Wednesday, October 26, 2011

သဘောဖြူတဲ့ ငှက်ကျားဖြူ

by သစ္စာနီ on Wednesday, October 26, 2011 at 8:13pm

တစ်နေ့သ၌ ကျွန်ုပ်သည် ပုံပြင်ထဲတွင် လမ်းလျှောက်လာရာလမ်း၌ ငှက်ကျားဖြူတစ်ကောင်နှင့် တွေ့လေသည်။ ငှက်ကျားဖြူသည် ညစာစားပွဲတက် ဝတ်စုံကို အပြည့်အစုံ ဝတ်ဆင်ထားကာ ရွှင်လန်းမြူးကြွစွာ လျှောက်လာသဖြင့် ကျွန်ုပ်က...

“ဘယ်သွားမလို့လဲ ငှက်ကျားဖြူ”

လို့မေးလိုက်မိလေသည်။ ငှက်ကျားဖြူက...

“ဒီနေ့ မြေခွေးက ညစာစားပွဲ ဖိတ်ထားလို့ သွားမလို့ဗျ။ သူ့လို ငနဲမျိုးက ဒီလိုဖိတ်တယ်ဆိုတော့ ဂုဏ်ယူစရာ မကောင်းဘူးလားဗျာ။ တခြားသတ္တဝါတွေကတော့ မြေခွေးတွေဟာ စိတ်ထားပုပ်တယ်လို့ ပြောနေကြတာပဲ။ သူတို့ပြောသလောက်လည်း မဆိုးပါဘူးဗျ။ သူတို့က ခင်တတ်သားပဲ”


လို့ ပြောတယ်။ ဒီတော့မှ ကျွန်ုပ်က အီစွတ်ပုံပြင်ထဲက မြေခွေးနဲ့ ငှက်ကျားဖြူပုံပြင်ထဲ ရောက်နေမှန်း သိတော့တယ်။ ဒီပုံပြင်ရဲ့ဇာတ်ကြောင်းက ဒီလို...။

မြေခွေးဟာ အင်မတန်ယုတ်မာတဲ့ သတ္တဝါဆိုတော့ ငှက်ကျားဖြူကို ညစာကောင်းကောင်း မကျွေးချင်ပါဘူး။ ဒါကြောင့် စွပ်ပြုတ်ကောင်းကောင်းလုပ်ပြီး ငှက်ကျားဖြူလာတော့ ပန်းကန်ပြားပက်လက်ထဲ ထည့်ကျွေးတယ်။ ငှက်ကျားဖြူရဲ့ နှုတ်သီးက ရှည်ရှည်ချွန်ချွန်ဆိုတော့ ပန်းကန်ပြားပက်လက်ထဲက စွပ်ပြုတ်ကို နှုတ်သီးဖျားနဲ့ တို့ရုံပဲ တတ်နိုင်တယ်။ မြေခွေးကတော့ လျှာနဲ့လျက်ပြီး စားလိုက်တာ ခဏလေးနဲ့ ပြောင်သွားတာပေါ့။ အခုလည်း ငှက်ကျားဖြူ ရောက်သွားတော့ မြေခွေးဟာ ပုံပြင်ထဲကအတိုင်း ကျွေးတယ်။ ဒီတော့ ငှက်ကျားဖြူဟာ အာစွတ်ရုံကလေးသာ သောက်ရပြီး အရှက်တကွဲ ပြန်လာတာပေါ့။ ကျုပ်နဲ့တွေ့တော့...

“ဒီမြေခွေးဟာ တော်တော်ယုတ်မာတယ်။ ဒါပေမယ့် နောက်တစ်ပတ် ညစာလာစားဖို့ မြေခွေးကို ဖိတ်ခဲ့ပါတယ်”

လို့ ပြောပြီး အိမ်ပြန်သွားတာပေါ့။ ပုံပြင်ထဲမှာ ဆက်ဖြစ်တာက ဒီလို...။

ငှက်ကျားဖြူဟာ မြေခွေးကို ကလဲ့စားချေဖို့ အကြံအစည်နဲ့ အမဲသားစင်းကော ချက်တယ်။ မြေခွေး လာတဲ့အခါမှာတော့ လည်တံရှည်ရှည် ကရားတစ်လုံးထဲမှာ ထည့်ကျွေးတယ်။ မြေခွေးက နှုတ်သီးတိုတော့ နှိုက်မစားနိုင်ဘူးပေါ့။ အပေါ်က နည်းနည်းလောက်ပဲ စားနိုင်တယ်။ ငှက်ကျားဖြူကတော့ နှုတ်သီးရှည်တော့ ကုန်အောင် နှိုက်စားနိုင်တာပေါ့။ ဒီတော့ မြေခွေးလည်း ရှက်ရှက်နဲ့ ပြန်လာရတယ်။ ပုံပြင်ထဲမှာတော့ ဒီအတိုင်းပဲ ဖြစ်ခဲ့တာပဲ။

