Sunday, June 5, 2011

နှလုံးသားတွင် ဘုရားတည်




လေးဆူဓါတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီးအား ကျွန်တော်မဖူးမြှော်ရသည်မှာလေးနှစ်တာကာလအတွင်းသို့ ရောက်ခဲ့ပြီဖြစ်သည်။
          ကုန်လွန်ခဲ့ပြီးသောကာလ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလမတိုင်မီအချိန်များတွင် ကျွန်တော် သည် တစ်ပါတ်လျှင် တစ်ကြိမ်အနည်းဆုံး ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်သို့ တက်ရောက်ဖူးမြှော်ခဲ့ဖူးပါသည်။ ထို့အပြင် တက်ရောက်ကြည်ညို ဖူးမြှော်ခွင့်ရခဲလှသော ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အထွဋ်အထိပ်တွင် တည်ရှိနေသောစိန်ဖူးတော်ကြီးအားလည်း ကျွန်တော်နှင့် ကျွန်တော်၏သား ပြည်သိမ်းကျော်တို့ တက်ရောက်ဖူးမြှော်ခဲ့ဘူးပါသည်။


          ရွှေတိဂုံစေတီတော်မြတ်ကြီးသည် မြန်မာပြည်သူလူထုတင်မကကမ္ဘာ့နိုင်ငံအသီးသီးမှ ဘာသာခြားများနှင့်ပါ မစိမ်းပါ။ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေး လွတ်လပ်စွာတက်ရောက် ဖူးမြှော် ခွင့်ရရှိသည့် တန်ခိုးကြီးမားလှသည့် ဗုဒ္ဓဘာသာနွယ်ဝင်တို့၏ အထွဋ်အမြတ်ထားကိုးကွယ်ရာတည်းဟူသောဗုဒ္ဓမြတ်စွာဘုရား၏ ဆံတော်များကိန်းဝပ်ရာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ၂၀၀၇ ခုနှစ် စက်တင်ဘာလနောက်ပိုင်းတွင် လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေးတို့၏ နာရေး၊ ဆေးကူညီမှု၊ ပညာရေးကဏ္ဍများအား (အခမဲ့) ဖေးမကူညီပေးနေသော ကျွန်တော်တက်ရောက်ဖူးမြှော်ရာတွင် လွတ်လပ်မှုများဆုံးရှုံးခဲ့တော့သည်။

          ကျွန်တော်သည် ရွှေတိဂုံစေတီတော်မြတ်ကြီးအားတက်ရောက်ဖူးမြှော်မည်ဆိုပါကအာဇာနည်ကုန်းမြောက်ဘက်မုဒ်မှ ဓါတ်လှေခါးနှင့်တက်ကာရင်ပြင်ပေါ်ရောက်သည်နှင့် မေတ္တာပို့သမှုကိုမြောက်ဘက်မုဒ်တွင်ရှိသော ၀ိဇ္ဖာတန်ဆောင်းရောက်သည်အထိ ပို့သကာ ၀ိဇ္ဇာတန်ဆောင်းတွင် သမထ္ထ၊ ၀ိပဿနာကျင့်စဉ်တို့ကိုကျင့်ကြံအားထုတ်ပြီးတနင်္လာဒေါင့်တွင် စေတီတော်မြတ်ကြီးအား မြတ်ဗုဒ္ဓ၏ ဆံတော်များကိုမျှော်မှန်းကြည်ညိုသဒ္ဓါပွားကာဦးချပြီးနောက် စေတီတော်မြတ်အားလင်္ကျာရစ်တစ်ပါတ် ပါတ်ကာအောင်မြေတွင်ဦးချ၍ မြောက်ဘက်မုဒ်မှ ပြန်လည်၍ ဆင်းလေ့ရှိသည်။

