Wednesday, June 8, 2011

အမေရိကန်ရဲ့ ဒီမိုကရေစီမြှင့်တင်ရေး

Min Thant Syn

ကမ္ဘာမှာ ဒီမိုကရေစီ မြှင့်တင်ရေး လုပ်တဲ့အခါ တစ်ချိုaက ဒါဟာ အမေရိကန် အကျိုးစီးပွား အတွက် လုပ်တာပဲ၊ ဒါမှမဟုတ် အပြောသက်သက် လက်တွေ့မပါဘဲ လူမြင်ကောင်းအောင် လုပ်တာပဲလို့ ပြောကြတယ်။ ဒါပေမယ့် ဒါဟာ အမေရိကန် အကျိုးအတွက် တစ်စိတ်တစ်ပိုင်း ပါသလို ကမ္ဘာမှာ ပိုပြီး အေးချမ်းဖို့၊ ဖွံ့ဖြိုး တိုးတက်ဖို့၊ ဗဟုဝါဒ ထွန်းကားဖို့ ဆိုတဲ့ အကျိုးတွေလည်း ပါပါတယ်။


ဒီမိုကရေစီ ဖော်ဆောင်ရာမှာ တစ်ခါတစ်လေ ဘာကို ဦးစားပေးရမယ်ဆိုတာနဲ့ ပတ်သက်ပြီး ရွေးချယ်ရတာအများကြီး ရှိသလို ဒီမိုကရေစီဟာ ပြဿနာ အားလုံးကို ဖြေရှင်းနိုင်တဲ့ ၉၆ ပါး ရောဂါ ပျောက်ဆေးလည်း မဟုတ်ဘူး။ ဒါပေမယ့် သေချာတာကတော့ ခိုင်မာတဲ့ ဒီမိုကရေစီစနစ် အမြစ်တွယ်နေတဲ့ နိုင်ငံတွေဟာ အချင်းချင်း စစ်မဖြစ်ကြဘူး ဆိုတာပဲ။ နိုင်ငံခြားရေး မူဝါဒတွေကို လက်တွေ့ ကျကျ ကျင့်သုံးရမယ်လို့ ယူဆသူတွေကတော့ ကိုယ့်နိုင်ငံ အကျိုးစီးပွား အတွက် ဘယ်သူနဲ့ မဆို လက်တွဲနိုင်ရမယ်လို့ ပြောကြတယ်။ သူတို့က ဒီလိုလုပ်မှ ကမ္ဘာကြီးက ပိုပြီးတည်ငြိမ်ဖို့ အတွက် အကောင်းဆုံး နည်းလမ်းပဲလို့ ဆိုတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ တကယ့် တည်ငြိမ်မှု ဆိုတာဟာ ပြည်တွင်း နိုင်ငံရေးမှာ ငြိမ်းချမ်းစွာ ယှဉ်ပြိုင်မှု၊ အားလုံး လက်ခံလာအောင် ဆွေးနွေး အဖြေရှာနိုင်မှုတွေကပဲ ရရှိတယ် ဆိုတာ တွေ့ရမှာဖြစ်တယ်။

ဒီမိုကရေစီဟာ ဖွံ့ဖြိုး တိုးတက်မှုကို ပိုအားကောင်းအောင် လုပ်နိုင်တယ် ဆိုတဲ့ အယူအဆနဲ့ ပတ်သက်ပြီး အချိန် အကြာကြီး ငြင်းခုန်ခဲ့ကြတယ်။ ဒါကို လက်မခံနိုင်သူတွေက တရုတ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးလာမှုကို ထောက်ပြကြတယ်။ ဒါပေမယ့် ဒီမိုကရေစီက သာလျှင် ရေရှည် ဖွံ့ဖြိုး တိုးတက်မှုကို ထိန်းထားအောင် လုပ်ဆောင် ပေးနိုင်တယ် ဆိုတာ သမိုင်းမှာ တွေ့ခဲ့ရပြီးပါပြီ။ ဒ့ါကြောင့်လည်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP က ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်ဟာ ဖွံ့ဖြိုး တိုးတက်ဖို့အတွက် အရေးအကြီးဆုံး လိုအပ်ချက် ဖြစ်တယ်လို့ ပြောခဲ့တာပေါ့။ အိန္ဒိယနဲ့ ဘရာဇီးလ်ဟာ ဒီအတွက် အကောင်းဆုံး သာဓကတွေ ဖြစ်တယ်။ ဒီမိုကရေစီစနစ်က ပေးလာတဲ့ တန်းတူအခွင့်အရေးနဲ့ တရားမျှတမှု ဆိုတာတွေဟာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့ အတွက် အကောင်းဆုံး အင်အားတွေပဲ။

