နိုင်ငံများ၏ စုဖွဲ့မှု (၂)
Min Thant Syn
(မြန်မာနိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စု တည်ဆောက်ခဲ့ ပုံများကို သမိုင်းအမြင်နဲ့ သုံးသပ် တင်ပြထားတဲ့ ဆောင်းပါးကောင်း ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလထုတ်၊ The Waves မဂ္ဂဇင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ) ရလဒ်ကတော့ လုံးဝ ဝရုန်းသုန်းကား ဖြစ်လုနီးပါး ဖြစ်လာတယ.်။ အခွန်ငွေ ကောက်ခံခွင့် မရှိတဲ့အတွက် ဖက်ဒရာယ် အစိုးရမှာ ကြွေးများ နစ်လာတော့တယ်။ ၁၃ ပြည်နယ်မှာ ၇ ပြည်နယ်ဟာ ငွေစက္ကူ အများအပြား ရိုက်နှိပ် ထုတ်ဝေခဲ့ကြ တယ်။ ထုတ်ဝေတဲ့ ရည်ရွယ်ချက် ကတော့ ပြည်နယ် အစိုရနှင့် လယ်သမား၊ ခြံသမားများကြား တင်ရှိနေသော ကြွေးများ၊ အခြား အမျိုးမျိုးသော မြီရှင်များနဲ့ စစ်သားဟောင်း များကို ထောက်ပံ့ရန် ဖြစ်ပေမယ့်၊ ငွေစက္ကူများမှာ အမည်ခံသာ ဖြစ်ပြီး၊ တကယ်တမ်း သုံးစွဲနိုင်တဲ့ တန်ဖိုး မရှိဘဲ ဖြစ်နေတယ်။ ၎င်းတို့နဲ့မတူ မန်ဆာချူးဆက် ပြည်နယ်ကတော့ ငွေကြေးကို တင်းတင်းကြပ်ကြပ် အကန့်အသတ်နဲ့ ထုတ်ဝေခဲ့ပြီး၊ မြင့်မားတဲ့ အခွန်နှုန်းများ ကောက်ခံခဲ့တယ်။ နောက်ပြီး သူတို့ဟာ ယခင် တော်လှန်ရေး တပ်ဖွဲ့တွင်းမှ ဗိုလ်ကြီး အဆင့်ရှိသူ ဒင်နီယယ်ရှေးလ် ဆိုသူကို ဦးစီးစေပြီး၊ လယ်သမား တပ်ဖွဲ့ တစ်ခု ထူထောင်ခဲ့တယ်။ ပြည်နယ် လွှတ်တော်ကို သိမ်းယူဖို့ ကြိုးပမ်းမှု တစ်ခုအနေနဲ့ ရှေးလ်နှင့် အပေါင်းအပါများဟာ မမျှတသော အပေါင်ခံ ငွေတိုး ယူမှုများနဲ့ ပစ္စည်း အပိုင်သိမ်းယူမှု များကို ပယ်ဖျက်ရန် တောင်းဆို ခဲ့ကြတယ်။ မနာခံသူများကို နှိမ်နင်းဖို့ တပ်ဖွဲ့များ စေလွှတ်ခဲ့ကြတယ်။ ဒါပေမဲ့ ဖက်ဒရယ် အစိုးရ အနေနဲ့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး။ တစ်ပုံစံတည်း ဖြစ်သော တည်ငြိမ်သော ငွေကြေးစနစ် မရှိပါက၊ ပြည်နယ် အချင်းချင်း သာမက အခြား နိုင်ငံများနဲ့ ကုန်သွယ်ရာမှာပါ၊ ပြဿနာ အများအပြား ဖြစ်စေမှာ ဖြစ်တယ်။
