Sunday, October 16, 2011

စကားပုံတွေနဲ့ မြန်မာ့နိုင်ငံရေး

by Save Irrawaddy on Monday, October 17, 2011 at 10:54am
 

မြန်မာတို့၏ လူမှုရေးနယ်ပယ်တွင် သုံးလေ့ရှိသည့် စကားပုံတစ်ခုမှာ လူ့အလိုနတ်မလိုက်နိုင်ဟူ၍ ဖြစ်သည်။ ပုထုဇဉ် အဖြစ်တွင် လောဘ၊ ဒေါသ၊ မောဟ ၊ အတ္တ၊ မစ္ဆရိယ အကုန်ရှိနေသေး၍ ရောင့်ရဲတင်းတိမ် ကျေနပ်နိုင်ခြင်းမရှိ။ ချမ်းသာပြီးသည့်သူကလည်း ချမ်းသာပြီးရင်း ချမ်းသာချင်သည်။ အောင်မြင်သူကလည်း ပို၍အောင်မြင်ချင်သည်။ ထို့ကြောင့် မည်သည့် နတ်ဒေဝတာကမှ လူတစ်ယောက်၏ဆန္ဒကို ပြည့်အောင် ဖြည့်ဆည်းပေးခြင်း မပြုနိုင်ပေ။ ထို့ကြောင့် ထိုလောဘ၊ ဒေါသ၊ မောဟ စသည့် အစွဲအလမ်းများမှ လွတ်မြောက်ရာလမ်းကို ဗုဒ္ဓက ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

တစ်ခုခုကို အသေစွဲကိုင်သူကို လှေနံဓားထစ်မှတ်ယူသူဟု မြန်မာတို့က ဆိုကြသည်။ မြန်မာတွေ အလွန်ကြိုက်သော ဒီမိုကရေစီဆိုတာ ဘာလဲ။ လွတ်လပ်တာ၊ လူ့အခွင့်အရေးအပြည့်အဝရှိတာ၊ ဒါဆိုလူ့အခွင့်အရေးဆိုတာ ဘာလဲ၊ အဝတ်မပါဘဲ လမ်းပေါ်ထွက်ခွင့် ရှိတာလား၊ အများစုရဲ့ ဆန္ဒကို လိုက်နာ၊ အနည်းစုကို လေးစား၊ စသည်ဖြင့် မရေမတွက်နိုင်အောင် အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ အများကြီး ရှိပါသည်။ နေရာတကာ လူထုသဘောအတိုင်း လိုက်လုပ်နေရင်ရော ဖြစ်မှာလားဟု ခေါင်းဆောင်လုပ်သူကလည်း တွေးရသည်။ တစ်ယောက် တစ်ပေါက်နှင့်ဆိုလျှင် ပြီးမှာမဟုတ်တော့။ ဒီမိုကရေစီ၏ လက်ယာဘက် လွန်မြောက်လာလေလေ မင်းမဲ့စရိုက်ကို ဦးတည်လေဖြစ်သည်။ ထို့ကြောင့် ဒိတ်ဒိတ်ကျဲ ဒီမိုကရေစီ နိုင်ငံကြီးများပင်လျှင် ဒီမိုကရေစီ အရေးနှင့် ပတ်သက် ၍ ယနေ့တိုင် အဓိပ္ပါယ်ဖွင့်၍မပြီးသေး။ democracy၊ Liberalism၊ Neo-Liberalism၊ Post-Neo-liberalism စသည့်ဖြင့် ဆင့်ပွားတွေးဆချက်တွေ အိုင်ဒီယာအသစ်တွေ ထပ်ထပ်ပြီး ထွက်နေသည်။ ထို့ကြောင့် လူ့လောက အတွက် ဒီမိုကရေစီသည် မရှိမဖြစ် လိုအပ်သည့် အရာတစ်ခုတော့ မဟုတ်ပေ။ သို့ရာတွင် လူတိုင်းလူတိုင်းသည် လူနှင့်တူအောင် နေနိုင်ဖို့အတွက် လိုအပ်သည့် စည်းမျဉ်းစည်းကမ်းတွေ၊ အင်စတီကျူးရှင်း တွေ ရှိရမည်ဖြစ်သည်။ တရားဥပဒေစိုးမိုးရေးနှင့် လွတ်လပ်စွာ ရှာဖွေစားသောက်ခွင့်ရရေး၊ လွတ်လပ်စွာ ယုံကြည်ခွင့်တို့သည် ဒီမိုကရေစီဆိုသည့် အရာမရှိလည်း ရကိုရသင့်သည့် အခွင့်အရေးများပင် ဖြစ်သည်။ ဒီမိုကရေစီဆိုသည်မှာ အထက်က ဆိုသလို ကိုယ်လုပ်ချင်တာ လုပ်ခွင့်ရပြီဟု လှေနံဓားထစ် မယူသင့်၊ မိမိ၏ လွတ်လပ်ခွင့်မှာ သူတစ်ပါးကို မထိခိုက်ရန် လည်း လိုသေးသည်။

