ယှဉ်လည်းယှဉ်ပြိုင်၊ ပူးလည်း ပူးပေါင်း
by Save Irrawaddy on Tuesday, October 18, 2011 at 9:05am
၂၀၀၈
ခုနှစ် နောက်ပိုင်းကာလတွင် မြန်မာစာပေလောက၌ စကားလုံးတစ်လုံး ကျယ်လောင်စွာ
မြည်ဟိန်းလာလျက် ရှိလေသည်။ အတွေးအမြင်မတူညီမှုများကို သဘောထားကြီးကြီး
ရင့်ကျက်စွာ လက်ခံစဉ်းစားသင့်သည်၊ သုံးသပ်ဝေဖန်သင့်သည်။ အကျိုးစီးပွားခြင်း
မတူညီသည့်အတွက် တစ်ဖက်နှင့် တစ်ဖက်
အပြန်အလှန်ဖယ်ရှားဖို့ကြိုးစားခြင်းသည် လူ့အဖွဲ့အစည်း၏ တိုးတက်မှုကို
ဟန့်တားစေသည်။ ထို အတွက်ကြောင့် သဘောထားကွဲလွဲမှုများကို လက်ခံသည်ဟူသော
“Agree to Disagress” စကားမှာ ပြုပြင် ပြောင်းလဲရေး ပညာတတ်များ၏
စိတ်အခံလိုဖြစ်လာခဲ့လေသည်။ ထိုပညာတတ်များ၏ အမြင်မှာ လူ့အဖွဲ့အ စည်းတွင်
အမြင်မတူညီမှုများ၊ သဘောထားကွဲလွဲမှုများ သေချာပေါက်ရှိနေမည်သာဖြစ်လေသည်။
သို့သော် ယင်းမတူညီမှုကို ယိုးမယ်ဖွဲ့ပြီး ပိုကြီးချဲ့နေဖို့ရန်
အကြောင်းမရှိတော့။ တိုင်းပြည်လည်းနာလှပြီ။ ရင့်ကျက်ဖို့ လည်းလိုပြီ။
မတူညီမှုကို လက်သင့်ခံကာ တူညီသည်များ၊ ဘုံအကျိုးစီးပွားကို
တွဲလုပ်ဖို့ဖြစ်လာလေသည်။
ကိစ္စရပ်တစ်ခုတွင် အမြင်မတူညီမှုများ ရှိနိုင်သည့်တိုင် ဘုံအကျိုးစီးပွားတော့ရှိကိုရှိရမည်။ ထိုကြောင့် ဆန့်ကျင်ဘက်အသွင်ဆောင်သည့် အင်အားစုများ အချင်းချင်းမှာ ပြိုင်လည်းပြိုင်ရမည်၊ ပေါင်းလည်းပေါင်းရမည် ဖြစ်သည်။ ဤတွင် မေးစရာရှိလာသည်မှာ ဘယ်လိုအခြေအနေမျိုးတွင် ပြိုင်၍ ဘယ်လိုအချိန်အခါမျိုးတွင် ပူး ပေါင်းရမည်လဲ ဆိုခြင်းပင်ဖြစ်လေသည်။ ကိစ္စရပ်တစ်ခုတွင် ကြည့်ရှုသည့် ရှုထောင့်ခြင်းမတူညီသည့်အတွက် သဘောထားကွဲလွဲမှုများ ရှိသည့်တိုင် အပြန်အလှန်ဖယ်ရှားသည့် လမ်းကြောင်းကို မရွေးချယ်ဘဲ ကိုယ့်ရှုထောင့် မှန်ကန်ကြောင်းကို စူးစမ်းရှာဖွေ ဖော်ထုတ် ဆွဲဆောင်ရသည့်အခြေအနေမျိုးတွင် အကြိတ်အနယ်ပြိုင်ဆိုင်ရ မည်ဖြစ်ပြီး သဘောထားကွဲလွဲစရာမရှိသော ဘုံအကျိုးစီးပွား တူညီသည့် နေရာမျိုးတွင်တော့ ပူးပေါင်းဆောင်ရွက် ရမည်ဖြစ်လေသည်။ ရွေးကောက်ပွဲကို မထောက်ခံသည့်တိုင် တိုင်းပြည်တိုးတက်စေချင်သည့်အတွက်ကြောင့် ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းလိုမျိုးကို ဆိုလိုခြင်းဖြစ်လေသည်။
