ဗိုလ်ချုပ်မြင်သော နိုင်ငံရေးသမား
by Seaman Nayminthu on Sunday, April 3, 2011 at 7:16pm
ဖြစ်နိုင်သည်ဆိုသောကိစ္စတိုင်း အလိုအလျောက် ဖြစ်လာမည်မဟုတ်။ ဖြစ်လာနိုင်မှုများ အပေါ်တွင်သာ မျှော်လင့်အားထားနေ၍ မရနိုင်၊ ကျွန်တော်တို့သည် ကျွန်တော်တို့၏ အောင်မြင်ရေးအတွက်သာမက အနိုင်မခံရရေး အတွက်ပါ ကျွန်တော်တို့၏ စွမ်းအား ၊လုံ့လ၊ အင်အားနှင့် ပြင်ဆင်မှုအပေါ် ယုံကြည်အား ထားရမည်။
မိမိ၏အားကောင်းချက် အားနည်းချက်၊ မိမိ၏ အပြည်ပြည်ဆိုင်ရာ လုပ်ငန်းစဉ်၊ အမျိုးသားရေး လုပ်ငန်းစဉ်၊ ရုပ်အခြေခံဆိုင်ရာ လုပ်ငန်းစဉ်၊ ကတ္တားပိုင်း လုပ်ငန်းစဉ်တို့ကို ကောင်းစွာသိနားလည်သူ၊ မိမိ၏ အားကောင်းချက် အားနည်းချက်တို့ကို ကောင်းစွာသိလျက်၊ မိမိနှင့် ပတ်သက်သော အချက်အလက်၊ မိမိပတ် ၀န်းကျင်မှအချက်အလက်တို့ကို ကောင်းစွာသိလျက် ဤအသိဥာဏ်ကို အကျိုးအရှိဆုံး ဖြစ်အောင် အင်တိုက် အားတိုက် အသုံးချတတ်သူတို့သာလျင် အရေးရှုံးနိမ့်ခြင်းကို ရှောင်တိမ်းနိုင်ကာ-အောင်မြင်ခြင်းကို ရရှိနိုင်လိမ့်မည်။
ဤသည်ကို ကျွန်တော်တို့ “ဥာဏ်ပညာထက်မြက်ခြင်း”ဟု ခေါ်ဝေါ်သမုတ်ကြခြင်းဖြစ်၏။
သဘာဝအားဖြင့် ဥာဏ်ပညာ ထက်မြက်လာမှု၊ ပါရမီခံကြောင့် ဥာဏ်ပညာထက်မြက်လာမှု ဆိုသည်မှာမရှိ။ ကျွန်တော်မယုံကြည်၊ ဤစကားကို အဓိပ္ပါယ် အမျိုးမျိုး ထုတ်ဖေါ်ခဲ့ကြသည်။ “ဒုက္ခခံနိုင်သော ကြီးမားသည့်စွမ်းအင်” “ဥာဏ်ပညာ ထက်မြက်သူ ဆိုသည်မှာ တဘက်လူကို အငိုက်ဖမ်းတတ်သူ” စသည်တို့ ဖြစ်သည်။ အနှစ်သာရ အားဖြင့်ဆိုလျှင် လူဆိုသည်မှာ-သူ့ပတ်ဝန်းကျင် အင်အားများကို ထည့်သွင်းစဉ်းစားပြီး သူ့ဘာသာသူ တည်ဆောက်နိုင်သည့် စွမ်းအင်အလိုက်သာ-သူ့ဘ၀၊ သူ့ကံ၊ သူ့သမိုင်း၊ သူ့ကံကြမ္မာကို ဖန်တီးမည်ဖြစ်သည်။ ကြိုးပမ်းခြင်း၊ မိမိကိုယ် မိမိ အားကိုးခြင်းသည်သာလျှင် ထာဝရမှန်ကန်သည့် လူတို့၏ အောင်မြင်မှုအတွက် တင်းမာသောနည်းလမ်းဖြစ်သည်။ ဤနည်းလမ်းထက် သာလွန်းကောင်းမွန် မှန်ကန်သောနည်းလမ်းမရှိ။ တနည်းအားဖြင့်ဆိုသော်-ကိုယ့်ကိုယ်ကို အားကိုးသူကိုသာ ကူညီသည်။
ဗိုလ်ချုပ်အောင်ဆန်းရေးသားသော ဘားမားချဲလင့်(ခ်ျ) စာမျက်နှာ-၂၃၈ မှ
0 comments:
Post a Comment