အာရုံဝင်စားခြင်း
by ဂျူး - Ju on Wednesday, June 8, 2011 at 2:07pm
ကျွန်မကတော့ စာပေနှင့်ပတ်သက်လျှင် ဝတ္ထုတိုကို အမြတ်နိုးဆုံး ဖြစ်သည်။ ဝတ္ထုတိုကောင်းတစ်ပုဒ်ကို ဖတ် ပြီးတိုင်း ရင်ထဲမှာ အမှတ်ထင်ထင် စွဲမက် မိန်မူးနေလေ့ ရှိသည်။ ထို့ကြောင့်လည်း ကိုယ့်ကိုယ်ကိုယ် ဝတ္ထုတို စာရေး ဆရာ တစ်ယောက်ဖြစ်ဖို့ အလွန် စိတ်အားထက်သန်စွာ မျှော်လင့်ခဲ့ပါသည်။
လူ့ဘဝတွင် ဆင်ခြင်မှုတစ်ခုတည်းသာ ရှိသည် မဟုတ်။ ခံစားမှု၊ ဆန္ဒပြုမှုတို့လည်း ရှိ၏။ လွတ်လပ်မှုကို အမြဲ လိုအပ် လက်ခံသူ တစ်ဦးပီပီ ကျွန်မသည် စာရေးရာတွင်လည်း မိမိကိုယ် မိမိ ဘောင်မခတ်မိဖို့ အမြဲကြိုးစားလေ့ ရှိပါသည်။ အယူအဆတစ်ခုတည်း အတွင်းမှာဖြစ်စေ၊ ဆင်ခြင်မှုတစ်ခုတည်း အတွင်းမှာဖြစ်စေ၊ ခံစားမှုတစ်ခုတည်း အ တွင်းမှာဖြစ်စေ ကျွန်မကိုယ် ကျွန်မ ဘယ်တော့ မျှ လှောင်ပိတ်မထားလိုခဲ့ပါ။ အကြောင်းအရာတစ်ခုမှ တစ်ခုသို့ လွတ်လပ်စွာ ရွေးချယ်၍ ကူးပြောင်းဆက်သွယ်လိုပါသည်။ စာရေးဟန် (Style) နှင့် ပုံစံ (Pattern) ကတော့ တစ်ပုဒ်နှင့် တစ်ပုဒ် ထူးထူးခြားခြား ပြောင်းလဲသွားလိမ့်မည် မဟုတ်ပါ။ အကြောင်းမှာ စာရေးသူ တစ်ဦးတွင် သူ၏ သီးခြားဟန် (Style) တစ်ခုရှိပြီး ၎င်းမှာ စာရေးသူကိုယ်တိုင်က ပြောင်းလဲမပစ်သမျှ အမြဲတမ်း တည်မြဲနေ တတ်သောကြောင့် ဖြစ်ပါ သည်။
ကျွန်မအထင်တော့ ဝတ္ထုတိုတစ်ပုဒ် ဖြစ်လာဖို့ ပထမဆုံး အမြင် (Sight) သို့မဟုတ် အသိ (Knowledge) လို အပ်ပါလိမ့်မည်။ ပြီးမှ အတွေး (Thought) ကို ရလာပါသည်။ ထို့နောက်မှ မျှဝေခံစားခြင်း (Sympathy) ကို ရလာပါ သည်။ ၎င်းအခြေအနေဖြင့် ရပ်တန့်နေလျှင်တော့ ကျွန်မအတွက် ဝတ္ထုတိုတစ်ပုဒ် ဖြစ်မလာနိုင်သေးပါ။ အလွန်ဆုံး ဖြစ် လျှင် ကိုယ်ချင်းစာခြင်း၊ မျှဝေခံစားခြင်းတို့သာ ဖြစ်ပေါ်နေပါလိမ့်မည်။ ကျွန်မအတွက် ဝတ္ထုတိုတစ်ပုဒ် ဖြစ်လာရန် အရးကြီးဆုံးသော တွန်းအားပေးမှုမှာ အာရုံဝင်စားခြင်း (Inspiration) သာ ဖြစ်ပါသည်။
