Wednesday, June 8, 2011

ကျမတို့ နိုင်ငံခြားကျောင်းသားဘ၀- ၂

by Eingyin Khaine on Wednesday, June 8, 2011 at 4:28pm
အဲသည်လို ဗရုတ်သုတ်ခနဲ့ ကျောင်းသားဘ၀မှာ သွားလာ လှုပ်ရှားနေရတာကို ပျော်နေကြသည့်အခါရှိသလို စိတ်ညစ်ရသည့်အခါများလည်းရှိသည်ပေါ့။ ကျမပြောမယ်ဆို အများကြီးပေါ့ ။ သည်ကိုမလာခင်က နိုင်ငံခြားမဟာကျောင်းတော်ကြီးကို အသိပ်အထင်ကြီးသည် စိတ်ကူးတွေနဲ့ပေါ့။ နောက်တော့ထင်တာနဲ့ တခြားစီပါ။ ကျမရောက်ခါစကာ ကျောင်းက အဆောင်လျှောက်တာနောက်ကျလို့ ကျောင်းဆောင်မရတော့ မလာခင်ကထဲက မေးလ်နဲ့ အဆက်အသွယ်ရတဲ့ အင်ဒိုနီးရှားသူငယ်ချင်းမလေးက သူနေတဲ့အဆောင်ကို အခန်းကြိုယူပေးထားပါသည်။


အခန်းကလည်းမရ၊ အဆောင်ကဈေးလည်း အတော်ပေါတော့ နေမယ်ပေါ့ဆို တပါတ်ကျော်လောက်ကြိုပြောထားမိလို့ တလစာပိုပေးလိုက်ရပါသည်။ လေဆိပ်ကနေ သူညွှန်တဲ့အတိုင်း ဘက်စ်ကားစီးလာတော့ အဆောင်ရောက်တာနဲ့ ပင်ပင်ပန်းပန်းနဲ့ နားမယ်လိုက်မယ်ဆို စိတ်ကူးတာ အခန်းထဲကျတော့ စားပွဲတလုံးအပြင်ဘာဆိုဘာမှမရှိပါ။ ရောက်ရောက်ချင်း အခန်းရှင်း လှဲကျင်းလိုက်ရသေးသည်။ ကျမလည်း အတော်ကို စိတ်ပျက်သွားခဲ့သည်။

အဲဒီအဆောင်မှာက ယောက်ကျားလေးတွေနှင့် ရောကာ အတူထားသည့်အဆောင် ဖြစ်သည်။ အများအားဖြင့် အဆောင်တွေက ယောက်ကျားလေး သပ်သပ် မိန်းကလေးသပ်သပ်ကများသည်။ ကျောင်းဆောင်ဆို အဲဒီလိုသီးသန့်ဖြစ်သည်။
သို့သော် ကျောင်းက အဆောင်တွင် ၄ယောက်တခန်းထဲနေရသည်။ ၂ယောက်ခန်းလည်း ရှိသည် သို့သော် ဈေးကြီးသည်။ ကုတင်အောက်တွင် စာကြည့်စားပွဲပါပြီး ဘီဒိုလေးတွေပါသည်။ သူငယ်ချင်းတယောက်ကပြောဖူးသည် အနောက်တိုင်းသူတွေနှင့် အတူတွဲနေရတော့ ညဘက်ဆို အ၀တ်တွေချွတ်အိပ်ကြသည်တဲ့ သူကကြားထဲက ကသိကအောင့်ဖြစ်နေသည်။ ဒါပေမယ့် အဲဒီအဆောင်တွေက တိတ်ဆိတ်ကာ နွေးနွေးထွေးထွေးရှိသည်။ အပြင်ဆောင်တွေကတော့ ဆူညံသည်။ သန့်ရှင်းရေးကို အဆောင်ရှင်က လုပ်ပေးသည် အိမ်သာစက္ကူတွေ သိမ်းတာပစ်တာက အစပေါ့။ ဒါပေမယ့် ကိုယ်စားတဲ့အမှိုက်တော့ ကိုယ့်ဖာသာ ပစ်ရတာမို့ ကျောင်းသားတွေက ညဘက်ဆို အထုပ်လေးတွေသယ်ကာ ကျောင်းထဲက အမှိုက်ပုံးတွေမှာ ပစ်ကြသည်။

