အမှိုက်ပုံ
by Lu Cifer on Friday, July 8, 2011 at 9:33pm
(က)
“အပြာရောင်ကောင်းကင်” စာသင်ကျောင်းကအထွက် ကားလမ်းမပေါ်အရောက် ကျောင်းကလေးဆီ ပြန်လှည့်ပြီး ကြည့် သည်။ အရုပ်မျိုးစုံ နံရံမှာ ရေးဆွဲထားသည့် စာသင်ကျောင်းကလေးကို လှမ်းမြင်ရသည်မှာ ကျနော့်အတွက် တကယ့်ကို အသစ်အဆန်းလိုဖြစ်နေသည်။ ပြီးခဲ့တဲ့ ဆယ်မိနစ်ခန့်ကပဲ လည်တိုင်မှာ ကြိုးတွဲလောင်းနှင့် ကိုယ်လုံးတီး လူ တယောက် လေးဘက်ထောက်သွားနေတဲ့ ကျောင်းနံရံပေါ်က ပန်းချီပုံကို နောက်ခံထားပြီး ကျနော့်ကို တူမလေး မြတ်နိုဗယ်သန်းက ဓါတ်ပုံရိုက်ပေးခဲ့သည်။ ဓါတ်ပုံကို ပြန်ကြည့်တော့ ကျနော့်ဘေးမှာ ခွေးတစ်ကောင်အိပ်လျက်။ ကျနော်က ဝတ်စုံအနက်ကို ဝတ်လျက်။
စာသင်ကျောင်းနံရံမှာ ဒီလိုပန်းချီပုံတွေကို ဘယ်သူ ဆွဲပေးခဲ့တာပါလိမ့်။ ကျောင်းကို ကူညီထောက်ပံ့သွားတဲ့ နိုင်ငံခြား သားတဦးဦးက ရေးဆွဲသွားတာများလား။ ပန်းချီကားတွေက ပန်းချီကို အပျော်ဆွဲတာထက် သာတဲ့လက်ရာမျိုး ဖြစ်နေ တာကိုကြည့်ပြီး ပန်းချီဆရာက တမင်သက်သက် သူ့အဓိပါယ်နှင့်သူ ရေးဆွဲသွားခဲ့တာ သေချာတာကိုတော့ ကျနော် သိသည်။ သူ ဖေါ်ပြချင်သည့် အဓိပ္ပါယ်ကို ကျနော် ကောင်းကောင်းသိသည်။ ထို့ကြောင့် ကျနော့်မှာ ခံစားရသည်။
(၅) မိနစ်ခန့်ကြာတော့ ကျနော်တို့ တူဝရီးနှစ်ယောက် အမှိုက်ပုံကြီးတခုရဲ့ ခြေရင်းကို ရောက်လာခဲ့ကြသည်။ လမ်း တွင်လည်း အမှိုက်မျိုးစုံကို လမ်းဘေးနှစ်ဖက်တွင် လမ်းပေါ်တွင် နင်းကျော်လာခဲ့ကြရသည်။ အထူးသဖြင့် ပျက်စီးရန် မလွယ်ကူသည့် အရောင်မျိုးစုံ အရွယ်မျိုးစုံ ပလပ်စတစ်အိပ်ခွံပျက်များကို နေရာအနှံ့ တွေ့ခဲ့ရသည်။ အမှိုက်ပုံကြီးနှင့် မနီးမဝေးအရောက်ကတည်းက စူးရှသည့် ညှီစို့စို့ အနံ့အသက်ကို လေအဝေ့တွင် ကျနော် ရှူရှိုက်မိခဲ့သည်။
တောင်ငယ်လေးတခုပမာ ဖြစ်နေသည့် အမှိုက်ပုံကြီး၏ အောက်ခြေက တဲကလေးသုံးလုံးခန့်ဘေးတွင် ကားလမ်းက နိဂုံးချုပ်သွား၏။ အမှိုက်သွန်သည့်ကားများ၊ စွန့်ပစ် ပစ္စည်းလာဝယ်သည့် ကားများသာ အသုံးပြုသည့် ကားလမ်းဘေး တွင် ကျနော်တို့ ရပ်တန့်လိုက်ကြသည်။ ကားလမ်းဘေးတွင် ရေကန်ကြီးတခု ရှိသည်။ အမှိုက်မျိုးစုံက ရေကန်ဘေး တွင် ကျနေသည်။ ရေကန်ပေါ်ဖြတ်လာသည့်လေနှင့်အတူ ညှီစို့စို့အနံ့ကို ရလိုက်သည်။
တူမလေး မြတ်နိုဗယ်သန်းကို လူတယောက်ကဆီးပြီး စကားပြောသည်။ တူမလေးအဖို့ အမှိုက်ပုံကလူတွေနှင့် ရင်း နှီးပြီးဖြစ်သဖြင့် ကျနော်က အထူးအထွေလုပ်မနေတော့ပဲ လမ်းဘေးတွင် ရပ်နေလိုက်သည်။ တဲကလေးနှစ်လုံးရှေ့ တွင် စုပြုံပြီးထိုင်နေသည့် ကလေးတသိုက် ခွေးတအုပ်နှင့် အမျိုးသမီးများက ကျနော်တို့ကို ပြုံးပြီးကြည့်နေကြသည်။ တူမလေးက စကားတခွန်းနှစ်ခွန်းပြောပြီးနောက် အမှိုက်ပုံကြီး၏ ဘေးတဖက်တွင်ရှိသည့် တခြားတဲအိမ်ကလေးတွေ ဘက် သွားရမည်ဟုဆိုကာ ရှေ့ကထွက်သည်။
ကျနော်က တူမလေးရဲ့နောက်က ဘေးဘီအနှံ့လိုက်ကြည့်ရင်း လမ်းလျှောက်လိုက်လာခဲ့သည်။ အမှိုက်ပုံကြီးရဲ့ ဘေး တဖက်တွင် တဲအိမ်ကလေးတချို့ကို ထပ်ပြီးတွေ့ရပြန်သည်။ ဈေးဆိုင်နှင့် အိမ်ကလေးတလုံးကိုလည်း တွေ့ရသည်။ တဲရှေ့တွင် တဲရဲ့တံစက်မြိတ်တွင် ကလေးသားရေစာနှင့် အချိုအချဉ်မုန့်ထုပ်များ ချိပ်ဆွဲထားသည်ကို တွေ့ရသည်။ ဆိုင်ပိုင်ရှင်ဟုထင်ရသူ အမျိုးသားတဦးက ကုန်းထိပ်တွင်ရပ်နေကြသည့် ကျနော်တို့ကို တဲတံစက်မြိတ်အောက်မှ ခေါင်းပြူကာ အပြုံးဖြင့်နှုတ်ဆက်လိုက်သည်။
အိမ်မှထွက်လာစဉ်ကတည်းက အလုပ်ကိစ္စကို ကြိုပြီးပြောထားခဲ့သဖြင့် ကျနော်က တူမလေးကို ဘာမျှမမေးဘဲ သည် အတိုင်း စောင့်ကြည့်နေလိုက်သည်။ တူမလေးက အမှိုက်ပုံကြီး၏ အခြားတဖက်တွင် နေထိုင်သူများ ရောက်လာသည် အထိ စောင့်နေရန်ပြောနေသည်။
“အဲဒါ သူ့အမေကိုယ်စား အစည်းအဝေးလာတက်တာတဲ့ ဘဘ ကြည့်ပါအုန်း ”