ပြည်နယ် တစ်ခုနဲ့ တစ်ခုကြား ကူးသန်းနေတဲ့ ငွေစက္ကူများ ကသာ ပြဿနာ မဟုတ်သေးဘဲ နယူးယောက်နဲ့ ဗာဂျီးနီးယား ပြည်နယ်တို့က အခြား ပြည်နယ်များမှ သွင်းကုန်များ အပေါ် ကြီးမားတဲ့ အခွန်ငွေ ဆောင်ခိုင်းခြင်း ကြောင့်လည်း အခြားပြည်နယ်များက လက်တုံ့ပြန် ဆောင်ရွက် လာတဲ့ အတွက် ပြဿနာများ ပိုဆိုး လာစေတယ်။ ဒီပြဿနာများကို ထပ်ဆောင်းလာတဲ့ ကိစ္စတွေကတော့ အင်္ဂလန် အစိုးရလည်း အမေရိကန် ပြည်နယ်များဟာ ၎င်းတို့ထံမှ အကြမ်းနည်းနဲ့ ခွဲထွက်ခဲ့ကြတဲ့ အတွက် အမေရိကန် သင်္ဘောများ အင်္ဂလန် ကမ်းခြေများမှာ ဆိုက်ကပ်စဉ် ယခင် ရရှိသော အခွင့်အရေး များကို ပိတ်ပင်လိုက် ပါတယ်။ ထိုစဉ်က သံအမတ် ဂျွန်အဒမ်က ၁၇၈၅ ခုနှစ်မှ စီးပွားရေး စာချုပ်တစ်ခု ချုပ်ဆိုရန် ညှိနှိုင်း ဆွေးနွေးခဲ့ပေမယ့် ပြည်နယ် တစ်ခုချင်း အနေနဲ့ လုပ်ဆောင်လာမှု တွေကို ၎င်းစာချုပ်မှ ကန့်သတ် ထားခြင်းကို ဗြိတိသျှတို့ ဘက်မှ လက်မခံ ခဲ့ပါဘူး။ ၎င်းရဲ့ ပေါ်လစီများကို စစ်အင်အား တစ်ခုဖြင့် ကျောထောက် နောက်ခံ ပြုမပေးနိုင်တဲ့ အားနည်းသော ဗဟိုအစိုးရ တစ်ရပ် အနေနဲ့ နိုင်ငံခြားရေးရာ ကိစ္စများမှာ အလားတူ မလွဲမရှောင်သာ အဟန့်အတားများ ဖြစ်နေမှာ ဖြစ်တယ်။ အင်္ဂလိပ် တပ်များ အနေနဲ့ ၁၇၈၄ ခုနှစ် ငြိမ်းချမ်းရေး သဘော တူညီချက်မှာ လက်ခံပြီးဖြစ်သော အမေရိကန် နိုင်ငံသစ်ရဲ့ အနောက် မြောက်ဘက် တလွှားရှိ ဆိပ်ကမ်းမြို့များနဲ့ ခံတပ်များမှ ဆုတ်ခွာပေးရန် ကိုလည်း ငြင်းဆန် နေခဲ့တယ်။
အခြေအနေကို ပိုဆိုး လာစေရန် အင်္ဂလိပ် တပ်များဟာ မြောက်ပိုင်း နယ်နိမိတ် တစ်လျှောက်နဲ့ စပိန်အရာရှိများက တောင်ဘက်ခြမ်းရှိ ဌာန အင်ဒီယန်းများကို လက်နက်များ ထောက်ပံ့ပေးပြီး၊ အမေရိကန် အခြေချ နေထိုင်သူများကို တိုက်ခိုက် စေခဲ့တယ်။ ထိုအချိန်က ဖလော်ရီဒါ၊ လူဝီ ဆီယားနားနယ် တို့အပြင် မစ္စစ္စပီမြစ် နောက်ဘက် တစ်ကြောလုံးကို ချုပ်ကိုင်ထားတဲ့ စပိန် တပ်ဖွဲ့များဟာ အနောက်ခြမ်းမှာ ရှိတဲ့ အမေရိကန် လယ်သမား များကို နယူးအော်လင်းရှိ ဆိပ်ကမ်းကို သုံးစွဲခွင့် ပိတ်ပင် ထားခဲ့တယ်။
