မေ့ပျောက်၍မရသောအောင်ဆန်း ( ၁ )
by Kyaw Thurein on Monday, July 4, 2011 at 11:38am
- July 4, 2011 ရက် ၊ 1:46am တွင် ဥယျာဉ်မှူး ၇ ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။
ငမိုး
( ၁ )
ဤ ဇူလိုင်လ အတွင်းသို့ ရောက်ပြီဟု ဆိုလျှင် ကျွန်တော်သည် သွားလေသူ (ငမိုး)ကို တကယ့် လှိုက်လှဲစွာပင် လွမ်းမိလေသည် ၊ အခြား အခြားသော ပုဂ္ဂိုလ်များက ငမိုးကို လွမ်းဆွတ်တမ်းတ ကြသည်ကိုလည်း သိပါ၏ ။
သို့သော် ကျွန်တော့်အဖို့တွင်ကား ငမိုးကို ဆရာသမားတစ်ဦး အနေနှင့်လည်း လွမ်းရ၏ ။ သွေးသားအနေနှင့်လည်း လွမ်းရ၏ ။ ကျွန်တော့် ချွတ်ယွင်းချက်များကို မညှာမတာပြောပြပြီး ဇွတ်အပြင်ခိုင်းခဲ့သူ တစ်ဦးအနေဖြင့်လည်း လွမ်းရပါသည် ။ ခေါင်းဆောင် တစ်ဦးအနေနှင့်လည်း ကြည်ညိုရှိခိုးရ၏ ။ အစ်ကိုကြီး တစ်ဦးအနေနှင့်လည်း လွမ်းရ၏ ။ သူရေတိမ်တွင် နစ်ခဲ့ကတည်းက,ကျွန်တော့်မှာလည်း အားကိုးအားထားကင်းမဲ့ ကာ နေရသဖြင့် ငမိုး ကိုလုပ်ကြံသူတစ်စုကို စိတ်အနာကြီး နာမိသည် ။ လုပ်ကြံမှုတည်းဟူသော အကြမ်းဖက်မှုကို ရှုံ့ချမိသည် ။ သူ့ကို တတမ်းတတ နှင့် ပိုမိုထူးကဲစွာ လွမ်းမိခဲ့ရပါပေသည် ။
ငမိုး ....ငမိုး ....ငမိုး ....။
သူ့လို ထိပ်သီးကြီးအား ကျွန်တော့်လိုလူက “ငမိုး” ဟုခေါ်ဝေါ်ရေးသားသဖြင့် ကျွန်တော့်အား ဒေသ မာန်မာန မထားကြစေလို ။ သူ့အား သူ၏ တပည့်တပန်း ရဲဘော်များက (ငမိုး) ဟုပင် ကင်ပွန်းတပ်ထား၏ ။ ငမိုးဟူသည် သူ့ရဲဘော်များက သူ့အား ချစ်စနိုးခေါ်သည့် အမည်မဟုတ်လော ။ ဂျာမန်စစ်သူကြီး “ရွမ်းလ်” အား သူ့ရဲဘော်များက “ကန္တာရ မြေခွေး” ဟူ၍ပင် ခေါ်ခဲ့သေးသည် ။ သို့ဖြစ်ပါသောကြောင့် ကျွန်တော်ကလဲ သူ့ရဲဘော်များ လေသံအတိုင်း “ငမိုး”လိုက်ရလေသည် ။
ငမိုး နှင့်ကျွန်တော် မမြှော်လင့်ဘဲ နီးစပ်ခဲ့ရလေသည် ။ ၁၉၄၄-ခုနှစ် နောက်ပိုင်းတွင် ကျွန်တော်သည် ဒုတိယစစ်နယ်မြေဟု သတ်မှတ်ထားသော (ဗိုလ်မှူးရန်အောင်) နှင့် (ဗိုလ်မှူးအောင်) တို့အုပ်ချုပ်သည့် အနောက်တိုင်း စစ်ဌာနချုပ်၌ တွဲဘက်ရုံးအုပ်အဖြစ် တာဝန်ကို ထမ်းရွက်နေရသည် ။ တိုအချိန်က