်လိမ့်မယ်။ ဒါ့ကြောင့် မြန်မာ ပြည်သူတွေ ရသင့်တဲ့ ဒီမိုကရေစီရေး ပြောင်းလဲမှုတွေ ဖြစ်တဲ့အထိ စောင့်ဖို့လိုမှာ ဖြစ်တယ်။
http://padaukmyay.blogspot.com/2011/09/blog-post_29.html

မြန်မာ့အရေး သဘောထားအထွေထွေ (၂)
( စက်တင်ဘာ ၂၈ ရက်နေ့ထုတ် Wall Street Journal ရဲ့ အာဘော် Caution on Burmese Reform နဲ့ အဲဒီ အာဘော်အပေါ် ပြန်လည် ဆွေးနွေးချက်များ ကို ဆီလျော်အောင်ဘာသာပြန်ဖော်ပြလိုက်ပါတယ်။ )

ဗြိတိသျှသံအမတ်ဟောင်း Derek Tonkin ဆွေးနွေးချက်
၂၀၀၉ ခုနှစ် အောက်တိုဘာလမှာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကမ့်ဘဲလ်က အထက် လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီရှေ့မှာ ထွက်ဆိုချက် ပေးတော့ ပိတ်ဆို့မှုဟာ အစိုးရကို နည်းနည်းလေး မသက်မသာ ဖြစ်စေတာပဲ ရှိတယ်လို့ ၀န်ခံသွားခဲ့တယ်။ အဲဒီအချိန်က ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီး လုပ်နေတဲ့ ဘားနဒ်ကုရှ်နာ ကတော့ ၂၀၀၉ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ သူနဲ့ စကားပြောတဲ့ သူတိုင်းကို ပိတ်ဆို့မှုဟာ လိုချင်တဲ့ ရလဒ် ဘာမှ ရအောင် မလုပ်နိုင်ဘူးလို့ ပြောခဲ့တယ်။ အစိုးရကို ပြင်းပြင်း ထန်ထန် ဝေဖန်နေတဲ့ သူတိုင်းကလည်း အခုထိ ဒီအစိုးရဟာ ဘာမှ ပြောင်းလဲမှု မရှိဘူးလို့ ပြောတုံးပဲ။ ပြောင်းလဲ နေတာကို အသိအမှတ် ပြုတဲ့သူတွေ ကတော့ ဒီပြောင်းလဲမှုတွေဟာ ပိတ်ဆို့မှုကြောင့် ဖြစ်လာတာ မဟုတ်ဘူး၊ ပိတ်ဆို့မှုကြားထဲက ဖြစ်လာတာလို့ ဆိုတယ်။
ကျွန်တော် ကတော့ Wall Street Journal ပြောသလို အစိုးရက လျှော့လိုက် တင်းလိုက် လုပ်လို့ အကူအညီတွေ ရခဲ့တယ် ဆိုတာ ဘာတစ်ခုမှ မတွေ့ဘူး။ စစ်အစိုးရက သူ့နည်းဗျူဟာအရ ဆောင်ရွက်ခဲ့တာကြောင့် နိုင်ငံရေးအရ အသက်ရှု ချောင်သွား တာတော့ ရှိတယ်။ ICG ပြောနေတာက ရမ်းသမ်းပြီး ပစ်လိုက်လို့ အစိုးရကို မထိဘဲ ပြည်သူတွေကို ထိနေတဲ့ ပိတ်ဆို့မှုမျိုး တွေကို ပြန်ပြီး သုံးသပ်ဖို့ ပြောနေတာသာ ဖြစ်ပါတယ်။ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်တာ၊ ဗီဇာ ပိတ်ပင်တာလို သေသေချာချာ ပစ်မှတ်ထားတဲ့ ပိတ်ဆို့မှုမျိုး လုပ်လို့ ရတယ်။ ဒါပေမယ့် အရေးတကြီး လိုအပ်နေတဲ့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့နဲ့ အာရှ ဖွံ့ဖြိုးရေးဘဏ်တို့ဆီက နည်းပညာ အကူအညီ မရအောင် ပိတ်ပင ထားတာမျိုး ကတော့ မလုပ်သင့်ဘူး။ ဒေါ်စုကြည် ကိုယ်တိုင်ကလည်း ပိတ်ဆို့မှုရဲ့အကျိုးသက်ရောက်မှုတွေကို ကျွမ်းကျင်သူတွေနဲ့ ပြန်သုံးသပ် သင့်တယ်လို့ ပြောထား ပြီးသားပါ။ ကျွန်တော်တို့ အားလုံး အဲဒီလို ပြန်သုံးသပ်တာမျိုး လိုနေပါတယ်။