တိုင်းပြည်သစ် တစ်ခု အနေနဲ့ ကြွယ်ဝမှုတွေ ပြန်လည် ရရှိလာဖို့ လက္ခဏာများ အချို့ ဒေသတွေမှာ တွေ့ရှိ လာရပေမယ့် ပြည်တွင်းမှာရော၊ ပြည်ပနဲ့ပါ ပြဿနာတွေ ကြီးထွားလာတာ တွေ့ရတယ်။ ဒီနေရာမှာ ပိုပြီး ရှင်းရှင်းလင်းလင်း တွေ့လာ ရနိုင်တာ ကတော့ ကွန်ဖက်ဒရေးရှင်း ပုံစံ အစိုးရဟာ ခိုင်မာသော ဘဏ္ဍာရေး စနစ်ကို ထူထောင်ရန်၊ ကုန်သွယ်မှု တွေကို ပုံမှန် လည်ပတ်စေရန်၊ စာချုပ် သဘော တူညီချက်များကို ချမှတ်ရန်နဲ့၊ လိုအပ်လာပါက နိုင်ငံခြား ရန်စမှုများကို စစ်အင်အားသုံး ဖြေရှင်းရန် တို့အတွက် လုံလောက်တဲ့ စည်းလုံးမှု၊ ခိုင်မာမှု မရှိဘူး ဆိုတာပါပဲ။ လယ်သမားများနှင့် ကုန်သည်များကြား မြီရှင်နှင့် မြီစားများကြား ပြည်နယ် အချင်းချင်းကြား ကွဲပြားမှု မညီညွတ်မှု များဟာ ပိုပို ဆိုးလာတယ်။ ၁၇၈၆ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ရှေးလ်ရဲ့ ပုန်ကုန်မှုဟာ၊ စိတ်ပျက်နေတဲ့ လယ်သမားများရဲ့ အခြေအနေကို ဖော်ပြတာပဲ ဖြစ်ပြီး မကြာခင်မှာ ပြည်ထောင်စုပါ ပြိုကွဲတော့မယ့် အခြေအနေ ဖြစ်လာတယ်။ ဂျော့ရှ်ဝါရှင်တန်က ‘ပြည်နယ်တိုင်းမှာ ပေါက်ကွဲ ထွက်တော့မယ် အခြေအနေ ဖြစ်နေပြီ။ မီးပွားကလေးမှ မီးတောက်ကြီး ဖြစ်လာတော့မယ်’ လို့ သတိပေးခဲ့တယ်။ ဒီလို ဘေးဒုက္ခကြီး ရောက်တော့မယ့် အခြေအနေ မျိုးတွေကြောင့် ဖွဲ့စည်း ဥပဒေကို အလျင်အမြန် ပြောင်းလဲပစ်ဖို့ ဆုံးဖြတ် ကြပြီး ဖွဲ့စည်းပုံဆိုင်ရာ ညီလာခံကို ၁၇၈၇-မေ-၂၅ မှာ ကျင်းပဖို့ ဖြစ်လာခဲ့တယ်။ တက်ရောက် လာတဲ့ ကိုယ်စားလှယ် အားလုံးက ယုံကြည်တာ ကတော့ အာဏာကို ကျယ်ကျယ် ပြန့်ပြန့် သုံးစွဲနိုင်မယ့် ထိရောက်မှုရှိတဲ့ ဗဟို အစိုးရ ပုံသဏ္ဍာန် ကသာ အခုလို ကွန်ဖက်ဒရေးရှင်း မူများက ပေးအပ်ထားတဲ့ မသန်မစွမ်း ပုံစံမျိုး ဖြစ်နေတဲ့ ကွန်ဂရက်ကို အစားထိုး နိုင်လိမ့် မယ်လို့ ဖြစ်တယ်။ ကွန်ဖက်ဒရေးရှင်း အာတီကယ်နဲ့ သိသိသာသာ ကွဲထွက်လာစေတဲ့ အချက်အနေနဲ့ ဖွဲ့စည်းပုံ ရေးဆွဲ သူများဟာ သမ္မတရဲ့ လက်ထဲမှာ အာဏာ အများအပြား အပ်နှင်း ပေးခဲ့တယ်။
