Tuesday, June 7, 2011

အမျိုးသားညီညွတ်ရေးနမူနာများ

ကျွန်တော်တို့ အမျိုးက အိန္ဒိယသွေးလည်း မပါဘဲနဲ့ မျက်ရည် လွယ်တယ်ဗျ။ ဝမ်းနည်းရင်လည်းငို၊ ဝမ်းသာရင်လည်း ငိုတာ ပဲဗျ။ မျက်ရည် လွယ်တာကို ပြောတာပါ။ အခုလည်း ကျွန်တော့်မှာ မျက်ရည်တွေ လည်လို့။

အမိ မြန်မာနိုင်ငံကြီး အကြောင်း စဉ်းစားမိရင် ကျွန်တော်တို့မှာ ဝမ်းသာဝမ်းနည်း ဖြစ်စရာတွေ အများကြီးပေါ့ဗျာ။ ဂုဏ်ယူ ဝင့်ကြွားစရာတွေ အတွက် ဝမ်းသာ ကြည်နူးရသလို ဆုံးရှုံးခဲ့ရမှုတွေ အတွက် နာကျင်လှိုက်လှဲ ဝမ်းနည်းကြေကွဲ ရတာတွေ လည်း ရှိခဲ့တာပ။
ခုတလော အောင်မြင်ရေး ဝတ္ထုတွေ ကျွန်တော် ရှာဖွေဖတ်နေတယ်။ သူများတွေ ဘယ်လို အောင်မြင်ခဲ့တာလဲ၊ ဘာကြောင့် အောင်မြင်ခဲ့တာလဲ စသည်ဖြင့် လေ့လာမယ် ဆိုရင် အများကြီးပဲ မဟုတ်လားဗျာ။


နိုင်ငံအလိုက် အောင်မြင်မှု ဇာတ်လမ်းတွေကို လေ့လာဖို့ အာရှနှစ်နိုင်ငံ၊ အာဖရိက နှစ်နိုင်ငံ ၊ အရှေ့ဥရောပ နှစ်နိုင်ငံ၊ တောင်အမေရိက နှစ်နိုင်ငံ ကျွန်တော် ရွေးလိုက်တယ်။ မြောက်အမေရိက၊ အနောက် ဥရောပနဲ့ သြစတေးလျကို မကြည့် တော့ဘူး။ သူတို့က သီးခြား နောက်ခံနဲ့ သီးခြား လက္ခဏာတွေ ဖြစ်နေတယ်ဗျ။
အာရှမှာ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားကို ရွေးတယ်။ ဖိလစ်ပိုင်က နိုင်ငံရေး စနစ်ပိုင်းမှာ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတယ်။ လူထု အင်အား ကြီးစိုးတယ်။ ပါလီမန်က ရွေးချယ်ရာကနေ တိုက်ရိုက် လူထုမဲနဲ့ သမ္မတ ရွေးကောက် တင်မြှောက်တဲ့ စနစ် ကျင့်သုံးနေတာ ၁၉၈၆ ခုနှစ်က စပြီး တွက်မယ်ဆိုရင် ကော်ရာဇန် အာကီနို၊ ရာမို့စ်၊ အက်စထရာဒါ၊ အာရိုယို၊ နွိုင်နွိုင် အာကီနို ဆိုပြီး သမ္မတ ငါးဆက် ရှိသွားပြီ။ ဘာပဲ ပြောပြော ဒီမိုကရေစီ ကတော့ ပုံမှန် လည်ပတ်နေတယ်။ စီးပွားရေးမှာ နာမည်ကောင်း မထွက်ဘူး။ စီးပွားရေး တိုးတက်မှု နှေးကွေးတယ်။
