Monday, June 13, 2011

ကျွန်တော့်ဘဝရဲ့ အမှတ်တရတစ်ခု


အချိန်က ခွင့်ရလို့ အိမ်ပြန်ရန် ၂ ရက်ခန့်အလို။ အိမ်ကို ဘယ်နေ့ ဘယ်ရက်ရောက်မည့်အကြောင်း ကျွန်တော် အဖေ့ဆီကို ဖုန်းဆက်ပါတယ်။ အဲဒီမှာ အဖေက ပြောပါတယ်။ သား နေဦးကွ၊ ဒါဆိုရင် အဖေနဲ့ မင်းအဖွား မန်းလေးလာဖို့ရှိတယ်။ အဲရက်ပိုင်းပဲကွ။ မင်းအဖွားဆေးပြရင်းကွာ၊ အဖေလည်း လည်ပင်းက အကျိတ်လေး ခွဲချင်လို့။ ဘာမှတော့ မဟုတ်ပါဘူးကွာ။ အဲဒါ သား အဖေ့တို့ဆီလာခဲ့ကွာ။ ပြီးမှ အိမ်အတူပြန်ကြတာပေါ့။ မန်းလေးရောက်ရင် အဖေ့ဆီဖုန်းဆက်ကွာ တဲ့။ အဖွားက အဆုတ်ကင်ဆာနဲ့ တစ်လတစ်ခါ (ဒီထက်လည်း ရက်စိပ်နိုင်ပါတယ်) ဆေးပြနေရတာပါ။ အဖေ့လည်ပင်းက အကျိတ်ဆိုတာကတော့ ကျွန်တော် မသိပါဘူး။ အဖေက ဘာမှမဟုတ်ပါဘူးလို့ ပြောလို့ ကျွန်တော်လည်း စိတ်ပူပေမယ့် ဆက်မမေးဖြစ်ပါဘူး။ အဖေနဲ့တွေ့ရင် သိရမှာပေါ့လို့ တွေးပါတယ်။ အဖေက စကားနည်းပေမယ့် လိုအပ်ရင်တော့ ပြောတယ်ဆိုတာ ကျွန်တော်သိထားတာလည်းပါ ပါတယ်။ 
အဲလိုနဲ့ ကျွန်တော် မန်းလေးရောက်တော့ ဖုန်းဆက်ပါတယ်။ အဖေက ခု ဆေးခန်းရောက်နေပြီကွ၊ ခဏနေ ဆရာဝန်လာရင် ခွဲတော့မှာ။ ဝင်းကြိုင် (အဖေ့ အကိုဝမ်းကွဲပါ၊ မွေးတာရက်ပိုင်းပဲကွာကြတော့ တစ်ယောက်နဲ့ တစ်ယောက် နာမည်တွေပဲ ခေါ်ကြပါတယ်) ပါတယ် တဲ့။ ကျွန်တော်က ခွဲတာကလည်း မြန်လိုက်တာ၊ သားက မနက်ဖြန်လောက်မှ အစောဆုံးခွဲဖြစ်မယ်ထင်နေတာ လို့ ပြောတော့။ အေးကွာ ဆရာဝန်အဆင်ပြေတဲ့ရက် ခွဲရတာမို့ကွ လို့ ပြောပါတယ်။ ဒါဆို သား လာခဲ့မယ်ဆိုပြီး ဆေးခန်းကို ကျွန်တော်သွားပါတယ်။ ကျွန်တော်ရောက်သွားတော့ အဖေက ခွဲခန်းထဲရောက်နေပါပြီ။ ဦးဝင်းကြုင်ကို ကျွန်တော်သိချင်နေတဲ့ အဖေ့အကျိတ်အကြောင်းမေးပါတယ်။ 
ဒီလိုကွာ မင်းအဖွား အကျိတ်ခွဲတော့ ကင်ဆာကြောင့်ဖြစ်တဲ့ အကျိတ်ဖြစ်နေတယ်လေကွာ။ အဲဒါ မင်းအဖေက စိုးရိမ်တယ်နဲ့တူပါတယ်။ မောင်ထွေး (အဖေတို့ ဦးဝင်းကြိုင်တို့ရဲ့ သူငယ်ချင်းဆရာဝန်ပါ) ကတော့ မဖြစ်နိုင်ဘူးလို့ ပြောတယ်တဲ့။ မင်းအဖေက ခွဲချင်နေတော့၊ သံသယကင်းသွားအောင် မောင်ထွေးက ကဲဒါဆို မင်းအမေသွားပြရင်း တခါတည်းခွဲပြီး စစ်ခဲ့ကွာလို့ ပြောတယ်တဲ့။ အဲဒါခု ခွဲနေတာဗျား လို့ ရှင်းပြပါတယ်။ နောက်တဆက်တည်း ငါတို့ ၂ ယောက် ဂျစ်ကားနဲ့လာတာ ခွဲပြီးတာနဲ့ ငါ့အိမ်ပြန်မှာ။ ဆရာဝန်ကြီးက ခွဲပြီးလို့ ခဏနားပြီးရင် ပြန်လို့ရတယ် ပြောတယ်။ မင်းအဖွားလည်း ငါ့အိမ်မှာ လို့ ပြောပါတယ်။   အဲလိုနဲ့ အဖေခွဲခန်းကနေ ထွက်လာပါတယ်။ ဆရာဝန်ကြီးက လူနာမူးနေဦးမယ်၊ ခဏနေ အမူးပြေမှ ပြန်ကြပေါ့ လို့ ပြောပါတယ်။ အဖေကလည်း မူးလို့ သံပရာရည်သောက်ချင်တယ်ပြောလို့ ကျွန်တော်တိုက်ပါတယ်။ ခဏနားပါတယ်။ နောက် အဖေက မူးသေးတယ်ကွ၊ ငါ ဒီည ဒီမှာပဲ အိပ်လိုက်မယ်ကွာ၊ မင်းအိမ်က ကလေးတွေနဲ့ဆိုတော့ ငါ အေးအေးနားရမှာ မဟုတ်ဘူး လို့ ဦးဝင်းကြိုင်ကို ပြောပါတယ်။ ဦးဝင်းကြိုင်ကလည်း အေး အဲလိုလည်းရတာပဲ၊ မင့်သား ကိုငယ်လည်း ရှိနေတာပဲ လို့ ပြောပါတယ် (ကျွန်တော့် အိမ်နာမည် ကိုငယ်ပါ)။ အဲလိုနဲ့ ဆေးခန်းမှာ အခန်းတစ်ခန်းယူလိုက်ပါတယ်။ ကျွန်တော် က လူနာစောင့်ပေါ့။ အဖေက မူးလို့ဆိုပြီး မှိန်းနေတာများပါတယ်။ အစားလည်း နည်းနည်းပဲ စားပါတယ်။ ကျွန်တော် အခန်းထဲမှာ ထမင်းစားတော့ အဖေက သား ဟင်းနံ့တွေ အဖေမခံနိုင်ဘူးကွာ ဆိုလို့ ကျွန်တော် အပြင်ထွက်စားရပါတယ်။ မနက်ရောက်လို့ တာဝန်ကျ ဆရာဝန် လာစစ်တော့ အဖေက မူးသေးတဲ့အကြောင်းပြောပါတယ်။ ဆရာဝန်က မနေ့ညနေက ခွဲပြီး အိမ်ပြန်မယ်ဆိုတဲ့ လူနာမဟုတ်လား၊ တော်သေးတာပေါ့ မပြန်ဖြစ်လို့ တဲ့။ သွေးပေါင်ကျတယ်လို့ သိရပါတယ်။ ဆေးပုလင်းချိတ်တယ်ထင်ပါတယ် (ကျွန်တော် သေချာမမှတ်မိတော့ပါ)။ နောက် ခဏနေတော့ အဖေ့ကိုခွဲပေးတဲ့ ဆရာဝန်ကြီးရောက်လာပါတယ်။ စစ်ဆေးပြီး လိုအပ်တဲ့ ဆေးတွေပေးဖို့ တာဝန်ကျ ဆရာဝန်ကို ညွှန်ကြားသွားပါတယ်။ သူနာပြုတစ်ယောက်နဲ့ တာဝန်ကျဆရာဝန်နဲ့ အချိန်အလိုက် ဆေးပုလင်းတွေ ချိတ်နေပါတယ်။ အဖေက အမူးပြေပုံမရပါဘူး။ အစာလည်း နည်းနည်းပဲစားပါတယ်။ အဖေက အမူးမပြေသေးတဲ့အကြောင်းပြောတော့ ခဏနေရင် ကောင်းသွားမှာပါ၊ 
ဆရာကြီးပေးခဲ့တဲ့ ဆေးတွေကို ချိတ်နေပါတယ်၊ ညနေကျရင် ဆရာကြီး လာမှာပါ လို့ သူနာပြုကပြောပါတယ်။ ကျွန်တော်ထင်ပါတယ် အဖေ့အခြေအနေကို တာဝန်ကျဆရာဝန်ကနေတဆင့် ဆရာဝန်ကြီးဆီကို တင်ပြပါတယ်။ ဆရာဝန်ကြီးကလည်း ဘာလုပ် ဘာလုပ် ညွှန်ကြားနေတယ်ထင်ပါတယ်။ ဒီလိုနဲ့ ညနေရောက်တော့ ဆရာဝန်ကြီးနဲ့ မေ့ဆေးဆရာမကြီး ရောက်လာပါတယ် (ခွဲတုန်းက မေ့ဆေးပေးသလား၊ ထုံဆေးပေးသလား ကျွန်တော်မမှတ်မိတော့ပါ)။ စစ်ဆေးပြီး လိုအပ်တဲ့ဆေးတွေ ချိတ်ပါတယ်။ ထူးမလာပါဘူး။ နောက် ဆရာဝန်ကြီး တစ်ယောက် ထပ်ရောက်လာပါတယ်။ ခွဲစိတ်ဆရာဝန်ကြီးက