ဒီမိုကရေစီက လူတွေရဲ့ ပိုင်ဆိုင်မှုဖြစ်တဲ့ ဘာသာ၊ လူမျိုး အခွင့်အရေးတွေကို ကာကွယ်ပေး သလို အားနည်းတဲ့ အမျိုးသမီး များနဲ့ ရွှေ့ပြောင်း လုပ်သားတွေရဲ့ အခွင့်အရေးကိုလည်း ကာကွယ်ပေးတယ်။ တကယ်တော့ အရှေ့အလယ်ပိုင်းက ဖြစ်ရပ်တွေဟာ စီးပွားရေး အခွင့်အလမ်းတွေ တန်းတူမရတာ၊ မကျေနပ်ချက်တွေကို ဖော်ထုတ်ပြစရာ အခွင့်အရေး မရှိတာ တွေကနေ စခဲ့တာပဲ ဖြစ်တယ်။

အမေရိကန်အနေနဲ့ ဒီမိုကရေစီ မြှင့်တင်ရေးလုပ်ဖို့ လိုတယ်ဆိုတာ မေးခွန်းထုတ်ဖို့ မလိုတဲ့ကိစ္စ ဖြစ်တယ်။ စဉ်းစားဖို့ တစ်ခု ပဲရှိတယ်။ အဲဒါက ဘယ်လိုလုပ်မလဲ ဆိုတာပဲ။ ဒါနဲ့ပတ်သက်လို့ ဒုတိယကမ္ဘာစစ် နောက်ပိုင်း အမေရိကန်နိုင်ငံရဲ့ မူဝါဒတွေကို လေ့လာရင် အဖြေတွေ့နိုင်ပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးတော့ အမေရိကန်ဟာ အနောက်ဥရောပမှာ ဒီမိုကရေစီ ထွန်းကားဖို့ အတွက် နက်နက်ရှိုင်းရှိုင်း ပါဝင် လုပ်ဆောင်ခဲ့တယ်။ အနောက်ဥရောပရဲ့ ဒီမိုကရေစီ ခိုင်မာဖို့အတွက် ဥရောပသမဂ္ဂ ပေါ်ပေါက်ရေးကို အားပေးခဲ့ပြီး အနောက် ဥရောပ ကာကွယ်ရေး အတွက် နေတိုးအဖွဲ့ကို ထူထောင် ပေးနိုင်ခဲ့တယ်။ ဒီမိုကရေစီစနစ် မရှိသေးတဲ့ ပေါ်တူဂီ၊ စပိန်၊ အီတလီ၊ အနောက်ဂျာမနီတို့မှာ ဒီမိုကရေစီ ထွန်းကားအောင် လုပ်ဆောင် ပေးခဲ့တယ်။ ဒီကနေ့ဆိုရင် ဥရောပသမဂ္ဂနဲ့ နေတိုးဟာ အရှေ့ဥရောပနိုင်ငံတွေ (ယခင် ကွန်မြူနစ် နိုင်ငံများ) အနေနဲ့ အနောက်အုပ်စုရဲ့ အဖွဲ့အစည်းတွေမှာ ပါဝင်ဖို့ အတွက် အဓိက ဆွဲဆောင်မှု ဖြစ်နေပါပြီ။