တူမလေးဘေးတွင် တုတ်တချောင်းကို လက်တဖက်ကကိုင်လျက်။ အသက် ၃ နှစ်သာသာ ကလေးမလေးတဦး။ လက် တွေခြေတွေအားလုံး ပေရေလျက်။ ဝတ်ထားသည့် ဂါဝန်ကလေးက အရောင်လွင့်လျက်။ ကျနော်က ကလေးမလေး၏ ဘေးတွင် သွားရပ်သည်။ သူ့ပခုံးလေးကို ထိကာ မင်းဘာလုပ်ဖို့လာတာလဲ၊ နာမည်ဘယ်လိုခေါ်သလဲဆိုပြီး မေးနေမိ သည်။ ကလေးမလေးက ကျနော့်ကို သူ့နံမည်ပြောပြသည်။ အစည်းအဝေးလာတက်တာဟု ပြောနေသည်။ ပထမ တော့ သူဘာပြောသည်ကို ကျနော် မသဲကွဲ။ မေးခွန်းကို ထပ်ပြီး မေးရသည်။ သူက စကားကို ခတ်နည်းနည်း ကျယ် ကျယ်ပြောလာသည်။ သူ့နာမည်ကို ပြောသည်။ အစည်းအဝေးတက်ဖို့လာသည်ဟု ပြောသည်။ ကျနော် သဘောကျ သွားရသည်။
(ခ)
တဲ (၄) လုံးကြား သစ်ပင်ရိပ်အောက်တွင် လူ (၄၀) ခန့် ဝိုင်းစု ထိုင်ကြသည်။ ကောင်းကင်ပြာ စာသင်ကျောင်း ကျောင်းအုပ်နှင့် တူမလေး မြတ်နိုဗယ်သန်းက လူအုပ်၏ ထိပ်တွင် နေရာယူလိုက်သည်။ လူ (၄၀) ခန့်ဆိုသည်မှာ ကလေးရော လူကြီးအပါအဝင် လူ (၄၀) ကို ဆိုလိုခြင်း ဖြစ်သည်။ ကလေးများကို နှုတ်လိုက်လျင် လူကြီး (၂၀) ခန့် တော့ ရှိမည်ဖြစ်သည်။
ကျနော်တို့လူအုပ်၏ဘေးတွင် ရေမြောင်းတခုရှိနေသည်။ ရေမြောင်း၏တဖက်တွင် ကြံခင်းရှိနေပြီး ကြံခင်းကို သံဆူး ကြိုးဖြင့် ကရော်ကမယ် ခြံကာထားသည်ကို တွေ့ရ၏။ ကျနော်တို့နှင့် ကိုက်၂၀၀ ခန့်အကွာ ကုန်းမြင့်ပေါ်တွင် အမှိုက် ပုံကြီးကို မြင်နေရသည်။ လေတင်ဘက်တွင် ဖြစ်ဟန်တူပါသည်။ အမှိုက်ပုံကြီးဆီမှ အနံ့အသက်များက ကျနော်တို့ဆီ ရောက်မလာကြ။
လူအုပ်ထဲတွင် အရွယ်မျိုးစုံ ကလေးတွေ ရှိနေသည်။ ရင်ခွင်ပိုက် ကလေးမှအစ အသက် ၁၀ နှစ်ခန့် ကလေးအထိ ဝင် ထိုင်နေကြသည်။ ခွေးဆယ်ကောင်ခန့်ကလည်း ကျနော်တို့လူအုပ်ဘေးတွင် အိပ်သူအိပ် ဆော့သူဆော့ လုပ်နေကြ သည်။ ကျနော်က တူမလေး မြတ်နိုဗယ်သန်းကို ဓါတ်ပုံရိုက်ပေးရင်း သူတို့ပြောဆို ဆွေးနွေးကြသည်များကိုလည်း နားထောင်နေမိသည်။
တူမလေး မြတ်နိုဗယ်သန်းက မြေဝယ်မည့်ကိစ္စ၊ မြေဝယ်ပြီးလျင် ဝယ်ပေးထားသည့် မြေပေါ်တွင် စည်းကမ်းရှိရှိ အ တည်တကျ နေထိုင်ရေးကိစ္စများကို ရှင်းပြနေသည်။ မြေဝယ်မည့်ကိစ္စ ဝယ်ထားသည့်မြေပေါ်တွင် ပြောင်းရွှေ့နေချင် သည့်ဆန္ဒ ရှိ မရှိ။ အချက် တချက်ချင်းစီ ရှင်းပြနေသည်။
မြေဝယ်ပေးလျင် ဝယ်ပေးသည့်မြေပေါ်တွင် အားလုံးလိုလိုက ပြောင်းရွှေ့နေကြမည့်အကြောင်း အကယ်၍ မြေဝယ် မည်ဆိုလျင် အမှိုက်ပုံနှင့်လည်း မနီးမဝေးဖြစ်ရမည်၊ စိုက်ပျိုးစားသောက်လို့ရသည့်မြေလည်း ဖြစ်ရမည်၊ အကယ်၍ ပုလိပ်လာလျင်လည်း အလွယ်တကူ ထွက်ပြေးပုန်းအောင်းလို့ ကောင်းသည့် တောနှင့်လည်း နီးရမည်။ ဝိုင်းထိုင်နေ သူများက စိတ်ဝင်တစား တက်တက်ကြွကြွပင် ပြန်လည်ဆွေးနွေးနေကြသည်။ နောက်ပြောင် ပြောဆိုငြင်းခုန်နေကြ သည်။
ကျနော်က ဓါတ်ပုံ တပုံ နှစ်ပုံခန့်ရိုက်ပေးပြီးနောက် လူအုပ်ဘေးက အိမ်ထရံအစွန်းတွင် လာထိုင်နေသည့် အသက် ၃ နှစ်ခန့်အရွယ် ကလေးမလေးတဦးကို စိတ်ဝင်စားနေမိပြန်သည်။ သူက သနတ်ခါး ဘဲကြားလူးလျက်။ အိမ်ထရံကို မှီပြီး ထိုင်နေပုံကအစ ခတ်နွဲ့နွဲ့လေး ဖြစ်နေသည်။ သူ့ဘေးနားကို တိုးကပ်သွားပြီး သူ့လက်မောင်းလေးကို ကျနော်ကိုင် တော့ ကျနော့်ကို အနည်းငယ် ရှက်ရွှံ့သလို မော့ကြည့်သည်။ ကျနော်က သူ့မျက်နှာလေးကို ကြည့်ကာ ပြုံးပြလိုက် သည်။
သမီးနာမည်ဘယ်လိုခေါ်သလဲလို့ ကျနော်မေးတော့ သူက ချက်ချင်းဆိုသလို ပြန်ဖြေသည်။ သို့ သော် အသံတိုးလွန်း သဖြင့် သူ့စကားကို သဲကွဲစွာမကြားရ။ ထပ်မေးရသည်။ သူကလည်း အသံမြှင့်ပြီး ပြန်ဖြေသည်။ သို့သော် သူ့လေသံ က ပျော့ပျော့လေး။ ချစ်စရာ ကြည်လင်သည့် အသံ။ သူ့နံမည်ကို ကျနော်ကြားတော့ ကုန်းထားသည့် ကျနော့်ခါး သည်ပင် ဆန့်သွားသည်ဟု ယူဆလိုက်မိသည်။