အချိန်မှာ သူတို့အတွက် သူတို့ ပတ်ဝန်းကျင်၏ ရိုက်ခတ်မှု၊ တုံ့ပြန်မှု စသည်ဖြင့် အနေအထား အမျိုးမျိုး ကြောင့် အသိအမြင် အတွေးများ ဖြစ်ပေါ်လေ့ရှိကြမှာပဲ။ အများစုက မျှဝေခံစားနိုင်စွမ်းလည်း ရှိကြမှာပါပဲ။ သို့သော် သူ တို့တွင် အရုံဝင်စားခြင်း မရှိလို့ဖြစ်စေ၊ စာရေးချင်စိတ် လုံးဝ မရှိလို့ဖြစ်စေ ဝတ္ထုတိုများ ဖြစ်မလာကြပါ။
အာရုံဝင်စားခြင်း ဆိုသည်မှာ ဘာလဲ။
ကျွန်မ သိထားသလောက်တော့ စာပေ၊ ဂီတ၊ အနုပညာ စသည်တို့တွင် ဖန်တီးမှုစွမ်းအားကို နိုးထလာစေ သော သြဇာ သက်ရောက်မှုကို အာရုံဝင်စားခြင်း (Inspiration) ဟု ခေါ်ပါသည်။ များစွာသော ကဗျာဆရာ၊ အနုပညာ ရှင်တို့သည် သူတို့၏ အာရုံ ဝင်စားခြင်းကို သဘာဝတရားကြီးထဲမှ ဆွဲထုတ်ယူကြသည်ဟု ဆိုပါသည်။ အဖြစ်အပျက် မှန်တစ်ခု မဖြစ်ပေါ်ခဲ့ဖူးဘဲနှင့် စိတ်ကူးဝတ္ထုတစ်ပုဒ် ဖြစ်မလာနိုင်ပါ။ တကယ့်အဖြစ်အပျက်မှန်သည် စိတ်ကူးဝတ္ထုထက် ပို၍ ထူးဆန်းလေ့ရှိသည်။ (Truth is stranger than fiction) ဟူသော စကားရှိသည် မဟုတ်လား။
ကျွန်မရေးခဲ့သမျှ ဝတ္ထုအများစုမှာ တကယ့် အဖြစ်အပျက်ပေါ်တွင် အခြေခံပြီး အလိုအလျောက် အာရုံဝင်စား ခြင်းကြောင့် ရရှိလာခြင်း ဖြစ်ပါသည်။
ကျွန်မရေးခဲ့သမျှ ဝတ္ထုတိုများတွင် ကျွန်မ အကြိုက်ဆုံးဝတ္ထုမှာ “အဝေးကြည့်မှန်ပြောင်း” ဖြစ်သောကြောင့် ၎င်းဝတ္ထုနှင့် ပတ်သက်သော အာရုံဝင်စားခြင်းကို အနည်းငယ် ရှင်းလင်းလိုပါသည်။
ကျွန်မတို့မြို့သည် ကုန်းအတက်အဆင်း၊ အနိမ့်အမြင့် အလွန်ပေါများ၏။ ကျွန်မ အစ်မ၏ အိမ်ဝရန်တာကနေ ကြည့်လျှင် အောက် ဘက်ခပ်လှမ်းလှမ်းက ကားလမ်းတွေ သစ်ပင်တွေကို အပေါ်စီးမှ မြင်ရပါသည်။ မြန်မာများ၏ ဓလေ့ထုံးစံ အရ ကုန်းခပ်မြင့်မြင့်ရှိလျှင် ဘုရားစေတီ တည်လေ့ရှိသည့်အတိုင်း ကျွန်မတို့ မြို့မှာလည်း ကုန်းမြင့်က လေးတိုင်းတွင် ဘုရားစေတီ တစ်ဆူစီ (ခပ်ငယ်ငယ်ဖြစ်စေ) တည်ထား ကိုးကွယ်လေ့ ရှိပါသည်။ တစ်ခါတစ်ရံ ကျွန်မ သည် ဝရန်တာမှ အားသိပ်မကောင်းလှသော အဝေးကြည့် မှန်ပြောင်းကလေး ဖြင့် စိတ်ဝင်စားစွာ ကြည့်ရင်း အချိန်ဖြုန်း တတ်ပါသည်။ ဘုရားစေတီ တော်တော်များများကို မြင်ရသည့်အပြင် သစ်ပင် တစ်ဝက် တစ်ပျက် အကြားမှ အောက် ဘက် ကားလမ်း