အင်ဒိုနီးရှားကျတော့ နိုင်ငံရေးကော စီးပွားရေးကော တိုးတက်တယ်။ အာဏာရှင် ဆူဟာတို ၁၉၉၈ မှာ ပြုတ်ကျပြီး ဆူကာနို သမီး မေဃဝတီ သမ္မတ ဖြစ်တဲ့အထိ နိုင်ငံရေး ဖြစ်စဉ်တွေဟာ ပိုစိတ်ဝင်စားဖို့ ကောင်းတယ်။ မေဃဝတီကို အမှတ်ရစရာ ကတော့ ပါလီမန်ကနေ ရွေးတဲ့စနစ် ကနေ လူထုတိုက်ရိုက် ဆန္ဒမဲနဲ့ သမ္မတရွေးတဲ့ စနစ်ကို သူကပြောင်း တယ်။ တကယ် ရွေးကောက်ပွဲ လုပ်တော့ သူရှုံးတယ်။ ဗိုလ်ချုပ်ကြီးဟောင်း ယူဒိုယိုနို သမ္မတ ဖြစ်ခဲ့တယ်။ ခုဆို ဒုတိယ အကြိမ်တောင် အရွေးခံရပြီ။ ဗိုလ်ချုပ်ကြီးဟောင်း ယူဒိုယိုနိုဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင် ပေးနိုင်ခဲ့တယ်။ အဂတိ လိုက်စားမှုတွေနဲ့ နာမည်ပျက်နေတဲ့ သူ့နိုင်ငံကို တရားဥပဒေ စိုးမိုးရေး အောက်ကို ပြန်ရောက် အောင် လုပ်နိုင်ခဲ့တယ်။ အင်ဒိုနီးရှားရဲ့ အောင်မြင်မှု ဇာတ်လမ်းတွေကို ဆက်လေ့လာပါဦးမယ်။
အာဖရိကတိုက်က ဇင်ဘာဘွေနဲ့ တောင်အာဖရိကကို ကျွန်တော် စောင့်ကြည့်တယ်။ ဇင်ဘာဘွေ ပုံပြင်တွေဟာ ရသစုံပါ တယ်။ အကြမ်း၊ အလွမ်း၊ စွန့်စားခန်း အစုံပါပဲ။ အဓိက ဇာတ်ဆောင် နှစ်ယောက်ဖြစ်တဲ့ မူဂါဘီနဲ့ မော်ဂန်ရှန်ဂီရိုင်း တိုရဲ့ အားပြိုင်မှုဟာ ရောင်းအစွံဆုံး သည်းထိတ်ရင်ဖို ဝတ္ထုတစ်ပုဒ်အောက် မလျော့ပေဘူးဗျ။ သို့သော်လည်း ဘာပဲပြောပြော၊ ဇင်ဘာဘွေဟာ အလုပ်ဖြစ်နေတာပဲ။ ကာယကံရှင် ခေါင်းဆောင်တွေက တိုင်းပြည်အကျိုး ရှေးရှုပြီး အလုပ်ဖြစ်အောင် လုပ်ဖို့လိုတယ် ဆိုတာကို သဘောပေါက်သွားတဲ့ တစ်နေ့ အလုပ်ဖြစ်သွားတာပဲ ပေါ့ဗျာ။
တောင်အာဖရိကကိုတော့ သင်ရိုးညွှန်းတမ်းလို သဘောထားပြီး လေ့လာရမှာပါ။ မင်ဒဲလားနဲ့ ဒေကလပ်တို့ဟာ ငြိမ်းချမ်း ရေး နိုဘယ်ဆု ပူးတွဲရတဲ့အထိ ပူးပေါင်းဆောင်ရွက် နိုင်ခဲ့ကြပေတာပဲ။ အမျိုးသား ညီညွတ်ရေး အစိုးရဆိုတဲ့ ပုံသဏ္ဍာန်နဲ့ အနှစ်သာရကို တောင်အာဖရိက သင်ရိုးညွှန်းတမ်းမှာ တွေ့ရတယ်ဗျ။
အရှေ့ဥရောပမှာတော့ ချက်နဲ့ ယူကရိန်းကို ကျွန်တော် အာရုံစိုက်တယ်။ ချက်က ကတ္တီပါ တော်လှန်ရေးဟာ သုကျိပ် မျောက်မင်း မျက်ရည်ကျစရာ ဖြစ်စေတဲ့ ဆွတ်ပျံ့ဖွယ် ဇာတ်လမ်းဘဲဗျာ။ ယူကရိန်းက လိမ္မော်ရောင် တော်လှန်ရေးကိုတော့ ဖတ်ရင်း ဖတ်ရင်းပဲ ကြက်သီးတွေ ထပြီး မျက်ရည်ပါ လည်မိပါရဲ့။