၂၀၁၀ခုနှစ်သည် မြန်မာနိုင်ငံအတွက် ထူးခြားသည့် နှစ်တစ်နှစ် ဖြစ်သည်။ ၂၃နှစ်ကြာ အုပ်ချုပ်ခဲ့သော စစ်အုပ်ချုပ်ရေး ရပ်စဲ၍ ရွေးကောက်ပွဲများရ အရပ်သား အစိုးရသစ်တက်လာသည်။ အရပ်သားအစိုးရ ဖြစ်ပါသည်။ ဒီမိုကရေစီအစိုးရ မဟုတ်ကြောင်း သိစေလိုပါသည်။ ရွေးကောက်ပွဲနှင့် ဒီမိုကရေစီသည် တိုက်ရိုက်နည်းလမ်းမကျဟူသော သီအိုရီတစ်ခုကို မြန်မာ့ရွေးကောက်ပွဲက ဖော်ထုတ်ပေးလိုက်ခြင်းပင်ဖြစ်သည်။ သို့ရာတွင် လှေနံဓားထစ်သူတို့ကမူ ရွေးကောက်ပွဲလုပ်လျှင် ဒီမိုကရေစီ နည်းလမ်းတကျ ဖြစ်ရမည်။ အားလုံးပါဝင်ခွင့်ပေးရမည်။  ဒီမိုကရေစီနှင့် ညီညွတ်သော အခွင့်အရေးတွေ ရှိရမည်ဟု တတွင်တွင် အော်ဟစ်လာသည်။ ဒီမိုကရေစီအုတ်မြစ်ချနေခြင်းကို ပတ်ကားဒီမိုကရေစီ တည်ဆောက်ပြီးဟု လှေနံ ဓားထစ် တွက်ယူကြခြင်းဖြစ်သည်။
လှေနံဓားထစ် ဆိုနေကြသည့် အချက်များကို အစိုးရကလည်း လိုက်လျောရန် ကြိုးစားပါ၏။ သူတို့မှာလည်း ဒီမိုကရေစီအစိုးရအဖြစ် တံဆိပ် အတပ်ခံရရန် လိုနေသေးသည် မဟုတ်ပါလား။ ပြည်တွင်းစစ်တွေ ရပ်နိုင်အောင် အစိုးရက လမ်းဖွင့်ပေးသည်။ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးချုပ် တွေမှတဆင့် မူကိုဆွေးနွေးရန်၊ ဆက်လက်၍ နောက်တ ဆင့် ဆွေးနွေးရန် အကြောင်းကြားသည်။ လူ့အလိုနတ်မလိုက်နိုင်ဆိုသလိုပင် ဘယ်သူနှင့်မှ ဆွေးနွေးနိုင်မည်။ ဘာတွေ ပေးမှ ဆွေးနွေးနိုင်မည် ဟု စောဒက တက်ကြသည်။ အဆိုးဆုံးမှာ လက်နက်ဆက်လက်ကိုင်စွဲရေး၊ မိမိတို့ပြည်နယ်များမှ အစိုးရ တပ်များ ရုပ်သိမ်းရေးတွေအထိပါသည်။ ၂၀၀၈ဖွဲ့စည်းပုံအရ လက်နက်ကိုင်တပ်များသည် ကာကွယ်ရေးဦးစီးချုပ်၏ လက်အောက်တွင် ရှိရမည်ဆိုသည့် အချက်ကို မေ့လျော့နေဟန်တူသည်။ ယခု အစိုးရသည် ၂၀၀၈ဖွဲ့စည်းပုံအရ လုပ်ဆောင်မည့်အစိုးရ မဟုတ်ပါလား။ မည်သည့် ဒီမိုကရေစီနိုင်ငံမှ ပြည်နယ်များကို သီးခြားစစ်တပ်ပေးသည်ဟု မကြားဖူးပေ။ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေးရေး ချက်ချင်းလုပ်ဟု တောင်းဆိုသည်။ သမ္မတကြီးနှင့် ဒေါ်အောင် ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးကြသည်။ ပြည်သူတွေ အကျိုးရှိမည့်ကိစ္စတွေ ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူ ကြသည်။ သို့သော် အစိုးရမှာ ဟန်ပြသက်သက်သာ တွေ့ဆုံခြင်းဖြစ်သည်။ ထိုသို့သော တွေ့ဆုံမှုမျိုးကို အလိုမရှိဟု ဆိုကြရင်းမှာ နောက်ဆုံးတွင် အစိုးရ ဆန့်ကျင်ရေးသာမက ဒေါ်အောင်ဆန်းစုကြည်ဆန့်ကျင်ရေးပါ နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်း ထူးထူးခြားခြား တွေ့လာရသည်။

မြစ်ဆုံကိစ္စကို ရပ်ဆိုင်းလိုက်သည်။ ပြည်သူတို့၏ တောင်းဆိုချက်အရရော၊ မဟာဗျူဟာအရပါ စိုးရိမ်ဖွယ်ရှိ၍ ရပ်တန့်လိုက်ခြင်း ဖြစ်သည်။ အခြားသော ရေအားလျှပ်စစ်တွေလဲ ရပ်ပေးဟု လူ့အလိုနတ်မလိုက်နိုင်ဖြစ်လာရပြန်သည်။ သဘာဝဓာတ်ငွေ့တွေ တရုတ်ကိုတင်ပို့နေတာ ရပ်ပေးဟု ဆိုပြန်သည်။ ဘယ်ကပိုက်ဆံရတော့မှာလဲ၊ သယံဇာတတွေ ရောင်းစားနေတာ ရေရှည်တွင် ထိခိုက်နိုင်သည်မှာမှန်သည်။ သို့သော် လူသားအရင်းအမြစ် မဖွံ့ဖြိုးသေးသည့် အချိန်၊ တည်ဆောက်နေရသည့်အချိန်တွင် ဘယ်ကပိုက်ဆံနှင့် အစိုးရလည်ပတ်ရမည်နည်း။
နိုင်ငံရေး အကျဉ်းသားတွေ အခုလွှတ်ဟု ဆို၍ လွှတ်ရပြန်သည်။ ထိုကိစ္စသည် အစိုးရအတွက် အနည်းငယ် အခက်အခဲရှိသည်။ ယခုမှ နိုင်ငံကို ပြန်လည်တည်ဆောက်နေရသည့် အချိန်တွင် လူ့အလိုနတ်မလိုက်နိုင်သည့် ကိစ္စတွေကြောင့် ပြည်သူတွေ လမ်းပေါ်တက်လျှင် တကျော့ပြန် အာဏာသိမ်းရသည့် ကိစ္စတွေ ထပ်ဖြစ်လာမည်။ ထို့ကြောင့် နိုင်ငံရေး အကျဉ်းသားများကိစ္စမှာ ခေါင်းခဲစရာပင်။ ဒီမိုကရေစီတည်ဆောက်နေခြင်းဖြစ်၍ ထိုပုဂ္ဂိုလ်များကို မလွှတ်၍လည်း မဖြစ်ပေ။ ထို့ကြောင့် သဘောထားပျော့ပျောင်းမည် ထင်ရသူများ၊ နိုင်ငံအတွက် အမှန်တကယ် အသုံးဝင်နိုင်မည်ထင်သူ တွေကို စမ်းလွှတ်ပေးသည်။ သို့ရာတွင် ဒီမိုကရေစီ အစိုးရမှန်လျှင် အကုန်လုံးကိုလွှတ်ပေးရမည်ဟု လှေနံဓားထစ်ယူဆသူတွေက လူ့အလို နတ်မလိုက်နိုင် ဆိုသလို အော်ပြန်သည်။ အထက်တွင်ဆိုခဲ့သလို ဒီမိုကရေစီနိုင်ငံမဖြစ်သေးပါဟုသာ ဆိုရပေလိမ့်မည်။ ဒီမိုကရေစီနိုင်ငံ မဖြစ်သေးလျှင် ဖြစ်အောင် လူထု လှုပ်ရှားမှုတွေနှင့် အစိုးရကို ဆန့်ကျင်ရမည်ဟု ဆိုကောင်းဆိုနိုင်သည်။ ယခု ပြန်လည်လွတ်မြောက်လာသူတွေကပင် ယင်းတို့၏ လွတ်မြောက်လာမှုကို စဉ်းစားတွေးခေါ်ခြင်း မပြုဘဲ အစိုးရအပြောင်းအလဲ မရှိကြောင်း၊ အယုံအကြည်မရှိကြောင်း ထောင်ကထွက်ထွက်ချင်း ပြောကြသည်။ အစိုးရအနေဖြင့် ကျန်ရှိသည့် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးမှာ အခက်အခဲဖြစ်သွားပြန်သည်။ ဖမ်းလိုက်၊ လွှတ်လိုက်၊ လမ်းပေါ်ပြန်တက်၍ ပြန်ဖမ်းလိုက်၊ အာဏာပြန်သိမ်းလိုက်ဖြင့် တိုင်းပြည်သည် ဂျာအေးသူ့အမေရိုက်ဟူသော စကားပုံတစ်ခုထဲသို့ ဝင်လာရပြန်သည်။