          ၂၀၀၇ ခုနှစ် စက်တင်ဘာလကုန်မှစ၍ ရွှေတိဂုံစေတီတော်မြတ်ကြီးအားသွားရောက်ဖူးမြှော်၍ အဓိဋ္ဌာန်ကျင့်စဉ်များ၊ မေတ္တာပွားများမှုများကိုသွားရောက်ကျင့်ကြံအားထုတ်ရာတွင် . . . ကျွန်တော်၏ နောက်မှ မယောင်မလည်နှင့် ပါလာသောလူတစ်ချို့၊ ၀ိဇ္ဇာတန်ဆောင်းထဲသို့ဝင်ရောက်ရာ၌ မြတ်စွာဘုရားရှင်အားတစ်စုံတစ်ဦးမှ ဆက်ကပ်ထားသောစားဖွယ်သောက်ဖွယ် သစ်သီးဝလံများအား လျင်မြန်စွာသိမ်းကြုံး၍ ယူငင်သွားခြင်း၊ အဓိဋ္ဌာန်ကျင့်စဉ် ကျင့်ကြံရာ၌ ပွားများသော မြတ်စွာဘုရား၏ ဂုဏ်တော်များ ရွတ်ဖတ်ပူဇော်ရာ၌ မည်သည့်ဆုများတောင်းနေသနည်း။ မည်သည့်ဂုဏ်တော်များအား ရွတ်ဖတ်နေသနည်းဟူ၍ ကျွန်တော်၏အနားတွင် ကပ်၍နားထောင်နေသောသူတစ်ချို့၊ အဓိဋ္ဌာန်စ၍ (၁၀) မိနစ် (၁၅) မိနစ်ခန့်တွင် “ဆရာကြီးဆရာကြီးနေရာကဖယ်ပေးပါတော့။ (အဘ) ဧည့်သည်တော်လာနေပြီ” ဟူ၍ တစ်မျိုး၊ ကျွန်တော့်အားဓါတ်ပုံခိုးရိုက်ကြသောလုံခြုံရေးများကတစ်ဖန်၊ အချို့သောဘုရားဖူးများက ကျွန်တော်၏ အဓိဋ္ဌာန်ပြီးစီး၍ မြတ်စွာဘုရားရှင်အား ရှစ်ခိုးကန်တော့အပြီးတွင် ကျွန်တော်၏ ဘေးမှ၎င်း၊ ရှေ့မှ၎င်းလာရောက်၍ ကျွန်တော့်အားလက်အုပ်ချီမိုးနေကြခြင်းစသည်စသည်တို့ကြောင့် ကျွန်တော်သည် ယနေ့တိုင် ရွှေတိဂုံစေတီတော် မြတ်ကြီးနှင့် ဝေးကွာခဲ့ရပါတော့သည်။ ကုသိုလ်ယူမေတ္တာပွားလို၍ သွားကာမှ အကုသိုလ်တွေသာရခြင်းသည် မဖြစ်သင့်တော့ချေ။ ထို့ကြောင့် ကျွန်တော်သည် ရန်ကုန်မြို့ မြို့လည်ခေါင်သို့ သွားရောက်သည့် အချိန်ကာလများတွင်သာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား အဝေးမှ ဖူးမြှော်ကန် တော်ခွင့်ရခဲ့တော့သည်။

          လွတ်လပ်စွာကိုးကွယ်ခွင့်ရှိသော ကျွန်တော်တို့၏ မြတ်ဗုဒ္ဓရွှေတိဂုံစေတီတော်မြတ်အားမလွတ်လပ်စွာဖြင့် မဖူးမြှော်လိုတော့ပါ။ ထို့ကြောင့် ကျွန်တော်၏နေအိမ်ရှိ ဘုရားခန်းထဲမှ မြတ်ဗုဒ္ဓဆင်းတုတော်နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ဘုရားခန်းတွင်းမှ ဗုဒ္ဓဆင်းတုတော်များ ရှေ့မှောက်တွင်သာမိမိမေတ္တာပွားများမှုနှင့် သမထ္တ ၀ိပဿနာကျင့်စဉ်များကိုကျင့်ကြံအားထုတ်ခဲ့ရပါတော့သည်။
          ၂.၆.၂၀၁၁ ခုနှစ် ကြာသပတေးနေ့သည် မင်္ဂလာရှိသောနေ့တစ်နေ့ဖြစ်တော့သည်။ ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိရာမြောက်ဒဂုံမြို့နယ်သို့ နံနက် (၁၁း၀၀) နာရီအချိန်တွင် အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနှင့်အဖွဲ့ လာရောက်တွေ့ဆုံလေ့လာစကားပြောမည့် နေ့ဖြစ်သည်။ ထို့ကြောင့် နံနက် မိုးလင်းလင်းခြင်းနာရေးကူညီမှုအသင်းသန့်ရှင်းမှု၊ လုံခြုံမှု စသည့်ကိစ္စရပ်များအားညွန်ကြားနေစဉ် Townace Pick-up ကားအဖြူတစ်စီး ၀င်လာသည်။ လူ (၅) ယောက်ခန့်ပါလာသည်။ သစ်သားဘောင် ၅ ပေ x ၄ ပေအရွယ်ကြီးတစ်ခုပါ ကားပေါ်မှ ချကာလူတစ်ဦးက ကျွန်တော့်အား ၀မ်းသာဖက်လှဲနှင့် “ဦးကျော်သူရေ … အခုမှပဲ ကျွန်တော်ရဲ့ဆန္ဒ ပြီးမြောက်တော့တယ်” ဟုပြောကာလက်ဆွဲနှုတ်ဆက်လိုက်သည်။