အမှိုက်ဆိုလို့ပြောရရင် ကျမတို့ကျောင်းပါတ်ဝန်းကျင်တွေ အမှိုက်တွေထိမ်းသိမ်းဖို့ ဘယ်လောက်ကြော်ငြာနေနေ ညဘက်နဲ့ မနက်အစောကြီးဆို အမှိုက်တွေလိုက်ရှင်းနေလည်း ကျောင်းပါတ်ဝန်းကျင်မှာ အမှိုက်တွေပွနေတတ်သည် ဆေးလိပ်တိုတွေက အပေါဆုံး အချိုရည်ဘူးတွေ စက္ကူဘူးခွံတွေပွနေတတ်သည်။ သည်ကြားထဲ ညဘက်ဆို သောက်ပြီး အန်ထားတာက ရှိသေးသည်။ ကျောင်းကကြီး ကျောင်းသားများတော့ အတော်ဆိုးသည်။ ခုနက ပထမပိုင်းတွင် ကျမပြောသည့် အဆောင်ဆို ကျောင်းရှေ့က လမ်းပေါ်မှာဆိုတော့ တညလုံးနီးပါးဆူညံနေသည်။ အဆောင်ပေါ်က ကွန်ပြူတာ ဂိမ်းဆိုင် ဘေးက ကရာအိုကေနဲ့ အရက်ဆိုင်၊ ပါတ်လည်မှာဆိုင်ပေါင်းစုံရှိနေတော့ အခန်းမှာ စာဖတ်လို့မရဘဲဆူညံနေပါတယ်။ ညဘက်ဆို စုံတွဲတွေရန်ဖြစ်တဲ့ အသံကအစ ကျမအခန်းကကြားရပါတယ်။ ဒါ့အပြင် တရုတ်ကျောင်းသူတွေက ဟင်းတွေချက်စားပြီး ရေချိုးခန်းထဲတွင်ထမင်းကျန် ဟင်းကျန်တွေသွန်ပစ်ထားသည်။ အဆောင်က အဖွားကြီးက မရှင်းမချင်းအနံတွေနဲ့ ရေချိုးခန်းမှာ ကျယ်သော်လည်း ရေချိုးတိုင်း ကျမမှာ အလွန် စိတ်မသန့်ဖြစ်မိသည်။ နောက်ပြီး ရေခဲသေတ္ထာထဲမှာ ပြည့်သိပ်နေအောင် ၀ယ်ထည့်ထားကြသည်။
ရေခဲသေတ္တာမှာ အများသုံးဖြစ်တော့ ဘယ်သူမှလဲ သန့်ရှင်းရေးမလုပ်ကြပါ။ အထဲတွင် ဟိုးတုန်းက စားထားသည့် ကိတ်မုန့်အပိုင်းလေးကအစ ခြောက်နေတတ်တယ်။ ဘယ်သူချန်ထားမှန်းလဲမသိပါ။ မေးလဲမသိဘူးဟုဆို သဖြင့် မလွှင့်ပစ်ရဲပါ။ ယခင်နေကျောင်းသူတွေရဲ့ အစားအသောက်ဘူးတွေက အစကျန်နေတတ်သည်။ ကျမထားစရာနေရာပင်မရှိပါ။ အင်ဟာဆေးကျောင်းက ကျမသူငယ်ချင်း ဟုန်မေ့ကပြောသည် သူတို့အဆောင်က ရေခဲသေတ္တာကိုတော့ ကိုယ့်အကန့်နဲကိုယ်ခွဲပေးထားသည်တဲ့။ မထားလျင် ဦးသူလုထည့်သည်တဲ့။ ကျောင်းသူတွေကနေရာဦးပြီး အတင်းစုထည့်ထားတတ်ကြသည်ကိုး။ တခါတလေဖွင့်လိုက်လျှင်ထွက်တောင်ကျလာသည် ကင်မချီတွေဆို အများကြီး ၀ယ်ထည့်ထားကြသည်။ တခါတလေ သူတို့ ပစ္စည်းပျောက်လို့ဆို အော်နေတတ်သေးသည်။

တရက်တော့ ကျမနဲ့ ဘေးခန်းက ဗီယက်နမ်မလေးအခန်းကို တံခါးခေါက်ပြီး ပဲပြားပျောက်လို့ ယူစားသေးလားလာမေးသည်။ ကျမကတော့ မသိဘူး အဲဒါတွေ ငါမသုံးဘူးလို့ဆိုလိုက်ပေမယ့် ဟိုကောင်မလေးကတော့ စိတ်တွေဆိုးနေသည်။ ကျမ၀ယ် ထည့်ထားသည့် ကြက်ဥတွေလည်း ပျောက်သွားသည်။ ဒါနဲ့သူက နင်လည်းလိုက်မေးပါလားတဲ့..တော်ပါပြီ ကျမလည်း အတော်စိတ်ပျက်မိသည် ပစ္စည်းတွေစားစရာတွေကများတော့ ကိုယ့်ဟာသူ့ဟာရောနေမှာပေါ့ တချို့လည်း သိရက်နဲ့စားတော့လည်း ပြောမနေတော့ပါ။ အဲဒါကတော့ ဒီကကျောင်းသူတွေရဲ့အဖြစ်။