“ရွှေမင်းသမီး”
ကျနော်က သေချာစေရန် ထပ်မေးသည်။ သူကလည်း သည်နံမည်ကိုပဲဖြေသည်။ ကျနော် သဘောကျသွားရသည်။ ကျနော်နှင့် ရွှေမင်းသမီးကို ဘေးက အမျိုးသမီးကြီး နှစ်ယောက်က ကြည့်နေသည်။ သူတို့မျက်နှာများက ရွှေမင်းသ မီးပြောပြသမျှ သဘောတူထောက်ခံကြောင်း ဖေါ်ပြနေသည်။ ထို့ကြောင့် ရွှေမင်းသမီးကို ကျနော် ကြေနပ်သွားရ သည်။ နောက်ကို အသာဆုပ်ကာ ရွှေမင်းသမီးလေးကို ဓါတ်ပုံရိုက်သည်။
လူတွေ ဆူဆူညံညံပိုဖြစ်လာသဖြင့် လူအုပ်ဖက် အာရုံပြန်ရောက်သွားရပြန်သည်။ အမျိုးသမီးကြီးတဦးက အရင်တ ခေါက်က ရထားသော အလှူပစ္စည်းများကို တနေရာတွင် သိမ်းထားသည့်အကြောင်း ပစ္စည်းတွေ ရောင်းစားသည်ဟု ပြောသည့် ပစ္စည်းမရလိုက်သူများ၏ ဒီစကားကို မယုံကြည်ဖို့ တူမလေးမြတ်နိုဗယ်သန်းကို ရှင်းပြနေသည်။ သူက ပြောလည်းပြော သူနှင့် လေးငါးယောက်အကွာက အမျိုးသမီးများဆီ မျက်စောင်းတထိုးထိုး လုပ်သည်။
အစည်းအဝေးလာတက်သူများထဲတွင် အမျိုးသမီးများက အများစုဖြစ်နေသည်။ ယောင်္ကျားတွေက အလုပ်သွားလုပ် နေကြသည်။ တချို့က နေ့စားသွားလုပ်နေကြကြောင်း တချို့က ကြံခုတ်လိုက်ကြကြောင်း အစည်းအဝေးအစက တည်းက ပြောခဲ့ကြသည်။ ရောက်နေသည့် ယောင်္ကျားကြီး သုံးလေးဦးကလည်း ပြောသမျှကိုသာ နားထောင်သည်။ ဘာတခွန်းမျှ ဝင်မပြော။ အစည်းအဝေး အလည်လောက်ရောက်တော့ ဘေးက တဲအောက်တွင်ထိုင်နေသည့် အမျိုး သားတဦးက ထလာကာ အစည်းအဝေးအတွင်း ဝင်ပြောသည်။ သူက အော်ကျယ်အော်ကျယ်နှင့် ပြောစရာရှိတာ ပွင့် ပွင့်လင်းလင်းပြောကြဖို့ သူများက စေတနာနဲ့ ငွေအကုန်ခံပြီး မြေဝယ်ပေးမှာကို မနေချင်ဘူးဆိုလျင် အခုကတည်းက ပြတ်ပြတ်သားသား အဖြေပေးကြဖို့ အော်ပြောလိုက်သည်။
အစည်းအဝေးက အစကိုပြန်ရောက်သွားပြန်သည်။ တူမလေး မြတ်နိုဗယ်သန်းက နေကာမျက်မှန်ကို နဖူးထိပ်ပေါ်တင် ရင်း စာအုပ်ကိုဖြန့်ကိုင်ရင်း ညာဖက်လက်က ဘောလ်ပင်ကိုကိုင်ရင်း ပြောသမျှစကားကို နားထောင်သည်။ ပြီးတော့မှ မြေဝယ်မည့်ကိစ္စ သဘောတူမတူ အကြိမ်ကြိမ် ပြန်ပြီး အတည်ပြုချက်ယူရပြန်သည်။ ထိုအခါကျပြန်တော့လည်း လူ တိုင်းလိုလိုက သဘောတူကြောင်း ပြန်ပြောကြသည်။ ရှေ့နားတိုးထိုင်ရင်း တချိန်လုံး တက်တက်ကြွကြွ နောက်ပြောင် ပြောဆို ဆွေးနွေးနေသည့် အမျိုးသမီးကြီးနှစ်ဦး၏ သဘောတူကြောင်း အော်ပြောနေသည့်အသံက အားလုံးကို လွှမ်း သွားသည်။
ထိုအမျိုးသမီးကြီး နှစ်ဦးမှာ လူအုပ်ထဲတွင် အတက်ကြွဆုံးဖြစ်သည်ကို ကျနော် သတိထားမိသည်။ သူတို့က ရယ်စရာ လည်းပြောသည်။ တူမလေးမြတ်နိုဗယ်သန်းက မြေဝယ်ပြီးလျင် ဖဲရိုက်လို့ အရက်သေစာ သောက်စားမူးယစ်လို့ မြေ ဝယ်ပေးသူက ကြားသွားလျင် မကောင်းကြောင်း ပြောစဉ်တုန်းကလည်း သူတို့နှစ်ဦးကို လူတွေက ဝိုင်းပြီး လက်ညှိုး ထိုးခဲ့ကြသည်။ သူတို့နှစ်ဦးကလည်း ရယ်မောပျော်ရွှင်စွာပဲ ဟုတ်ကြောင်း ဝန်ခံသည်။ မြေဝယ်ပေးလျင် ဒီအလုပ်တွေ မလုပ်တော့မယ့်အကြောင်း ပြောခဲ့ကြသည်။ ယောင်္ကျားတွေ အရက်သောက်တာ သူတို့ တာဝန်မယူကြောင်းတော့ ပြောနေကြသေးသည်။ အကယ်၍ ယောကျာင်္တွေက အရက်ဆက်သောက်နေလျင်တော့ သူတို့လည်း ဖဲဆက်ရိုက် ကောင်း ရိုက်ရလိမ့်မည်ဟု ပြောနေသည်။ လူတွေက သူတို့နှစ်ယောက်ကို ဝိုင်းဝန်းရယ်မော ကန့်ကွက်လိုက်ကြ သည်။
လူအုပ်ဘေးတွင်ရပ်ကာ “အပြာရောင်ကောင်းကင် စာသင်ကျောင်း” ကျောင်းအုပ်ကြီးကို ကျနော်ကြည့်သည်။ သူက စကားသိပ် မပြော။ လိုအပ်မှ ဝင်ပြောသည်။ တူမလေး မြတ်နိုဗယ်သန်း ဘေးတွင် ရပ်နေလိုက်၊ ထိုင်ပြီး မြေကြီးကို တုတ်နှင့် ခြစ်လိုက် လုပ်နေသည်။ အမှန်တကယ်တော့လည်း သူက မြတ်နိုဗယ်သန်းကို ကူညီသည့်သဘော လိုက် လာခဲ့ခြင်းဖြစ်သည်။ လူစုပေးရန် လိုက်လာခဲ့ခြင်းဖြစ်သည်။ သို့သော် မြေဝယ်မည့်ကိစ္စကိုတော့ သူလည်း တစုံတရာ တက်တက်ကြွကြွ ဝင်ပြီး ဆွေးနွေးခဲ့သည်။ အထူးသဖြင့် မည်သည့်နေရာက မြေကိုဝယ်သင့်သလဲဟု မေးခွန်းထုတ် ကာ ဝယ်သင့်သည့်မြေကို သူကပဲ ဖြည့်စွက်အကြံပြုခဲ့သည်။ မည်သည့်မြေနေရာမျိုးကို ဝယ်သင့်သလဲဟု ဆွေးနွေး ကြသောအခါ ပုလိပ်လာလျင် အလွယ်တကူ ထွက်ပြေးပုန်းအောင်းလို့ လွယ်ကူသည့် မြေနေရာဖြစ်လျင် အကောင်း ဆုံး ဖြစ်မည်ဟု တညီတညွတ်တည်း တင်ပြနေကြသည်ကို နားထောင်ကာ ကျနော့်မှာ ပြုံးမိသည်။
