အောင်ဆန်းစုကြည်နဲ့ အမေရိကန် နိုင်ငံခြားရေးမူဝါဒ
Min Thant Syn created a doc.
အသက် ထင်ရှားရှိနေတဲ့ ဘယ်နိုင်ငံရေး ခေါင်းဆောင်မှ အောင်ဆန်းစုကြည်လို အမေရိကန်နိုင်ငံရဲ့ နိုင်ငံတစ်ခု အပေါ် ထားတဲ့ မူဝါဒအပေါ် သြဇာ မသက်ရောက်ပါဘူး။ ဒလိုင်းလားမားတောင်မှ အမေရိကန် နိုင်ငံရဲ့ တရုတ်ဆိုင်ရာ မူဝါဒအပေါ် အောင်ဆန်းစုကြည်လောက် သြဇာ မရှိရှာပါဘူး။ ဒီလို... ဖြစ်ရတာဟာ အမေရိကန်ရဲ့ တရုတ်နိုင်ငံဆိုင်ရာ အကျိုးစီးပွားဟာ ပိုပြီး လေးနက်တာရယ်၊ တိဗက် အရေးက နိုင်ငံတကာ မျက်နှာစာမှ ပိုပြီး ရှုပ်ထွေး တာကြောင့်လည်း ပါပါတယ်။မြန်မာ့ အရေးကတော့ ၁၉၃၀ ပြည့်လွန်နှစ်တွေက စပိန် ပြည်တွင်းစစ်လို၊ တောင်အာဖရိက အသားအရောင် ခွဲခြားမှုကိစ္စလို ဒီမိုကရေစီ အတွက် အကောင်းဆုံး နမူနာကိစ္စ ဖြစ်လာ နေပါတယ်။ အဲဒီနေရာမှာ အောင်ဆန်းစုကြည်ဟာ ပြည်တွင်းက အတိုက်အခံတွေ အတွက်ရော၊ ပြည်ပက ထောက်ခံသူတွေ အတွက်ပါ နတ်ဘုရား တစ်ဆူအဖြစ် ပေါ်ထွက် လာခဲ့ပါတယ်။ အဲဒီတော့ သူကိုယ်တိုင်က ပြောတဲ့ သူ့အမြင်တွေ၊ သူ့သဘောထားပါလို့ သူ့ကို ထောက်ခံသူတွေက အဓိပ္ပါယ် ဖွင့်ဆိုထားတဲ့ သဘောထားတွေ အားလုံးဟာ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအပေါ် အင်မတန်မှ သြဇာ သက်ရောက် လာပါတယ်။ ဒါ့အပြင် အမေရိကန်တွေ အပြင် တစ်ခြား နိုင်ငံတွေရဲ့ မြန်မာနိုင်ငံ မူဝါဒတွေ အပေါ်မှာလည်း အနည်းနဲ့ အများ အကျိုး သက်ရောက်ခဲ့ပါတယ်။
အောင်ဆန်းစုကြည်ရဲ့ ဆွဲဆောင်နိုင်မှု
အောင်ဆန်းစုကြည်ရဲ့ ဆွဲဆောင်နိုင်မှု၊ သြဇာ ကြီးမားမှုဟာ ဒေသကို မူတည်ပြီး ကွဲပြားပါတယ်။ ပြည်တွင်းမှာတော့ အစပိုင်းမှာ သူ့အဖေကို လေးစား ကြည်ညိုမှုတွေက စတင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဖခင်ရဲ့ ထင်ရှား ကျော်ကြားမှုနဲ့ သူ့အရည်အချင်း ပေါင်းစပ် သွားခဲ့ပါတယ်။ ပြည်ပ အတွက်ကတော့ သူ့အဖေရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှု ကဏ္ဍကို သိပ်ပြီး မသိပါဘူး။ ဒါ့ကြောင့် စစ်တပ်ရဲ့ ဖိနှိပ်မှုနဲ့ အဲဒါကို ဆန့်ကျင်တဲ့ သူ့ရဲ့ ရပ်တည်ချက်ကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ သင်္ကေတ ဖြစ်လာခဲ့တာပါ။