စစ်အေးတိုက်ပွဲ ကာလတုံးက ဆိုဗီယက်အုပ်စုနဲ့ အင်အား ပြိုင်ဆိုင်နေရတာကြောင့် အမေရိကန်ဟာ ဒီမိုကရေစီမဆန်တဲ့ အစိုးရတွေကို ထောက်ခံခဲ့ရတယ်။ နီကာရာဂွာ အာဏာရှင် ဆာမိုဇာအကြောင်း သမ္မတရုစဗဲ့လ် ကို ရှင်းပြတော့ ရုစဗဲ့လ်က သူဟာ စောက်ရူး ဖြစ်ချင် ဖြစ်လိမ့်မယ်၊ ဒါပေမယ့် သူက ငါတို့ဘက်က စောက်ရူးကွလို့ ပြန်ပြောတယ်။ ဒီလိုစဉ်းစားမှုဟာ စစ်အေး ကာလ တစ်လျှောက်လုံး နီးပါး အမေရိကန် နိုင်ငံခြားရေးမူဝါဒ အခြေခံ ဖြစ်ခဲ့တယ်။ ရီဂင်လက်ထက် ၁၉၈၀ ပြည့်လွန် နှစ်များကြမှ လက်တင် အမေရိကန်နဲ့ အရှေ့အာရှက အမေရိကန် မိတ်ဆွေ အာဏာရှင် နိုင်ငံတွေကို ဒီမိုကရေစီ အသွင် ကူးပြောင်းရေးလုပ် တိုက်တွန်းတာဟာ အမေရိကန်အတွက် မဟာဗျူဟာ အကျိုးစီးပွား ဖြစ်တယ် ဆိုတာကို လက်ခံလာကြတယ်။

၉/ ၁၁ နောက်ပိုင်းကြတော့ ဘုရှ်က အရှေ့အလယ်ပိုင်းမှာ ဒီမိုကရေစီ ထွန်းကားရေးကို မဟာဗျူဟာ ဦးစားပေး လုပ်ငန်းအဖြစ် သတ်မှတ်ခဲ့တယ်။ ဒါပေမယ့် အဲဒီမူဝါဒဟာ အောက်ပါ အချက်တွေကြောင့် ပြဿနာ ပေါ်ခဲ့တယ်။

၁။ အီရတ်မှာ ဒီမိုကရေစီ ဖော်ဆောင်နိုင်ဖို့ အတွက် စစ်ရေးအရ ၀င်စွက်ဖက်တဲ့နည်းကို သုံးတာ။ (အခုထိ ဒီမိုကရေစီ မခိုင်မာသေးဘူး။)

၂။ အကြမ်းဖက် သမားတွေကို နှိမ်နင်းဖို့ အတွက် ကြမ်းတမ်း ပြင်းထန်တဲ့ စစ်ဆေးရေး နည်းလမ်းတွေကို သုံးတာဟာ ဒီမိုကရေစီ၊ လွတ်လပ်မှု တန်ဖိုးတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်ခဲ့တာ။

၃။ ကိုယ်မကြိုက်တဲ့၊ မယုံကြည်တဲ့ အဖွဲ့အစည်းတွေ နိုင်တဲ့ ရွေးကောက်ပွဲ ရလဒ်တွေကို အသိအမှတ်ပြုဖို့ ငြင်းဆန် ခဲ့တာ ( ပါလက်စတိုင်းမှာ ဟားမားစ်တွေ နိုင်တော့၊ အယ်လ်ဂျီးရီးယားမှာ အစ္စလမ်ပါတီတွေ နိုင်တော့ လုပ်ပုံမျိုး)

၎။ ပါကစ္စတန်၊ အီဂျစ်လိုနိုင်ငံတွေက အာဏာရှင် အစိုးရတွေကို ဆက်ဆံရာမှာ အပြောနဲ့ အလုပ် မညီတာ။