ခေါ်လိုက်တယ်ထင်ပါတယ်။ တိုင်ပင်ပြီး ဆေးတွေ ဆက်ချိတ်ပါတယ်။ အခြေအနေကောင်းလာပါတယ်။ နောက်မှရောက်လာတဲ့ ဆရာဝန်ကြီး ပြန်သွားပါတယ်။ ကျန်ခဲ့တဲ့ ဆရာဝန်ကြီးနဲ့ ဆရာဝန်မကြီးလည်း ရယ်နိုင်ပြုံးနိုင်လာပါတယ်။ မကြာပါ၊ ခဏနေတော့ သွေးပေါင်ပြန်ကျပါတယ်။ ပြန်သွားတဲ့ ဆရာဝန်ကြီး အိမ်နေရင်း အဝတ်အစားနဲ့ ပြန်ရောက်လာပါတယ်။ ၃ ယောက်တိုင်ပင်ကြပါတယ်။ မေ့ဆေးဆရာဝန်မကြီး ဆေးရုံကြီးကို ဖုန်းဆက်ပါတယ်။ ကျောက်ကပ်ဆေးဖို့ နေရာတစ်နေရာ ရမရ မေးတယ်ထင်ပါတယ်။ ခုလေးတင် ဗွီအိုင်ပီ တစ်နေရာယူသွားလို့ ပြည့်သွားတဲ့အတွက် မရတော့ကြောင်း ဆရာဝန်ကြီးတွေ အချင်းချင်းပြောနေသံ ကျွန်တော်ကြားပါတယ်။ ကျွန်တော် အခြေအနေကို သိလိုက်ပါပြီ။ ဒီဘဝ အဖေ့ကံ ကုန်ပြီဆိုတာပါ။ ဆရာဝန်မကြီးလည်း မျက်ရည်စို့နေပါပြီ။ ကျွန်တော်က အဖေ့ကို လိုအပ်တာမှန်သမျှ ပြုစုပေးနေတာ မြင်တာကြောင့်များလား မသိပါဘူး။ အဲဒီအချိန် လူနာရှင်ဆိုလို့ ကျွန်တော် တစ်ယောက်တည်း အနားမှာရှိပါတယ်။ ဦးဝင်းကြိုင်က အခန်းပြင်ထွက်ပြီး ညောင်ဦးက အမျိုးတွေဆီ ဖုန်းဆက်နေပါတယ်။ အမေ့ကို တဖက်လှည့်နဲ့ ခေါ်ဖို့ပါ။ ဆရာဝန်ကြီးတွေ တိုင်ပင်ပြီး ကုနေချိန်မှာကတည်းက ကျွန်တော်နဲ့ ဦးဝင်းကြိုင် ရိပ်မိနေပါတယ်။ အဲတော့ ကျွန်တော်တို့ တိုင်ပင်ပြီး ဦးဝင်ကြိုင် အမေ့ကိုခေါ်ဖို့ လုပ်နေခြင်းပါ။ သူ့သား နေမကောင်းသေးလို့ ညနေကတည်းက ရောက်နေတဲ့ အဖွားကိုလည်း အခန်းပြင်မှာ အေးအေးဆေးဆေး သက်တောင့် သက်သာနေဖို့ ကျွန်တော်ပြောထားပါတယ်။ ရောဂါသည်ဖြစ်လို့ပါ။ နောက်ပြီး အဖွားလည်း ရိပ်မိပုံပေါ်ပြီး ဘုရားစာတွေ တတွတ်တွတ်ရွတ်နေလို့ အဖေကြားခဲ့ရင် စိတ်လျှော့သွားမှာစိုးတာရယ်၊ ဆရာဝန်ကြီးတွေ သက်တောင့်သက်သာဖြစ်ဖို့ရယ်ကြောင့်ပါ။ တခဏလေး အတွင်းမှာပဲ ကျွန်တော် လုပ်စရာတွေ များသွားပါတယ်။ မဖြစ်နိုင်တော့ဘူးလို့ သိလိုက်ရတဲ့အချိန်မှာပါ။ ဆရာဝန်မကြီး အခန်းပြင်ခဏထွက်တော့ ကျွန်တော်လိုက်မေးပါတယ်။ ဆရာမကြီး အဖေ့အခြေအနေ မကောင်းတော့ဘူး မဟုတ်လား။ အဖေက စိတ်ကြီးတယ်။ သူ့ကိုယ်သူ သိချင်မှ သိမှာ။ ကျွန်တော် တစ်ခုခုပြောမှ ဖြစ်မယ်ထင်တယ် ပြောတော့။ သား ပြောကြည့်လေ တဲ့။ ဆရာမကြီး အတော်စိတ်မကောင်းဖြစ်နေတာ သိသာလှပါတယ်။ ကျွန်တော် ဖုန်းဆက်နေတဲ့ဦးဝင်းကြိုင်ကို အမေ့ကို မခေါ်တော့ဖို့ ပြောပါတယ်။ ဆေးခန်းရောက်ဖို့ ၈ နာရီကားစီးလာရမှာမို့ မမှီနိုင်တော့လို့ပါ။ အဖေ့ဆီပြန်သွားပါတယ်။ အဖေက အောက်ဆီဂျင်ပေးနေရပါပြီ။ အဖေ့ကို ကျွန်တော်ပြောပါတယ်။ အဖေ အခုမောနေတာ စိတ်နဲ့လည်း ဆိုင်တယ်၊ အဖေ တရားထိုင်၊ ပုတီးစိတ်နေတာပဲ စိတ်လေးငြိမ်အောင်ထားပါ။ အဖေ သက်သာသွားပါလိမ့်မယ် လို့ တဖက်လှည့်နဲ့ ပြောပါတယ် (ကျွန်တော် ပြောသာနေရတယ် ကျွန်တော့် မသိစိတ်မှာ အဖေ သေမယ်ကို မထင်ဘူးဗျာ၊ ငါ့အဖေ မသေနိုင်ပါဘူးပေါ့)။ ကျွန်တော် ပါးစပ်ကလည်းပြော အဖေ့လက်ကိုလည်း ဆုပ်ထားပါတယ်။ အဖေ့ဆီက ရှုးရှုးရှဲရှဲအသံတွေ တဖြည်းဖြည်း တိုးသွားပါတယ်။ လက်ကလေးကတော့ နွေးတုန်းပါ။ ကျွန်တော် စိတ်အေးသွားပါတယ်။ အဲအချိန်မှာ ခွဲစိတ်ဆရာဝန်ကြီးရယ်၊ သူနာပြုဆရာမရယ်၊ အလုပ်သင်ဆရာဝန်မလေးလို့ထင်ရတဲ့ တစ်ယောက်ရယ်ပဲရှိပါတယ် (သူက ဆရာဝန်မကြီးနဲ့ ပါလာတယ်ထင်ပါတယ်။ ဆရာဝန်ကြီးတွေ လုပ်တာကိုင်တာကို သေချာလိုက်မှတ်နေပါတယ်)။ ခဏနေတော့ ကျွန်တော်ဆုပ်ထားတဲ့ အဖေ့လက်နွေးလေးက ဖြုတ်ဆို အေးသွားပါတယ်။ သွေးဆုတ်ပြီလို့ ကျွန်တော်ထင်လိုက်လို့ အဖေ့ခြေထောက်ကို ချက်ချင်းပွေ့ကြည့်လိုက်တော့ လားလား အတောင့်ကြီးဗျာ။ ဟုတ်ပါတယ်၊ အဖေဆုံးပါပြီ။ အလုပ်သင်ဆရာဝန်မလေးနဲ့ သူနာပြုဆရာမတို့ မျက်လုံးကို ဓါတ်မီးနဲ့ တလှည့်စီ ထိုးကြည့်နေပါတယ်။ ဆရာဝန်ကြီးလည်း အခန်းထဲက ထွက်သွားပါတယ်။   ကျွန်တော် စိတ်ကိုငြိမ်အောင် ထိန်းပါတယ်။ ပြီးတော့ အခန်းပြင်မှာ သားအတွက် ဘုရားစာရွတ်နေတဲ့ အဖွားကို ဖွားဖွား အဖေဆုံးပြီ၊ သားပြောမယ် ဖွားဖွားစိတ်ထိန်း၊ ဖွားဖွားလည်း တရားတွေလုပ်နေတာပဲ၊ ဆုံးတဲ့သူလည်း ဆုံးပြီ။ သား နောက်ထပ် ဖွားဖွားတစ်ခုခု ဖြစ်တာ မမြင်ချင်ဘူး။ ကျွန်တော် တရစပ်ပြောလိုက်တာပါ။ ဟုတ်ပါတယ် ကျွန်တော် ဒီအချိန်မှာ စက်ရုပ်တစ်ရုပ်လို ဖြစ်နေပါပြီ။ ကော်ရစ်တာမှာ လူရှင်းနေပါတယ်။ မီးလည်း မှိန်နေပါတယ်။ အဲအခြေအနေကို ကျွန်တော် မကြိုက်ပါဘူး။ တခုခုဖြစ်မှာစိုးလို့ အဖွားကို ဒီနေရာက ခေါ်သွားချင်ပါတယ်။ အဖွားက အဖေ့အခန်းထဲကို ဝင်ပါတယ်။ စောနက သားအတွက် အပူကြီးပူပြီး ဘုရားစာရွတ်နေတဲ့ အဖွားက ခုတော့ သူမဟုတ်တော့သလိုပါပဲ။ အဖေ့ကို ပုဆိုးလဲပေး နေပါပြီ။ အဖွားကို သူနာပြုဆရာမနဲ့ ထားခဲ့ပြီး ကျွန်တော် ဦးဝင်းကြိုင်ဆီ ထွက်လာပါတယ်။ ကျွန်တော်က