မျိုးရိုးစဉ်ဆက် နိုင်ငံရေး အမွေကို ဆက်ခံတာဟာ အာရှမှာ သိပ်ပြီး ထူးဆန်းတဲ့ ကိစ္စ မဟုတ်ပါဘူး။ နေရူးနဲ့ အင်ဒီရာဂန္ဒီ၊ ဘူတိုမိသားစု၊ ရှိတ်မူဂျီဘာရာမန်နဲ့ သမီး ဟာဇီနာ ၊ ဆူကာနိုနဲ့ မီဂါဝါတီတို့ဟာ အဖေရဲ့ အရှိန်အ၀ါကို သမီးဖြစ်သူက ဆက်ခံခဲ့တဲ့ သာဓကတွေပဲ။ အောင်ဆန်းကတော့ ပိုပြီး ထူးခြားပါတယ်။ သူဟာ မြန်မာ့ လွတ်လပ်ရေးရဲ့ ဗိသုကာ သာမက တိုင်းရင်းသား လူနည်းစုတွေကို မြန်မာနိုင်ငံ လွတ်လပ်ရေး ယူတဲ့အခါ အတူ ပေါင်းပြီး ယူဖို့အတွက် ဆွဲဆောင် စည်းရုံးနိုင်တဲ့ တစ်ဦးတည်းသော ဗမာနိုင်ငံရေး သမားလည်း ဖြစ်ပါတယ်။ သူကို လူတွေက ယုံကြည် အားကိုးပြီး သူလုပ်ကြံ ခံရတဲ့ အချိန်မှာ သူ့သြဇာက အမြင့်ဆုံး ရောက်နေပြီ ဖြစ်ပါတယ်။
မြန်မာ လူမျိုးတွေ အမြင်မှာ သူဟာ အချိန်မတိုင်ခင် ကြွေလွင့် သွားခဲ့ရတာ ဖြစ်ပြီး မြန်မာတွေ အနေနဲ့ သူ့ကို နတ်တစ်ပါးလို ကြည်ညို ခဲ့ကြတယ်။ လူတွေက သူတို့မူဝါဒတွေကို တရားဝင် ဖြစ်စေဖို့ အတွက် သူ့မိန့်ခွန်းတွေကို ကိုးကားကြတယ်။ (တစ်ခါ တစ်လေကျတော့ လိုရာဆွဲပြီး ပြောတာလည်း ရှိတယ်။) သူ့ပုံတွေကို နေရာအနှံ့မှာ တွေ့နိုင်တယ်။ ငွေစက္ကူတွေပေါ်မှာ သူ့ပုံကို ရိုက်ထားသလို အိမ်အတော် များများမှာလည်း ထားကြတယ်။
သူ့သမီး (သူ့သားတွေရော) က အဖေနံမည်ကို သူတို့ နံမည်တွေမှာ တွဲပြီး မှည့်ထားတယ်။ ဒါဟာ မျိုးရိုး နံမည် ထည့်ပြီး အမည်ပေးလေ့ မရှိတဲ့ ဗမာလူမျိုးတွေ အတွက် ထူးခြားတဲ့ ကိစ္စ ဖြစ်ပေမယ့် ဒေါ်ခင်ကြည် အနေနဲ့ သားသမီးတွေကို အဖေ့ စိတ်ဓာတ်ကို အမွေ ဆက်ခံစေချင်တဲ့ ဆန္ဒကို ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ် အောင်ဆန်းကတော့ ဒီမိုကရေစီ သမား မဟုတ်ဘူး။ သူက ပြည်ထောင်စု သဘောဆောင်တဲ့ တစ်ပါတီ စနစ်နိုင်ငံကို ထူထောင်ချင်တာ ဖြစ်ပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပတ်သက်ပြီး ရေးလေ့ရှိတဲ့ ကျော်ရင်လှိုင်ကတော့ ဒေါ်အောင်ဆန်း စုကြည် အပေါ် သူ့ကို ထောက်ခံသူတွေရဲ့ အမြင်ကို အခုလို ရေးပြပါတယ်။