ကျွန်တော်တို့တပ်အတွင်းသို့ နိုင်ငံရေး ပယောဂ များဝင်လာ၍ နေလေပြီ ။ အချို့က ကွန်မြူနစ် နှင့် ဆက်သွယ်ထား၏ ။ အချို့က ပြည်သူ့အရေးတော်ပုံ ပါတီထဲ ၀င်နေကြ၏ ။ ဗိုလ်မှူးအောင် နှင့် ကျွန်တော်သာလျှင် ထိုအစုအဝေးများမှ ကင်းဝေးလျက် ဗိုလ်ချုပ်မှ ဗိုလ်ချုပ် ဟု,ဗိုလ်ချုပ်အောင်ဆန်းကိုသာ တမ်းတမ်းစွဲဆွဲထားကြ၏ ။
ကျွန်တော်ကလည်း လူတစ်မျိုးဖြစ်၏ ။ ဆက်ဆံရေးတွင် အေးအေး ဆေးဆေးနှင့် ပြေပြစ်အောင် ဆက်ဆံပါ၏ ။ ဤသို့ဆက်ဆံသည့် အထဲမှပင် ကျွန်တော့်အား တပတ်ရိုက်လာလျှင် ဘာကြီးဖြစ်၍သွားသွား ဘယ်သူ့မှ ဂရုမထားချင်သော စိတ်ဓာတ်မျိုးဝင်လာ၏ ။ထင်သလိုလဲ ဇွတ်တရွတ် လုပ်ပစ်ချင်တတ်၏ ။ဤနည်းဖြင့် နဂိုက အေးဆေးသော ကျွန်တော့်လို လူသည် လူဆိုးဖြစ်ခဲ့ရလေသည် ။ ပတ်ဝန်းကျင် ဟောင်းကို စွန့်ချင်၍ နေ၏ ။
မမျှော်လင့်ဘဲ ကျွန်တော့်ဆန္ဒပြည့်ဝခဲ့သည် ။ ၁၉၄၄- နိုဝင်ဘာလ ၂၉-ရက်နေ့စွဲဖြင့် ထုတ်ပြန်သော တပ်မတော်ပြန်တမ်းတွင် စစ်ဝန်ကြီးရုံးအုပ်ချုပ်မှု အမိန့်အမှတ် (၃၉) အရ အနောက်တိုင်းစစ်ဌာနချုပ်ရုံး၏ တွဲဘက်ရုံးအုပ် ကျွန်တော်သည် စစ်ဝန်ကြီး၏ သီးသန့်ဌာနကြီးသို့ ပြောင်းရွှေ့ခြင်းခံရ၏ ။ ၎င်းနှစ် ဒီဇင်ဘာလ ၆- ရက်နေ့တွင် ငမိုး ကျွန်က ကျွန်တော့်အား သူ၏ (A.D.C) ကိုယ်ရံတော်ဗိုလ်အဖြစ်၎င်း ၊ ယင်းကိုယ်ရံတော်ကင်းတပ်၏ တပ်မှူးအဖြစ်၎င်း ခန့်အပ်ကာ သူ့အိမ်သို့ အိပ်ရာလိပ်များပါ ရွှေ့ခဲ့ဟု အမိန့်တော်ချမှတ်လိုက်လေသည် ။ ငမိုး ကလဲဂွကျကျ ၊ ကျွန်တော်ကလဲ ရွတ်တွတ်တွတ် ၊ လူထူးနှစ်ယောက် တွေ့ကြရလေပြီ ။ ဘာတွေဖြစ်ကြသနည်း ။
( ၂ )
“ဟေ့ကောင် ....မြိုင်ရုံက ပြဇာတ် သွားကြည့်ကြရအောင် ” အီမဲလ်ဘန်း ရေးသော ”ကွန်မြူနစ်ဝါဒဆိုတာ ဘာလဲ ” ဟူသော စာအုပ်ကို ကျွန်တော်က အိပ်ရာပေါ်တွင် ပက်လက်လှန်ကာ ဖတ်နေ၏ ။ငမိုးသည် အိမ်မကြီးနှင့် ကပ်၍ဆောက်ထားသော ကျွန်တော့် တဲထဲသို့ စွတ်ဝင်လာကာ အထက်ပါ အတိုင်း ပြောလေသည် ။ ကျွန်တော်သည် အိပ်ရာမှ လူးလဲထပြီး သူ့အား အလေးပြုကာ သူထိုင်မှ ထိုင်လိုက်သည် ။
ကျွန်တော်က ငိုင်နေသည် ။ သူက ပြောပြန်၏ ။
“မင်း ....လိုက်ခဲ့ ....”