အစည်းအဝေးမှာ နာရီဝက်နီးပါး ရှိလာခဲ့ပြီ။ မြေဝယ်သည်ကို သဘောတူကြောင်း အတည်ပြုနိုင်ခဲ့ပြီ။ ယခင် အပတ်က အလှူရှင် ဥရောပတိုက်သား ဇနီးမောင်နှံတို့၏ အလှူပစ္စည်းများကိစ္စဘက် ရောက်သွားပြန်သည်။ မြတ်နိုဗယ်သန်းက ပစ္စည်းတွေ ပြန်ရောင်းမစားကြဖို့ ပြောသည်။ ထိုင်နေသူများက ပစ္စည်းတချို့ မြန်မာပြည် ပြန်ပို့လိုက်တဲ့အကြောင်း ပြောနေကြပြန်သည်။ တချို့က ပုလိပ်လာလျင် လူတွေ ထွက်ပြေးနေစဉ် တဲပေါ်က ပစ္စည်းအကောင်းဟူသမျှ ကားနဲ့ တင် ယူသွားသည့်အကြောင်း၊ မွေးထားသည့် ကြက်နှင့်ဝက်တွေကိုပင် ပုလိပ်တွေက ယူသွားကြသည့်ကြောင်း၊ တဲ တွေကို ဓါးနှင့်ခုတ်လှဲ ဖျက်ဆီးထားခဲ့သည့်အကြောင်း ဒါကြောင့်မို့ အပိုပစ္စည်းများ ပစ္စည်းကောင်းများကို ရောင်းသင့် တာရောင်း မြန်မာပြည်ပြန်ပို့သင့်တာပို့ လုပ်ကြရသည့်အကြောင်း ကြွက်ကြွက်ညံအောင် ရှင်းပြနေကြသည်။ သို့သော် တဲမိုးဖို့ရထားသည့် မိုးကာစများကိုတော့ အားလုံးလိုလို သိမ်းထားကြသည့်အကြောင်း ပြောကြသည်။
သူတို့တတွေ အခုလို ထိုင်းပုလိပ်များနှင့် ရင်ဆိုင်ရပုံကို ကြားတော့ လွန်ခဲ့သော (၁၄) နှစ်က ရှေ့တန်းသို့ ခရီးထွက်ခဲ့ သည့် အတွေ့အကြုံတချို့ကို ကျနော် ပြန်ပြီး သတိရလာခဲ့သည်။ ထိုစဉ်က ဘားအံမြို့နယ်ထဲက မဲပလိကျေးရွာထဲ ကျနော် ရောက်နေစဉ် စစ်အစိုးရစစ်တပ်ရောက်လာလို့ တရွာလုံး ထွက်ပြေးရသည်ကို တွေးမိလာသည်။ ကျနော်က ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ရွာသားများနှင့်အတူ ဖြတ်ပြေးနေစဉ် ရွာထဲက သေနတ်သံတွေ ခွေးဟောင်သံ တွေ ကြားနေခဲ့သည်။ စစ်သားတွေ ရွာထဲက ပြန်ထွက်သွားတော့ ရွာသားတွေ ပြန်ဝင်လာကြသည်။ အိမ်တချို့က အဝတ်အစားများ ဒန်အိုးဒန်ခွက်များ ပျောက်ဆုံးကုန်သည်။ အိမ်တချို့ကို စစ်သားများက မီးတင်ရှို့ထားခဲ့ကြသည်။ မွေးထားသည့် ကြက်နှင့် ဝက်များကို ပစ်သတ်သွားကြသည်။ တချို့ ဖမ်းယူသွားကြသည်။
လေတချက် အဝေ့တွင် အမှိုက်ပုံကြီးဆီက ညှီစို့စို့ အောက်သိုးသိုးအနံ့များ ကျနော်တို့ဆီ ရောက်လာကြပြန်သည်။ ကျနော်က အမှိုက်ပုံကြီးဆီ လှမ်းမျှော် မော့ကြည့်ကာ အမှိုက်ပုံကြီးနံဘေးတဝိုက် တဲထိုးပြီး နေကြသည့် မိသားစုများ အတွက် ပင့်သက်ရှိုက်မိသည်။ အထူးသဖြင့် ကလေးသူငယ်များရဲ့ ကျန်းမာရေးအတွက် ကျနော် စိတ်ပူသည်။ မိုးတွင်း ရောက်လာလျင် ကြုံတွေ့ ရမည့်အခြေအနေကို ခန့်မှန်းပြီး သက်ပြင်းချမိသည်။ ယခုပင်လျင် မြေတချို့က အစိုဓါတ်ရှိ နေသည်။ ကျနော်တို့ စကားဝိုင်း၏ဘေးတွင် ရေဗွက်တချို့ ရှိနေသည်။
သတိရလို့ ကျနော့်မိတ်ဆွေ “ရွှေမင်းသမီးလေး” ဆီ ကျနော် လှမ်းကြည့်ရပြန်သည်။ ရွှေမင်းသမီးလေးက ကျနော့်ကို အားအင်ဖျော့တော့သော အကြည့်ဖြင့် ပြန်ကြည့်နေသည်ကို တွေ့ရ၏။
(ဂ)
ကျနော်တို့နှင့် ကိုက် ၂၀၀ ဝန်းကျင်လောက်မှာ ရှိနေတဲ့ အမှိုက်ပုံကြီးက ကျနော်တို့ကို ငုံ့ကြည့်နေသည်။
အမှိုက်ပုံကြီးရဲ့ အောက်ခြေမှာ ခွေးသုံးလေးကောင်က အနံ့ခံရင်း စားစရာလိုက်ရှာနေ၏။ ပူပြင်းလှတဲ့နေရောင် အောက်မှာ အမှိုက်ပုံကြီးက မြင့်မြင့်မားမား ကျနော်တို့အပေါ် ဆီိးမိုးနေသလိုဖြစ်နေတာမို့ ကျနော်က မော့ကြည့်နေမိ သည်။