တစ်ပိုင်းတစ်စတွင် သွားလာနေသော ကားကြီး ကားငယ်များကိုလည်း မြင်ရလေ့ရှိသည်။ ကျွန်မတို့ မြို့တွင် ရထားလမ်း မရှိပါ။ သို့သော် စိတ်အာရုံထဲမှာ ဘူတာရုံတစ်ခုကို မြင်ယောင်ကြည့်မိသည်။ ထိုဘူတာရုံမှာ မြင်ဖူး နေကျ ဘူတာအများစုလိုပဲ အနီရောင်အုတ်ကြွပ်မိုး၊ အုတ်နီတိုက်ငယ် ပြားပြားကလေး ဖြစ်သည်။ လေနီကြမ်း တိုက် ခတ်ခြင်း၊ အသုဘ ချခြင်း၊ မွေးနေ့ပွဲ ကျင်းပခြင်း စသည့် အစီအစဉ်တကျ မဟုတ်သော အဖြစ်အပျက်များကို တစ်ခုနှင့် တစ်ခု နီးကပ်စွာ ဆက်စပ်ဆွဲယူ ပြီး ရေးဖွဲ့ရန်ကြိုးစားရင်း လူ့ဘဝ၏ မဆုံးနိုင်သော မျှော်လင့်ခြင်းတစ်ခုကို ထည့်သွင်း ဖော်ပြဖို့ စိတ်ကူးရလာခဲ့ပါသည်။
ကျွန်မသည် အမြဲတစေ ရေရာသေချာသော ဆုံးရှုံးခြင်းထက် မရေရာ မသေချာသော မျှော်လင့်ခြင်းကို ဆုပ်ကိုင်ဖက်တွယ် ထားလိုသူ ဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် ပြန်လည် သုံးသပ်မိသောအခါ ကျွန်မအတွက် ဝတ္ထုရေးရန် အ တွေးတစ်ခု ရလာပါသည်။ ထိုဝတ္ထု၏ အဓိက အကြောင်းအရာအတွက် အာရုံဝင်စားခြင်းကိုတော့ ကျွန်မ၏ အမေ့ထံမှ ရခဲ့ပါသည်။
ငယ်စဉ်က ညနေခင်း သုံးနာရီခွဲ လေးနာရီအချိန်များတွင် ကျွန်မ အိပ်ပျော်နေခိုက် တစ်ခါတစ်ရံ အမေလာ၍ နှိုးတတ်ပါသည်။ အမေ၏ အကြောင်းပြချက်မှာ အိမ်ဘေးက လမ်းမှာ အသုဘတစ်ခု ချလာသောကြောင့် ဖြစ်သည်တဲ့။ အသုဘချလာချိန်တွင် မ အိပ်ကောင်းဘူး ....ဟု အမေ အမြဲတမ်းသတိပေးလေ့ရှိပြီး ထိုမအိပ်ကောင်းသော အကြောင်း ရင်းကိုတော့ ကျွန်မ မေးကြည့်ဖို့ ဘယ်တုန်းကမှ သတိမရခဲ့ပါ။
အဝေးကြည့်မှန်ပြောင်း ဝတ္ထုကို ရေးဖို့ စိတ်ကူးရလာမည့် နေ့တွင်တော့ မှတ်မှတ်ရရ အမေ့ကို မေးမိပါသည်။ အသုဘရဲ့ ဝိညာဉ်က ကိုယ့်ဆီလာ၍ ကပ်ငြိပူးဝင်တော့မလိုလို၊ မိမိ၏ လိပ်ပြာကပဲ အသုဘနောက်သို့ ပါသွားတော့ မ လိုလို၊ သိပ်မသေချာသော အကြောင်းပြချက်ကိုသာ ရခဲ့သည်။ သို့သော် ထိုအကြောင်းပြချက်ကလေးသည်ပင် ဆာရီ ယယ်လစ်ဇင် (Surrealism) ကို အလွန် စိတ်ဝင်စားသော ကျွန်မအတွက် တန်ဖိုးမဖြတ်နိုင်သော အာရုံဝင်စားခြင်း တစ်ခု ဖြစ်ခဲ့ပါသည်။