တစ်ချိန်တည်းမှာပဲ အစိုးရရဲ့ ဌာန တစ်ခုမှ အခြားသော ဌာနများအပေါ် လွှမ်းမိုး ချယ်လှယ် လာနိုင်မှုမျိုးကို ကာကွယ်ဖို့အတွက် အပြန်အလှန် စစ်ဆေး ထိန်းညှိခြင်း (Check and balances) စနစ်ကို ကျင့်သုံးဖို့ ရေးဆွဲခဲ့ကြတယ်။ အစိုးရ ပုံစံမှာ ဖက်ဒရယ် သဘော သဘာဝပင်ဖြစ်ပြီး အာဏာများကို အမျိုးသား အစိုးရနဲ့ ပြည်နယ်များကြား ခွဲဝေကျင့်သုံးမှာဖြစ်တယ်။ ကွန်ဖက်ဒရေးရှင်း အာတီကယ် ကာလက ပြည်နယ်များမှာ အဆုံးအဖြတ် လွှမ်းမိုးနိုင်တဲ့ အာဏာများ ရှိပြီး၊ အခု ဖွဲ့စည်းပုံ မှာတော့ အမျိုးသား အစိုးရဟာ အထွတ် အထိပ်မှာ ရှိပါတယ်။ ဒီဖွဲ့စည်းပုံကို ဆန့်ကျင်တဲ့ ပြည်နယ်တွေကို Anit-Fedeealist များလို့ခေါ်ပြီး၊ သူတို့ အနေနဲ့ ကွန်ဖက်ဒရေးရှင်း မူတွေဟာ အောင်မြင်မှု မရှိဘူးဆိုတာ ၀န်ခံ အသိအမှတ် ပြုပေမယ့်၊ ဖွဲ့စည်းပုံမှာ အချက်တစ်ခု ဖြည့်စွက်ဖို့ အကြံပြုကြတယ်။ အဲဒါ ကတော့ Bill of Rights လို့ တစ်ပေါင်း တစ်စည်းတည်း သိနေကြတဲ့ အခွင့်အရေး ဥပဒေ ၁၀ ချက်ပဲ ဖြစ်ပါတယ်။ ဖက်ဒရယ်လစ် များက ဒီအချက်များဟာ မလိုအပ်ဘူးလို့ ယူဆကြတယ်။ အစိုးရ အာဏာများကို ကန့်သတ်ထားတဲ့ အတွက် အစိုးရသစ်ရဲ့ ဘယ် အာဏာပိုင်ကမှ အရပ်သား များရဲ့ အခွင့်အရေး များကို ကျူးကျော် ဖောက်ဖျက်မှာ မဟုတ်တဲ့ အတွက်လို့ ဆိုပါတယ်။ သောမတ်ဂျက်ဖာဆင်မှ ဂျမ်းစ်မက် ဒီဆင်ကို ရှင်းပြခဲ့ရာမှာ ‘အခွင့်အရေး ဥပဒေဆိုတာ ပြည်သူလူထု အနေနဲ့ တစ်ခုခြင်းဖြစ်စေ၊ ယေဘုယျ ပြဿနာများ အပေါ်ဖြစ်စေ ကမ္ဘာပေါ်ရှိ မည်သည့် အစိုးရကို မဆို ဆန့်ကျင်ရပ်တည် နိုင်ကြောင်းနဲ့ တရားမျှတမှုရှိတဲ့ ဘယ်အစိုးရ မဆို ဒီအချက်ကို ငြင်းဆန်မှာ မဟုတ်ဘူး’ လို့ ဖြစ်ပါတယ်။ နောက်ဆုံးမှာ အစိုးရသစ်ရဲ့ ကွန်ဂရက်ဟာ ဒီပြင်ဆင်ချက် များကို ချက်ချင်းပဲ အတည်ပြုခဲ့ပြီး အဆိုပြုထားတဲ့ ပြင်ဆင်ချက် များကို နိုင်ငံတော်သို့ တင်ပြခဲ့တယ်။