(စ) သူ့ကို ထောက်ခံသူတွေက စစ်အာဏာရှင်တွေကို တိုက်ပွဲဝင်ရာမှာ စုကြည် ဘယ်လောက်တောင် စွန့်လွှတ်ခဲ့ ရတယ်၊ အာဏာရှင်တွေက သူနဲ့ တစ်ခြား ဒီမိုကရေစီ လှုပ်ရှားသူတွေကို ဘယ်လောက်တောင် ဖိနှိပ်တယ် ဆိုတာကို ပြောပြလေ့ ရှိတယ်။ စုကြည်ကို ထောက်ခံသူတွေ အတွက် ကတော့ သူဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး ပြဿနာ အားလုံး အတွက် အဖြေပဲ။ တစ်ချို့ကတော့ စုကြည် နိုင်ငံ့ ခေါင်းဆောင် မဖြစ်သ၍ မြန်မာနိုင်ငံက ပြဿနာတွေဟာ ပိုပိုပြီး ဆိုးလာမှာလို့တောင် ပြောကြတယ်။ အုပ်ချုပ်နေတဲ့ စစ်အစိုးရဘက်က ကြတော့ မြန်မာနိုင်ငံမှာ ဖြစ်နေသမျှ နိုင်ငံရေး ပြဿနာတွေဟာ စုကြည်ကြောင့်လို့ မြင်ပြန်တယ်။ သူတို့ အာဏာ ရလာထဲက စုကြည်ဟာ တိုင်းပြည်ကို ခေါင်းဆောင်ဖို့ အတွက် မသင့်တော်ကြောင်း ဆောင်းပါးတွေ အများကြီးရေးခဲ့သလို အနည်းဆုံး အဲဒီ အကြောင်း စာအုပ် ငါးအုပ်လောက် ထုတ်ဝေခဲ့တယ်။ အခုလို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဦးစားပေးတဲ့ ခေတ်ကြီးမှာ လူတွေက အမျိုးသမီး အပေါ်မှာ စာနာပြီး အာဏာမြဲဖို့ အတွက် ပြည်သူတွေကို ဖိနှိပ်နေတဲ့ စစ်အစိုးရကို အဆိုး မြင်ကြတာ မဆန်းပါဘူး။ (ဆုံး) (ကျော်ရင်လှိုင် ၂၀၀၇)
အောင်ဆန်းစုကြည်ရဲ့ ထင်ရှား ကျော်ကြားမှုဟာ သူ့အဖေရဲ့ အခန်းကဏ္ဍနဲ့ သူ့အမေရဲ့ ဂုဏ်သိက္ခာ (သူ့အမေက အိန္ဒိယ နိုင်ငံသံအမတ် ဖြစ်ခဲ့ပြီး သူ့အမက ကွန်မြူနစ် ခေါင်းဆောင် သခင်သန်းထွန်းရဲ့ ဇနီး ဖြစ်ပါတယ်။) အပေါ်မှာ မူတည်သလို သူ့အရည် အချင်းကြောင့်လည်း ပေါ်ပေါက် လာတာပါ။ သူဟာ ဉာဏ်ရည် ထက်မြက်ပြီး၊ စာဖတ်နာသူ တစ်ဦး ဖြစ်တယ်။ မြန်မာလိုရော၊ အင်္ဂလိပ်လိုပါ စကားပြော ကောင်းတယ်။ စာရေးလည်း ကောင်းပြီး ဆွဲဆောင်မှုလည်း ရှိတယ်။ သူ့ဟန် အမူအရာ၊ သူ့စကားပြောပုံနဲ့ ဒီမိုကရေစီ အပေါ် ယုံကြည်ချက်တွေဟာ လူထုကြီးကို စိတ်လှုပ်ရှားအောင် ဆွဲဆောင် နိုင်တယ်။