သူတို့ဘာဆက်ဖြစ်မလဲ ဆိုတာ သိချင်တာနဲ့ နောက်တစ်ပတ်ကျတော့ ကျွန်ုပ်လည်း အဲဒီနေရာကို တစ်ခေါက်ပြန်သွားတယ်။ အချိန်တန်တော့ ငှက်ကျားဖြူအိမ်ကို မြေခွေးရောက်လာတယ်။ မြေခွေးရဲ့ပုံကို မြင်တော့ ကျွန်ုပ်အံ့အားသင့်သွားတယ်။ မြေခွေးဟာ (အီစွတ်ပုံပြင်ကို ဖတ်ဖူးဟန်တူတယ်) သူ့ရဲ့နှုတ်သီးကို ငှက်ကျားဖြူတစ်ကောင်ရဲ့ နှုတ်သီးနဲ့တူအောင် ဆေးရုံတက်ပြီး ခွဲစိတ်ပြုပြင်လာခဲ့တာကိုး။ သူရဲ့မျက်နှာက ပြုံးစိစိနဲ့...

“ကဲ... ခင်ဗျားရဲ့ အသားစင်းကောဟင်းကို ချကျွေးပေတော့။ လည်တံရှည်ကရားထဲ ထည့်ကျွေးလည်း ကျုပ်မမှုပါဘူး။ အလွယ်တကူ နှိုက်စားဖို့ အသင့်ပါပဲ”

လို့ပြောလိုက်တယ်။ ဒီတော့ ငှက်ကျားဖြူလည်း အံ့သြတဲ့မျက်နှာနဲ့...

“ဘုရားရေ... ခင်ဗျားကို အမဲသားစင်းကော ကျွေးမယ်လို့ ဘယ်သူက ပြောလို့လဲ”

မေးတော့ မြေခွေးက...

“အီစွတ်ပုံပြင်ထဲမှာ ဒီအတိုင်းပဲ ပါတာပဲကွ”

“ကျုပ် ဒီပုံပြင်ကို မဖတ်ဖူးပါဘူး။ ခင်ဗျားက စွပ်ပြုတ်နဲ့ ကျုပ်ကို ဧည့်ခံတော့ စွပ်ပြုတ်ဆိုတာ ခင်ဗျားအကြိုက်ဆုံး အစားအစာ ထင်ပြီး အခုလည်း ကျွေးဖို့ စွပ်ပြုတ်ပဲ ချက်ထားတယ်။ ပြီးတော့ ခင်ဗျားသောက်လို့လွယ်အောင် ဈေးက ပန်းကန်ပြားပက်လက် တစ်ချပ်တောင် ဝယ်ထားသေးတယ်”

လို့ ပြောပြီး စွတ်ပြုတ်ကို ပန်းကန်ပြားပက်လက်ထဲ ထည့်တိုက်တယ်။ သူကတော့ စားသောက်ပြီးပြီဆို ဘာမှ မစားဘဲနေတယ်။ နှုတ်သီးရှည်ရှည်ချွန်ချွန်နဲ့ မြေခွေးဟာ ပန်းကန်ပြားပက်လက်ထဲက စွပ်ပြုတ်ကို သောက်မရ ဖြစ်နေတယ်။ သူ့အတတ်နဲ့ သူစူးတာပဲ။ သူ့ကိုယ်သူလည်း လည်လွန်းတယ် ထင်ပေမယ့် အခုတော့ သူနဲ့မလိုက်တဲ့ နှုတ်သီးရှည်ကြီးဟာ ဘာမှ အသုံးမဝင်ဘဲ သူ့ကို အရှက်သာ ရစေတော့တယ်တဲ့။

(ဥပဒေသ။     ။ ရိုးသားခြင်းသည် အောင်နိုင်ရာ၏)

သစ္စာနီ (ဟဒယမဂ္ဂဇင်း၊ မေလ၊ ၂ဝဝ၇)

 credit:  lucky82 (mmcybermedia)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...