နောက်အဖြစ်ကတော့ အ၀တ်လျှော်သည့်ကိစ္စ ပြဿနာတတ်သည်။ အရင်အဆောင်တုန်းကဆို ယောက်ကျားလေးတွေက သူတို့လျှော်ချင်တဲ့ခါ စက်ထဲမှာ အ၀တ်တွေမယူပဲထားပစ်လျှင် ဘေးကဇလားတခုထဲ ထည့်ထားပြီး သူတို့အ၀တ်တွေလျှော်ကြသည်. ပြဿနာမရှိပါ။ တခါတလေ ကျောင်းသားတွေက ကျောင်းမသွားခင် အ၀တ်တွေထည့်လျှော်ခဲ့ပြီး ထုတ်လှမ်းဖို့ မေ့နေတတ်ကြသည်။ နောက်လူလျှော်ချင်လျှင်စောင့်နေရတော့ အဲသည်လိုပဲလုပ်ရသည်ပေါ့။
ဒီရောက်တော့ ကျမလည်း အ၀တ်လျှော်ချင်တာနဲ့ စက်ထဲက လျှော်ပြီးသူတို့ မထုတ်ထားတဲ့အ၀တ်တွေကို ဇလုံထဲထည့်တင်ထားပြီး ကျမအ၀တ်တွေလျှော်တာပေါ့ နောက်တော့ ဆူညံဆူညံကြားတော့ ကျမလျှော်နေတုန်းကို စက်ပိတ်လိုက်ပြီး ရေတွေနဲ့အ၀တ်တွေကို ထုတ်ပစ်နေတာတွေ့တော့ ကျမက ဒီမှာမပြီးသေးတာမတွေ့ဘူးလားလို့ပြောပြီးပြန်ဖွင့်တော့ သူကဇွတ်ပြန်ပိတ်ပြီး သူ့အ၀တ်တွေထည့်မယ်လုပ်တာနဲ့ စကားများကြပါတယ်။ ဒါနဲ့ ဘေးကကျောင်းသူက အဲဒီလိုဘာလို့ထည့်တာလဲ အရင်နေသွားတဲ့အဆောင်ကကျောင်းသားတွေက သေးတွေလျှောက်ပန်းတတ်တယ်တဲ့၊ ကျမလည်း ဘယ်သိပါ့မလဲ အသန့်မို့ထည့်လိုက်တာပါ။ ဒါနဲ့ တရုတ်ကျောင်းသားလေးနဲ့ ဗီယက်နမ်ကောင်မလေးက ကျမဘက်က တဘက် သူတို့က တဘက်စကားများကြပါတယ်။ စိတ်ပျက်တာနဲ့ ကျမကတော့ ၀င်မပါတော့ပါဘူး။ ဒါနဲ့ အဆောင်ပြောင်းဖို့ လုပ်ရတာပေါ့။ ဒါက အဆောင်နေပြဿနာ အသေးအဖွဲလေးပါ။

ကျမ ပထမဆုံးရောက်တဲ့အဆောင်ဆို ကျမဘေးခန်းက ကျောင်းသားက ညမိုးချုပ်မှပြန်လာပြီး ည၁နာရီ ၂နာရီလောက်ဆို အ၀တ်လျှော်တတ်ပါတယ် ရေချိုးခန်းက ကျမအခန်းနဲ့ ကပ်လျက်ဆိုတော့ ကျမမှာ အတော်စိတ်ညစ်ခဲ့ရပါသည်။
နောက်တခုကတော့ ကျမ သူငယ်ချင်း ဖြစ်သူ အင်ဒိုနီးရှားမလေးက အ၀တ်လျှော်လျှင် သူကစေတနာဖြင့် ကျမအ၀တ်ပါထည့်ချင်ထည့်ဟု ယူထည့်ပေးတတ်သည်။ သူတို့က အတွင်းခံတွေခြေအိပ်တွေ မျက်နှာသုတ်ပ၀ါတွေရောကာ လျှော်တတ်သည်။ ကျမကမထည့်ချင်ပါ။ ရောက်စက ခြေစွပ်တွေကို လက်ဖြင့်သာ ကျမကလျှော်သည် နောက်တော့အချိန်ကမရတော့ စက်ဖြင့်သာလျှော်ရတော့သည်။ စက်ထဲထည့်တောင်အရင်သန့်ပြီးမှသာ စုထည့်သည်။ တခါတလေ ကျမ လျှော်နေတုန်း သူ့ခြေအိပ်ကြီးကို ဒါလေးပါထည့်လျှော်ပေးပါဟုဆိုကာ ပစ်ထည့်တတ်သေးသည် ကျမက မထည့်နဲ့ဆိုလျှင်လည်း အသေးလေးဆိုတော့ မကောင်းပြန်။ ထားပါတော့ ဒါလေးအသေးအဖွဲ အတွေ့အကြုံလေးတခုပေါ့လေ။

ဆက်ရန်

အင်ကြင်း

8 June 2011.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...