ပြဇာတ်ကို သူဘာ့ကြောင့် ကြည့်ချင်သည်ကို ကျွန်တော်က ဓါတ်သိပြီးသားဖြစ်သည် ။ သူ့လိုလူတစ်ဦးသည် ဤအထိ နိုင်ငံရေးပြဿနာတွေ အရေးကြီးမားလာသည့်အချိန် ၊ ကုပ်ကုပ်နေစေချင်၏ ။ ဟိုသွား ၊ ဒီသွား မသွားစေချင် ။ တစ်ခါ နှစ်ခါ ပြောဘူး၏ ။ အငေါက်ခံရလေသည် ။ ကျွန်တော်၏ စိတ်တွင် ပြောမရ၍ ချဉ်စူးလာ၏ ။ ထိုချဉ်စူးပြီးသား စိတ်ကလေးက ၊ ခိုးလိုးခုလု ရှိလှသဖြင့် ကျွန်တော်လည်း သူ့အား ငေါ့ ချလိုက်မိသည် ။
“မလိုက်ချင်ဘူးဗျာ ...“
“ ဘာလို့လည်းကွ ...”
“ဟာ ....ဒီလောက် အရေးကြီးတဲ့ အချိန်ကာလထဲမှာ ပြဇာတ် သွားကြည့်ကြတယ်ဆိုတာ ၊ လူပေါတွေမှ လုပ်တာဘဲ ....”
ငမိုး သည် ကျွန်တော့်ကို ရှူသိုးသိုးနှင့်ကြည့်ပြီး ထိုင်နေရာမှ ထ,သွား၏ ။ ကျွန်တော်က အလေးပြုသည်ကိုမျှ စောင့်ငဲ့၍ ပြန်မကြည့်တော့ချေ ။ မြည်တွန်၍ ထွက်သွားလေသည် ။
“ ငါ့ရီး ....မလိုက်ချင် နေပေါ့ကွ ....”
ကျွန်တော်လည်း ပြုံးရင်း ကျန်ရစ်ခဲ့၏ ။
( ၃ )
နေ,သည်လင်း၍ ၊ မြေ,၌ နေရောင်ခြည်ကြောင့် ၀င်းနေလေသည် ။ ကန်တော်ကြီးရေပြင်မှ ရှပ်တိုက်ပြီး ပြေးဝင်လာသော လေညှင်းနွှဲ့နွှဲ့ကလေးများသည် ခန်းဆီးအပြာစကို ပုတ်ခတ်၍ ကစားနေသည် ။ ကန်တော်ကြီး သရက်အုပ်ဆီမှ တစ်ကောင်တစ်လေသော ဥသြ ငှက်တွန်သံများကိုပင် တသဲ့သဲ့ ကြားနေရ၏။ ကျွန်တော်မှာ ကောင်းကင်အပြာကြီးကို ပြူတင်းဝမှ မော့ကြည့်ကာ စိတ်ကူးယဉ်နေမိသည် ။
“ ၀ူး ....”