ဒီဥပဒေ ၁၀ ချက်ကို ၁၇၉၁ မှာ လက်မှတ်ရေးထိုး အတည်ပြုခဲ့ ပါတယ်။ ပြည်နယ် ကြီးများနဲ့ သဘောထား ကွဲတဲ့ ပြည်နယ်ငယ်များနဲ့ လူနည်းစုများကြား ဖြစ်ပေါ်တတ်တဲ့ မလုံခြုံမှုတွေကို ဒီအခွင့်အရေး ဥပဒေနဲ့ ကုစားခဲ့တာပဲ ဖြစ်တယ်။ ဒီဥပဒေ ပေါ်ပေါက်လာပုံကို အောက်မှာ ဖော်ပြပါမယ်။ အစောပိုင်း ဒီဖွဲ့စည်းပုံ ဥပဒေအပေါ် အခုအခံ တချို့ ရှိခဲ့ခြင်းများဟာ၊ ဖက်ဒရယ် ပြည်ထောင်စုကို ကြံ့ခိုင်အောင် ပြုလုပ် လိုခြင်းကို ဆန့်ကျင်သော အုပ်စုများဘက်မှ လာခြင်း မဟုတ်ဘဲ၊ တစ်ဦးချင်း အခွင့်အရေးများကို တိတိကျကျ ဖော်ပြဖို့ လိုအပ်တယ်လို့ ယူဆတဲ့ တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်ကြီးများရဲ့ ဆောင်ရွက်ချက်သာ ဖြစ်တယ် လို့လည်း အဆိုရှိပါတယ်။ ဒီအထဲက တစ်ယောက်ကတော့ ဗာဂျီးနီးယား ပြည်နယ် အခွင့်အရေး ကြေညာစာတမ်း ရေးသားခဲ့သူ ဂျိမ်းမေဆင် ဖြစ်ပြီး ဒီကြေညာ စာတမ်းဟာ နောက်ပိုင်းမှာ အခွင့်အရေး ဥပဒေရဲ့ ရှေ့တော်ပြေး ဖြစ်ခဲ့တယ်။ ဖွဲ့စည်းပုံ ဥပဒေ ရေးဆွဲရေး ညီလာခံမှာ ကိုယ်စားလှယ် အဖြစ် တက်ရောက်ခဲ့စဉ်က ဂျိမ်းမေဆင်ဟာ ဒီဥပဒေကို တစ်ဦးချင်း အခွင့်အရေး များအား လုံလုံလောက်လောက် အကာအကွယ် ပေးမထားဘူးလို့ ယူဆတဲ့အတွက် လက်မှတ် ရေးထိုးခြင်း မပြုခဲ့ပါဘူး။ ၎င်းရဲ့ ကန့်ကွက်မှုကြောင့် ဗာဂျီးနီးယား ပြည်နယ်ကလည်း လက်မှတ် မထိုးတော့ပါ။ မန်ဆာချူးဆက် ပြည်နယ်ကလည်း အလားတူ အမြင်ရှိတဲ့ အတွက် တစ်ဦးချင်း အခွင့်အရေး များအတွက် တိတိကျကျ အာမခံချက် ရှိမှုကို ဖြည့်စွက်မှသာ လက်မှတ် ရေးထိုးဖို့ ဖြစ်လာပါတယ်။
ပထမ ကွန်ဂရက်မှာ ဒီပြင်ဆင်ချက်ကို အားလုံးလောက်က သဘောတူတဲ့ အတွက် ကွန်ဂရက် အနေနဲ့ မူကြမ်းကို အချိန်တို အတွင်း ရေးဆွဲခဲ့ပါတယ်။ ဒီပြင်ဆင်ချက်များဟာ လွန်ခဲ့တဲ့ ရာစု နှစ်ခုကျော်က ရေးဆွဲခဲ့တာ ဖြစ်ပေမယ့်၊ ယနေ့တိုင် မူလ ရည်ရွယ်ချက် အတိုင်း မူလစာသားများ အတိုင်း တည်ရှိနေတုန်း ဖြစ်ပါတယ်။ ပထမဆုံး