ဆုံးပြီလို့ပြောတော့ သူက ညောင်ဦးက အမျိုးတွေကို အမေ့ကို နားဝင်အောင်ပြောပြီး ထိန်းထားဖို့ ဖုန်းဆက်ပါတယ်။ နောက်ပြီး ညတွင်းချင်းသယ်ဖို့ စီစဉ်မယ်ဆိုပြီး ထွက်သွားပါတယ်။ ကျွန်တော် အခန်းပြန်ပြီး အဖွားနဲ့ သိမ်းစရာရှိတာ သိမ်းပါတယ်။ အဖွားက ထမင်းကျွေးလို့ ဝင်သလောက်စားပါတယ်။ ခဏနေတော့ ဆေးထိုးမယ့်သူလာပါတယ်။ အထားခံအောင် ပေါင်ထဲက အကြောထုတ်ပြီး  ဆေးထိုးတာပါ။ ပြန်ချုပ်ပြီးသည်အထိ ကျွန်တော်ဘေးကနေကြည့်နေပါတယ်။ ဘေးမှာ ကိုယ်ရှိနေတော့ ပြီးစလွယ်မလုပ်မိအောင်ပါ (သူ့ဆီက အရက်နံ့ရနေပါတယ်)။ ဦးဝင်းကြိုင် သယ်ဖို့ကားငှားလာပါတယ်။ ကျွန်တော်တို့ ဆေးခန်းကနေ ဆေးရုံကြီးရဲ့ မြောက်ဖက်ကပ်လျက် လမ်းကြားလေးဆီကို ရွှေ့ပါတယ် (ရင်ခွဲရုံနားထင်ပါတယ်၊ ဆေးရုံကြီးထဲကိုဝင်တဲ့ အပေါက်လေးရှိပါတယ်)။ ငှားလာတဲ့ကားပိုင်ရှင်က ဆေးရုံဝန်ထမ်းမိသားစုထဲက ထင်ပါတယ်။ ခရီးဝေးသွားဖို့ ကားဆီထည့်၊ ကားမောင်းသမားခေါ်ထားကြောင်းပြောပြီး သူ့အိမ် (ကျွန်တော့်အထင် ဝန်ထမ်းအိမ်ရာ) ပေါ်တက်သွားပါတယ်။ ဦးဝင်းကြိုင်နဲ့ အဖွားက ဦးဝင်းကြိုင်အိမ်သွားပါတယ်။ သတင်းပြောရင်း ပစ္စည်းသယ်ရင်းပါ။ အချိန်က မနက် ၃ နာရီ၊ ၃ နာရီခွဲလောက်ပါ။ တလမ်းလုံးမှ အဖေရယ်၊ ကျွန်တော်ရယ် ခွေးတွေရယ်ပဲ ရှိပါတယ်။  ခွေးတွေက သိတယ်ထင်ပါတယ်။ ကားနားရစ်သီရစ်သီလုပ်နေလို့ မတော် အဖေ့ဝင်ဆွဲနေမှာစိုးလို့ ကျွန်တော် အဖေ့နားကပ်ထိုင်ပါတယ်။ လူက ဒေါင်းနေပါပြီ။ ငါလုပ်စရာတွေ အများကြီးရှိသေးတယ်၊ ခဏလောက်တော့ မိန်းဦးမှပဲ လို့ တွေးပြီး ဆောင့်ကြောင့်ထိုင်ပြီး ငိုက်ပါတယ်။ မှေးခနဲ ခဏပျော်သွားပါတယ် (၅ မိနစ် ၁၀ မိနစ်လောက်ပဲထင်ပါတယ်)။ နိုးလာတော့ ကမ္ဘာပျက်ပါတယ်။ ခဏအနားရလိုက်တဲ့ ခေါင်းထဲကို အတွေးတွေ စုပြုံဝင်လာလို့ပါ။ အဖေဆုံးပြီ၊ ငါ့မှာ အဖေမရှိတော့ဘူး၊ အမေ့ကို ဘယ်လိုပြောမလဲ၊ အကိုကြီးနဲ့ ညီမလေးကိုရော၊ မိသားစုဘယ်လို ရှေ့ဆက်သွားမလဲ၊ ညီမလေးက ကျောင်းတက်တုန်း စတဲ့စတဲ့ အတွေးတွေ တပြုံတမကြီး တရစပ်ဝင်လာပါတယ်။ လူကိုရူးသွားသလားထင်ရပါတယ်။ ရူးမတတ်ပါ။ ကျွန်တော် ချက်ချင်း ကားအောက်ဆင်း မတ်တပ်ရပ်ပါတယ်။ စိတ်ထိန်းပါတယ်။ လူရှာပါတယ်။ ခပ်လှမ်းလှမ်းမှာ ကုလားထိုင်နဲ့ အိပ်နေတဲ့လူတွေရှိတာ သိလိုက်ပါတယ်။ စိတ်ငြိမ်သွားပါတယ်။ ကျွန်တော် ထပ်မမှိန်းရဲတော့ပါဘူး။ အဖွားတို့ပြန်လာ၊ ကားသမားလာတော့ ကျွန်တော်တို့ ညောင်ဦးကို ထွက်လာပါတယ်။   လမ်းမှာ ကျွန်တော်လုံးလုံး မငိုက်ရဲပါ။ မငိုက်တော့လည်း အတွေးကတော့ဝင်မြဲပါပဲ။ လုပ်စရာအလုပ် လက်တလောမရှိတာလည်း ပါပါလိမ့်မယ်။ ဒီတခါ အနှိပ်စက်ဆုံးအတွေးက မင်းကိုယုံတဲ့၊ မင်းကို အားကိုးတဲ့ မိသားစုကို မင်းက (အဖေ့)အလောင်းပဲ သယ်လာနိုင်သလားဆိုတဲ့ မေးခွန်းပါ။ (အဖေ ဆေးခန်းမှာတုန်းက အမေက ဖုန်းခဏတိုင်းဆက်ပါတယ်၊ လာရမလားပေါ့။ အဖေကလည်း လာစေချင်ဟန်မပြတော့ ကျွန်တော်က ရပါတယ် အမေ၊ ခဏနေ နေကောင်းသွားမှာပါလို့ပဲပြောပြီး မလာခိုင်းပါဘူး၊ တကယ်လည်း ကောင်းသွားမယ်ထင်ခဲ့ပါတယ်) အဲမေးခွန်းခေါင်းထဲဝင်တော့ ကျွန်တော်ဘယ်လိုမှ ဆောက်တည်ရာမရတော့ပါဘူး။ တချိန်လုံးထိန်းလာသမျှ မျက်ရည်လည်း ကျပါပြီ။ အသံမထွက် တိတ်တိတ်လေး မျက်ရည်ကျနေတဲ့ ကျွန်တော့်ကို ဦးဝင်းကြိုင်မြင်တော့ ဟေ့ကောင် ကိုငယ် မင်းမငိုနဲ့ ဒီကောင်ကိုက သေကံပါလို့ သေတာ၊ ငါ ဆေးခန်းလိုက်ပို့ပေးခဲ့တဲ့သူတွေ အများကြီး ဘယ်သူမှ အဲလိုမဖြစ်ဘူး၊ ဒီကောင်ကိုက သေချင်လို့သေတာ သေ သေ ဆိုပြီး ကားဘော်ဒီကို လက်သီးနဲ့ထိုးပြီး ငိုပါတယ်။ အဲတော့မှ ကျွန်တော် သတိဝင်ပါတယ်။ ဦးဝင်းကြိုင်ဆိုတာ စိတ်ကျန်းမာရေးကြောင့် အတော်ကုထားရတာပါ။ သူနောက်တစ်ကြိမ် ထပ်ဖြစ်သွားရင်ဆိုတဲ့ အတွေးက ကျွန်တော့်ကို လှုပ်နိုးပါတယ်။ အဲတော့မှ ကျွန်တော်က ခင်ဗျားလည်း ဘာမှမဖြစ်နဲ့၊ ကျွန်တော်လည်း ဘာမှမဖြစ်ဘူး ဆိုပြီး ပြန်အော်ပြောမှ သူလည်း သတိဝင်ပြီး ငြိမ်သွားပါတယ်။ ကျွန်တော်တို့ ၂ယောက် ခုလို နောက်မှာ ဖြစ်နေတာ အဖွားမသိလို့ တော်ပါသေးတယ်။ အဖွားကို သတိရလို့ ကြည့်လိုက်တော့ ရှေ့ခန်းမှာ ငြိမ်ငြိမ်သက်သက်ပါ။ ညောင်ဦးမြို့နား နီးလေ ဖုန်းတွေ တဂွမ်ဂွမ်လာလေပါပဲ။ အမျိုးတွေရဲ့ သတင်းအမေးတွေပါ။ ဘယ်နေ့ သဂြိုလ်မှာလဲပေါ့။ ကျွန်တော်က ဖြစ်နိုင်ရင် နေ့ချင်းကိစ္စပြီးချင်ကြောင်း၊ အမေ့ကိုတော့ မေးရဦးမှာ ဖြစ်တဲ့အကြောင်းပြောရပါတယ်။ သူတို့ကလည်း ရပ်ကွက်ကို မေတ္တာရပ်ခံထားလို့ အဝင်ခံတဲ့အကြောင်း၊ အမေ့ကို ထိန်းထားတဲ့အကြောင်း ပြောပါတယ်။ ဒီလိုနဲ့ ရပ်ကွက်ထဲဝင်ပြီး အိမ်ရှေ့ကို ကားဆိုက်ပါပြီ။ အမလေးဗျာ၊ ဘာပြောကောင်းမလဲ၊ ဒုတိယမိ ကမ္ဘာပျက်ပါပြီ။ တကယ့်ကို အမင်္ဂလာပါဗျာ။ ကျွန်တော် အမေ့ကို ဘယ်လိုမှ မကြည့်ရက်လို့ အဖေ့ကို နေရာတကျထားပြီးပြီးချင်း မျက်စောင်းထိုးက အမျိုးအိမ်ကို သုတ်ခြေတင်ပါတယ်။ နောက်က ဘယ်လိုဖြစ်တာလဲ ဘာညာ လိုက်မေးတဲ့ အမျိုးတွေကိုလည်း သေကံပါလို့သေတာ၊ အဖေ့ကံ ဒီလောက်ပဲပါလို့ ဆုံးတာ လို့ ကျွန်တော် စကားပြတ်ပြောပါတယ်။ သူတို့ကိုလည်း ကျွန်တော် နားလည်ပါတယ်။ အသွားတုန်းက အကောင်းကြီး၊ လူနာကမသေပဲ လူနာလိုက်ပို့တဲ့သူက သေတယ် (ကျွန်တော် အထက်ကပြောခဲ့သလို အဖွားကို ဆေးပြရင်း အဖေက အကျိတ်ခွဲတာပါ)၊ ဘာညာပေါ့။ ကျွန်တော် နားအေးချင်ပါပြီ။ မအေးနိုင်သေးပါဘူး။ ဦးထွေး (အဖေ့သူငယ်ချင်း ဆရာဝန်ပါ၊ အဖေ့ကို တားမရလို့ အေး မင်း ဒီလောက်မှ စစ်ချင်နေရင် သွားစစ်ကွာလို့လွှတ်လိုက်တဲ့သူပါ) က ရောက်ရင် လာခဲ့ပါဆိုလို့ ဆေးစာရွက်တွေ တထပ်ကြီးနဲ့ သွားရပါတယ်။ ဦးထွေးက ဓါတ်မှန်ကိုကြည့်ပြီး ဒီမှာ lung clear ၊ ဓါးနဲ့ ထိုးသတ်လိုက်သလို ဖြစ်သွားပြီ။ ငါပြောသားပဲ ဘာအကျိတ်မှ မဟုတ်လောက်ပါဘူး၊ မင်း သံသယဝင်နေတာပါလို့ ပြောတာ မင်းအဖေက လက်မခံဘူး၊ သံသယကင်းချင်တာတဲ့လေ၊ ကြည့်နေ result ထွက်လာရင် ဘာကျိတ်မှ မဟုတ်ဘူးဆိုတာပဲ ထွက်မှာ တဲ့။ ကျွန်တော် အဲ result ကို စိတ်လည်း မဝင်စားပါဘူး။ ခုထိလည်း မသိပါဘူး။ ဦးဝင်းကြိုင်ကတော့ ငါ result ကို သွားကိုထုတ်ဦးမှာတဲ့လေ..           ကျွန်တော် ခုလို စာရှည်ရေးနေရတာ ကျွန်တော်ကြုံတွေ့ ခံစားခဲ့ရတာတွေကို အဓိကပြောပြချင်တာပါ။ နောက် ခေါင်းထဲဝင်နေတဲ့ အချက်တစ်ချက်လည်း ရှိပါသေးတယ်။ ဆရာဝန်ကြီးတွေ ကျွန်တော့်ကို ဘာကြောင့် ဘယ်လို ဆိုတာ ရှင်းမပြပါဘူး။ အဲဒီအတွက် ပြောစရာရှိပါတယ်။ ကျွန်တော် လက်မခံနိုင်တာလည်း မဟုတ်ပါဘူး။ လက်ခံနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်နေရာမှာ အရိုးခံလူတွေသာဆိုရင် ဆိုတဲ့ အတွေးဝင်လာရင် ကျွန်တော် လိပ်ပြာမလုံပါဘူး။ သူတို့ကို ကျွန်တော် ခံစားရသလို မခံစားစေချင်ပါဘူး။ (ခံစားရတဲ့သူတွေလည်း အများကြီးရှိနိုင်ပါတယ်၊ အကြောင်းကြောင်းကြောင့် မပြောဖြစ်ကြတာဖြစ်နိုင်ပါတယ်) အဲဒီအတွက် ကျွန်တော့်ကိုယ်ကျွန်တော် တာဝန်ရှိတယ်လို့ ခံစားရတဲ့အတွက် လိပ်ပြာမလုံတာပါ။ ငါတို့တော့ အစွမ်းကုန်ကုတာပဲ(တကယ်ပဲ စိတ်ရော ကိုယ်ပါနှစ်ပြီး ကုကြပါတယ်)၊ သေတာတော့ မတတ်နိုင်ဘူး၊ အလောင်းပဲသယ်သွားပါ၊ စိတ်မကောင်းပါဘူး ဆိုတဲ့ ပုံစံဖြစ်နေတယ်လို့ ကျွန်တော် ခံစားရပါတယ် (ကျွန်တော့်အတွေး ရိုင်းသွားသလားပဲ၊ တောင်းပန်ပါတယ်ဗျာ)။ အဲလိုဖြစ်ရတာကလည်း အထက်က ကျွန်တော် ပြောခဲ့သလို ဘာဖြစ်နေတယ်၊ ဘာလုပ်နေတယ်၊ ဘာဖြစ်လာနိုင်တယ် ဆိုတာ ရှင်းပြဖို့ သတိလက်လွတ် ဖြစ်နေကြလို့ပါ။ 
 