          ထိုသူ၏ အမည်ကား “ဦးဝင်းတင်”။ ပန်းချီဆရာကြီး “ကျိုက်လတ်ဝင်းမောင်” ဖြစ်သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)ကိုစတင်ဖွဲ့စည်းကတည်းက ကျွန်တော့်အားဂုဏ်ပြုလိုသည်မှာယခုမှ နာရေးကူညီမှုအသင်း(ရန်ကန်)မှ အသင်းသားတစ်ဦးဖြစ်သူပန်းချီဆရာဦးတင်ဦးအဆက်အသွယ် နှင့်ပြီးမြောက်သွားခြင်း ဖြစ်သည်ဟုပြောကြားကာပန်းချီဆရာကြီး ကျိုက်လတ်ဝင်းမောင်မှ သူရေးဆွဲထားသောဆီဆေးပန်းချီကားကြီးအား ကျွန်တော့်အားဂုဏ်ပြုလက်ဆောင်အဖြစ် ချီးမြှင့်သွားတော့သည်။ ထိုအချိန်ကာလအပိုင်းအခြားအထိ ကျွန်တော်သည် အသင်းတွင် အလုပ်အလွန်များ နေ၍၄င်း၊ ဧည့်သည်တော် ဂျွန်မက်ကိန်းနှင့် တွေ့ဆုံနေမှုကြောင့်၎င်း၊ လက်ဆောင်ပေးအပ်ခဲ့သောပန်းချီကားကြီးအားသေချာတိကျစွာမလေ့လာ၊ မခံစားဖြစ်ခဲ့ပေ။ ဂျွန်မက်ကိန်း ပြန်သွားပြီးသည့်နောက် ပင်ပန်းမှုများအားအနားပေး၍ စိတ်ကိုလျော့ချလိုက်ကာ ကျွန်တော်၏ အခန်းတွင်းရှိ ကျွန်တော်၏ အလုပ်စားပွဲနံရံပေါ်တွင် ချိတ်ဆွဲထားသောပန်းချီကားကြီးအားအသေးစိတ် ကြည့်ရှုနစ် မျှောသွားစဉ် ကျွန်တော်တို့၏ အသင်းသားတစ်ဦးဖြစ်သူ ကိုဝံသ (ပန်းချီဆရာကြီးဦးသန်းအောင်၏ သား) ဖြစ်သူ၏ စကားသံကို ကြားလိုက်မိသည်။ “ပန်းချီလောကမှာ ပန်းချီကျိုက်လတ်ဝင်းမောင်ကို ရွှေတိဂုံဝင်းမောင်လို့ ခေါ်ကြတယ်။ ဒီဆရာကမျက်စိမှိတ်ပြီး ရွှေတိဂုံစေတီတော်ကိုမကြည့်ဘဲအလွတ် ရေးဆွဲနိုင်လောက်အောင်ကိုတော်တယ်ဗျ”တဲ့။ ဟုတ်ပါသည်။ ဆရာကြီး ရွှေတိဂုံဝင်းမောင် (ခ) ပန်းချီကျိုက်လတ်ဝင်းမောင်၏ ဆီဆေးလက်ရာပန်းချီကားမှာ အသက်ဝင်လှသည်။ ကျွန်တော်၏ အလုပ်ခန်း ကြမ်းပြင်ပေါ်တွင် ခင်းထားသောကြွေပြားအခင်းပေါ်တွင်ထိုင်၍ ဖူးမြှော်ကြည်ညိုမိပါကတကယ့်ကို ရွှေတိဂုံစေတီတော်မြတ်ရင်ပြင်တော်ပေါ်မှ ဖူးမြှော်ရသလိုခံစားရပါတော့သည်။
          ကိုဝံသပြောသွားသောစကားအရ “ဒီဆရာက ရွှေတိဂုံစေတီတော်မြတ်ကိုမကြည့်ပဲအလွတ် ဆွဲနိုင်တယ်” ဟူသောစကားရပ်မှာ ကျွန်တော့်အတွက်များစွာတာသွားတော့သည်။ ဆရာတော် ဘုရားကြီးများ၏ ဆုံးမသြ၀ါဒများတွင်ပါရှိသော “နှလုံးသားမှာဘုရားတည်ဖို့ အရေးကြီးတယ်” ဟုပဲ့တင်သံများထပ်သွားပါတော့သည်။ ဟုတ်ပါသည်။ ဆရာကြီးကျိုက်လတ်ဝင်းမောင်မှာ နှလုံးသားတွင် ဘုရားတည်၍ ရေးဆွဲထားခြင်းဖြစ်မည်မှာမြေကြီးလက်ခတ်မလွဲဖြစ်မည်။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော့်အားဂုဏ်ပြုချီးမြှင့်လက်ဆောင်ပေးခဲ့သော ရွှေတိဂုံစေတီတော်မြတ် ဆီဆေးပန်းချီကား၏ မြင်ကွင်းသည်ကား ကျွန်တော်ရွှေတိဂုံစေတီတော်မြတ်ပေါ်သို့ စတင်တက်ရောက်ရာလမ်း၊ ရွှေတိဂုံစေတီတော်မြတ်မှ ရောင်ခြည်တော်များကွန့်မြူးခြင်းကို ကျွန်တော်ဖူးတွေ့မိသည့် ကျွန်တော်၏ အောင်မြေနေရာ၊ ကျွန်တော်အဓိဋ္ဌာန်ဝင်သည့် ၀ိဇ္ဇာတန်ဆောင်း စသည့် (၃) ဋ္ဌာနဆုံဆည်းရာအောင်မြေများပါရှိရာ ကျွန်တော့်အတွက်အဖိုးမဖြတ်နိုင်သောပန်းချီကားချပ်ကြီးပင်ဖြစ်တော့သည်။
          လူသားအားလုံး နှလုံးသားတွင် ဘုရားတည်နိုင်ကြပါစေသတည်း။

ကျော်သူ





0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...