ကျွန်တော်ရပ်နေသော ပြူတင်းပေါက်နှင့် မလှမ်းမကမ်းရှိ မြေနီလမ်းကလေးအတိုင်း ၀က်ဆလေ နက်ပြာရောင် ကားကလေးသည် ညင်သာစွာ ပြေးလွှားထွက် ခွါ၍သွားနေလေသည် ။ ကားပေါ်တွင် ငမိုး နှင့် မမကြည် တို့ ပါ၍သွား၏ ။ တစ်စုံတစ်ခုကို မြင်လိုက်ရသဖြင့် ကျွန်တော်လည်း စားပွဲပေါ်ရှိ တယ်လီဖုန်းကို ကောက်ကိုင်ကာ ကင်းဂိတ်ဝရှိ ကင်းဗိုလ်ထံ အရေးတကြီး လှမ်း၍ အမိန့်ပေးလိုက်ရ လေသည် ။ ကားကလေးသည် ပတ်လမ်းရှိ နေအိမ်ခြံဝင်းဝသို့ ထိုးဆင်းထွက်ခွါ အံ့ဆဲဆဲ ၊ ကင်းရဲဘော်သည် လှံစွပ်တပ်ထားသော သေနတ်နှင့် လမ်းမပေါ်တွင် ရပ်ကာ ငမိုး ၏ကားကို ဆီး၍တားဆီးထားလေသည် ။
“ ဟေ့ .....ရပ် ”
ကား ကလေးလည်း ရပ်သွားလေသည် ။ စကားပောသံများကို ကျွန်တော့်တဲမှ ခပ်သဲ့သဲ့ကြားနေရသည် ။
“ရဲဘော် ဘယ်သူ့ အမိန့်နဲ့ တားရသလဲ ....”
“ တပ်မှူး အမိန့်နဲ့ တားရပါတယ် ဗိုလ်ချုပ် ”
“ကဲ .....မင်း တပ်မှူး သွားခေါ်ချေစမ်း ”
ရဲဘော်တစ်ဦး လာခေါ်သဖြင့် ကျွန်တော်လိုက်သွားပြီး ကားဘေးတွင် ရပ်ကာ ၊ ငမိုး ကိုအလေးပြုလိုက်ပါသည် ။ ငမိုး မှာ ရှူသိုးသိုးတွင် အတော်စိတ်ဆိုးနေပုံရ၏ ။ ခါးတွင် ဘန်ကောက်လုံချည် တစ်ပတ်နွမ်းနှင့် တီရှပ်လက်ရှည်ကို ၀တ်ထား၏ ။
“မင်း ....အတားခိုင်းတယ်ဆို ....”
“ ဟုတ်ပါတယ် ဗိုလ်ချုပ် ...”
“ ဘာပြုလို့လည်းကွ ....”
ကျွန်တော်ကား ပါးစပ်မှ ပြန်၍ အဖြေမပေးပါ ။ ကားထိပ် အလံတိုင်ရှိရာသို့ သွားပြီး ၊ စစ်ဝန်ကြီးရာထူး ၊ စစ်သေနာပတိရာထူး ၊ မေဂျာ ဂျင်နရယ်ရာထူး ဟူသော ရာထူးအလိုက် တပ်ဆင်ထားသည့် အလံ သုံးဆင့်စလုံးကို ဖြုတ်ယူကာ ပြန်လာပြီး ကားပြူတင်းဝမှ နေ၍ သူ၏ လုံချည်အိတ်ထောင်ထဲသို့ ပစ်ချပေးလိုက်ပါသည် ။
“ ဗမာ့တပ်မတော် ရှိ အရာရှိများသည် မိမိ တို့၏ အဆင့်အတန်းအလိုက် ရရှိထားသော မော်တော်ကား အလံများကို စစ်ဘက်ယူနီဖေါင်း အ၀တ်အစား မ၀တ်ဆင်ဘဲ နှင့် တပ်ဆင်သွားလာခြင်းမရှိစေရ ။ အရပ်သား အ၀တ်အစားကို ၀တ်ဆင်သွားလာနေစဉ်အတွင်း မတပ်ဆင်ရ ....” ဟု တပ်မတော်တစ်ခုလုံးကို အထက်ပါ အတိုင်း ငမိုး က အမိန့်ထုတ်ထား၏။
ယခု ကိုယ်ထုတ်ဆင့်ထားသော အမိန့်ကို ကိုယ့်ဘာသာ သတိမေ့နေ၍ ငမိုး သတိမထားဘဲ ဂွ လုပ်လာ၏ ။ မော်တော်ယာဉ် ရဲဘော်ကလည်း သတိမေ့နေ၏ ။ တမင် သက်သက် ပကာသန မလုပ်ကြကြောင်းကိုကား ကျွန်တော် ကောင်းစွာသိပါသည် ။
ငမိုး သည် အလံများကို ငုံ့ကြည့်လိုက် ကျွန်တော့်ကို မော့ကြည့်လိုက်နှင့် အူကြောင်ကြောင်ဖြစ်သွား၏ ။ နောက်မှ တစ်ဖြည်းဖြည်း ပြုံးရယ်လာကာ တဟားဟားဖြင့် သူ့ဘာသာ သူ ရယ်မောလေ၏။
“ကဲ .....ငါ သွားနိုင်ပြီလားကွ ....”
