Tuesday, June 7, 2011

ဒီမိုကရေစီ သဘော

Min Thant Syn

"ဒီမိုကရေစီ" ဟူသော အင်္ဂလိပ် စကားသည် ဂရိတ်ဘာသာမှ ဆင်းသက်လာသော စကားတစ်ရပ် ဖြစ်လေသည်။ "ဒီမို" ဟူသော စကား၏ အဓိပ္ပာယ်မှာ လူအများ ဖြစ်သည်။ "ကရေစီ" ဟူသော စကား၏ အဓိပ္ပာယ်မှာ "အုပ်ချုပ်ခြင်း" ဖြစ်သည်။ ထို့ကြောင့် "ဒီမိုကရေစီ" ဟူသော စကားမှာ "လူအများ၏ အလိုဆန္ဒ အတိုင်း အုပ်ချုပ်ခြင်း" ဟူ၍ အဓိပ္ပာယ် ရသည်။ ဆိုလိုရင်းမှာ "ဒီမိုကရေစီ" သည် လူတစ်ဦး တစ်ယောက်တည်း၏ သဘောအတိုင်း ထင်သလို အုပ်ချုပ်ခြင်းလည်း မဟုတ်။ လူတစ်စု၏ စိတ်ကူးအတိုင်း တစ်ဘက်သက် အုပ်ချုပ်ခြင်းလည်း မဟုတ်။ လူအများကို လူအများ၏ အကျိုးငှာ၊ လူအများ၏ အလိုဆန္ဒ အတိုင်း တရားသဖြင့် မျှမျှတတ လူအများက အုပ်ချုပ်ခြင်းပင် ဖြစ်၏။


နိုင်ငံတစ်ခုကို လူအများ၏ အလိုဆန္ဒ အတိုင်း အုပ်ချုပ်သည် ဆိုရာ၌ အမှန်စင်စစ် ဥပဒေအတိုင်း အုပ်ချုပ်ခြင်းပင် ဖြစ်ပေသည်။ သို့သော် ဤဥပဒေသည် လူတစ်ဦး တစ်ယောက်တည်း၏ သဘောအတိုင်း ထင်သလို ပြုလုပ်ထားသော ဥပဒေလည်း မဟုတ်။ လူတစ်စု၏ စိတ်ကူးအတိုင်း တစ်ဘက်သတ် ပြုလုပ်ထားသော ဥပဒေလည်း မဟုတ်၊ တရားသဖြင့် နည်းလမ်းတကျ ဖွဲ့စည်းထားသော ဥပဒေပြု အဖွဲ့က တရားသဖြင့် နည်းလမ်းတကျ ပြုလုပ်သော ဥပဒေ ဖြစ်ရမည်။ တရားသဖြင့် နည်းလမ်းတကျ ဖွဲ့စည်းထားသော ဥပဒေပြု အဖွဲ့ဟု ဆိုရာ၌ နိုင်ငံသူ နိုင်ငံသား လူအများက မိမိတို့ အလို အလျောက် လွတ်လွတ်လပ်လပ် ကြည်ကြည်ဖြူဖြူ မဲဆန္ဒများပေး၍ ရွေးကောက် တင်မြှောက်လိုက်သော နိုင်ငံ၏ ကိုယ်စား လှယ်များသာ ပါဝင်သည့် ဥပဒေပြု အဖွဲ့ကို ဆိုလိုသည်။

ဒီမိုကရေစီ ထွန်းကားသော နိုင်ငံတစ်ခုတွင် အများနှင့် သက်ဆိုင်သည့် အရေးကြီးသည့် ကိစ္စဟူသမျှ တို့တွင် နိုင်ငံသူ နိုင်ငံသား လူအများ၏ အလိုဆန္ဒ အတိုင်း ဖြစ်အောင် စီမံဆောင်ရွက် ရပေမည်။ ထို့ကြောင့် ဥပဒေပြု အဖွဲ့ကြီး ဖွဲ့စည်းရာ၌ သာလျှင် မဟုတ်၊ အခြားကိစ္စ အမြောက်အမြား ၌လည်း လူအများကို မဲဆန္ဒများ ပေးစေ၍ လူအများ နှစ်သက်ရာ ကိုယ်စား လှယ် လူကြီးများကို ရွေးကောက် တင်မြှောက်ခြင်း ပြုစေရပေလိမ့်မည်။ ဥပမာ မြို့အသီးသီးတွင် မြူနီစီပယ် အုပ်ချုပ်ရေး အဖွဲ့များ ဖွဲ့စည်းရာ၌ လည်းကောင်း၊ ကျေးရွာ အသီးသီးတွင် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့များ ဖွဲ့စည်းရာ၌ လည်းကောင်း၊ စေတီပုထိုး အသီးသီးတွင် ဘုရား အုပ်ချုပ်ရေး ဂေါပက လြူုကီးအဖွဲ့များ ဖွဲ့စည်းရာ၌ လည်းကောင်း၊ အသင်းအပင်း အသီးသီးတွင် အမှုဆောင် အဖွဲ့များ ဖွဲ့စည်းရာ၌ လည်းကောင်း၊ ဆိုင်ရာဆိုင်ရာ လူအများ၏ အလိုဆန္ဒ အတိုင်း ဖြစ်အောင် မဲပေး၍ ရွေးကောက်တင်မြှောက် ဖွဲ့စည်းခြင်း ပြုကြရပေလိမ့်မည်။