အချက်ကတော့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ ပုံနှိပ်ထုတ်ဝေခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်၊ စီတန်း လှည့်လည်ခွင့် စတာတွေနဲ့၊ မှားယွင်းနေသော ကိစ္စများကို တည့်မတ်လာအောင် အစိုးရထံ စုပေါင်း လက်မှတ်ထိုး အသနား ခံပိုင်ခွင့်တို့ ဖြစ်တယ်။ ဒုတိယ အချက်က နိုင်ငံသားတိုင်း လွတ်လပ်စွာ လက်နက် ကိုင်ဆောင်နိုင်ခွင့် ဖြစ်တယ်။ တတိယ အချက်က လက်နက်ကိုင် တပ်ဖွဲ့များ အနေနှင့် ပုဂ္ဂလိက အိမ်ရာများ အတွင်း ပိုင်ရှင်ရဲ့ သဘောတူ ခွင့်ပြုချက် မရှိဘဲ၊ တပ်စွဲခွင့် မရှိစေရဆိုတာ ဖြစ်တယ်။ စတုတ္ထ အချက်မှာ အကျိုးအကြောင်း ခိုင်လုံမှု မရှိဘဲ ဖမ်းဆီးခြင်း၊ ရှာဖွေခြင်းနှင့် ပိုင်ဆိုင်မှု ပစ္စည်းများကို သိမ်းယူခြင်း စတဲ့ အချက်များကို အကာအကွယ် ပေးခြင်း ဖြစ်တယ်။
နောက်ထပ်အချက် ၄ ချက်ကတော့ တရားဥပဒေ စနစ်နှင့် ဆိုင်သော အချက်များ ဖြစ်ပါတယ်။ ပဉ္စမမြောက် ပြင်ဆင်ချက်မှာ ကြီးမားချက်သော ရာဇ၀တ်ပြစ်မှု ကျူးလွန်သော သူတစ်ဦးအား စီရင်ချက်တွင် ဂျူရီလူကြီး အပြည့်အစုံနှင့် တရားရုံးတွင် စစ်ဆေးမှု ရှိရမှာ ဖြစ်တယ်။ စွပ်စွဲချက် တစ်ခုတည်း အတွက် အကြိမ်ကြိမ် စစ်ဆေး ခံရခြင်းမျိုးကို တားမြစ်တယ်။ ဥပဒေ ကြောင်းအရ ဆောင်ရွက်မှု မပါဘဲ ပြစ်ဒဏ် ပေးခြင်းမျိုးကို တားမြစ်တယ်။ စွပ်စွဲခံ ပုဂ္ဂိုလ်အား အတင်းအကြပ် ဝန်ခံထွက်ဆို စေခြင်းမျိုးကို တားမြစ်တယ်။ ဥပဒေ ကြောင်းအရာ ဆောင်ရွက်မှု မပါဘဲ အသက်အိုးအိမ် စည်းစိမ်နဲ့ လွတ်လပ်ခွင့်များ ဆုံးရှုံးခြင်း မဖြစ်စေရ။ ဆဌမမြောက် အချက်ကတော့ စွဲဆိုခံရသော သူအတွက် အမှုစစ်ဆေးရာမှာ ဘက်လိုက်မှု ကင်းသော ဂျူရီအဖွဲ့နှင့် ၎င်းအတွက် ဥပဒေကြောင်း အရ လိုက်ပါ ဆောင်ရွက်ပိုင်ခွင့်ကို အာမခံပေးရမှာ ဖြစ်တယ်။ နှစ်ဖက်သက်သေ များကို တရားရုံးသို့ လာရောက် ထွက်ဆိုနိုင်အောင် စီစဉ်ပေးရမှာ ဖြစ်ပြီး၊ စွဲဆိုခံ ပုဂ္ဂိုလ်ရဲ့ ရှေ့မှောက်မှာ သက်သေ ထွက်ချက် ပေးရမှာ ဖြစ်တယ်။ သတ္တမ အချက်ကတော့ ဒေါ်လာ ၂၀ အထက် တန်ဖိုးသတ်မှတ် ခြင်းခံရသော အရပ်ဘက် အမှုအခင်းများ အားလုံး ခုံရုံးဖွဲ့ စစ်ဆေးခြင်း ခံယူခွင့်ရှိတာကို အာမခံ ပေးရမယ်။ အဋ္ဌမအချက် အနေဖြင့် လွန်လွန်ကဲကဲ အာမခံငွေ တင်ခိုင်းခြင်း၊ လွန်လွန်ကဲကဲ ဒဏ်ရိုက်ခြင်း များကို တားမြစ်ထားပြီး ရက်စက်သော၊ ပုံမှန် မဟုတ်သော ပြစ်ဒဏ် ပေးမှုများကို မပြုလုပ်ရန် တားမြစ်ထားတယ်။ ပြင်ဆင်ချက် ၁၀ ချက်ရဲ့ နောက်ဆုံး ၂ ချက်ကတော့ ဖွဲ့စည်းပုံ ဆိုင်ရာ ဥပဒေ အခွင့်အာဏာရဲ့ အမြင်ကျယ်လှတဲ့ သဘောထားတွေ ပါဝင်တာ ဖြစ်ပါတယ်။ န၀မမြောက် အချက်ထဲမှာ ဒီကြေညာချက် အတွင်း ပါဝင်တဲ့ တစ်ဦးချင်း ဆိုင်ရာ အခွင့်အရေး များဟာ လုံးဝ ပြည့်စုံနေပြီလို့ မယူဆကြောင်း၊ ဒီဖွဲ့စည်းပုံ အတွင်း အတိအကျ ဖော်ပြထားခြင်း မရှိသော၊ အခြားသော အခြားသော အခွင့်အရေး များလည်း ရှိနိုင်ကြောင်း ဝန်ခံထားပါတယ်။ ဒဿမ အချက်မှာတော့ ဖွဲ့စည်းပုံ ဥပဒေမှ ဖက်ဒရယ် အစိုးရသို့ လွှဲအပ်ထားခြင်း မရှိသော လုပ်ပိုင်ခွင့်များနှင့် ပြည်နယ်များ အပေါ် ကျင့်သုံးရန် တားမြစ် ထားသော လုပ်ပိုင်ခွင့်များကို ပြည်နယ်များ (သို့မဟုတ်) ပြည်သူများ အတွက် သီးသန့် သုံးစွဲနိုင်ခွင့် ပေးထားခြင်း ဖြစ်ပါတယ်။ အမေရိကန် မှာတော့ ဒီအခွင့်အရေး ဥပဒေ(Bill of Rights) ဆိုတာကို ဖွဲ့စည်းပုံ ဥပဒေမှာ ပြင်ဆင်ထည့်သွင်း လိုက်ခြင်းဖြင့်၊ ပြည်နယ်များ အတွင်း မညီမညွတ်မှု တွေကို ပြေငြိမ်း သွားစေခဲ့တယ်။ ဒါတောင်မှ တကယ်တမ်း ကျယ်ကျယ်ပြန့်ပြန့် သိသာထင်ရှားစွာ ကျင့်သုံး လာတာက၊ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ချက် ၁၄ ကို လက်မှတ်ရေးထိုး အတည်ပြုတဲ့ ၁၈၆၈ ခုနှစ် လောက်ကျမှ ဖြစ်ပါတယ်။
အခွင့်အရေး ဥပဒေမှ အကာအကွယ် ပေးထားသော လွတ်လပ်ခွင့်နှင့် အခွင့်အရေးများ အပေါ် ပြည်နယ်များမှ ချိုးဖောက်ခြင်း မပြုရန် အတွက်၊ ပြင်ဆင်ချက် ၁၄ မှာ နိုင်ငံတော် အမြင့်ဆုံး တရားရုံးချုပ်မှ ‘မည်သည့် ပြည်နယ်မဆို လူတစ်ဦး တစ်ယောက်၏ အသက်အိုးအိမ် ဥစ္စာများနှင့် လွတ်လပ်ခွင့် တို့ကို