၂၀၁၁ ခုနှစ်ဆန်းမှာ ဖြစ်ခဲ့တဲ့ တူနီးရှားနဲ့ အီဂျစ်က အဖြစ်အပျက်တွေဟာ အိုဘားမား အစိုးရကို စိန်ခေါ်မှု အသစ်တွေနဲ့ ရင်ဆိုင်ရစေတယ်။ အီဂျစ်မှာဆိုရင် မဟာဗျူဟာအရ အင်မတန် အရေးပါတဲ့ နိုင်ငံက မိတ်ဆွေ အာဏာရှင် တစ်ဦး ပြုတ်ကျ တော့မယ့် ကိစ္စကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတဲ့ ပြဿနာ ရှိတယ်။ အိုဘားမားအစိုးရဟာ လမ်းပေါ်က ဒီမိုကရေစီရေး ဆန္ဒပြသူတွေကို ထောက်ခံဖို့နဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲကို တောင်းဆိုဖို့ ဖိအားပေးတာ ခံခဲ့ရတယ်။ တစ်ဖက်ကလည်း မူဘာရက်ဟာ နှစ်ပေါင်း သုံးဆယ်လောက် အမေရိကန် အကျိုးစီးပွားကို ကာကွယ်ခဲ့တဲ့ မဟာမိတ်ဖြစ်ပြီး ဒီမိုကရေစီ စနစ်မှာ မူဆလင် ညီနောင်အဖွဲ့သာ အာဏာရခဲ့ရင် အဲဒီလို အကာအကွယ်ပေးမှာ မဟုတ်ဘူးဆိုတဲ့ တောင်းဆိုမှုတွေနဲ့လည်း ကြုံခဲ့ရတယ်။ အိုဘားမား အနေနဲ့ အဲဒီအစွန်း နှစ်ဘက်ကြားကနေ အဖြေရှာဖို့ ကြိုးစားခဲ့ရတယ်။

အိုဘားမားဟာ သူ့သမ္မတ သက်တမ်း အစပိုင်းမှာ အနောက်အုပ်စုက ကြိုးစားနေတဲ့ ဒီမိုကရေစီ မြှင့်တင်ရေး လုပ်ငန်းတွေ ကနေ ခပ်ခွာခွာနေခဲ့တယ်။ ၂၀၀၉ ခုနှစ် အီရန်မှာ အစိမ်းရောင် ဒီမိုကရေစီ လှုပ်ရှားမှု ပေါ်လာတော့ အီရန်နဲ့ အနုမြူ လက်နက်ကိစ္စ ဆွေးနွေးပွဲကို ထိခိုက်မှာ စိုးရိမ်တဲ့အတွက် လက်ရှောင်နေခဲ့တယ်။ အခု နောက်ပိုင်းမှာတော့ ရီဂင်၊ ကလင်တန်နဲ့ ဘုရှ်လက်ထက်က လုပ်ခဲ့တဲ့ မူဝါဒတွေဘက်ကို ပြန်ယိမ်းလာတဲ့ လက္ခဏာတွေ တွေ့လာရပြီ။ အမေရိကန်က လူ့အခွင့်အရေး ကာကွယ်သူတွေကို ကူညီဖို့ ရန်ပုံငွေ ထူထောင်ပေးခဲ့ သလို ၂၀၁၀ ကုလသမဂ္ဂ ညီလာခံမှာ အိုဘားမားက လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိမှုရဲ့ အရေးကြီးမှုကို အသားပေး ပြောသွားခဲ့တယ်။ အခု ဒီအပြောတွေကို လက်တွေ့လုပ်ဖို့ အချိန် ကြပါပြီ။

ပထမဆုံး စဉ်းစားရမှာက ဒီမိုကရေစီ မြှင့်တင်ရေးကို အမေရိကန် တစ်ဦးတည်းက လုပ်တာ ကောင်းသလား၊ နိုင်ငံစုံ ပူးပေါင်း လုပ်တာ ကောင်းသလား ဆိုတဲ့ မေးခွန်းပဲ။ အမေရိကန်ကဘဲ လုပ်လုပ် တစ်ခြားနိုင်ငံကဘဲ လုပ်လုပ် ကုလသမဂ္ဂ ပဋိဥာဏ်မှာပါတဲ့ အခွင့်အရေးတွေ ခံစားရအောင် လုပ်ပေးတယ်၊ ပြည်သူတွေ ပါဝင်ခွင့် ရအောင် လုပ်ပေးတယ်၊ တရားဥပဒေ စိုးမိုးမှုရှိအောင် လုပ်ပေးတယ် ဆိုရင် ထောက်ခံရမှာပဲ။ တစ်ခုပဲရှိတယ်၊ နိုင်ငံစုံပါရင်တော့ တရားဝင်မှု ပိုရတာပေါ့လေ။