ဒီအမှိုက်ပုံကြီးဟာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတော့ ဒီလောက်အထိလည်း မကြီးသေးတဲ့အကြောင်း အမှိုက်ပုံ ဘေးမှာ အခုလို လူတွေ လာရောက်နေထိုင်တာလည်း မရှိသေးတဲ့အကြောင်း အစည်းအဝေးတက်လာတဲ့ လူတ ယောက်က အစည်းအဝေး မစခင်လေးမှာဘဲ ကျနော့်ကို ပြောပြခဲ့၏။
အခုတော့လည်း အမှိုက်ပုံဘေး လေးဘက်လေးတန် နေရာအနှံ့ တဲထိုးပြီး လာနေကြတဲ့ မိသားစုတွေက (၉၀) ကျော်၊ ကလေး လူကြီး လူအရေအတွက်က (၂၀၀) ကျော် ရှိနေခဲ့ပြီ။ သူတို့အားလုံး ကရင်ပြည်နယ်ထဲက အများစုဖြစ်သည်။
အမှိုက်ပုံကြီးဘေးမှာ လူတွေ လာပြီးမနေခင်က မြေကြွက်ကြီးတွေသာ သည်နေရာမှာ ရှိနေပြီး စိုက်ခင်းတွေတောင် ကောင်းကောင်းစိုက်လို့ မရခဲ့တဲ့အကြောင်းလည်း ပြောပြခဲ့၏။
အမှိုက်ပုံကြီးကို မော့ကြည့်ရင်းက မနက်ခင်း ကြောင်နှစ်ကောင် စာအုပ်ဆိုင်မှာ မတ်တပ်ရပ်ရင်း ဖတ်ခဲ့ရတဲ့ ကဗျာ လေး တပုဒ်ကို သွားပြီး သတိရလိုက်ပြန်သည်။ ပထမတော့ လေးလုံးစပ်ကဗျာဖြစ်နေတဲ့အပြင် အကြောင်းအရာက လည်း ရိုးစင်းလွန်းတဲ့ ကဗျာဆိုပြီး တချက်သာဖတ်ကြည့်ပြီး ပြန်ချထားခဲ့သည့် ကဗျာလေးဖြစ်သည်။ စာအုပ်ဆိုင်က အလုပ်သမားလေးက ကျနော့်ကို လစဉ်ထုတ်မဂ္ဂဇင်းတွေထဲက ကဗျာတွေကို လဆန်းတိုင်း မိတ္တူကူးပေးနေကျဖြစ်လို့ သူကူးပေးလိုက်တဲ့ ကဗျာစာရွက်တွေကတော့ ကျနော့် ကြောပိုးအိပ်ထဲမှာ ပါလာခဲ့၏။ အဲဒီအထဲမှာ ကျနော်ပြန်ချထား ခဲ့တဲ့ ကဗျာလေးလည်း ပါလာခဲ့သည်။
အစည်းအဝေးမစခင် ကျနော့်ဘေးကလူတယောက်က အမှိုက်ပုံဘေး လူတွေ တစတစရောက်လာခဲ့ပုံကို ပြောပြလိုက် တဲ့အခါမှာတော့ ကျနော့်စိတ်ဟာ အဲဒီ ပြန်ချထားခဲ့မိသည့် ကဗျာလေးဆီ တချက်ထဲ ခုန်ကူးပြီး ရောက်သွားရပြန်၏။ အခု ကျနော် ဖတ်ဖြစ်ခဲ့တဲ့ ဒီကဗျာလေးကို ကြားညှပ်ပြီး ဖေါ်ပြလိုက်ပါသည်။
အကျည်းတန်တဲ့ ဆည်းဆာ
အမှိုက်ပုံဘေးမှာ
ဝိုင်းအုံဖွေယက်
မြေကြွက်ကြီးတွေ….။
အမှိုက်ပုံမှာ
ဝိုင်းအုံစုဝေး
လေလွင့်ခွေးတွေ…။
ဒါ ဟိုတုန်းက
အခုကျတော့လေ…
မြေကြွက်လည်း ဝေး
ခွေးလည်း ပြေးပြီ
သည်နေရာမှာ၊ ရောက်လာမွှေနှောက်
‘အစာကောက်သူ´
စိတ်ခြောက်ခြားစွာ၊ မြင်မိငါလျင်
အားနာစိတ်ပြင်း
အံကြိတ်တင်းမိ၊ ရင်တွင်းမချိ
တတိတိဖြင့်
ကြည့်မိနောင်တ၊ ခါခါရသည်
မလှမပ ဆည်းရီည။ ။
ဇော်နောင်
(ကလျာမဂ္ဂဇင်း၊ မတ်လ၊ ၂၀၁၁)
အစည်းအဝေးမှာ အသံတွေ ရုတ်တရက် လှုပ်လှုပ်ရှားရှားဖြစ်လာလို့ ကျနော်လည်းပဲ တခြားမှာအာရုံရာက်နေရာက အစည်းအဝေးထဲ ပြန်ဝင်လိုက်ရ၏။
တူမလေး မြတ်နိုဗယ်လ်သန်းက ကျောင်းနေနိုင်တဲ့အရွယ်ရှိတဲ့ သားသမီးတွေကို ကျောင်းကို မဖြစ်မနေပို့စေချင်တဲ့ အကြောင်း ပြောလိုက်တဲ့အခါ အမျိုးသမီးကြီး တော်တော်များများက ချက်ချင်းဆိုသလိုပဲ သဘောထားပြန်ပေးနေ ကြ၏။ နို့စို့အရွယ်ကလေးကို ရင်ခွင်ထဲထည့်ထားရင်း မြေကြီးပေါ်မှာ ကျကျနန ဖင်ချထိုင်နေသည့် အမျိုးသမီးကြီးက ဆိုလျင် ဒါကိုတော့ ဘယ်နည်းနဲ့မှ မလိုက်နာနိုင်ဘူးလို့ အော်ပြောနေ၏။ သူ့ဘေးက အမျိုးသမီးတချို့ကလည်း ဝိုင်းပြီး ပြောနေကြ၏။ တယောက်နဲ့တယောက် လုပြီးပြောနေကြတာမို့ မြတ်နိုဗယ်လ်သန်းက အသံတွေလျော့သွားတဲ့အထိ စောင့်ကြည့်နေ၏။
တကယ်တော့ သူတို့ဟာ ကလေးတွေ ကျောင်းထားချင်ကြတဲ့သူတွေချည်းပဲ ဖြစ်တဲ့အကြောင်း၊ ဒါပေမယ့်လည်း စား ဝတ်နေရေးအရ ကလေးကအစ အမှိုက်ကောက်နေရတဲ့အကြောင်း မိဘတွေက အလုပ်ထွက်လုပ်နေတုန်း အိမ်မှာ ထားခဲ့ရတဲ့ ကလေးငယ်ကို ထိန်းဖို့ အကြီးတွေကို အိမ်စောင့်ထားခဲ့ရတဲ့အကြောင်း တယောက်တပေါက်ရှင်းပြနေကြ ၏။ ကိုယ့်မြေနဲ့ကိုယ် အတည်တကျနေချင်ကြပေမယ့် ဒါကိုတော့ မလိုက်နာနိုင်ဘူးဆိုတဲ့သဘော ဝိုင်းပြောနေကြ၏။