၁၉၈၉ ဇူလိုင်လ အဖမ်းမခံရခင် လုပ်ခဲ့တဲ့ သူ့ရဲ့ စည်းရုံး လှုပ်ရှားမှုတွေဟာ လူထု အများကြီးကို ဆွဲဆောင် နိုင်ခဲ့တယ်။ ပြီးတော့ သူအနေနဲ့ စစ်တပ်ရဲ့ ဖိအားတွေကို ရဲရင့်စွာ ရင်ဆိုင် နိုင်ကြောင်းလည်း ပြသနိုင်ခဲ့တယ်။ တစ်ကြိမ်မှာတော့ သေနတ်နဲ့ အချိန် ခံထားရတဲ့ ကြားက အဲဒီလို ရင်ဆိုင်ပြခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ပြင်ပမှာ သူ့ရဲ့ ထင်ရှား ကျော်ကြား လူသိများမှုက ပုံစံတစ်မျိုး ဖြစ်ပါတယ်။ ပြည်ပက လူတွေက သူဟာ အနောက် ဒီမိုကရေစီ အယူအဆတွေ၊ နိုင်ငံရေး အစဉ်အလာတွေကို လက်ခံတဲ့၊ ဉာဏ်ပညာ ထက်မြက်တဲ့၊ အားနွဲ့တဲ့ မိန်းမသား တစ်ဦး အနေနဲ့ ၁၉၈၈ ခုနှစ် လူထောင် ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး စစ်အုပ်ချုပ်ရေး ဆက်တည်တံ့အောင် လုပ်နေတဲ့ စစ်အာဏာရှင်တွေကို ရဲရဲ ရင့်ရင့် ရင်ဆိုင်နေသူ အဖြစ် မြင်ကြပါတယ်။ ခိုင်လုံမှု မရှိလှတဲ့ စွပ်စွဲချက်တွေနဲ့ သူ့ကို အကျဉ်းချ ထားခဲ့ပြီးတဲ့ နောက်မှာတော့ သူ့ကို နိုဘယ် ငြိမ်းချမ်းရေးဆု ချီးမြှင့်လိုက်တဲ့ အခါမှာတော့ သူ့ပုံရိပ်က ပိုပြီး ခိုင်မာသွားတယ်။ သူ့ခင်ပွန်း ကင်ဆာ ရောဂါ ခံစားနေရချိန်မှာ မြန်မာနိုင်ငံကို လာပြီး ဇနီးနဲ့ အတူ နေခွင့်ပေးဖို့ မြန်မာ အစိုးရက ငြင်းဆန်ခဲ့တဲ့ အချိန်မှာတော့ သူ့မိသားစု အနေနဲ့ ဒီမိုကရေစီရေး အတွက် စွန့်လွှတ် အနစ်နာခံမှုများဟာ ပိုပြီး ထင်ရှား လာခဲ့ပါတယ်။ အဲဒီ နောက်မှာတော့ ကမ္ဘာပေါ်က ထင်ရှားတဲ့ နိုင်ငံရေး၊ လူမှုရေး ခေါင်းဆောင်တွေဟာ သူ့နောက်မှာ ၀န်းရံ ရပ်တည် ပေးခဲ့ကြတော့တယ်။
ပြည်တွင်းက ထောက်ခံသူတွေနဲ့ ပြည်ပက ထောက်ခံသူတွေ ကြားမှာတော့ ပြည်ပ ရောက်နေတဲ့ မြန်မာများနဲ့ လူ့အခွင့်အရေး ဆိုင်ရာ အဖွဲ့အစည်းတွေက ချိတ်ဆက် လှုပ်ရှား ပေးခဲ့ကြတယ်။ သူ့ကို ဖမ်းထားပြီး အင်န်အယ်လ်ဒီ အမှုဆောင် အဖွဲ့နဲ့ အဆက်အသွယ် ဖြတ်ခံထားရတဲ့ အချိန်မှာတောင် သူပြောခဲ့တာတွေကို မူအဖြစ် ဆွဲကိုင်ပြီး အားလုံးက ဆက်လုပ်ခဲ့ကြတယ်။ သူ့အပေါ် ဝေဖန်မှုတွေ ရှိရင်လည်း