ပြိုင်ဆိုင်ရသည့်အခြေအနေမျိုးတွင်တော့ လက်တွေ့ကျဖို့တော့ လိုပါသည်။ လက်တွေ့ကျသည့် အုပ်စုမှသာလျှင် ပြိုင်ပွဲတွင် အနိုင်ရဖို့များပြီး လူ့အဖွဲ့အစည်း ရွေ့နိုင် ပြောင်းနိုင်မှာဖြစ်ပေသည်။ NLD သည် ရွေးကောက်ပွဲကို ဖွံ့ဖြိုးရေးအတွက် လိုအပ် ချက်အဖြစ် မရှုမြင်ခဲ့သည့်အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမပြုခဲ့ပေ။ သို့သော် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ တိုင်းပြည်ဖွံ့ဖြိုးစေချင်သည့် စိတ်စေတနာ အလွန်ထက်သန်သော ပုဂ္ဂိုလ် ဖြစ်သည့်အတွက် ယခု ဦးသိန်းစိန်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ဖို့အသင့်ဖြစ်နေပြီး သူမကိုယ်တိုင်ပင် အင်တာ ဗျူးတစ်ခု၌ တိုင်းပြည်ကောင်းစားဖို့ သူကို အသုံးချလည်း အသုံးချခံအဖြစ် လက်သင့်ခံသွားမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့လေသည်။
ဦးသိန်းစိန်အစိုးရအနေဖြင့် ကောင်းမွန်သန့်ရှင်းသည့် အစိုးရတရပ်အဖြစ် ပြည်တွင်း၌ရော၊ နိုင်ငံတကာ ၌ပါ တရားဝင်မှုရှိအောင် နည်းမျိုးစုံနှင့် ကြိုးပမ်းနေသည်ကို မြင်တွေ့နေရလေသည်။ အပေါ်ယံသွင်ပြင်မဟုတ် သည့် အနှစ်သာရရှိသည့် ပြုပြင်ပြောင်းလဲမှုမျိုး ဆောင်ရွက်နေသည်ဟုလည်း ယုံကြည်ပါသည်။ သို့သော် လူ့အဖွဲ့ အစည်းအတွင်းတွင် ပြုပြင်ပြောင်းလဲမှုများကို လက်ခံသူရော၊ ခုခံသူများရော ရှိမြဲပင်ဖြစ်လေသည်။ ၎င်းခုခံသည့် အင်အားစုများ အားမကောင်းသွားအောင်တော့ သတိထားရတော့မည့် အနေအထားဖြစ်ပါသည်။ ဒီမိုကရေစီအင်အားစုများအနေဖြင့် ဦးသိန်းစိန်အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကို မှန်ကန်မှုနှင့် သေချာမှုရှိစေ ရန် ဝေဖန်ထောက်ပြ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါသည်။ သို့မှသာ နောက်ကြောင်းပြန်ဖို့ မရှိတော့သည့် ရှေ့ တိုးဖွံ့ဖြိုးရေးကို မိမိရရဆုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။
ယခင် နိုင်ငံရေးအထက်တန်းလွှာမှ ပြုပြင်ပြောင်းလဲလိုသည့်အင်အားစုများရော၊ ယခုအသစ် ပေါ်ထွန်း လသည့် အပြောင်းအလဲကို လိုလားသော ဒီမိုကရက်များရော အမျိုးသားစီးပွားရေးဖွံ့ဖြိုးမှုဟူသော ဘုံအကျိုး စီးပွားကို အခြေခံ၍ ပူးပေါင်းဆောင်ရွက်နိုင်မည်ဆိုပါက စီးပွားရေးဖွံ့ဖြိုးမှုနှင့် ပတ်သက်သည့် မြင်သာထင်သာ ရှိသည့်ရလဒ်ကို မြင်တွေ့နိုင်မည်ဖြစ်သည်။ ဘုံအကျိုးစီးပွားတူညီမှုရှိသည့်အတွက် စီးပွားရေးဖွံ့ဖြိုးမှု မူဝါဒများ လည်း မှန်ကန်မှုရှိနေမည်ဖြစ်သည်။ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံအတွက် အရင်းအနှီးစုဆောင်းမှု နှင့် ရင်းနှီးမြုပ်နှံမှုမှာ လွန်စွာအရေးကြီးပါသည်။ ဖွံ့ဖြိုးရေးပညာရှင်များပင်လျှင် အရင်းအနှီးသည် ပျက်နေသော ကွင်းဆက်ဖြစ်သည် (Capital is a missing link) ဟု ကောက်ချက်ချမှု များလည်းရှိလေရာ အရင်းအနှီးစု ဆောင်းရေးမှာ စီးပွားရေးဖွံ့ဖြိုးရေးအတွက် အရေးကြီးသော အစိတ်အပိုင်းအဖြစ် ပါဝင်နေလေသည်။ အစိုးရများသည် အရင်းအနှီးနှင့် ရင်းနှီးမြုပ်နှံမှုမြင့်မားလာစေရန် အခွန်ဆိုင်ရာပြောင်းလဲမှုများပြုလုပ်ခြင်း (ဝင်ငွေခွန်မှ သုံးစွဲမှု အခွန်သို့ပြောင်းလဲကောက်ခံခြင်း)၊ စုဆောင်းမှုကို နည်းလမ်းတကျ ဆောင်ရွက်ပေးသည့် ဘဏ္ဍရေးအဖွဲ့အစည်းများ ထူထောင်ခြင်း၊ ကိုယ့်လူ့အဖွဲ့အစည်း၏ လူမှုစီးပွားရေးဘဝနှင့် ကိုက်ညီမှုရှိသည့် အသေးစားချေးငွေလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ မလိုလားအပ်သည့် ကုန်ကျစရိတ်များ မဖြစ်ပေါ်အောင် ဗျူရိုကရေစီလာဘ်စားမှုများကို တိုက်ဖျက်ခြင်း၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်း၍ ဖိတ်ခေါ်ခြင်းတို့ကို ဆောင်ရွက်ဖို့ လိုပါသည်။ ထို့အပြင် စီးပွားရေးဖွံ့ဖြိုးမှု တွန်းအားပေးသည့် လူဦးရေဖောင်းပွမှုကို ထိန်းချုပ်ခြင်း၊ အခြေခံပညာရေးနှင့် အသက်မွေးဝမ်း ကျောင်းသင်တန်းများကို စနစ်တကျပျိုးထောင်ခြင်း၊ ကုန်သွယ်ရေး၌ ပွင့်လင်းမှုရှိအောင်ဆောင်ရွက်ခြင်း အစရှိသည့် မူဝါဒချမှတ်အ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ဖို့လိုပါသည်။
အထက်ကဆိုခဲ့သလို ပြုပြင်ပြောင်းလဲလိုသည့် အင်အားစုရော၊ အပြောင်းအလဲကို ခုခံသည့် အင်အားစုရော နက်နက်ရှိုင်းရှိုင်း သိထားသင့်သည်မှာ မြန်မာနိုင်ငံမှာ အခြားရွေးချယ်စရာ လမ်းကြောင်းသိပ်မရှိတော့ပေ။ ယခင် ပြုပြင်ပြောင်းလဲမှုများ နောက်ကြောင်းပြန်သွား၍ ရနိုင်သည်မှာ အခြားရွေးချယ်စရာ ရှိ၍ဖြစ်လေသည်။ ဤသို့နှင့် မြန်မာနိုင်ငံ၏ စီးပွားရေးမှာ သဘာဝအရင်းအမြစ်များ၊ သံယံဇာတများကိုသာ အဓိက မှီခိုသည့် စီးပွားရေးဖြစ်ခဲ့ပါသည်။ သဘာဝ သယံဇာတကိုသာ မှီခိုနေရသည့်
စီးပွားရေးမှာ အဘယ်မှာ ဖွံ့ဖြိုးတိုးတက်နိုင် ပါမည်နည်း။ အိမ်နီးချင်း ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနှင့် အင်ဒိုနီးရှားနိုင်ငံများလည်း ဖွံ့ဖြိုးရေးပန်းတိုင်ဆီသို့ မိမိရှေ့မှ ပြေးနေလေသည်။ ကျွန်တော်တို့တွေကော နိုင်ငံဖွံ့ဖြိုးရေးအတွက် ဘာကြောင့် ပူးပေါင်းဆောင်ရွက်၍ မလုပ်ဆောင်ဘဲ နှောင့်နှေး နေရမည်နည်း။
ဘုန်းထက်ဝင်း
Yangon Chronicle

0 comments:
Post a Comment