တူမလေး မြတ်နိုဗယ်လ်သန်းက ဒါဆိုရင် ကလေးတွေ အလုပ်လုပ်လို့ တနေ့ ရတဲ့ငွေကို အလှူရှင်က နေ့တွက် ပေး မယ့်အကြောင်း ကလေးတွေကိုတော့ ကျောင်းကိုပို့ရမယ့်အကြောင်း ရှင်းပြလိုက်၏။ လူတွေ လှုပ်လှုပ်ရှားရှား ဖြစ်သွား ရ၏။ တချို့ကဆိုလျင် မတ်တပ်ပင် ထရပ်လိုက်ကြ၏။ ရှေ့တိုးထိုင်လိုက်ကြ၏။ အမျိုးသမီးကြီးတယောက်က သူ့ ကလေးက တနေ့ကို ဝင်ငွေ အနည်းဆုံး ၆၀ ရတဲ့အကြောင်း နောက်တယောက်က ဒါကတော့ ပုံမှန်တွက်လို့မရတဲ့ အကြောင်း အလုအယက် ပြောနေကြပြန်သည်။ မြတ်နိုဗယ်သန်းက ခေတ္တခဏ ပြန်မပြောဘဲနားထောင်သည်။ သူတို့ ပြောသမျှ ရေးမှတ်သည်။
ကျနော်က အစည်းအဝေးလုပ်နေသည့် လူအုပ်ဘေးမှ ခွာကာ တဲတွေကြား လျှောက်လာလိုက်သည်။ တဲနှစ်လုံးဘေး တွင် ရေတွင်းတတွင်းတွေ့သည်။ ရေတွင်းဘေးက ဗွက်အိုင်များကို ရှောင်ပြီး ရေတွင်းထဲ ကျနော် ငုံ့ကြည့်သည်။ ရေတွင်းက တော်တော်လေး နက်သည်။ ရေကလည်း နည်းနည်းလေးပဲ ရှိသည်။ ကျနော့်အထင် အောက်ခံ ကျောက် သားနှင့် မြေကြီးကိုပင် မြင်နေရသည်ဟု ထင်သည်။ အခုဆိုလျင် မတ်လပင် မရောက်သေး။ ရေက ခန်းတော့မည်။ ဧပြီ၊ မေ ဆိုလျင် ရေ လုံးဝ ရှိတော့မည်မဟုတ်။ သို့သော် ရေတွင်းက ရေက သောက်ရန်မဟုတ်။ သုံးရေအတွက်သာ သုံးလို့ရသည်ဟု ဆိုသည်။ သောက်ရေကိုမူ ရေသန့်ဗူးရေကိုသာ သောက်ကြသည်ဟု သိရသည်။
ရေတွင်းဘေးက ခွာပြီး ရှေ့ကတဲဘေးတွင် သွားရပ်လိုက်သည်။ အမှိုက်ပုံကြီးဆီ ရောက်လာကာစက ရိုက်ခဲ့သော ဓါတ်ပုံများကို ပြန်ပြီးကြည့်သည်။
ဓါတ်ပုံများကို ကြည့်နေရင်းက လွန်ခဲ့သော ဆယ်နှစ်ကျော်လောက်က လူမှုရေးလုပ်ငန်းလုပ်ချင်စိတ်ရှိသူ အမျိုးသမီး ငယ်တဦးအကြောင်း ကျနော် သွားတွေးမိပြန်သည်။
ထိုအမျိုးသမီးငယ်က သူ့အနေနှင့် ခန္ဒာကိုယ်ရင်းပြီး ဝမ်းစာရှာနေရသူ မြန်မာမိန်းကလေးများကို ကယ်တင်ချင်သည့် အကြောင်း ကျနော့်ကို ကူညီပါရန် တိုင်ပင်ခဲ့ဖူးသည်။ ကျနော်က သူ့စိတ်ထားစေတနာကို လေးစားသည်။ အသိအ မှတ်ပြုသည်။ သို့သော် သည်ကိစ္စက သိတ်ပြီးမလွယ်ကူသည့်အကြောင်း ပြောပြခဲ့မိသည်။ သူက လက်မလျှော့ပါ။ သူ့မှာ စုထားဆောင်းထားသည့် ငွေကလေးနှင့် သူ့အလုပ်ကို စဖြစ်အောင်စ၏။ ဇိမ်မယ်လေးများရှိရာ အိမ်များတွင် တခြား သူ့အဖေါ် မိန်းကလေးတဦးနှင့် ဝင်နိုင်ထွက်နိုင်အောင် ကြိုးစား၏။ အဆက်အသွယ်ရအောင် လုပ်၏။ သည်အ လုပ်မှ ထွက်ချင်သူ မိန်းကလေးများကို စုံစမ်း၏။ တွေ့သည့်အခါ ဇိမ်ခေါင်းအားပေးရန်ရှိသည့်ငွေကို စိုက်ပေး၏။ မိန်း ကလေး ၂ ယောက်ကို ကယ်ထုတ်၏။ ကျန်းမာရေးကအစ ပြုစု၏။ မြန်မာပြည်ပြန်မည်ဟုဆိုသဖြင့် စရိတ်ပေးပြီး ပြန် ပို့လိုက်၏။
နောက် ၁ လခန့်ရှိသောအခါ သူ ကယ်တင်ပြီး ပြန်လွှတ်လိုက်သည့် မိန်းကလေး ၂ ယောက်စလုံး တခြား ဇိမ်ခန်းရှေ့ တွင် ဖီးကာလိမ်းကာ ရယ်ကာမောကာနှင့် ပြန်တွေ့ရလေသည်။ ကျနော့် မိတ်ဆွေ လူမှုရေးစိတ်ဓါတ်ပြင်းပြသူ မိန်းက လေးမှာ တော်တော်လေး စိတ်ပျက်သွားရ၏။ သို့သော် ကျနော့်မိတ်ဆွေ မိန်းကလေးမှာ စိတ်ခိုင်သူ ဖြစ်သည်။ သည် လုပ်ငန်းကို ဆက်မလုပ်သော်လည်း တခြား လူမှုရေးလုပ်ငန်းများကိုမူ ဆက်ပြီး လုပ်၏။ ယခုအခါ ကျနော့်မိတ်ဆွေ မိန်းကလေးမှာ လူမှုရေးလုပ်ငန်းကြီးများကို အောင်မြင်စွာ လုပ်ကိုင်နေသည့်အဆင့် ရောက်လာနိုင်ခဲ့သည်ဟု ဆိုရပါ မည်။
ယခုလည်း တူမလေး မြတ်နိုဗယ်လ်သန်းကို ကျနော် ဘယ်လို ကူညီရပါ့။ လူမှုရေး လုပ်ငန်းဆိုသည်မှာ လူမှုရေး ပြဿနာများဖြင့် ရှုပ်ထွေးကျဆုံးရတတ်သည်ကို သူ သတိပြုမိပါစ။ သည်လို လူမှုရေး ပေါက်ကွဲလွင့်စင်မှုများမှာ ဘာ့ ကြောင့်ဖြစ်လာရ သနည်း၊ သည် လူမှုရေးပြဿနာများ ပျောက်ကင်းသွားအောင် ဘယ်လိုနည်းလမ်းက အဓိက နည်း လမ်းဖြစ်သနည်း။ တူမလေး မြတ်နိုဗယ်လ်သန်းကို ကျနော် ဘယ်လိုကူညီပြီး ဆွေးနွေးရပါ့။
နေက ပူသထက်ပူလာသည်။ အမှိုက်ပုံကြီးဘေး မရောက်တရောက်တွင် ကျနော် ရပ်သည်။ ယင်ကောင်များကို ကျနော့် ပါးစပ် နှာခေါင်း ဆံပင်များပေါ်မှ မကြာခဏ ပုတ်ချနေရ၏။ တချို့ယင်ကောင်များက အသံများ တဝီဝီပေးကာ ကျနော့်ဘေးက မခွာသွားချင်ကြ။