ထို့အပြင် နိုင်ငံတွင် အများနှင့် သက်ဆိုင်သည့် အရေးကြီးသော ကိစ္စအသစ်များ ပေါ်ပေါက်တိုင်း ပေါ်ပေါက်တိုင်းလည်း အများ၏ အလိုဆန္ဒကို သိရလေအောင် အများ တက်ရောက်နိုင်သည့် အစည်းအဝေးကြီး များကို ကျင်းပကြရပေလိမ့်မည်။ ဤအစည်းအဝေးကြီး များတွင် လူတိုင်း လွတ်လပ်စွာ ပြောဆို ဆွေးနွေး၍ လူတိုင်း မဲဆန္ဒ ပေးနိုင်ခွင့် ရှိရပေလိမ့်မည်။ ဤ အစည်းအဝေးကြီး များ၏ ဆုံးဖြတ်ချက် များမှာလည်း လူအများ၏ အလိုဆန္ဒကို ဖော်ပြသော ဆုံးဖြတ်ချက်များ ဖြစ်ကြရ ပေလိမ့်မည်။ နယ်ပယ်ကိစ္စ၊ အသင်းအပင်း ကိစ္စများတွင်လည်း အရေးပေါ်တိုင်း ပေါ်တိုင်း ဤနည်းအတိုင်း အစည်းအဝေးများ ကျင်းပ၍ ဤနည်းအတိုင်း စည်းကမ်းတကျ ဖြစ်အောင် ဆောင်ရွက်ကြရ ပေလိမ့်မည်။

ဤမျှမကသေး နိုင်ငံတွင် ရှိကြသော သတင်းစာ ဆရာများ၊ မဂ္ဂဇင်း အယ်ဒီတာများ၊ စာရေးဆရာ များကလည်း နိုင်ငံ၏ အကျိုးကို မျှော်ကိုး၍ အများအကျိုး ရှိအောင် မိမိတို့၏ ထင်မြင်ချက်၊ ယူဆချက် အသီးသီးကို လွတ်လပ်စွာ အချုပ်အချယ် မရှိ ရေးသား ဖော်ပြကြရ ပေလိမ့်မည်။ အရေးကိစ္စ အဝဝ ပေါ်တိုင်းပေါ်တိုင်း ဤပုဂ္ဂိုလ် အသီးသီးတို့က လူအများကို လမ်းကောင်း လမ်းမှန်များ အကြောင်း အားလျော်စွာ ညွှန်ကြားပြသ ပေးကြရ ပေလိမ့်မည်။ ပန်းချီဆရာများ၊ ကာတွန်း ရုပ်ပြောင် ဆရာများ ကလည်း၊ ဤနည်းအတိုင်းပင် နိုင်ငံ၏ အကျိုးကို မျှော်ကိုး၍ အများအကျိုး ရှိအောင် အရေးကိစ္စ အဝဝ ပေါ်တိုင်းပေါ်တိုင်း ပန်းချီ၊ ကာတွန်း၊ ရုပ်ပြောင်ရေးလျက် နိုင်ငံသူ နိုင်ငံသား အပေါင်းတို့ကို တရားပြကာ သတိပေး ကြရ ပေလိမ့်မည်။

ဒီမိုကရေစီ သဘောကား လူအများ၏ အလိုဆန္ဒ အတိုင်း ကိစ္စ အဝဝတွင် ဆောင်ရွက်ရသော သဘောမှန်၏။ ဒီမိုကရေစီ နည်းသည် လူတိုင်းလူတိုင်း လွတ်လပ်စွာ သွားလာလုပ်ကိုင် ပြောဆို ရေးသားနိုင်သော နည်းဖြစ်သည် မှန်၏။ ဒီမိုကရေစီ ဝါဒသည် လူအများ ချမ်းသာမှု အတွက် လူအများကို လူအများ၏ သဘော အတိုင်းပင် တရားမျှတစွာ အုပ်ချုပ်ရန် အလွန် ကောင်းမွန်လှသည့် ဝါဒ ဖြစ်သည် မှန်၏။

သံအမတ်ကြီးဦးတင့်ဆွေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...