ဒုတိယ စဉ်းစားရမှာက စစ်ရေး ဒါမှမဟုတ် လျှို့ဝှက် အမှောက် လုပ်ငန်းတွေကို ဒီမိုကရေစီ မြှင့်တင်ရေးမှာ သုံးသင့်သလား ဆိုတာပဲ။ တစ်ခါတစ်လေမှာတော့ လူသားမဆန်တဲ့ လုပ်ရပ်တွေကို တားဖို့အတွက် စစ်ရေးနည်းကို သုံးဖို့ လိုကောင်း လိုနိုင်ပါတယ်။ ဥပမာ ၁၉၉၄ ခုနှစ် ရ၀မ်ဒါ လူမျိုးတုံး သတ်ဖြတ်မှုကို အဆုံးသတ်ဖို့ ကိစ္စမျိုးပေါ့။ ဒါပေမယ့် ဒါဟာ နောက်ဆုံးမှ မဖြစ်မနေ သုံးရတဲ့နည်းပဲ ဖြစ်သင့်တယ်။

လျှို့ဝှက် အဖျက်အမှောက် လုပ်ငန်းတွေကိုတော့ အမေရိကန်က စစ်အေးတိုက်ပွဲတုံးက အရှေ့ဥရောပက ဒီမိုကရေစီ အင်အားစုတွေကို ထောက်ခံဖို့အတွက် သုံးခဲ့တယ်။ ဒါပေမယ့် ဒီမိုကရေစီ မြှင့်တင်ရေး အတွက် ပွင့်လင်း မြင်သာတဲ့ နည်းလမ်းကို သုံးတာကတော့ အကောင်းဆုံးပဲ။

တိုက်ရိုက် ၀င်ရောက် စွက်ဖက်မှုကို ရှောင်ဖို့ အကောင်းဆုံး နည်းကတော့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ထိတွေ့ ဆက်ဆံပြီး အကူအညီပေးတဲ့ နည်းပဲ။ National Endowment for Democracy အဖွဲ့ဟာ ဒီမိုကရက်ပါတီ၊ ရီပတ်ဘလီကင်ပါတီ၊ အမေရိကန် ကုန်သည်ကြီးများ အသင်း၊ အမေရိကန် အလုပ်သမား သမဂ္ဂများ (AFL-CIO)တို့နဲ့ ပေါင်းပြီး ဒီမိုကရေစီ မြှင့်တင်နိုင်ဖို့၊ အခြေခိုင်ဖို့အတွက် ကမ္ဘာအနှံ့က အရပ်ဘက် အဖွဲ့အစည်းတွေကို အကူအညီ ပေးခဲ့တယ်။ တစ်ချို့ပုဂ္ဂလိက ဖောင်ဒေးရှင်း တွေကလည်း အစိုးရနဲ့ ပေါင်းပြီး ကူညီခဲ့ကြတယ်။ အဲဒီလို နိုင်ငံတွင်း အဖွဲ့အစည်းတွေကို ကူညီပေးတာက အမေရိကန်က စစ်ရေးအရ ဖြစ်ဖြစ်၊ လျှို့ဝှက် အဖျက်အမှောက် လုပ်ငန်းနဲ့ ဖြစ်ဖြစ်၊ အစိုးရအနေနဲ့ ဖြစ်ဖြစ် တိုက်ရိုက်ဝင် စွက်ဖက်တာထက် ပိုပြီး ကောင်းပါတယ်။

ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာ ကုလသမဂ္ဂကလည်း အရပ်ဘက် အဖွဲ့အစည်းတွေ ထွန်းကားဖို့ အတွက် တက်တက် ကြွကြွ ကူညီခဲ့တယ်။ ၂၀၀၆ ခုနှစ်မှာ UN Democracy Fund (UNDEF) ကို ထူထောင်ခဲ့တယ်။ အဲဒီ ရန်ပုံငွေရဲ့ ၈၅% က အင်န်ဂျီအိုတွေကို အကူအညီပေးတာ ဖြစ်တယ်။ UNDEF မပေါ်ခင်တုံးက ကုလသမဂ္ဂ အတွင်းမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ လူ့အခွင့်အရေး ကာကွယ်မှုမှာ အင်န်ဂျီအိုတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အရေးပါမှုကို အတော် ဆွေးနွေး ကြပေမယ့် အပြောပဲ ရှိပြီး လက်ကမပါခဲ့ဘူး။ UNDEF ကတော့ အဲဒါတွေ အားလုံးကို စပြီး ပြောင်းလဲနေပြီ ဖြစ်တယ်။ UNDEF ကပေးခဲ့တဲ့ အကူအညီ လေးကြိမ်ဟာ အမျိုးသမီး အခွင့်အရေး၊ လာဘ်ပေး လာဘ်ယူ တိုက်ဖျက်ရေး၊ ပြည်သူ့ ကျင့်ဝတ် ထွန်းကားရေး စတဲ့ ဒီမိုကရေစီ အခြေခံ အုတ်မြစ်တွေကို ဖော်ဆောင် ပေးနေတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကို ကျယ်ကျယ် ပြန့်ပြန့် ကူညီပေးခဲ့တယ်။ UNDEF ဟာ ရန်ပုံငွေ နည်းသေးပေမယ့် မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို ရောက်နေပြီ။ အိုဘာမားက ၂၀၁၀ ကုလသမဂ္ဂ အထွေထွေ ညီလာခံ မိန့်ခွန်းမှာ နိုင်ငံတိုင်းက UNDEF ရန်ပုံငွေကို တိုးပြီး ထည့်ဝင်ဖို့ တောင်းဆိုခဲ့တာဟာ မှန်ကန်တဲ့ တောင်းဆိုချက် ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ ဒီမိုကရေစီ မြှင့်တင်ရေး အပေါ် စိတ်အား ထက်သန်မှုဟာ မကြာခင် နှစ်တွေအတွင်း ဖြစ်ခဲ့တဲ့ အီရတ်နိုင်ငံထဲက မတည်မငြိမ် ကသောင်းကနင်း ဖြစ်မှုတွေ၊ အစွန်းရောက် ၀ါဒီတွေကို အာဏာရစေတဲ့ ရွေးကောက်ပွဲ ရလဒ်တွေ၊ နီယိုလစ်ဘရယ် စီးပွားရေး မူဝါဒတွေ အပေါ် သံသယ ၀င်လာမှုတွေနဲ့ တရုတ်နိုင်ငံလို အခြားနည်းနဲ့ အလျင်အမြန် ဖွံ့ဖြိုးတိုးတက် နိုင်တယ်ဆိုတဲ့ သာဓကတွေကြောင့် ထိခိုက်မှုတွေ ရှိခဲ့တယ်။ ဒါပေမယ့် ဒီမိုကရေစီစနစ် ထွန်းကားဖို့ လိုတယ် ဆိုတာ အခု ထိမှန်နေတုံး ဖြစ်သလို ဒီမိုကရေစီ မြှင့်တင်ရေး အတွက် ဘယ်လိုနည်းနဲ့ ထိထိ ရောက်ရောက် ကူညီနိုင်တယ် ဆိုတာလည်း အားလုံး မျက်မြင် ဖြစ်နေပါပြီ။ လုပ်ဖို့ပဲ လိုပါတော့တယ်။

Mark Lagon ရဲ့ Promoting Democracyကိုဆီလျှော်အောင်ဘာသာပြန်သည်။
ပိထောက်မြေဆိုဒ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...