ကျွန်တော်ပါးစပ်မှ အဖြေမပေးပါ ၊ ခြေစုံရပ်၍ အလေးပြုလိုက်၏ ။ ကားကလေးသည် ကတ္တရာစေးလမ်းမကြီး ပေါ်သို့ ပိတုန်းတစ်ကောင်ပမာ ပြေးလွှား၍ သွားလေသည် ။
ဤဖြစ်ရပ်များနှင့် ပတ်သက်၍ ကျွန်တော်သည် ငမိုး ကို အသေအလဲ ရိုသေလေးစား မိသည် ။ တခြား ကြီးကြီး မာစတာတစ်ဦးဦးကိုသာ ၍အတိုင်း ပုံတူကူးချမိမူ ကျွန်တော့်အဖို့ သက်သာဖွယ်ရာမရှိ ။ ကျွန်တော်က သူ့အား “ လူပေါ ” ဟုပြောသော စကားတစ်ခွန်း အတွက်နှင့်ပင် ဒုက္ခ လှလှကြီး တွေ့နိုင်၏။ သူ့အား ဘာကြောင့် “ လူပေါ ”ဟူ၍ ဘုတောသည်ကို ငမိုး က ကွက်ကျော်မြင်ထား၏ ။ ထို့ကြောင့် “ ငါ့ရီး ” ဟုသာ ဆဲသွား၏ ။
အလံကိစ္စတွင်လည်း ကျွန်တော် ဂျောက်ကျနိုင်၏ ။ မည်သို့သော စေတနာနှင့်တားဆီးသည်ကို ငမိုး သိသွား၏ ။ သူ့အမှားကို သူသိသွား၍ ဗြောင်ဝန်ခံ သွား၏ ။ “ငါလူ့ထိပ်သီး ” ဟူသော မာန်မာန ငမိုး တွင်မရှိ ။ ဟန်ကြီးပန်ကြီးမလုပ် ၊ ဘွင်းဘွင်းနှင့် ရှင်းရှင်းရှိသည် ။အောက်လက်ငယ်သားနှင့် ဆက်ဆံရေးတွင် ဘယ်မျှအထိ ငမိုး သဘောထားကြီးသည်ကို ဤဖြစ်ရပ်များဖြင့် သိသာနိုင်ပါ၏ ။ ထိုကြီးမားစွာသော မြင့်မွန်သည့် သဘောထားကို လေးစားလှသဖြင့် ကျွန်တော်တို့၏ အသက်ကို “ငမိုး” အားပေးအပ်ခဲ့ခြင်းဖြစ်သည် ။
ယခု ဇူလိုင်လရောက်ပြန်ပြီ ......။
တစ်တိုင်းပြည်လုံး လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် “ ငမိုး ”ကို လွမ်းကြပေလိမ့်မည် ။ ကျွန်တော်လည်း လွမ်းပါသည် ။ မချိတရိပင် လွမ်းမိသည် ။ တမ်းတမိသည် ။ လူနပ်ချမ်းသာတွေကလဲ လွမ်းကြပေမှာပါဘဲ ။ သို့သော် ကျွန်တော့်လို ခွေးဘ၀ သာသာမျှ နေရသူက “ ငမိုး ”ကို တမ်းတလွမ်းဆွန်ခြင်းမှာ အချို့ သူများလွမ်းကြသကဲ့သို့ ရာဇပလ္လင်နဲ့ မဆိုင်ချေ ။
အဲ ....ကျန်နေတာ တစ်ခု ရေးလိုက်ရဦးမယ် ။
“ ကျုပ်ကို ဘယ်သူက ခြောက်ခြောက် မကြောက်ဖူး ။ ဘယ်လိုမြှောက်မြှောက် မမြောက်ဖူး ....”
