နိုင်ငံအရေး အလွယ် မတွေးစေချင်ပါ (၂)
ထိုကဲ့သို့ တစ်ဖက်က အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို အကောင်အထည် ဖော်နိုင်မည့်၊ ထာဝရ ထိန်းသိမ်း ထားနိုင်မည့် အခြေအနေ ကောင်းများကို ဖော်ဆောင် ပေးသကဲ့သို့ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး လုပ်ငန်းစဉ်များကို ထိခိုက်အောင်၊ ပျက်ပြားအောင် လုပ်ဆောင်လာသည့် ပြည်တွင်း ပြည်ပ အင်အားစုများ၏ အဖျက်အမှောင့် လုပ်ရပ်များကိုလည်း ကာကွယ် တားဆီး ခဲ့ရသည်။ နိုင်ငံ တစ်ဝန်းလုံးတွင် နိုင်ငံတော်၏ အုပ်ချုပ်ရေး ယန္တရားများ အသက်ဝင် စေရန်။ ခိုင်မာအင်အား တောင့်တင်းသည့် အစိုးရတစ်ရပ် ဖြစ်ပေါ်စေရန် အတွက်လည်း လုပ်ဆောင် ခဲ့ရသည်။
ထို့ကြောင့် တပ်မတော် အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး လုပ်ငန်းစဉ်များသည် အတိတ် ကာလ ကကဲ့သို့ နိုင်ငံရေးသက်သက်၊ စစ်ရေး သက်သက် အမြင်ဖြင့် ဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အုပ်ချုပ်ရေး စသည်ဖြင့် ဘက်စုံထောင့်စုံမှ စဉ်းစား ဆောင်ရွက်ခဲ့သည့် မဟာဗျူဟာ လုပ်ငန်းစဉ် တစ်ရပ် ဖြစ်သည်ကို တွေ့ရမည် ဖြစ်ပါသည်။
ဤကဲ့သို့ လုပ်ဆောင်ခဲ့သည့် အတွက်လည်း ယနေ့ အချိန်ကာလတွင် မည်သည့် ခေတ်ကနှင့်မျှ မတူအောင် မြန်မာနိုင်ငံ အနှံ့အပြားတွင် တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေ စိုးမိုးမှု၊ ဖွံ့ဖြိုး တိုးတက်မှုများ ရရှိ နေခြင်းလည်း ဖြစ်ပေသည်။
သို့တိုင်အောင် ယနေ့ လုပ်ဆောင်နေသည့် အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေး လုပ်ငန်းစဉ်များမှာ ပြီးမြောက် အောင်မြင်ပြီဟု မဆိုနိုင်သေးပါ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပေါ်ပေါက်လာမည့် နိုင်ငံတော် ဖွဲ့စည်းမှုတွင် ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စများစွာ ရှိနေသေးသည်။ ပေါ်ပေါက် လာတော့မည့် ပြည်ထောင်စု လွှတ်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော်များ အကြား ဆက်ဆံရေး၊ ပြည်ထောင်စု အစိုးရနှင့် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများ အကြား ဆက်ဆံရေး များသည် ယခင်က ကျင့်သုံးခဲ့သည့် နိုင်ငံတော် တည်ဆောက်ပုံနှင့် လုံးဝကွဲပြား ခြားနားပေသည်။ ထို့အတူ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားရေး မဏ္ဍိုင်များကို တိတိပပ ခွဲခြားထားပြီး အပြန်အလှန် ထိန်းကျောင်းထားသည့် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်မှု ပုံသဏ္ဍာန်သည်လည်း ပထမဆုံး အကြိမ် ကျင့်သုံးမည့် ပုံစံဖြစ်သည်။ ထို့ကြောင့် အနာဂတ် ကာလတွင် ကျော်ဖြတ်ရမည့် စိန်ခေါ်မှုများ၊ စမ်းသပ်မှုများ များစွာ ရှိနေပေသည်။ ထို့ပြင် ယာယီ ငြိမ်းချမ်းရေးသာ တည်ဆောက် ထားနိုင်သည့် တိုင်းရင်းသား ဒေသများတွင် ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ နိုင်ငံတော် ရှေ့ဆက် သွားရမည့် မူဝါဒ လမ်းစဉ် (၇)ရပ် ပျက်ပြားအောင် ဆက်လက် ကြိုးစားနေသည့် ပြည်တွင်း၊ ပြည်ပ အဖျက်သမားများ ရန်မှ ကာကွယ်ရေး စသည့် လုပ်ငန်းများလည်း ကျန်ရှိ နေပေသေးသည်။ ထိုစိန်ခေါ်မှုများ၊ ဆောင်ရွက်ရန် ကျန်လုပ်ငန်းများကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်မှသာ မြန်မာနိုင်ငံတွင် ရေရှည် တည်တံ့မည့် အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေးကို တည်ဆောက် နိုင်ပြီဟု ဆိုနိုင်ပေလိမ့်မည်။
ဤကဲ့သို့သော အခြေအနေ မျိုးတွင် ယနေ့အထိ အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးခဲ့သည့် အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး လုပ်ငန်းစဉ်များကို မျက်ကွယ်ပြုပြီး ၁၉၄၇ခုနှစ် ပင်လုံ ညီလာခံ ကဲ့သို့သော ညီလာခံ တစ်ခုကို ပြန်လည် ခေါ်ယူကာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို တည်ဆောက် သင့်သည်ဟု ပြောဆိုမှုများ ပေါ်ထွက် လာသည်ကိုလည်း သတိပြုမိ၏။ ထိုညီလာခံမျိုးကို On Line မှလုပ်မည်ဟု အကြံပြုသူတွေလည်း ရှိနေသည် ကိုပင် အံ့သြဖွယ် တွေ့ရသည်။ ထိုကဲ့သို့ ပြောဆို နေသူများသည် အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေး လုပ်ငန်းစဉ်ကို လူတစ်ဦးက ဦးဆောင်ပြီး အဖွဲ့လေးငါးဖွဲ့ စုပေါင်း တွေ့ဆုံရုံမျှနှင့် အကောင်အထည် ဖော်နိုင်လိမ့်မည်ဟု ထင်နေပုံ ရပေသည်။ ထိုသူများကို ညီလာခံလုပ်ဖို့ ခဏထား၊ ဘယ်သူတွေက ဘယ်တိုင်းရင်းသား လူမျိုးစုကို၊ ဘယ်ပါတီက နိုင်ငံရေး အင်အားစုကို ကိုယ်စားပြုမည် ဆိုသည်ကိုပင် သဘော တူညီမှုရအောင် ကြိုးစား ကြည့်ပါဦးဟု အကြံပြု ချင်သည်။
ယနေ့ အခြေအနေသည် ၁၉၄၇ခုနှစ် ပင်လုံ ညီလာခံလို ဖဆပလနှင့် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသား ခေါင်းဆောင်များ သက်သက် တွေ့ဆုံဆွေးနွေး ဆုံးဖြတ်၍ရသည့် အခြေအနေ မဟုတ်တော့သည်ကို မြင်ဖို့ လိုပါသည်။ ၁၉၄၇ ခုနှစ် ပင်လုံ ညီလာခံတွင် ပါဝင်ခွင့် မရခဲ့သည့် တိုင်းရင်းသား လူမျိုးစုများသည် ယနေ့အချိန်တွင် နိုင်ငံရေး၊ စီးပွားရေး အရ များစွာ ဖွံ့ဖြိုး တိုးတက်လာခဲ့ပြီ ဖြစ်သည်။ ထို့ပြင် အချို့ တိုင်းရင်းသား လူမျိုးစုများတွင် ယာယီ ငြိမ်းချမ်းရေး တည်ဆောက် ထားသော လက်နက်ကိုင် တပ်ဖွဲ့များ ရှိနေသကဲ့သို့ အချို့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များမှာ နယ်ခြားစောင့် တပ်ဖွဲ့များ အဖြစ် ပြောင်းလဲ ဖွဲ့စည်းပြီး တစ်ဖက်ကလည်း တရားဝင် နိုင်ငံရေး ပါတီများ ထူထောင် ထားပြီးဖြစ်သည်။ တစ်ဖက်ကလည်း မိမိတို့သာ သက်ဆိုင်ရာ တိုင်းရင်းသားများကို ကိုယ်စားပြုသည်ဟု ပြောနေသည့် လက်နက်ကိုင် သောင်းကျန်းသူများ၊ ပြည်ပြေးအဖွဲ့အစည်း များလည်း ရှိသေးသည်။ နိုင်ငံရေး ဘက်တွင်လည်း ၂၀၁၀ ရွေးကောက်ပွဲတွင် ဥပဒေပြု လွှတ်တော် အဆင့်ဆင့်၌ အရွေးချယ် ခံထားရသည့် နိုင်ငံရေး ပါတီများက ကိုယ်စားလှယ်များ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် များလည်း ရှိပြန်သည်။
ထို့ပြင် ၁၉၄၇ခုနှစ်က မိမိနိုင်ငံကို ကျွန်ပြုထားသည့် နယ်ချဲ့ ဗြိတိသျှတို့ကိုသာ ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။ သို့တိုင်အောင် ပင်လုံ ညီလာခံ မတိုင်မီနှင့် ညီလာခံ အတွင်း ဗြိတိသျှ ကိုယ်စားလှယ်များ ခြေရှုပ်မှုကြောင့် အခက်အခဲ များစွာနှင့် ကြုံတွေ့ ခဲ့ရသည်ကို လည်းကောင်း၊ နောက်ဆုံး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ပင်လျှင် စိတ်ပျက်ပြီး ရန်ကုန်ပြန်ရန် လေယာဉ်မှာသည် အထိ ဖြစ်ခဲ့ရသည်ကို လည်းကောင်း ပင်လုံညီလာခံတွင် ကိုယ်တိုင် ပါဝင်ခဲ့သူများ ရေးသားသည့် စာအုပ်များတွင် တွေ့နိုင်ပါသည်။
ယနေ့ အချိန်တွင်မူ ပထဝီ နိုင်ငံရေး အခြေအနေသည် လွန်ခဲ့သည့် နှစ်ပေါင်း ခြောက်ဆယ်ကျော် ကာလနှင့် များစွာ ကွာခြား ခဲ့ပေပြီ။ အာရှဒေသတွင် ဗြိတိသျှတို့ နေရာသို့ အစားထိုး ဝင်လာသည့် အင်အားကြီး ဇာတ်ကောင်သစ်တွေ ရှိလာနေပြီ။ အင်အားကြီးနိုင်ငံ မဟုတ်သည့်တိုင် မြန်မာနိုင်ငံ အရေးတွင် သူတို့၏ အမျိုးသား အကျိုးစီးပွား အရ ပါဝင် နေသည့်၊ ပါဝင်ရန် ကြိုးစားနေသည့် အိမ်နီးချင်း နိုင်ငံများ၊ ဒေသတွင်း နိုင်ငံများ အများအပြား ရှိနေသည်။ ထိုအထဲတွင် ကောင်းသော ရည်ရွယ်ချက်နှင့် ပါဝင်ချင်သူတွေ ရှိသလို မကောင်းသော ရည်ရွယ်ချက်နှင့် ဝင်ရောက် စွက်ဖက်ချင်သူ တွေလည်း ရှိသည်။ ထိုအခြေအနေ မျိုးတွင် တစ်ယောက် တစ်ပေါက်နှင့် ညီလာခံ တစ်ခု ကျင်းပမည် ဆိုလျှင် ထိုညီလာခံ ကို မိမိကိုယ်မိမိ သက်ဆိုင်ရာ တိုင်းရင်းသားကို ကိုယ်စားပြုသည်ဟု ထင်နေသမျှ လူအားလုံး၊ အဖွဲ့အားလုံး တက်ခိုင်းဆိုလျှင်၊ ထိုညီလာခံမှ ဘာအကျိုးဆက်တွေ ဖြစ်လာမည်ကို စဉ်းစားရုံဖြင့် သိနိုင်ပါသည်။
