အချိန်ရမှ ဖတ်ကြည့်ပါ
by Thit Yak on Saturday, June 11, 2011 at 10:37am
ထိုစဉ်များတွင် ကျွန်မတို့၌ ဟန်းဖုန်းများ ရှိမနေပါ............။ကျွန်မတို့၏ အိပ်မက်များ အတွေးများ ဟာသများကို လူချင်းတွေ့ မှ ပြောခွင့်ရကြပါ၏...။တစ်ခုသော မိုးနေ့တွင် မိုးသည် မစဲတမ်းရွာပါသည်..။ကောင်းကင်တစ်ခုလုံး ဖြူလျက် မရပ်မနား ရွာလေသော မိုးအားငေးရင်း တစ်လမ်းကျော်တွင် နေသော သူငယ်ချင်းကို လွမ်းမိဖူး၏.".သူရော ခုဘာလုပ်နေမလဲ သူနဲ့အတူ ဒီလိုမိုးကိုကြည့်ရင်း ကော်ဖီသောက်ချင်လိုက်တာ"...ဟု ကျွန်မတွေးမိပါသည်..။ကော်ဖီသည် မဆီမဆိုင် ဘာမဆို ပါ ပါသည်..။စိတ်ညစ်လျှင်လည်း ကော်ဖီနှင့်မှ..အသည်းကွဲလျှင်လည်း ကော်ဖီသောက်မှ..သိပ်ပျော်နေလျှင်..လူစုံနေလျှင်...မိုးရွာနေလျှင် စာလုပ်နေလျှင်..ကော်ဖီသည် ကျွန်မတို့တစ်သိုက်၏ ဘာမဆိုအတွက် တွဲဘက်ဖြစ်လေသည်...။
နေ့ဝက်ခန့်အကုန် မိုးတိတ်လျှင် တိတ်ချင်း ကျွန်မ ကော်ဖီမစ်နှစ်ထုပ်ကို ယူလျက် အဖွားကို ခွင့်တောင်းကာ သူငယ်ချင်း အိမ်ဆီအပြေးသွား၏။သူ့ဆီရောက်တော့ သူသည်လည်း ကျွန်မဆီလာရန်အဝတ်လဲနေချိန်.".မိုးတွေ သည်းနေတုန်းက နင့်ကို သတိရလိုက်တာ..နင်ရော မိုးကိုငေးနေမလား ဘာလုပ်နေမလဲလို့ တွေးနေတာ "ဟု သူပြောပါသည်..။ထပ်တူသတိရခဲ့ကြသော ထိုမိုးနေ့လေးသည် ကျွန်မတို့အတွက် အမှတ်တရ ဖြစ်ခဲ့ပါသည်.......။
ထို့အတူပင်..ဖုန်းမရှိသော ကျွန်မတို့သည်..စာကျက်နေရင်း ပြောချင်လာသော စကားများ..တခါတရံ ဘာရယ်မဟုတ် အဖေအမေ၏ အဆူခံရသော အကြောင်းများ.အကြောင်းအရာ.အတိုအထွာ လေးများအား အချိန်ရှိလျှင် တစ်ယောက်အိမ်တစ်ယောက်ကူးကာ အပြေးပြော၍ အချိန်မတော်လျှင်ကားကဗျာလေးအဖြစ် စာလေးအဖြစ် ရေးကာ မနက်ကျောင်းရောက်လျှင် ပြကြ ပေးဖတ်ခဲ့ကြဖူးပါသည်..။မည်သည့် အယ်ဒီတာမှ စိတ်မဝင်စားနိုင်သော အလွန်ညံ့သည့် ထိုကဗျာ၊စာလေးများသည် ကျွန်မတို့အတွက်တော့ ကမာလေးများ၏ ပုလဲကဲ့သို့ပင်.....။
ကျွန်မတို့ထဲမှ တစ်ယောက်သည် သူ့အမေချက်သော ကြက်ဆီထမင်းကို ကျွန်မတို့အားစားစေချင်သဖြင့် သူ့အတန်းမရှိပါလျက် ကျောင်းသို့ဗူးကြီးငယ်အသွယ်သွယ်ဖြင့်မနက်အစောကပင်လာစောင့်နေခဲ့ဖူးသည်..။ကြိုမချိန်းထားသဖြင့် တခြားသူတွေကလည်း ကံမကောင်းစွာ ရောက်မလာခဲ့..။ကျွန်မတစ်ယောက်သာ ပျားအုံလိုက်စွဲကာ ကျောင်းသို့သွားမိလေသည်..။မလာသော ကျန်လူများအား ခေါ်ရန် ဖုန်းမရှိသဖြင့် မခေါ်ဖြစ်ကြ..။ကျန်သူများ မစားလိုက်မိကြသော ထိုနေ့လည်စာသည် ကျွန်မ၏ ဒိုင်ယာရီထဲတွင် ခုထိရှိနေခဲ့ပါသည်..။