ယင်ကောင်များကို လက်ဖြင့် ပုတ်ထုတ်ရင်းက အမှိုက်ပုံကြီးကို ကျနော် မော့ကြည့်နေမိပြန်၏။
အမှိုက်ပုံကြီးကလည်း သူ့ကို မေါ့ကြည့်နေသူ ကျနော့်ကို သနားစရာ လူသတ္တဝါတဦးကိုကြည့်သလို ငုံ့ကြည့်ပြီး ပြုံးပြ နေသည်ဟု ကျနော် ခံစားလိုက်ရ၏။
(ဃ)
ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဆယ်နှစ်ကျော်ကာလအတွင်း မြန်မာစာသင်ကျောင်းတွေ အသွင်အမျိုးမျိုးနဲ့ မိုးရာသီမှာ မှို တွေပေါက်သလို ပေါ်ပေါက်လာကြရာမှာ ‘ကောင်းကင်ပြာစာသင်ကျောင်း´ ကလေးလည်း တခုအပါအဝင် ဖြစ်ပါ သည်။
သို့ပေမယ့် ဒီစာသင်ကျောင်းကလေးကတော့ တကယ့်ကို အမှိုက်ထဲက ရွှေ ဖြစ်သည်။
မဲဆောက်မြို့ထဲကနေ မိနစ်နှစ်ဆယ်ကျော် နာရီဝက်ခန့် ဆိုင်ကယ်စီးသွားရင်ရောက်တဲ့ မြို့ပြင်ဘက် အမှိုက်ပုံကြီး တပုံရဲ့ဘေးမှာ အဲဒီ အမှိုက်ပုံကြီးကိုပဲ အမာခံထားပြီး ဖွင့်ခဲ့တဲ့ စာသင်ကျောင်းကလေး ဖြစ်သည်။ အမှိုက်ပုံကြီးက အ မှိုက်ဟူသမျှ ရွေးချယ်ကောက်ယူပြီး ဘဝအသီးသီး ထူထောင်ရပ်တည်နေကြတဲ့ မိသားစုတွေရဲ့ သားသမီးတွေကို စာသင်ပေးနိုင်ဖို့ ဖွင့်ခဲ့တဲ့ စာသင်ကျောင်းကလေး ဖြစ်သည်။ နံမည်က ကောင်းကင်ပြာ…။ (အများအားဖြင့်တော့ ဒီ စာသင်ကျောင်းကလေးကို အမှိုက်ပုံကျောင်းလို့ပဲ ခေါ်ဝေါ်နေကြတာများပါသည်။)
ကျနော် ရောက်သွားတဲ့အချိန်မှာ တကယ့်ကို အပြာရောင်နောက်ခံ ကောင်းကင်တခုရဲ့အောက် နေရောင်တံလျပ်တွေ တဖြတ်ဖြတ်ပြေးနေတဲ့ မြင်ကွင်းထဲမှာ အဲဒီ စာသင်ကျောင်းကလေးကို ဘွားကနဲ ကျနော် တွေ့လိုက်ရတာပါ။ ဒါနဲ့ပဲ စာသင်ကျောင်းကလေးကို စတင်တွေ့လိုက်ရတဲ့ နေရာမှာပဲ ဆိုင်ကယ်ခဏရပ်ပြီး ကျနော် ဓါတ်ပုံရိုက်ခဲ့ရ၏။ ပင် ညောင်ညိုအောက်က ကောင်းကင်ပြာ စာသင်ကျောင်းကလေးပေါ့..။
ဒီကျောင်းကလေးကို မရောက်လာခင်ကတည်းက ကျောင်းကလေးအကြောင်း တစွန်းတစ သိထားတဲ့အခံက ရှိနေ တာမို့ ကျနော့်မှာ စာသင်ကျောင်းကလေးကို မြင်ရတယ်ဆိုလျင်ပဲ စိတ်လှုပ်ရှားသွားရ၏။ ကျနော် ငယ်ငယ်က ကျောင်းဆရာရောဂါ တော်တော်သည်းထန်ခဲ့ဖူးသည်ကိုလည်း တွေးမိလာရပြန်သည်။ ကျောင်းဆရာ ဘဝ အမျိုးမျိုး ကိုလည်း ဖြတ်သန်းခဲ့ဖူး၏။ အစိုးရခန့် မူလတန်းပြကျောင်းဆရာ။ ရွာက စပါးနဲ့  ငှားသင်တဲ့ ကျောင်းဆရာ၊ ကျောင်း သားမိဘတွေ စုပေးတဲ့ ငွေနဲ့သင်တဲ့ကျောင်းဆရာ၊ တွဲဘက်ကျောင်းဆရာ ၊ စေတနာ ညကျောင်းဆရာ၊ ရပ်ကွက်ထဲ က ကျောင်းမနေနိုင်တဲ့ ကလေးတွေအတွက် အခမဲ့ ဖွင့်ထားတဲ့ ညကျောင်းက ကျောင်းဆရာ..။ တကယ့်ကို ကျောင်း ဆရာဘဝကို ခုံမင်ပျော်ပါးခဲ့ဖူးသည်။ သည်တုန်းက အသက် ၂၀ ကျော်။ ကျနော် စိတ်ကူးရှိသမျှ ကျနော် မက်ခဲ့တဲ့ အိပ်မက်ဟူသမျှ လက်တွေ့ အကောင်အထည်ဖေါ်ခဲ့သည့်အရွယ်။ ကျနော်သည်လည်းပဲ အိပ်မက်တွေ ရဲရဲ မက်ခဲ့ဖူး သည်ပေါ့။
စာသင်ကျောင်းဝန်းထဲ ဝင်သွားရင်ပဲ ကျနော့် စိတ်တွေ ပြန်လည် နုပျိုလာခဲ့ရပါသည်။ ကလေးတွေ အော်ဟစ်ပြေး လွှားနေကြစဉ် ကလေးတွေ စာအံနေကြစဉ် ကလေးတွေ တယောက်နဲ့တယောက် တွန်းထိုးကြည်ဆယ်နေကြစဉ် ကျနော့် စိတ်တွေလည်း အတိတ်နှင့် ပစ္စုပန်ကြား ကူးချည်သန်းချည် ဖြစ်နေခဲ့သည်။
တူမလေး မြတ်နိုဗယ်လ်သန်းက ကျနော့်ကို ကျောင်းအုပ်ကြီးနှင့် မိတ်ဆက်ပေးသည်။ ကျောင်းအုပ်ကြီးက နေလောင် ထားတဲ့ အသားအရေ၊ အသက်အရွယ်အားဖြင့် ၃၀ ဝန်းကျင်။ အရပ်မြင့်မြင့်။ စကားကို အပိုအလိုမပြော။ မေးတခွန်း ဖြေတခွန်း။ မျက်နှာသွင်ပြင်က ခတ်အေးအေး။
သူ့ကျောင်းကလေးမှာ မွေးစားသလို ခေါ်ထားရတဲ့ ကျောင်းသား၊ မိဘများနဲ့ အဆက်အသွယ်ပြတ်သွားတဲ့ ကျောင်း သားများအကြောင်း ပြောပြနေစဉ် သူ့မျက်လုံးများထဲက အဓိပ္ပါယ်ကို ကျနော် ကောင်းကောင်း ဖတ်ကြားလို့ ရနေ သည်။ သူ့စကားသံက မပွင့်တပွင့်။ ရှင်းပြသလိုလည်းမဟုတ်၊ ငြီးတွားသလိုလည်းမဟုတ်၊ သောက စွက်သည့် မျက်နှာ ထားနှင့်။ ကျောင်းကလေးကိုတလှည့် ကျောင်းသားလေးတွေဆီတလှည့် ကျနော့်ဘက်ကိုတလှည့် လှည့်ကြည့်လှည့် ကြည့်လုပ်ရင်းမှ ကျနော့် ကို ရှင်းပြနေသည်။