ဤနေရာတွင် အလျဉ်းသင့်၍ ဆရာဇော်ဂျီ ဘာသာပြန်သော “ပလေတိုးနိဒါန်း”မှ ဆော့ခရတ္တိ ပြောစကား တစ်ခုကို ဖော်ပြ ပါရစေ။
ဆော့ခရတ္တိ၏ ကဗျာ့သဘော အယူအဆခေါင်းစဉ်အောက်တွင် အောက်ပါအတိုင်း ဆိုထား၏။
‘အစပ်အဆိုကောင်းသော စာဆိုတို့သည် မိမိတို့၏ ကဗျာကောင်းများကို အတတ်ပညာ နည်းနာတို့ ဖြင့် အစပ်အဆိုပြုကြ သည် မဟုတ်။ အပူးအဝင်ခံကြရ၍ စိတ်တက်ကြွမှု ဖြစ်လာခြင်းဖြင့် စပ်ဆိုကြခြင်း ဖြစ် သည်။ ခေါရိဗင့်နတ်ဝင်သည်တို့သည် နတ်ပွဲများ ၌ အပူးအဝင်ခံကြရသောအခါ ကလား၊ ခုန်လား၊ အော်လား၊ ဟစ်လား ပြုကြသည်။ ထိုအခါ သူတို့၏စိတ်သည် နဂိုစိတ် မဟုတ်ပြီ။ ထို နည်းတူစွာ စာဆိုတို့၏ စိတ်သည် လည်း စာဆိုနေသောအခိုက်၌ လည်းကောင်း၊ သုတိသာယာ သဒ္ဒါကာရန်တို့ အစွမ်းကြောင့် အပူးအဝင် ခံကြ ရ၍ စိတ်တက်ကြွခြင်း ဖြစ်နေသော အခိုက်၌ လည်းကောင်း နဂိုစိတ်အခြေ၌ မရှိပြီ။’
(Inspiration) နှင့် ပတ်သက်၍ စာဖတ်ပရိသတ် မကြိုက်ဆုံး ဝတ္ထုတိုတစ်ပုဒ်အကြောင်း ပြောချင်ပါသေး သည်။ ၎င်းဝတ္ထုမှာ သူမ၏မိုး ဖြစ်သည်။
သူမ၏မိုး ဝတ္ထု မဂ္ဂဇင်းတွင် ဖော်ပြခံရပြီး မကြာမီပင် အလွန်ရင်းနှီးချစ်ခင်သော မိတ်ဆွေတစ်ဦးက သူ ဖတ်ဖူး သော နိုင်ငံခြား ဘာသာပြန် ဝတ္ထုတစ်ပုဒ်နှင့် ဆင်တူသည်ဟု ကျွန်မကို ထိုဝတ္ထုလာ၍ ပြပါသည်။ ဒီလန်တောမတ်(စ်) ၏ ပန်းဖော်အင်္ကျီဟု ထင်ပါသည်။ ကျွန်မ အံ့သြစွာ ထိုဝတ္ထုကို ဖတ်ကြည့်သည်။ အနည်းငယ်ဆင်တူကြောင်း ကျွန်မ မငြင်းသာပါ။
သို့သော် သူမ၏မိုး ဝတ္ထုသည် ဒီလန်သောမတ်(စ်)၏ ဝတ္ထုကို မဖတ်မူးမီက ကျွန်မ ရေးခဲ့ခြင်းသာ ဖြစ်သည်။ သူမ၏မိုး ဖြစ်ပေါ်လာဖို့ အာရုံဝင်စားခြင်း နှစ်မျိုးရှိ၏။ တစ်ခုမှာ (Conrad Aiken) ရေးသားသော (Silent snow, Secret snow) ဝတ္ထုမှရပြီး နောက်တစ်ခုမှာ မေမြို့သို့ ကျွန်မ ခေတ္တသွားရောက်စဉ်က ရရှိပါသည်။ ကျွန်မ ရောက်သွား ချိန်မှာ ဒီဇင်ဘာလ ဖြစ်ပြီး ဆောင်းရာသီတွင် မိုးရွာသည်ကို ကံကောင်းထောက်မစွာ ကြုံခဲ့ရပါသည်။ ရာသီဥတု အလွန် အေးသောကြောင့် ဧည့်ခန်းရှိ မီးလင်းဖိုတွင် မီးဖိုထားကြရပါသည်။ မီးလင်းဖိုရှေ့မှာ ထိုင်ရင်း၊ ဖျန်းပက်သော မိုးသံကို နားထောင်ရင်း