မြန်မာပြည်ဖွား စာနယ်ဇင်းသမား Rich Mookerdum
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က သမ္မတဦးသိန်းစိန်ဟာ ပြောင်းလဲဖို့အတွက် စိတ်ဆန္ဒ ရှိနေတဲ့တာကြောင့် လက်တွဲလုပ် နိုင်မယ်လို့ ယုံကြည်တယ်၊ အပြောင်းအလဲတွေ ဖြစ်ဖို့အတွက် လမ်းစပွင့်နေပြီလို့ ထင်တယ် ဆိုပြီး ပြောသွား တာကိုတော့ မကောင်းမြင် သမားတွေ ထည့်မပြော မသွားပါလား။
ဒေါ်စုကြည်ရဲ့ ရန်ကုန်ပြင်ပ ပထမဆုံး နိုင်ငံရေး ခရီးစဉ်အဖြစ် ပြီးခဲ့တဲ့ သြဂုတ်လက ပဲခူးကို သွားတော့ အစိုးရက လုံခြုံရေး လုပ်ပေးဖို့ ကမ်းလှမ်းခဲ့ပြီး သူကလည်း လက်ခံခဲ့တယ်။ အဲဒီနေ့မှာ ရဲတွေက သူ့အလုပ်သူ ပိုင်ပိုင်နိုင်နိုင် လုပ်သွားခဲ့ပြီး လူတွေစိတ်အနှောင့်အယှက်ဖြစ်အောင် တားဆီးတာမျိုးမရှိခဲ့ဘူး။
ICG စာတမ်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိပ်တိုက် တွေ့စေမယ့် အသုံးအနှုန်းတွေကို သူ့မိန့်ခွန်းတွေထဲမှာ ရှောင်ရှား ထားခဲ့ပြီး အစိုးရကလည်း ဒါကို အပြုသဘော ဆောင်တယ်လို့ မြင်တယ်။ အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ပါတီ ခေါင်းဆောင် အနေအထား မဟုတ်ဘဲ အမျိုးသား ခေါင်းဆောင် သဘောထား ဆက်ဆံနေတာ ဖြစ်တယ်။ ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ ဒေါ်အောင်ဆန်းစုကြည်ဟာ ကွန်မြူနစ်ဟောင်းတွေ၊ စစ်ဗိုလ်ဟောင်းတွေ ကြီးစိုးနေတဲ့ အင်န်အယ်လ်ဒီ အစွန်းရောက် သမားတွေဆီ ကနေ ငြင်ငြင် သာသာ ခွာထွက်နေပါပြီ။ တစ်ချိန်က စိတ်ကူး စံပြုဝါဒီ ဒေါ်စုကြည်ဟာ အခု လက်တွေ့ဝါဒီ ဖြစ်လာပါပြီ။ ဒါဟာ အမြင်ကျယ်တဲ့ နိုင်ငံရေး လုပ်ဆောင်ချက် ဖြစ်ပြီး လုပ်ရမယ့် အချိန်လည်း ရောက်နေပါပြီ။
ပင်မ မီဒီယာကြီးတွေနဲ့ ဘာတေးလစ်တနာလို မြန်မာ့အရေး ကျွမ်းကျင်သူ အဖြစ် ကိုယ့်ဘာသာကိုယ် ထင်နေတဲ့သူတွေက အဲဒီ ကွန်မြူနစ်ဟောင်းတွေ အကြောင်း မပြောကြဘူး။ အခု မြန်မာ့ အကြောင်း ကျွမ်းကျင်သူ ဆိုတဲ့လူတွေ ရေးနေတဲ့ စာကို ဖတ်လိုက်ရင် ဘာမှ မကျွမ်းကျင်ဘူး ဆိုတာ တွေ့ရမှာပါ။ ကံမကောင်းတာက အခုချိန်အထိ မြန်မာ့ အကြောင်းကို ရေရေရာရာ မသိဘဲ ပြောနေတာတွေ တွေ့နေရတုံး ဆိုတဲ့ အခြေအနေပဲ။

အခု ICG ကို အပြစ်ပုံချနေတဲ့ ကိစ္စဟာလည်း မြန်မာ့အရေး တက်ကြွ လှုပ်ရှားမှုကို အသက်မွေး ၀မ်းကျောင်း အဖြစ် လုပ်စားနေသူတွေ၊ အလိုလို ဖြစ်လာတဲ့ မြန်မာ့အရေး ကျွမ်းကျင်သူတွေ၊ မြန်မာပြည်သူတွေ ခံစားနေရတဲ့ အခက်အခဲတွေနဲ့ ဝေးတဲ့ နေရာမှာ ရောက်နေသူတွေက သူတို့ ငွေတွင်းကြီး ပျောက်သွားမှာ စိုးရိမ်လို့ သွေးရူး သွေးတန်း ထပြောတာပါပဲ။
တကယ်တော့ မြန်မာနိုင်ငံ အတွက် ဒီမိုကရေစီကို ပို့ကုန်အဖြစ် တင်သွင်းဖို့ မလိုပါဘူး။ မြန်မာ လူ့အဖွဲ့အစည်းမှာ ရာစု နှစ်များစွာထဲက ဒီမိုကရေစီ အခြေခံ ရှိပြီးသားပါ။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရချိန်မှာ ကျင့်သုံးတဲ့ အခြေခံဥပဒေဟာ အင်မတန် လစ်ဘရယ် ကျပါတယ်။ မြန်မာပြည်မှာ လူတိုင်း မဲပေးခွင့်ရှိတဲ့ အဲဒီအချိန်တုံးက အမေရိကန်နဲ့ သြစတေးလျမှာ လူနည်းစုတွေ မဲပေးလို့ မရသေးပါဘူး။ ( လူမည်းနှင့် အဘိုရီဂျင်းများကို ဆိုလိုပါသည် ။ဘာသာပြန်သူ)

ဒီမိုကရေစီကို ပြင်ပ အကူအညီ မပါဘဲ ပြောင်းလို့ရတယ် ဆိုတာ တောင်ကိုရီးယားက သက်သေပြခဲ့ ပြီးပြီ။ ကိုရီးယားဟာ ဘယ်သူ အကူအညီ၊ အားပေးမှုမှ မပါဘဲ စစ်အစိုးရကနေ ဒီမိုကရေစီစနစ်ကို ပြောင်းခဲ့တာပဲ။ အနောက် ဥရောပမှာ ဒီမိုကရေစီ ထွန်းကားဖို့ နှစ် နှစ်ရာကျော် လုပ်ခဲ့ရတယ်။ ဒါတောင်း ကမ္ဘာစစ်ကြီး နှစ်ခု ဖြစ်တာ မပါသေးဘူး။ ဒီတော့ မြန်မာကိုရော အချိန် မပေးသင့်ဘူးလား ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...