ကျနော်က ကျောင်းအုပ်ကြီး၏ ရုံးခန်းကလေးထဲတွင် ထိုင်ကာ ကျောင်းအုပ်ကြီးနှင့် မိနစ် ၂၀ ခန့် စကားပြောသည်။ ရုံးခန်းကလေးထဲတွင် ရေးလက်စ ဆွဲလက်စ မြေပုံတွေ၊ ရေးလက်စ သင်ခန်းစာအထောက်အကူပြု စာတမ်းတွေ၊ ပုံ တွေ၊ ပြီးတော့ ကွန်ပျူတာ တလုံး။
စာသင်ကျောင်းကလေး စတင်ဖွင့်လှစ်ဖို့ ကြိုးစားခဲ့စဉ်က အတွေ့အကြုံတွေကို ကျနော် နားထောင်သည်။ စတင်ဖွင့် လှစ်စဉ်က အခုဖွင့်ထားသည့် နေရာနှင့် အတန်ငယ်ဝေးသည့်နေရာတွင် ကျောင်းဖွင့်ခဲ့ရသည်။ အမိုးသာရှိပြီး အကာမရှိ။ ဂိုဒေါင်ဟောင်းတခုကို ငှါးဖွင့်ခဲ့သည်။ကျောင်းဖွင့်စက ကျောင်းသား ၄၇ ယောက်။ လုပ်အားပေးဆရာ ၃ ယောက်။ အခုတော့ ဆရာ ဆရာမများကို လစာပေးနိုင်ပြီ။ ဆရာ ဆရာမ ၁၀ ယောက်။ ကျောင်းအိပ်အကျောင်းစား ၃၀ ကျော်။ စုစုပေါင်း ကျောင်းသား ၁၂၀ ကျော်။ အမှိုက်ပုံမိသားစုဝင်များသာမက အနီးအနားတောင်ယာ လူငှားလုပ် ကိုင်သူ မြန်မာနိုင်ငံသား မိသားစု သားသမီးများကိုပါ စာသင်ပေးနေပြီ။
၂၀၀၆ ခု၊ မေလ အတွင်းတုန်းကတော့ ယခင်အမှိုက်ပုံအဟောင်းဘေးတွင် ဖွင့်လှစ်ခဲ့ရာက အခုတော့ အလှူရှင်တွေ ကျောင်းသားမိဘတွေရဲ့ အကူအညီနဲ့ အမှိုက်ပုံအဟောင်းနှင့် အတန်ငယ်ဝေးသည့် ကတ္တရာလမ်းဘေးသို့ ၂၀၁၀ ခုနှစ်တွင် ရွှေ့ပြောင်းခဲ့သည်။ အခုတော့ အမှိုက်ပုံကြီးဆီကရတဲ့ အနံ့ဆိုးများနှင့် အနည်းငယ်ဝေးရာမှာ နေရာပြောင်း ခဲ့သဖြင့် ကျောင်းသားများရဲ့ ကျန်းမာရေးသည်လည်း သိသိသာသာ တိုးတက်လာခဲ့ရပါသည်ဟု ဆရာကြီးက ရှင်းပြ သည်။
ကျနော်က ဧည့်သည်တယောက် ရောက်လာသဖြင့် ကျောင်းအုပ်ကြီးရုံးခန်းထဲမှ ပြန်ထွက်လာကာ ကျောင်းရှေ့ကို ထွက်ခဲ့သည်။ ကျောင်းရှေ့ နေရိပ်အစပ်တွင် ရပ်သည်။ ကျောင်းဝန်းကျင်ကို ကြည့်သည်။ တောရိပ်တောင်ရိပ်နှင့် နီး သဖြင့် ကျနော့်စိတ်သည်လည်း စိမ်းလန်းလာနေသည်။
ရုတ်တရက်ဆိုသလို စူးစူးဝါးဝါး ကျောင်းသားတယောက်ငိုသံကြားလို့ အသံကြားရာဘက် လှည့်ကြည့်တော့ ရပ်ထား သည့် ကျနော့်ဆိုင်ကယ်ဘေးတွင် ကလေးတယောက် မြေကြီးပေါ်မှ လူးလဲထရပ်ရင်း ငိုနေသည်။ ဆိုင်ကယ်ပေါ်မှာက ကလေး ၂ ယောက်။ သူတို့က ဘာမှမဖြစ်သလို ဆိုင်ကယ်ကို မြင်းလုပ်ပြီး စီးနေကြသည်။ ကျနော်က ငိုနေသည့် ကျောင်းသားလေးအနား ကပ်သွားတော့ တခြား ခတ်ကြီးကြီးကျောင်းသားတယောက်က လာပြီး ဆွဲခေါ်သွားခဲ့၏။
ဒီလို အဖြစ်အပျက်ကိုမြင်တော့ ကျနော့်ရဲ့ ကျောင်းဆရာဘဝ ကျနော့် ကျောင်းသားလေးတွေကိုလည်း ပြန်လည်မြင် ယောင်လာမိသည်။ ထိုစဉ်က ကျနော့် စာသင်ကျောင်းရှိရာ ရွာကလေး၏ ချောင်းတဖက်ခြမ်းတွင် သစ်ထုတ်လုပ်ရေး မှကားကြီးများ ရောက်လာနေသည်ကြားသဖြင့် ကျောင်းသားများနှင့်ကျနော် ချောင်းတဖက်ကို ကူးလာခဲ့သည်။ ထိုနှစ် က သစ်ထုတ်လုပ်ရေးကားများ ကျနော်စာသင်ရာရွာကလေးဆီ ပထမဦးဆုံးအကြိမ် ရောက်လာခဲ့သည့်နှစ် ဖြစ်သည်။ နွေရာသီသုံး လှည်းလမ်းကို အနည်းငယ်ပြင်ကာ သစ်ထုတ်လုပ်ရေးကားများ ပဲခူးချောင်းဖျားသို့ စတင်တက်လာနိုင် ခဲ့သည့် နှစ် ဖြစ်သည်။ ကျနော်တို့တတွေ ရပ်ထားသည့်ကားကြီးများကို တွေ့တော့ တချိန်လုံး ဆူညံနေခဲ့သည့် ကျောင်းသားများမှာ စကားမပြောပဲ အားလုံးတိတ်ဆိတ်သွားသည်ကို ကျနော် သတိပြုမိလိုက်သည်။
ကားဆရာများနှင့် ကျနော် လမ်းဘေးသစ်ပင်ရိပ်အောက်တွင် စကားပြောနေစဉ် ကျနော့်ကျောင်းသားများက သစ်တင် ကားကြီးများကို ဂူအောင်းလူသားများက ဒိုင်နိုဆောကြီးများကို ဝိုင်းကြည့်နေကြသလို ခတ်လှမ်းလှမ်းမှ ဝိုင်းစုပြီး ကြည့် နေကြသည်။
http://www.naytthit.net/?p=14583
0 comments:
Post a Comment