ကျွန်မတို့၏ သူငယ်ချင်းတစ်ယောက်သည် အလွန်အပျင်းထူသဖြင့် tutorial ပင်လာမဖြေ...။သူ့အစားဖြေရန် မေဂျာမတူသော ကျန်သူငယ်ချင်းနှစ်ယောက်သည် သူတို့အတန်းချိန်များကို ဖျက်၍ အပျင်းမလေး၏ အခန်းအားမတိုင်ပင်ပါပဲ အပြေးအလွှား ရောက်လာခဲ့ကြဖူးလေသည်..။သူတို့အချိန်များ ပျက်သဖြင့် စူပုတ်ကာ ပွစိပွစိ ပြောနေသော သူတို့နှစ်ယောက်၏ မျက်ဝန်းများကို ကျွန်မ ကြည်နူးစွာ ငေးနေဖူးပါသည်..။
ကျွန်မတို့၏ မွေးနေ့များသည် ယုတ်စွ အဆုံး ခမ်းနားလွန်းလျှင် နီးစပ်ရာ တုတ်ထိုးဆိုင်သာဖြစ်ပါသည်..။Feel တွင်မဟုတ်သော်လည်း....ဆီဒိုးနား တွင် မဟုတ်သော်လည်း ကျွန်မတို့ လူစုံခဲ့ပါသည်......။တခုသော ကျွန်မမွေးနေ့တွင် သူငယ်ချင်းမတစ်ယောက်သည်..ကျွန်မအားပေးရန် မွေးနေ့လက်ဆောင်ယူလာသည်..။ထိုလက်ဆောင်ကို အဝါရင့်ရောင် အောက်ခံတွင် အဝါဖျော့ရောင် မေဘယ်လ် ရွက်ကလေးများဒီဇိုင်းပုံ ပက်ကင်ပေပါ အကောင်းစားဖြင့် ဖုံးထားလေသည်..။အနည်းငယ်ယောင်္ကျားဆန်သော ထိုသူငယ်ချင်း သည် အဝါရောင်ကိုကြိုက်သော စိတ်ကူးယဉ်တတ်သော ကျွန်မအတွက် တမင်တကာ သေချာစီစဉ်လာသော ပက်ကင်စက္ကူလေးဖြစ်သဖြင့် ကျွန်မ ရင်ခုန်ရပါသည်..။သို့သော် တုံးလှသော ကျွန်မသည် မေဘယ်လ်ရွက်ကလေးများအား မသိပါ..။ချဉ်ပေါင်ရွက်ဟုသာ ထင်သဖြင့်.".အို လှလိုက်တာ ချဉ်ပေါင်ရွက်ဝါဝါလေးတွေ ငါကြိုက်တယ် သိလား"ဟု ပြောသောအခါ ရှုံတွကာ ငိုမတတ် သူမ စိတ်ပျက်သွားလေသည်..။တခြားသူများလာလျှင် သူ့ပက်ကင်ပေပါလေးအား ပြကာပြကာနှင့် တိုင်တောနေတော့၏...။ထိုလက်ဆောင်ပစ္စည်းကို ဘာဟု ကျွန်မတို့အားလုံး မေ့ကုန်သော်လည်း နှစ်တိုင်း ကျွန်မမွေးနေ့ချိန်ရောက်ကာနီးလျှင်" အေးဟေ နင့်အတွက် ချဉ်ပေါင်ရွက်အဝါရောင်ပေပါ နဲ့လက်ဆောင်တွေယူခဲ့မယ်"ဟု အမှတ်တရ မရိုးတမ်းစကြသည်သာ ဖြစ်ပါသည်.........။
ကျွန်မတို့သည် ငှက်များမဟုတ်ပါလျက် အဘယ့်ကြောင့်အသိုက်တွေ ပြောင်းပြောင်းနေရပါသလဲ ကျွန်မ မတွေးမိ၊တွေးလည်း မတွေးချင်ပါ...။ဝေးသလား မြင့်သလား ဘာနှင့်တိုင်းရမလဲ မသိပါပဲ ကျွန်မတို့ ပျံသန်းနေကြလေသည်..........။စပျံကာစတွင်မတော့ ကြိုးစလေးတွေ ကိုက်ချီလျက်..။သံယောဇဉ်ကြိုးစလေးများ..၊အလွမ်းကြိုးလေးများ..အမှတ်တရကြိုးလေးများ စသဖြင့်ပင်...........ခေါက်တုံ့ခွင့်နည်းသော ဘဝများတွင်ကြိုးစလေးများသည် ဝေးလွန်းသဖြင့် ပြတ်လေသလော..ရှည်လွန်းသဖြင့် အိကျလေသလော....အခေါင်အဖျားဖြစ်သဖြင့် အမြင်သီရခြင်းလောမသိ....မရှိတော့....မရှိတော့ဟုသာ ကျွန်မ ယူဆပါသည်...။