ထို့ကြောင့် ဦးဆောင်နိုင်မည့် ခိုင်မာ အင်အားကောင်းသည့် အဖွဲ့အစည်း၊ တိကျသည့် ကိုယ်စားလှယ် ရွေးချယ်မှု စနစ်များ မရှိဘဲ တစ်ဦးတစ်ယောက် ကောင်းဖြင့် ညီလာခံတစ်ခု ကျင်းပနိုင်မည်ဟု စဉ်းစားခြင်းမှာ ပကတိ အရှိတရားနှင့် အင်မတန် အလှမ်းဝေးသော စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်သည်။ မိမိ အနေအထားကို လိုသည်ထက် ပိုတွက်ပြီး မိမိကိုယ်မိမိ အထင်ကြီးလွန်း နေခြင်းသာ ဖြစ်သည်ဟုလည်း ဆိုနိုင်ပါသည်။ ၁၉၄၇ ခုနှစ် ပင်လုံညီလာခံ ကျင်းပချိန်တွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် ဖဆပလ အဖွဲ့ချုပ်သည် ဗြိတိသျှ ဘုရင်ခံ၏ အစိုးရ အဖွဲ့တွင် ပါဝင်နေပြီး ကာကွယ်ရေးနှင့် နိုင်ငံရေးခြားရေးမှ အပ ကျန်အုပ်ချုပ်ရေး ကိစ္စများတွင် လုပ်ပိုင်ခွင့် ရထားသည့် အပြင် မြန်မာ့ လွတ်လပ်ရေးနှင့် ပတ်သက်လျှင် ဖဆပလနှင့်သာ ဆွေးနွေးရန် ဗြိတိသျှတို့က လက်ခံထားခြင်းကြောင့် ပင်လုံ ညီလာခံကို ဖဆပလ က ဦးဆောင်ပြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည် ဆိုသည်ကိုလည်း သတိရဖို့ လိုပါသည်။
ထို့ကြောင့် ယနေ့ နိုင်ငံတော်၏ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို ဦးဆောင်နေသည့် တပ်မတော်နှင့် ၂၀၁၀ ရွေးကောက်ပွဲမှ ရွေးချယ်ခံ နိုင်ငံရေး ပါတီများ မပါဝင်သည့် ပင်လုံညီလာခံ ပုံစံ ညီလာခံ ကျင်းပမည် ဆိုသည့် အယူအဆသည် အပေါစား နိုင်ငံရေး စတန့်ထက် ပိုမည် မဟုတ်သည်ကို နားလည်ဖို့ လိုပါသည်။ တပ်မတော် အနေဖြင့် ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေး အတွက် လိုအပ်သည့် အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေးကို ဘက်စုံထောင့်စုံမှ စဉ်းစား ဆောင်ရွက်ခဲ့ရာ အတိုင်းအတာ တစ်ခုထိ အောင်မြင်ခဲ့ပြီး ဖြစ်သည်။ ထိုအချိန်တွင် တပ်မတော် မပါဝင်သည့် ပင်လုံညီလာခံ ပုံစံညီလာခံ တစ်ခုကို စေတနာကောင်းဖြင့် ကျင်းပသည် ဆိုဦးတော့ ထိုညီလာခံသည် အစိုးရကို ဆန့်ကျင်နေသော၊ မူဝါဒ လမ်းစဉ် (၇) ရပ် ပျက်ပြားအောင် လုပ်ဆောင်နေသော အဖွဲ့အစည်းများ၏ အသုံးချခံ အဖြစ်သို့ ရောက်ရှိ သွားမည်မှာ သေချာပေသည်။ ထိုသို့ ဖြစ်လာလျှင်မူ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးကာမှ ဆေးအတွက်လေး ဆိုသကဲ့သို အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေးကို ထိခိုက်သည့် အဖြစ်သို့ ရောက်သွား ပေလိမ့်မည်။
ထိုသို့ဆိုလျှင် အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေး အတွက် ဘာမျှ မလုပ်ရ တော့ဘူးလားဟု မေးရန်ရှိပါသည်။ လုပ်ရန်နည်းလမ်းများ ရှိပါသည်။ ယခုဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပေါ်ပေါက်လာသည့် လွှတ်တော် အဆင့်ဆင့်သည် ရရှိထားပြီး ဖြစ်သည့် အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်မှုကို ခိုင်မာသည်ထက် ခိုင်မာအောင် တည်ဆောက်နိုင်မည့် နေရာများ ဖြစ်သည်။ လွှတ်တော် အသီးသီးတွင် ပြည်သူများက