ကျွန်မအာရုံထဲတွင် ဟိုရှေး ကာလက ဖတ်ဖူးထားခဲ့သော (Silent snow, Secret snow) ဝတ္ထုကို ပြန် လည် မြင်ယောင်လာသည်။ ထိုဝတ္ထုတွင် အဖေနှင့် အမေကြောင့် စိတ်ဒဏ်ရာရနေသော ကျောင်းသားအရွယ် ကလေး သူငယ်တစ်ယောက်သည် ပတ်ဝန်းကျင်တွင် တကယ် မရှိသော နှင်းများကို တစ်ချိန်လုံး မြင်တွေ့ ခံစားနေရကြောင်း ဖွဲ့ နွဲ့ရေးပြထားသည်။ တခြားလူများ နှင်းကို မမြင်ရ၊ မခံစား ရသော တောက်ပသည့် နေရောင်ခြည်အောက်တွင် ဖြစ်စေ၊ ညအမှောင်အောက်တွင် ဖြစ်စေ လူငယ်ကလေးပေါလ်သည် နှင်းထု၏ ခြိမ်းခြောက်မှု၊ အေးစက်မှုဒဏ်ကို ခံနေရသည်။
ထိုဝတ္ထု၏ နောက်ဆုံးအခန်းတွင် (ကျွန်မ မှတ်မိသလောက်ဆိုလျှင်) ပေါလ်၏ အိပ်ခန်းအတွင်းသို့ ဝင်ရောက် လာသော (ဝင်ရောက်လာသည်ဟု သူထင်သော) နှင်းထုသည် ကခုန်လျက်ရှိသည်။ တစ်ချိန်တွင် ကြမ်းပြင်အထိ ကျုံ့ ဝင်ပိပြားသွားပြီး နောက် တစ်ချိန်တွင် မျက်နှာကြက်သို့ ရေပန်းသဖွယ် ရောက်သွားပြန်သည်။ ထို့နောက် ယိမ်းယိုင် ကွေးညွှတ်လာလျက် ရယ်မော လာသော နှင်းလွှာအထပ်များဖြင့် နဂိုအတိုင်း ပြန်လည် ဖြည့်စွက်လိုက်ကြပြန်သည်။
ဆေးဘက်ဆိုင်ရာ စိတ်ပညာအလိုအရ ထင်ယောင်ထင်မှား ဖြစ်မှု (Hallucination) နှင့် မှားယွင်းစွာ ကောက် ချက်ချမှု (Mis interpretation) ဟူ၍ ရှိကြောင်း အများသိကြပြီး ဖြစ်ပါလိမ့်မည်။ (Hallucination) ဖြစ်ပေါ်နေချိန်တွင် သိစိတ် (Conscious mind) မရှိတော့ဘဲ မသိစိတ် (Sub-conscious mind) သာ လူကို လွှမ်းမိုး အနိုင်ရသွားလေ့ ရှိပါ သည်။
ထိုဝတ္ထုမှ ကျွန်မရသော (Inspiration) မှာ နှင်းများကို မြင်နေရသည်ဟု ထင်ယောင်ထင်မှား ဖြစ်နေသော အ ချက် တစ်ခုသာဖြစ်၏။ ကျွန်မသည် နှင်းအစား မိုးကိုဖွဲ့ပြီး ဝတ္ထုရေးခဲ့ပါသည်။ မိုးတစ်ညတွင် ဖြစ်ပျက်ခဲ့သော အ ကြောင်းအရာကို လည်းကောင်း၊ မိုးတကယ်မရွာဘဲ ရွာသည်ဟု ထင်ယောင်ထင်မှား ဖြစ်နေသော အမျိုးသမီး၏ စိတ် လှုပ်ရှားမှု (Emotion) ကိုလည်းကောင်း စိတ်ကူးဖြင့် ဖန်တီးခံစားယူခြင်း ဖြစ်ပါသည်။
*