မြန်မာနိုင်ငံအတွက်ဒီမိုကရေစီဖြစ်ထွန်းရေးဆိုသည်မှာ ယခုမှ စတင်တည်ဆောက်နေဆဲအချိန်သာဖြစ်သည်။ ထိုအခြေအနေကို မသိသေးလျှင် မရှိတာထက်၊ မသိတာခက်ဟူ၍ ဆိုရတော့မည်။ ထိုကိစ္စက တစ်ယောက်အားဖြင့်မရ တစ်သောင်းအားဖြင့်ယူသော်ရ၏ ဆိုသောကိစ္စ ဖြစ်သည်။ မင်းသား မလုပ်ရ၍ ပတ်မကြီးထိုးဖောက်လိုသူတွေ များနေလျှင် ငါးခုံးမတစ်ကောင်ကြောင့် တလှေလုံးပုပ်သည့် အဖြစ်မျိုးလည်း ဖြစ်နိုင်သည်။ အလိုကြီးလျှင် အရနည်းတတ်ကြောင်း သတိချပ် သင့်သည်။ လက်ရှိအခြေအနေတွင် အားလုံးပါဝင်သော နိုင်ငံရေး ဖြစ်ရန်မှာ ရှည့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဟူသော စကားပုံအတိုင်း လိုက်နာကျင့်သုံးသင့်သည်။  ဒီမိုကရေစီဆိုတာကို ငါ့စကားငါ့နွားရရ ပြောဆိုနေခြင်းထက် တနေ့တလံ ပုဂံမရွေ့ဟု သဘော ပိုက်၍ အများညီမှ ဤကို ကျွဲဖတ်ရနိုင်ကြောင်း သဘောပိုက်ကြစေလိုပါသည်။
××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

Yangon Chronicle

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...