ရွေးချယ်တင်မြှောက် လိုက်သော ကိုယ်စားလှယ်များ ရှိသည်။ ဘယ်သူက ဘယ်သူ့ကို ကိုယ်စားပြုသည်ကို ငြင်းခုန်နေစရာ မလို၊ သက်ဆိုင်ရာ မဲဆန္ဒနယ်က ပြည်သူများက သူတို့ အကျိုးအတွက် မည်သူ့ကို တာဝန်ပေးမည်ကို ဆုံးဖြတ်ပေးခဲ့ပြီး ဖြစ်သည်။ ထိုကိုယ်စားလှယ် များထဲတွင် တိုင်းရင်းသား တွေလည်း ပါသည်။ ထို့ပြင် သီးခြား တိုင်းရင်းသား ကိုယ်စားလှယ် အဖြစ် အရွေးခံရ သူတွေလည်း ပါသည်။ နောက်ပြီး တပ်မတော်သား ကိုယ်စားလှယ်တွေ ပါသည်။ ယနေ့ ပြောနေသည့် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တပ်မတော်တို့ တွေ့ဆုံရေး ဆိုသည့် လုပ်ငန်းကို ထိုလွှတ်တော် အဆင့်ဆင့်တွင် လက်တွေ့ ဆောင်ရွက်နိုင်ပြီ ဖြစ်သည်။ ဥပဒေပြု ရေးရာများတွင် လက်တွဲ ဆောင်ရွက်ရင်း အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုများကို တည်ဆောက် နိုင်ပါလိမ့်မည်။ ထိုအခြေခံ ဥပဒေထဲတွင် တိုင်းရင်းသားများ၏ အခွင့်အရေး၊ မိမိတို့ ဘာသာစကား ယဉ်ကျေးမှု စသည်တို့ကို ထိန်းသိမ်း ဖော်ဆောင်နိုင်မည့် လွှတ်တော်၊ အစိုးရအဖွဲ့၊ ဥပဒေပြုခွင့် အာဏာတို့လည်း ပါပြီးဖြစ်သည်။ လွှတ်တော်ထဲတွင် အားလုံးလက်တွဲ လုပ်ဆောင်ရင် အားသာချက်များကို ပိုပြီး အားကောင်း အောင်၊ အားနည်းချက်များ တွေ့လာပါက ပြုပြင်နိုင်အောင် ၀ိုင်းဝန်း ကြိုးစားဖို့သာ လိုပါသည်။
ဥပဒေပြု လွှတ်တော်များသို့ ရွေးချယ်ခံရခြင်း မရှိသူများ၊ အဖွဲ့အစည်းများ ကရောဟု မေးလျှင် သူတို့ တစ်တွေသည် အခြေခံ ဥပဒေက ပေးအပ်ထားသည့် နိုင်ငံသားများ၏ အခွင့်အရေးများ နှင့်အညီ လွှတ်တော် ပြင်ပတွင် မိမိတို့၏ အမြင်များကို ပြောဆို တင်ပြနိုင်မည် ဖြစ်သည်။ မိမိတို့ မဲဆန္ဒနယ်က ကိုယ်စားလှယ်များကို အကြံပြုနိုင်ကြမည် ဖြစ်သည်။ မိမိတို့ အယူအဆ၊ အတွေးအမြင်များကို ပြည်သူတွေက ထောက်ခံသည်ဟု ယုံကြည်လျှင် နောက်တစ်ကြိမ် ရွေးကောက်ပွဲ၌ ၀င်ရောက် ယှဉ်ပြိုင်ပြီး လွှတ်တော်အတွင်း နိုင်ငံရေးကို လုပ်ဆောင်နိုင်ကြ ပါလိမ့်မည်။
ဤနည်းလမ်းသည် သာလျှင် လွှတ်တော် အတွင်းနှင့် လွှတ်တော်ပြင်ပရှိ နိုင်ငံရေး အင်အားစုများ အနေဖြင့် အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး အတွက် လုပ်ဆောင်နိုင်သည့် အကောင်းဆုံး နည်းလမ်း ဖြစ်ပါသည်။ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေးတွင် အားလုံး ပါဝင်နိုင်မည့် အခွင့်အရေးလည်း ဖြစ်ပါသည်။ မိမိတို့ မျက်မှောက်ရှိ အကောင်းဆုံး နည်းလမ်းကို မရွေးဘဲ စိတ်ကူးယဉ်မှု သက်သက်ဖြင့် ဆောင်ရွက်ဖို့ ကြိုးစားလျှင်မူ အကျိုးထက် အပြစ်က ပိုများလိမ့်မည် ဆိုသည်ကို သတိပြုကြ စေလိုပါသည်။
ဗညားအောင်

0 comments:
Post a Comment