လူဆိုတာ အိမ်က ခွေးလေး၊ ကြောင်လေး သေတာကအစ ဘာကြောင့်သေတယ်ဆိုတာ သိချင်ကြပါတယ်။ ခုကိစ္စက လူသေတာပါ။ ကျွန်တော် မေးရင်တော့ ပြောပြပါလိမ့်မယ်။ မေးမှ ပြောတယ်ဆိုတာလည်း ကျွန်တော် မဖြစ်စေချင်တာ အမှန်ပါ။ ခုလို လူနာရှင်တွေကို ရှင်းမပြတာမျိုးတွေ အများကြီးရှိနိုင်တယ်လို့ ကျွန်တော်ထင်လို့ ဒီစာကိုရေးတာလည်း ပါ ပါတယ်။ ကျွန်တော်ဆိုရင် ကျွန်တော့်ကို အကျိုးအကြောင်းရှင်းပြချင်အောင်၊ ရှင်းရင်နားလည်နိုင်တဲ့အသိရှိကြောင်းကို ဆရာဝန်ကြီးတွေ သိအောင် ပြောပါတယ်။ (သူတို့တိုင်ပင်ပြီးကုနေချိန် ဆရာဝန်မကြီးက ကျွန်တော့်ကို သားကျောင်းပြီးပြီလား မေးပါတယ်။ ကျွန်တော်က ကျောင်းပြီးပါပြီ၊ နည်းပညာတက္ကသိုလ်တစ်ခုမှာ ဆရာလုပ်နေပါတယ်လို့ ဖြေပါတယ်။ ကျွန်တော့်ဂုဏ်ကို ဖော်ချင်လို့ ပြောတဲ့စကားမဟုတ်ပါ၊ ကျွန်တော့်မှာ ရှင်းပြရင်နားလည်နိုင်တဲ့အသိရှိကြောင်း သိအောင် ပြောလိုရင်းပါ)။ ဘယ်လိုလူဖြစ်နေနေ ရှင်းပြရမယ့် တာဝန်ရှိတယ်လို့လည်း ကျွန်တော် ခံစားရပါတယ်။ နားလည်အောင်ရှင်းရင် အတိုင်းအတာတစ်ခုအထိတော့ နားလည်လက်ခံကြမှာပါ။ အဲလိုမျိုး ကျွန်တော် ဖြစ်စေချင်တာပါ။ သေမင်းနဲ့ အသက်လုနေရတဲ့ အချိန်မှာ ရှင်းပြမနေနိုင်တာ ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် အချိန်ရရင် သတိလက်မလွတ်ဘဲ တတ်နိုင်သလောက် လူနာရှင်တွေကို ရှင်းပြစေချင်ပါတယ်။ ကျွန်တော်ခုလို ရေးတာမှာ ဘယ်သူ့ဘယ်သူကိုမှ တိုက်ခိုက်လိုတဲ့စိတ်၊ ထိခိုက်စေလိုတဲ့စိတ် လုံးဝ(လုံးဝ) မပါရှိပါခင်ဗျာ။ 
 
ဆရာဝန်ကြီးတွေလည်း တကယ့်ကို စေတနာပါပါနဲ့ အစွမ်းကုန်ကုသကြပါတယ်။ အဲအတွက် ကျွန်တော် တသက်လုံး ကျေးဇူးတင်နေမှာပါဗျာ…   လွန်ခဲ့တဲ့ ၃ နှစ်လောက်က ကျွန်တော့်ခံစားချက်ကို အရိုးသားဆုံးရေးထားတာပါ။ အကယ်၍ လက်မခံနိုင်စရာ ပါခဲ့ရင် သက်ဆိုင်သူများကို ကျွန်တော် ဒီနေရာကပဲ အနူးအညွှတ်တောင်းပန်ပါတယ် ခင်ဗျာ။     စိုးနေလင်းအောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...