ဤစကားလုံးမှာ ငမိုး မကြာခဏ ပြောလေ့ရှိသော စကားလုံးများဖြစ်သည် ။ လူတိုင်း ဤစကားလုံးကို ကြားမိသိရှိထားကြမည် ။ ကျွန်တော်ကား ကြားဘူး သိဘူးရုံမျှသာမဟုတ် ။ ငမိုး သည် တစ်ကယ်ပင်မြှောက်တိုင်း မမြောက်ခြင်းကို ကိုယ်တိုင်ကိုယ်ကျ သိရှိခဲ့ပြီးဖြစ်ခဲ့၏ ။
၁၉၄၄-ခု ဒီဇင်ဘာလ ကုန်ခါနီး တစ်ရက် ။
ကျွန်တော်သည် ငမိုး ၏ (အေဒီစီ) အဖြစ်တာဝန်ရှိသည့်အားလျော်စွာ သူနှင့် မော်တော်ကား တစ်စင်းထဲတွင် အတူလိုက်ပါရ၏ ။ စစ်ဝန်ကြီးနှင့် စစ်သေနာပတိရုံးတက်တိုင်း ၊ သွားလာတိုင်း ကျွန်တော့်မှာ ဘေးနှားမှ ဒရ၀မ်လို လိုက်နေရသည် ။ ပျင်းရိစရာကောင်းပါဘိခြင်း ။ တစ်နေ့သ၌ ငမိုးသည် စစ်ဗိုလ်များ ကိုင်လေ့ ကိုင်ထ ရှိသော သားရေ လက်ဆွဲအိတ်ကြီးကို ဆွဲကိုင်ပြီး သူ၏ ရုံးခန်းမှ ထွက်လာကာ မော်တော်ကားရှိရာသို့ လာနေ၏ ။ လက်ဆွဲအိတ်ထဲတွင်ကား စာရွက်စာတမ်း ဖိုင်တွဲတွေ ထည့်ထား၍ ဖေါင်းကြွနေ၏ ။ ဓါးကြီးကန့်လန့် ၊ လက်ဆွဲအိတ် မနိုင့်တနိုင်နှင့် ဖြစ်နေသဖြင့် ကျွန်တော်ကပင် သူ့အား အလိုက်သိစွာ တောင်းပန်မိ၏ ။ အထက်လူကြီးဖြစ်၍ အောက်လက်လူက ဖြစ်သောကျွန်တော်က အရိုအသေ ပေးရသည်မှာလည်း ဘာမျှမဆန်းချေ ။
“ ဗိုလ်ချုပ် ...ကျွန်တော့်ပေးပါလား ” ဟု မနိုင့်တနိုင် ဆွဲလာသော သူ့သားရေအိတ်ကြီးကို ကျွန်တော်က တောင်း၏။ ငမိုး ကကျွန်တော့်ကို စွေစောင်းကြည့်ကာ ဘုကျကျပင် အဖြေပေး၏ ။ “ မင်းအလုပ်က ငါ့ ကိုယ်ရံဗိုလ်အလုပ် ၊ မင်း ဟာ ငါ့ ရဲ့ကူလီမဟုတ်ဘူး ။ ငါ့ ဘာသာ ငါ အနိုင်သားပဲ ”
သူ့အဖြေမှာ တကယ် ဂွကျသည်ထင်ရသည် ။ သူ့စကားကို ဆန်းစစ်ကြည့်လျှင် ကျွန်တော်က သူ့ကို မျက်နှာလိုမျက်နှာရ လုပ်သလိုထင်၍ စွတ်ပြောလိုက်ဟန် တူ၏ ။ ကျွန်တော့် စေတနာကလည်း တစ်ကယ်သန့်ရှင်းပါသည် ။ သူ့အား (ဖလဖ) လုပ်ခြင်းကား မဟုတ်ချေ ။