တောင်အမေရိကမှာက ဘရာဇီးလ်နဲ့ ချီလီကို ကျွန်တော် လက်စွဲပြုတယ်။ ဗင်နီဇွဲလားကိုတော့ အရန်အဖြစ် ကြည့်ပါ တယ်။ ဗင်နီဇွဲလားက ချာဗက်ဆိုတဲ့ ပုဂ္ဂိုလ်ကို ကြည့်ပြီး ၂၁ ရာစု ဆိုရှယ်လစ် စနစ်လို့ သူပြောနေတာတွေ တစ်နေ့သော အခါ တကယ်များ ပြန်လည် ခေါင်းထောင်လာဦးမလားလို့ တွေးမိတာကြောင့်ပါ။ ဘရာဇီးလ်ကတော့ဗျာ ရိတ်ရိတ် ရိတ်ရိတ် နဲ့တက်သွားလိုက်တာ လက်ဖျား ခါလောက်အောင် မြင့်သွားပြီ။ ဘာကြောင့်လဲ ခေါင်းဆောင်မှုကောင်းလို့၊ လူတွေက သမ္မတ လူလာလို ခေါင်းဆောင်မျိုးကို အရွေးတော်လို့တဲ့ဗျာ။ အဲ…. ဝေဖန်ချက် တစ်ခုလည်း ဖတ်လိုက်ရသေးတယ်ဗျ။ ဘရာဇီးလ်က စီးပွားရေးသမားတွေ၊ ကုန်သည်ကြီးဟာ ဂျပန်ကို အားကျပြီး သူတို့တစ်ဦးချင်း ကြီးပွား တိုးတက်ရေးထက် တိုင်းပြည်စီးပွားရေး ဖွံဖြိုးတိုးတက်ရေးကို ရှေးရှုခဲ့ကြတယ်တဲ့။ အဲဒီအချက်ဟာ တော်တော် အရေးကြီးမယ် ထင်တယ်ဗျ။ ဆက်လေ့လာ ပါဦးမယ်။
ချီလီ အကြောင်းကတော့ ကျွန်တော်က ၁၉၇၅ ခုတုန်းက ‘ပြည်သူ့သမ္မတ အာယန်းဒေး သို့မဟုတ် ချီလီပြည်က ကြယ်နီ’ ဆိုတဲ့စာအုပ် ရေးခဲ့သူဆိုတော့ လူထုရွေးကောက် တင်မြှောက်တဲ့ သမ္မတ အာယန်းဒေးကို လုပ်ကြံဖြုတ်ချပြီး ဗိုလ်ချုပ်ကြီး ပီနိုချေးက အာဏာသိမ်းခဲ့တဲ့ အထိ ကျွန်တော် ပြောပြီးသားပဲ။ နောက်ပိုင်း ဖြစ်ရပ်တွေကလည်း ထူးဆန်းတာပဲ။ နောက် ဆုံး ပီနိုချေးဟာ တိုင်းပြည်က ထွက်ပြေးရတယ်။ အမှုအခင်းတွေ ဖြစ်တယ်။ အသက် ၉၀ ကျော်မှာ မရှုမလှ မိုက်ပြစ်ဒဏ် ခံ ရပြီး သေခဲ့ရတယ်။ ချီလီပြည်ဟာ ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံ ဖြစ်လာပြီးနောက် ပွင့်လင်း လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာ တယ်။ စီးပွားရေးပါ တဟုန်ထိုး တိုးတက်လာတယ်။ လူတွေရဲ့ စိတ်ဓါတ်တွေလည်း မြင့်မားလာတယ်။ မကြာသေးခင်က မိုင်းတွင်းအောက် ပိတ်မိနေတဲ့ အလုပ်သမား ၃၀ ကျော်ကို ကယ်တင်နိုင်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် ကမ္ဘာတစ်ဝန်းလုံးကပါ ချီလီ ကို ပိုသတိထား မိသွားတယ်။
သတိထားမိစရာ ဖြစ်ရပ် တစ်စုံတစ်ရာကြောင့် မိမိနိုင်ငံကို သတိထား မိလာတဲ့ အချိန်မှာ မိမိနိုင်ငံဟာ ဂုဏ်တက်စရာ ကောင်း သတင်းများနဲ့ ဝေဆာနေရင် ပျော်စရာကြီးပေါ့ဗျာ။
မိမိနိုင်ငံမှာ အမျိုးသား ညီညွတ်ရေး လက္ခဏာတွေ၊ နိမိတ်ပုံတွေ ကိုတော့ တွေ့နေရပြီလို့ ဆန္ဒစွဲ အတွေးနဲ့ တွေးနေမိရင်း ကျွန်တော် ဝမ်းသာလွန်းလို့ မျက်ရည်များတောင် လည်နေကြောင်းပါ ခင်ဗျာ။
မောင်ဝံသ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...