လူသည် လွတ်လပ်စွာ ဖန်တီးနိုင်စွမ်းရှိသည်။ လွတ်လပ်စွာ ဆုံးဖြတ်နိုင်စွမ်း ရှိသည်။ ထိုသို့ ဆုံးဖြတ်နိုင်စွမ်းရှိ သည်နှင့်အမျှ လူ၌ မိမိလွတ်လပ်စွာ ဆုံးဖြတ်ပြုမူလိုက်သည့် အပြုအမူနှင့် ပတ်သက်၍ တာဝန်လည်း ရှိသည်။
ဝတ္ထုတစ်ပုဒ်ရေးပြီးလျှင်လည်း ထိုဝတ္ထုမှ ဖော်ပြသော အကြောင်းအရာ အချက်အလက်တိုင်းအတွက် စာရေး သူတွင် တာဝန်ရှိ သည်။ စိတ်မှတ်မထင် ရေးလိုက်မိသည်ဖြစ်စေ၊ အမှတ်ထင်ထင် ရေးလိုက်မိသည် ဖြစ်စေ ဝတ္ထုထဲမှ စာကြောင်း တစ်ကြောင်းချင်း အတွက် စာရေးသူတွင် တာဝန်ရှိပါသည်။
ကျွန်မ ရေးခဲ့သမျှသော ဝတ္ထုများ၏ စကားလုံးတိုင်းအတွက်လည်း ကျွန်မမှာ တာဝန်ရှိကြောင်း ဝန်ခံပါသည်။
ကျွန်မ၏စာများသည် အဆိပ်အတောက် အမျိုးအစားတွင် ပါဝင်ကြောင်း၊ ဘယ်တော့မျှ မဖတ်သင့်ကြောင်း တားမြစ်အကြံပြုကြ သူ အများအပြားကိုလည်း စာပေ အနုပညာနှင့် စပ်လျဉ်း၍ လွတ်လပ်မှုကို အထူးမြတ်နိုး တန်ဖိုး ထားသော ကျွန်မအနေနှင့် လွတ်လပ်စွာ ထင်မြင်ခွင့် အပြည့်အဝ ပေးအပ်ထားပါသည်။
ကျွန်မ၏စာများ အဆိပ်ရှိမရှိ ဆက်လက်ဖတ်ရှုဖို့၊ သင့်မသင့် ချင့်ချိန်ဝေဖန်ဖို့မှာ ဝေဖန်ရေးဆရာများ၏အလုပ်သာ ဖြစ်ပါသည်။ အာရုံဝင်စားမှုကို အခြေခံလျက် အနုပညာမြောက်သော စာကို ရေးဖွဲ့တင်ပြခြင်းသည် ကျွန်မ အလုပ် ဖြစ်ပါသည်။
ပြောမည်ဆိုလျှင် ပြောစရာ ရှိနေသည်မှာ အမှန်တရားအကြောင်း ဖြစ်သည်။
အမှန်တရားဆိုတာ မျိုချဖို့ တော်တော် မပြေပြစ်သော ဆေးခါးကြီးတစ်ခွက်ပဲ မဟုတ်ဘူးလား။ ထို့ကြောင့် လည်း အများတကာက သကြားအုပ်ထားကြလေ့ ရှိပါသည်။
ကျွန်မဘဝတွင် အသေချာဆုံး တစ်ခုကတော့ ကျွန်မသည် စာဖတ်ပရိသတ်ကို ဘယ်တုန်းကမှ မညာခဲ့ဖူးခြင်းပင် ဖြစ်ပါသည်။
ဂျူး
(စာပေဂျာနယ်၊ အမှတ်(၅)၊ ဇွန်လ၊ ၁၉၈၉)
***********************************************
Admin မှတ်ချက်
ယခုဆောင်းပါးလေးသည် ဆရာမ ဂျူး၏ ပထမဆုံးရေးသားခဲ့သော ဆောင်းပါးလေး ဖြစ်သည်။ ဆရာမ၏ ပထမဆုံး ဝတ္ထုတိုဖြစ်သော “ရာဇဝင်ထဲမှာ မောင့်ကိုထားရစ်ခဲ့” ဝတ္ထုတို ၁၉၇၉ ခုနှစ်ထုတ် မန္တလေးဆေးတက္ကသိုလ် နှစ်လည် မဂ္ဂဇင်းတွင် ပါဝင်ခဲ့ပြီး ဆယ်နှစ်အကြာ ၁၉၈၉ ခုနှစ်တွင်မှ ဆရာမသည် ဆောင်းပါးအနေဖြင့် ပထမဆုံး ရေး သားခဲ့သော ဆောင်းပါးဖြစ်သည်။ ၂၀၁၀ခုနှစ်၊ ဇူလိုင်လထုတ် မြန်မာသစ် ရသစုံမဂ္ဂဇင်းတွင် ပါဝင်သော ဆရာမ၏ “ဘယ်သူက ကျွန်မလဲ” အက်ဆေးတွင် ဆရာမက ယခုဆောင်းပါးလေးသည် ဆရာမ၏ ပထမဆုံး ဆောင်းပါး ဖြစ် ကြောင်း ရေးသားခဲ့သည်။ ထို“ဘယ်သူက ကျွန်မလဲ” အက်ဆေး ကိုလည်း ကျွန်တော်တို့ Page မှ တစ်ဆင့် Fansများ ကို မျှဝေပြီးဖြစ်သည်။
ယခုဆောင်းပါးတွင် ဆရာမက သူရေးခဲ့သမျှထဲမှ အကြိုက်ဆုံးဝတ္ထုတိုမှာ “အဝေးကြည့်မှန်ပြောင်း” ဖြစ် ကြောင်း ရေးခဲ့သည်။ သို့သော် ထိုဆောင်းပါး ရေးသားခဲ့သောအချိန်နှင့် လက်ရှိသည် အချိန်များစွာ ကွာဟခဲ့ပြီး ဖြစ်သ လို ထိုနောက်ပိုင်းမှ လက်ရှိအချိန်အထိ ဆရာမသည် ဝတ္ထုတိုပေါင်းများစွာ ရေးသားလျက်ရှိသောကြောင့် ယခုအချိန် တွင် ဆရာမ အကြိုက်ဆုံး ဝတ္ထုတိုသည် “အဝေးကြည့် မှန်ပြောင်း” ဝတ္ထုတို ဖြစ်ချင်မှ ဖြစ်တော့မည်ဟု ကျွန်တော် ယူဆပါသည်။ ယခုအထိ အကြိုက်ဆုံး ဖြစ်ချင်လည်း ဖြစ်ပေ လိမ့်မည်။
ယခုဆောင်းပါး၏ အဆုံးသတ်စာပိုဒ်များသည် ထိုဆောင်းပါးရေးသားသော ၁၉၈၉ ခုနှစ် တစ်ဝိုက်တွင် ဆရာမ ကြုံတွေ့နေ ရသော အခြေအနေနှင့် ထိုအခြေအနေအပေါ် ဆရာမ၏ အမြင်၊ ခံယူချက်၊ ဆုံးဖြတ်ချက်များကို ဆရာမက ဖော်ပြထားခြင်း ဖြစ်သည်။ အားလုံးကို အချိန်က အဆုံးအဖြတ်ပေးသွားခြင်း ဖြစ်သည်။ ပတ္တမြားမှန်ရင် နွံမနစ် ဆို သော ဆိုရိုးစကားအတိုင်း ယခုအချိန်တွင်တော့ ဆရာမဂျူးသည် ကျွန်တော်တို့ မြန်မာစာပေလောကတွင် ချန်ထားခဲ့ ၍ မရသောသူ ဖြစ်နေပြီဟု ကျွန်တော် ယူဆပါသည်။ ထိုကဲ့သို့ ယူဆချက်မှာ ကျွန်တော်တစ်ဦးတည်း၏ ထင်မြင်ယူဆချက် ဖြစ်ပြီး လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။
ဆရာမ၏ ပထမဆုံးဆောင်းပါးလေးကို ဖတ်ရှုပြီး အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ကျွန်တော်တို့ Admin Team မှ ဆုတောင်းပေးလိုက်ပါသည်။
(One of Admins)
ဆရာမဂျူး၏ “ဘယ်သူက ကျွန်မလဲ” အက်ဆေးကို အောက်ပါ Link ကို Click နှိပ်ပြီး ဖတ်ရှုနိုင်ပါသည်။
https://www.facebook.com/note.php?note_id=139600316079866
0 comments:
Post a Comment