ဥပဒေကြောင်းအရ ဆောင်ရွက်မှု မပါဘဲ တားဆီးပိတ်ပင်ခြင်း မပြုရ’ ဆိုသော စာသားကို ထည့်သွင်း ပေးခဲ့ရတယ်။ မည်သည့် ဖွဲ့စည်းပုံ ဥပဒေကိုမဆို အကောင်အထည် ဖော်ရာမှာ လိမ္မာ ကျွမ်းကျင်သော အုပ်ချုပ်ရေး အပိုင်းများနဲ့ ကြံ့ခိုင်သော တရားရေး စနစ်တို့ ရှိမှသာ တကယ်တမ်း အကောင်အထည် ဖော်နိုင်မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ စနစ်ဟာ အတူအကွ ပိုင်ဆိုင်မှုများ အပေါ် မျှဝေ ခံစားနိုင်တဲ့ နိုင်ငံများမှာ ပိုပြီး အောင်မြင်တယ်။ ယဉ်ကျေးမှု မမြင့်မားခြင်း (သို့မဟုတ်) လူနည်းစု အမျိုးသား ဆိုင်ရာ အက်ကြောင်းများ ရှိခဲ့ပါက၊ နိုင်ငံရေး ကွဲလွဲမှုများဟာ လက်နက်ကိုင် အဆင့်သို့ အလွယ်တကူ ကူးပြောင်း သွားတတ်တယ် ဆိုတဲ့ အဆိုအမိန့် များလည်း ရှိပါတယ်။ ဒါပေမဲ့ လုံခြုံအေးချမ်းမှု ရှိခြင်းဟာ၊ လူတိုင်း လိုချင်တဲ့ အခြေခံ သဘာဝတစ်ခု ဖြစ်တာကြောင့်၊ ဒီလို အခြေအနေမျိုးကို ဖန်တီးပေးနိုင်မယ့် အကောင်းဆုံး လမ်းကြောင်းကို ရှာဖွေရမှာပဲ ဖြစ်ပါတယ်။ လူများစုရဲ့ အနိုင်ကျင့် စိုးမိုးမှု မရှိအောင် လုပ်ရမှာ ဖြစ်သလို လူနည်းစုရဲ့ အကြပ်ကိုင် ခြိမ်းခြောက်မှု များလည်း မရှိအောင် လုပ်ကြရမှာ ဖြစ်တယ်။ တန်းတူညီမျှရေး ဆိုတာကို လက်တွေ့ကျကျ အကောင် အထည်ဖော်ရာမှာ နိုင်ငံအသီးသီး မှာလည်း ဥပဒေ အမျိုးမျိုးနဲ့ ကျားကန် ကျင့်သုံး ကြတာပါပဲ။ မည်သူတစ်ဦး တစ်ယောက်မှ လက်နက်ကိုင် အကြမ်းဖက် နှိပ်ကွပ်မှုမျိုး ကျူးလွန်မှာ မဟုတ်ဘူးလို့ ယုံကြည်မှု ရှိလာတဲ့ အချိန်မှာ၊ တန်ပြန်မှု ဆိုတာလည်း ရှိမှာ မဟုတ်တော့ ပါဘူး။ ဒါပေမယ့် အမြစ်တွယ် နေတဲ့ ပြဿနာများလည်း ရှိနိုင်တာကြောင့်၊ တစ်ဖက်မှ အချိန်ယူ ဆွေးနွေး ညှိနှိုင်းခြင်းနဲ့ တစ်ဖက်မှ အုပ်ချုပ်ရေး၊ တရားရေး ဆိုင်ရာတို့ဖြင့် လက်တွေ့ အာမခံချက်များ ရရှိ စေခြင်းနည်း တို့နဲ့သာ ရေရှည်ဖြေရှင်း သွားကြရဖို့ ရှိပါတယ်။
ဘမောင်ညို
By: Min Thant Syn
0 comments:
Post a Comment