မိုးတွေသည်းနေချိန်တွင် အလွမ်းတွေပိုကာ ကော်ဖီသောက်ချင်စိတ်တူခဲ့ဖူးသော သူငယ်ချင်းနှင့်ကျွန်မ အွန်လိုင်းတွင် မကြာခဏ ဆုံကြမြဲဖြစ်ပါသည်...။status message မှာ busy sign ကိုယ်စီဖြင့် နှုတ်မဆက်ပဲ ထွက်ကြသည်က များပါသည်..။လုပ်ငန်းခွင်တွင်ရှိနေသော သူမအား ကျွန်မ မနှောက်ယှက်ချင်သကဲ့သို့ ကျွန်မကိုလည်သူ့မိသားစုနဲ့များပြောနေမလားဟုတွေးကာ သူမ နှုတ်ဆိတ်နေခြင်းလည်း ဖြစ်ပါလိမ့်မည်.....။
ကျောင်းဝတွင် ရှိနေတတ်သော ဓာတ်ပုံဆရာကြီးမှ တဆင်"့ဦးရေ သူလာရင်ပြောပေးနော် ..သမီးတို့ စံပယ်ဖြူမှာလိ"ု့..ဟူသောနောက်ကျသူကို မှာရသည့် အမှာစကားများသည်.."ငါတို့ သွားနှင့်ပြီ တောင်ပေါ်သားကိုလိုက်လာခဲ့ပေတော့" ဟူသော Library ခုံပေါ်မှ စာရွက်ပိုင်းကလေးသည်..ထိုင်နေကြခုံပေါ်တွင်.correction pen ဖြင့် စည်းကမ်းမဲ့စွာ ရေးလေ့ရှိသော ကျွန်မတို့၏ ပြောစရာ လက်ရေးတိုများသည် ကျွန်မတို့၏ အီးမေးလ် လိပ်စာများနှင့် ဖုန်းနံပါတ်ရှည်ရှည်လေးများအား ဟားတိုက်နေပေလိမ့်မည်..။ကျွန်မတို့ကိုယ်စီတွင် ရှိနေသော ဟန်းဖုန်းလေးများ၏ ring tone သံသည် ငါနင့်ကို သတိရလို့ ထွက်လာတာဟူသော အလုံမှ ကျောက်မြောင်းအထိ အကြောင်းမရှိပါပဲ ညနေဘက်ကြီး ရောက်လာသည့် သူငယ်ချင်း၏ အသံထက် ချိုမြသည်ဟု မထင်..။ကျွန်မမွေးနေ့တွင် HAPPY BIRTHDAY ဟု ကျွန်မ chat box မှ တဆင့် သူတို့ကတိုက်ကရိုက် ရိုက်ထည့်သော စာသားလေးများသည် အဝါရောင် ချဉ်ပေါင်စက္ကူအုပ်မထားကြ....။
တစုံတရာသည် ကျွန်မတို့အားလုံး တောင်ကြီးသွားစဉ်က ရိုက်ထားခဲ့သော ဓာတ်ပုံထဲတွင်သာ ကျန်ရစ်သည်။တစုံတရာသည်..ကျွန်မတို့အားလုံး၏ နာမည်ပါအောင် စပ်ထားသော ကဗျာတစ်ပုဒ်ထဲတွင် ကျန်ရစ်သည်..။တစုံတရာသည်....အီးမေးလ်သို့ရောက်မလာနိုင်..တစုံတရာသည် busy နေသည်ဟူသော အနီရောင် sign ကိုမြင်သဖြင့် ပုန်းရလေသည်..။တစုံတရာသည်..................................................
ကျွန်မတို့အားလုံးတွင် ဟန်းဖုန်းများ ရှိမနေစဉ်ကကျွန်မတို့၏ လွယ်အိတ်ထဲတွင် ထို တစုံတရာသည် အသေအချာ ရှိနေခဲ့ဖူးပါ၏။.............။
(busy sign ကိုယ်စီဖြင့် ဂျီမေးလ်တွင်ရှိနေတတ်သော မည်သည့်သူငယ်ချင်းကို မဆို ရည်ရွယ်ပါသည်)

0 comments:
Post a Comment