ဤအချက်ကို ကြည့်ခြင်းဖြင့်လည်း ငမိုး မှာ သူ့ကို မျက်နှာလိုအားရ လုပ်သည်ဟု ထင်မြင်က ၊ ဤသို့ပင် ဘုကျကျ နှက်တတ်လေသည် ။ သူ့အား သူရဲကောင်းကြီးဟု ချီးကျူးမိကြသူများကိုလည်း “ ကျုပ် ဘယ်ကလာ အာဇာနည်ရမှာလဲ အာဇာပန်းရောင်တောင် မဖြစ်သေးဘူး ” ဟု ခဏခဏ ဘုမှုတ်ဖူးသည် ။
ငမိုးသည် ဘူပေါ မဟုတ် ။ သူတပါး မြှောက်ပေးတိုင်း ဘ၀င်မြင့်ပြီး အောက်ခြေလွတ်သူ မဟုတ်ချေ ။ ငယ်သားများ ၏ ထင်မြင်ချက်နှင့် အကြံအဥာဏ်များကိုပါ တစ်ကယ်လေးစား ညှိနှိုင်းလေ့ရှိသည်ဖြစ်၏ ။ ယခုခေတ်တွင် ငမိုး လောက်မှ မထက်မြတ် မသန့်ရှင်းသူတွေက ကိုယ့်ဘာသာကိုယ် အထင်ကြီးနေကြ၏ ။ အောက်ခြေလွတ်နေကြ၏ ။ “ရဲဘော်စိတ်” တွေကင်းဝေးပပျောက် နေကြ၏ ။ ထိုသို့သော လူတွေကို မြင်တွေ့ရသောကျွန်တော့် အဖို့မှာ ငမိုး ကိုပြေးခေါ်ပြီး လက်ညှိုးထိုးပြ ချင်လှသည် ။ ဆဲလိုက်မဲ့ ဖြစ်ခြင်း ။
ဤလတွင် ငမိုး ရေတိမ်တွင် နစ်ခဲ့ရပြီ ။ ငမိုး ကိုတစ်ကယ်ချစ်သလား .......? ငမိုး ကို တစ်ကယ်ကြည်ညိုတယ်ဆိုတာ အဟုတ်ဘဲလား မေးချင်သည် ။ တစ်ကယ် ချစ်ကြလျှင် ငမိုး လို စိတ်ဓါတ်မျိုးကို ဘာလို့ မမွေးကြသလဲ ။ တစ်ကယ်ကြည်ညိုလျှင် ငမိုး လုပ်သလို လုပ်ကိုင်ကြပါ ။ ငမိုး လိုချင်သော တိုင်းပြည်မျိုး တည်ဆောက်ရာတွင် တာဝန်တစ်ကယ်တန်းသိကြပါ ဟု ကျွန်တော် ဆိုချင်ပါသည် ။
ငမိုး ရေ .....ခင်ဗျားမရှိလို့ ကျွန်တော်လည်း အခြေအနေကြည့်ပြီး ကုတ်ကုတ်ကလေး နေရတာပါပဲ ။ ကျွန်တော်ပြုခဲ့ရတဲ့ ကုသိုလ်တွေအတွက် အမျှပေးဝေပါသဗျ .........။
မေ့ပျောက်၍မရေသော အောင်ဆန်း စာအုပ်မှ (နတ်မောက် -ဘုန်းကျော် ရေးသားသော ဆောင်းပါးအား ပြန်လည်ကူးယူ တင်ပြပါသည်
http://www.edinooyin.com/profiles/blogs/4347155:BlogPost:2264466
0 comments:
Post a Comment