သူ့အနေနဲ့ အဲဒီ ဝေဖန်မှုတွေကို ပြန်လည် ဖြေရှင်းခွင့် မရှိတဲ့ အချိန်မျိုးမှာ ဒါမျိုး မပြောသင့်ဘူး ဆိုပြီး ပယ်ချခဲ့ကြတယ်။ သူ့အပေါ် ဖြစ်ပေါ်လာတဲ့ ပုဂ္ဂိုလ်ရေး ကိုးကွယ် ဆည်းကပ်မှုတွေနဲ့ ပတ်သက်ပြီး သူ့မှာ တာဝန် မရှိလှပါဘူး။ ဒါဟာ သူ့ကို ထောက်ခံသူတွေနဲ့ မြန်မာ နိုင်ငံရေးမှာ အရိုးစွဲနေတဲ့ အစဉ်အလာ ကိုးကွယ်မှု တွေကြောင့် အဓိက ဖြစ်လာတာပါ။
အနောက် မီဒီယာ ပေါ်မှာတော့ သူ့အခန်း ကဏ္ဍက ပိုပြီး ဒဏ္ဏာရီ ဆန်ပါတယ်။ သူ့အကြောင်း Beyond the Rangoon ဆိုပြီး ရုပ်ရှင် ရိုက်ခဲ့တယ်။ အမေရိကန် မီဒီယာတွေမှာ ဖော်ပြတဲ့ အောင်ဆန်းစုကြည် အကြောင်းက တကယ့် ဘ၀ထက် အများကြီး ပိုပြီး ကြီးကျယ် ခမ်းနားပါတယ်။ တကယ်တော့ သူဟာ အခုအချိန်မှာ သြဇာ အကြီးဆုံး အမျိုးသမီး နိုင်ငံရေး သမား ဖြစ်နေပြီလို့တောင် ဆိုနိုင်ပါတယ်။
Time, Newsweek, US News of the World Report တို့ရဲ့ သတင်း ရေးသားမှုတွေကို ၂၀၀၅ ခုနှစ်မှာ သုံးသပ်ခဲ့တဲ့ သတင်းစာဆရာမ Brooten က မီဒီယာတွေက မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုကို နိုင်ငံရေး လှုပ်ရှားမှုထက် အမျိုးသမီးရေး လှုပ်ရှားမှု ပုံစံမျိုး ဖြစ်အောင် ပုံဖော်ပေးသလို တစ်ဖက်ကလည်း စစ်အစိုးရကိုတော့ ပညာ မတတ်တဲ့ လူဆိုးတွေလို့ ပုံဖော် ပေးခဲ့ကြတယ်။ အဲဒီလို လုပ်လိုက်တဲ့ အတွက် အမေရိကန်ရဲ့ (မြန်မာ့အရေး) မူဝါဒဟာ ရင့်ကျက်တဲ့၊ အားကိုး လောက်တဲ့ ခေါင်းဆောင်တွေက တစ်ကမ္ဘာလုံးမှာ ဒီမိုကရေစီ ထွန်းကား လာအောင် စာနာ ထောက်ထားပြီး လုပ်ဆောင် နေတယ်လို့ မြင်လာစေတယ်။
ဒီတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ လုပ်ဆောင်ချက်က အားနွဲ့တဲ့ မိန်းမသားလေးကို ကယ်တင်ဖို့ လုပ်ပေး နေတဲ့ သူရဲကောင်း နေရာကို ရောက်သွားတယ်။ အဲဒီလို အမြင်ပုံဖော်မှုဟာ ကမ္ဘာ တစ်ဝန်းမှာ စာနာမှုတွေကို ရလာပေမယ့် မြန်မာ စစ်ခေါင်းဆောင်တွေ ဆီမှာတော့ ဆန့်ကျင်ဘက် အကျိုး သက်ရောက်မှုတွေ ဖြစ်စေတယ်။ ဒါ့ကြောင့် စစ်ခေါင်းဆောင် တွေက အောင်ဆန်း စုကြည်ကို အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ ပုဆိန်ရိုး အဖြစ် စွပ်စွဲခဲ့ကြပြီး ပြည်သူတွေကိုတော့ အမေကျော်ပြီး ဒွေးတော် မလွမ်းဖို့ သတိပေးခဲ့ကြတယ်။ အောင်ဆန်း စုကြည်ကို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ သင်္ကေတ အဖြစ် နိုင်ငံ တကာက လက်ခံမှုများ လာလေလေ ပြည်တွင်းမှာ စစ်အစိုးရက ဒီထောက်ခံမှုကို အကြောင်းပြပြီး သူ့ကို ရုပ်သေးအဖြစ် ပုံဖော်ဖို့ ပိုကြိုးစားလေ ဖြစ်လာပြီး သူ့အပေါ် အစိုးရ မီဒီယာတွေကနေ၊ ကောလဟာလ သတင်းတွေကနေ တဆင့် အပုပ် ချဖို့ အကြီးအကျယ် လုပ်ဆောင်ခဲ့တယ်။
အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ နိုင်ငံတကာ တတ်သိ ပညာရှင်တွေ အများကြီး ရှိတယ်။ ဒက်စမွန်တူးတူး၊ ဟာဗယ်နဲ့ ကင်မ်ဒေးဂျုံတို့ဟာ သူ့ကို ထောက်ခံသူတွေထဲမှာ အပါအ၀င် ဖြစ်တယ်။ ကင်ဒေးဂျုံဆိုရင် တောင်ကိုရီးယား သမ္မတ အဖြစ်နဲ့ မြန်မာနိုင်ငံ အပေါ် အကူအညီ ပေးမှုတွေ တိုးချဲ့နေချိန်မှာ တစ်ဘက်က စစ်အစိုးရကို ရှုံ့ချပြီး အောင်ဆန်း စုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ စစ်အစိုးရက အင်န်အယ်လ်ဒီနဲ့ သူတို့ ခေါင်းဆောင် အမျိုးသမီးရဲ့ အရှိန်အ၀ါကို လျှော့ချဖို့ အကြီးအကျယ် ကြိုးစားခဲ့ပါတယ်။ သူတို့ အောင်ဆန်းစုကြည်ကို သာမက ကျန်တဲ့ အဖွဲ့ဝင်တွေ အများကြီးပါ ဖမ်းဆီး ထောင်ချခဲ့တယ်။ ရုံးတွေ ပိတ်ပစ်ခဲ့တယ်။ အင်န်အယ်လ်ဒီ ထောက်ခံသူတွေကို အမျိုးမျိုး နှောင့်ယှက်ခဲ့တယ်။ ရန်ကုန်က နေပြီး ဘယ်မှသွားလို့ မရအောင် အမျိုးမျိုး တားဆီး ခဲ့တယ်။ နောက်ဆုံး ၂၀၀၃ ခုနှစ်မေလမှာတော့ အထက် မြန်မာပြည် ခရီးစဉ်မှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီး လူအတော် များများ သေဆုံးခဲ့ရတယ်။
သူ့ကို နေအိမ် အကျယ်ချုပ်ကနေ လွှတ်ပေး လိုက်တိုင်း သူကလည်း ဘယ်လောက် အထိ လှုပ်ရှားလို့ ရမလည်း ဆိုတာကို အမြဲ စမ်းသပ်ခဲ့တယ်။ အစိုးရ ဘက်ကလည်း ပြန်ပြီး ကန့်သတ်တာတွေ လုပ်ခဲ့တယ်။
ဆက်ရန်
ပိထောက်မြေ
0 comments:
Post a Comment